နှောင်းပိုင်းဗုဒ္ဓဘာသာဖြစ်တဲ့ မဟာယာနဝါဒက ဆင်းသက်လာတဲ့ ဘုရားရှင်ရဲ့ပုံရိပ်ဟာ လူသားနဲ့ဝေးကွာသထက် ဝေးကွာလာပြီး နတ်နဲ့ပိုပိုတူနေပါတော့တယ်။ သာမာန်လူတွေလုပ်တာကိုင်တာတွေကိုဆိုရင် ဘာမှမလုပ်၊ လုပ်စရာပင်မလိုတော့သလောက် ဖွင့်ဆိုလာခဲ့ကြတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ ရှေ့ပိုင်းအကျဆုံးမှတ်တမ်းများဖြစ်ကြတဲ့ ပိဋကတ်သုံးပုံထဲမှာ တွေ့ရတဲ့ ဘုရားရှင်ရဲ့ပုံရိပ်ကတော့ ဘုရားဖြစ်လို့ အနည်းငယ်ကွဲလွဲနေတာကလွဲရင် သာမာန်လူတွေလုပ်တတ်တဲ့ နေ့စဉ်လုပ်ငန်းတွေကို ဘုရားလည်း ပြုမူဆောင်ရွက်တော်မူတယ်ဆိုတာ တွေ့ရပါတယ်။
ဘုရားရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကကိုပဲ ဘုရားတစ်ဆူအနေနဲ့ ကြည့်မယ်ဆိုရင် ခန့်မှန်းထားသလို၊ ယုံကြည်မျှော်လင့်ထားသလို ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။
တစ်နေ့တာရဲ့အချိန်တော်တော်များများကို ရဟန်းရှင်လူတွေကို တရားဒေသနာတော်များ ဟောကြားရင်း အချိန်ကုန်လွန်စေပါတယ်။ ဧည့်သည် သောင်သည်ရောက်လာရင် အလုပ်အကျွေး ရဟန်းတစ်ပါးပါးကို အရိပ်အောက်မှာ ဖျာအခင်းခိုင်းပြီး အဲဒီပုဂ္ဂိုလ်နဲ့ အတူထိုင် တရားဓမ္မတွေ ညွှန်ပြနေတတ်ပါတယ်။ (D-1-152) ဘုရားရှင်ရဲ့နောက်မှာ အရှင်အာနန္ဒာ (သို့) အခြားရဟန်းတော်တစ်ပါးပါးက မတ်တပ်ရပ်ပြီး ဘုရားရှင်ကို ယပ်ခတ်ပေးနေတတ်တယ်ဆိုတာလည်း တွေ့ရပြန်ပါတယ်။ ( D-11-72, M-1- 83)
အခါတစ်ပါးမှာလည်း အရိပ်ကောင်းတဲ့ တောထဲကိုကြွပြီး နေ့ခင်းပိုင်းခဏအနားယူဖို့ အရှင်အာနန္ဒာကို ဖျာယူခဲ့ဖို့ မိန့်တော်မူတယ်။ (D-11-102) ဘုရားရှင်ဟာ တစ်နေ့တစ်ကြိမ်ပဲ ဆွမ်းဘုန်းပေးတယ်။ အများအားဖြင့် ဆွမ်းခံထွက်ပြီး ပင့်ဖိတ်သူများရဲ့အလှူကိုလည်း လက်ခံပါတယ်။ သတိအမှတ်နဲ့ ဆွမ်းဘုန်းပေးပြီး ပြီးတဲ့အခါမှာလည်း လက်တော်၊ သပိတ်တော်တို့ကို ဆေးကြောတော်မူတယ်။( M-11-138-139)
သာမာန်လူတွေလိုပါပဲ ဘုရားရှင်ရဲ့ကိုယ်ခန္ဓာဟာ ညစ်ထေးတတ်ပါတယ်။ ဒါ့ကြောင့် ရေသပ္ပါယ်တော်မူရပါတယ်။ ဘုရားရှင် ရေသပ္ပါယ်အပြီး အပေါ်ပိုင်းကိုယ်ခန္ဓာ နေစာလှုံတယ်ဆိုတာ စာပေမှာတွေ့ရပြန်ပါတယ်။ (M-1-161)
မစားခင်ရေချိုးတဲ့အကျင့်ဟာ အိန္ဒိယရဲ့ယဉ်ကျေးမှုပါ။ ဒါကြောင့် ဆွမ်းဘုန်းမပေးမီမှာ ဘုရားရှင် ရေသပ္ပါယ်တော်မူတတ်ပါတယ်။ ဆွမ်းဘုန်းပေးအပြီးမှာတစ်ခါတစ်ရံကျိန်းစက်တော်မူတတ်ပါတယ်။(M1-250)ဒါပေမယ့်ဒီလိုကျိန်းစက်တော်မူခြင်းဟာ နွေရာသီလိုမျိုးမှာဖြစ်တတ်ပြီးဘုရားရှင်သက်တော်ကြီးရင့်လာမှလို့ယူဆစရာရှိပါတယ်။သက်တော်ထောက်လာတဲ့နောက် နေ့ခင်းပိုင်းတွေမှာ နေစာလှုံတတ်တယ်ဆိုတာ တွေ့ရပါတယ်။(S-V-216)
ဘုရားရှင်ဟာ အရှင်ရဲ့အချိန်တွေကို သတ္တဝါတွေအတွက်ပဲ ပေးထားတာများပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တစ်ပါးတည်း ကိန်းအောင်းနေလိုတော်မူတယ်ဆိုတာလည်း တွေ့ရပြန်ပါတယ်။ အဲသလိုအခါမျိုးမှာ အရှင်မြတ်ကို မနှောက်ယှက်ဖို့ အလုပ်အကျွေးရဟန်းကို မှာကြားထားတတ်ပါတယ်။ (D-1-151) တစ်ခါတစ်ရံ မည်သူ့ကိုမှ အသိမပေးဘဲ တစ်ပါးတည်း တစ်နေရာရာကိုလည်း ကြွသွားတော်မူတတ်ပြန်တယ်။(S-111-95)
တစ်ခါတစ်ခါ ညနေပိုင်းတွေမှာဆိုရင် ဂီလာနရဟန်းတော်တွေဆီကြွသွားပြီး ကူညီတာ၊ နှစ်သိမ့်အားပေးတာတွေလည်း လုပ်တော်မူတတ်တယ်။ အဲသလိုပါပဲ ညချမ်းတွေမှာဆို အေးအေးဆေးဆေး စင်္ကြံလည်းကြွတော်မူတတ်တယ်။ ကျန်းမာရေး ခြေညောင်းလက်ဆန့်သဘောမျိုးပါသလို စင်္ကြံတရားရှုမှတ်တဲ့သဘောမျိုးလည်း ပါဝင်ပါတယ်။ ပြီးတော့ ညဥ့်နက်တဲ့အထိ တရားဒေသနာတွေ ဟောနေတုန်းပဲဆိုတဲ့ အထောက်အထားတွေ အများကြီးတွေ့ရတယ်။ (D-11-86)
အလျဉ်းသင့်တဲ့အခါတွေမှာဆိုရင် စွမ်းဆောင်နိုင်တဲ့ ရဟန်းတစ်ပါးပါးကို တရားဟောဖို့စေခိုင်းပြီး ဘုရားရှင်ကိုယ်တိုင် တရားပြန်နာနေတတ်တယ်။ တစ်ခါမှာတော့ တရားနာနေစဉ် ကျောပြင်ညောင်းကိုက်တော်မူလာလို့ လဲလျောင်းရင်း တရားနာတော်မူခဲ့တယ်။ (A-V-123,124)
တစ်ညမှာ ဘုရားရှင်ဘယ်လောက်ကြာအောင် ကျိန်းစက်တော်မူသလဲဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ မူရင်းမှတ်တမ်း မတွေ့ရပါဘူး။ ပိဋကတ်သုံးပုံအရ ညပိုင်းအချိန်တော်တော်များများကို တရားရှုမှတ်ရင်း ကုန်ဆုံးတယ်လို့ သိရပါတယ်။ (A-111-299)
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်မှာ သာမာန်လူတွေလုပ်တတ်တဲ့ အချို့အသေးအဖွဲလေးတွေကို ဘုရားရှင်လည်း လုပ်တော်မူတတ်ပါတယ်။ဥပမာအားဖြင့် ဧည့်သည်တွေဝင်လာလို့ရအောင် ဂန္ဓကုဋိတံခါးကို ကိုယ်တော်တိုင်ဖွင့်ပေးတာမျိုးတွေ( D-1,89)၊ အဆောက်အဦးထဲမဝင်ခင် ခြေဆေးကြောတာမျိုးတွေ(D-11-85)၊ ကျောင်းထဲဝင်ပြီဆိုရင် အထဲမှာရှိနေသူတွေကို အသိပေးဖို့ ချောင်းဟန့်တာမျိုးတွေ(M-1-161) ရှိတတ်ပါတယ်။
ဝိနယပိဋကတ်မှာတော့ ဘုရားရှင်ရဲ့လူသားဆန်မှုနဲ့ပတ်သက်ပြီး ပြုံးရယ်ချင်စရာ အဖြစ်အပျက်ကလေးတစ်ခု တွေ့ရပါတယ်။
အခါတစ်ပါးမှာတော့ ဘုရားရှင်ဟာ တရားဟောတော်မူစဉ် နှာချေတော်မူပါတယ်။ ဒီတော့ တရားနာပရိသတ်ကြီးတစ်ခုလုံးက “ စီရံ ဇီဝ” သက်တော်ရာကျော်ရှည်ပါစေလို့ ရွတ်ဆိုကြတယ်။ အဲဒီ ဆုတောင်းသံတွေကြောင့် တရားဟောရတာလည်း အရှိန်ပျက်သွားတာပေါ့။ ဒါ့ကြောင့် ဘုရားရှင်က တစ်ယောက်ကနှာချေလို့ “ စီရံ ဇီဝ” ဆိုရုံနဲ့ အသက်တကယ်ရှည်မရှည်၊ အသက်ရှည်သော်ငြား “ စီရံ ဇီဝ” ဆိုတဲ့ စကားကြောင့် ဟုတ်မဟုတ်မေးတော်မူလို့ ရဟန်းတွေက မဟုတ်နိုင်၊ မဖြစ်နိုင်ကြောင်း ဖြေကြားကြတယ်။ ဒီလို မရွတ်ဆိုဖို့၊ ရွတ်ဆိုဖို့လည်း မလိုအပ်ကြောင်း ရဟန်းတော်တွေကို တားမြစ်ခဲ့တယ်။ (Vin-11-140)
လူတော်တော်များများက သဗ္ဗညုတဥာဏ်တော်ကို ရုပ်ပိုင်းဆိုင်ရာ အံ့ဘနန်းဖြစ်မှု၊ တန်ခိုးအရှိန်အစော်တွေနဲ့ တွဲပြီးကြည့်တတ်ကြတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာနိုင်ငံတွေက တစ်ချို့ဆိုရင် ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၅) မီတာ ရှိတယ်လို့ ယုံကြည်တတ်ကြတယ်။ ပြီးတော့ မြေပြင်မှာမကြွပဲ ငှက်တွေလိုကောင်းကင်မှာပဲ ဈာန်နဲ့အမြဲကြွတယ်လို့ ယုံကြည်တတ်ကြတယ်။ ကိုယ်တော်မြတ်တစ်ခုခုလိုအပ်တိုင်း နတ်သား၊ နတ်သမီးတွေက ဖြည့်ဆည်းပေးတတ်တယ်။ ဘုရားရှင်ဟာ ရေသပ္ပါယ်ဖို့တောင် မလိုဘူး။ အရှင်ရဲ့ အရေတော်၊ အသားတော်ဟာ နူးညံ့ချောမွေ့လွန်းတော့ ဖုန်တင်လို့တောင် မရလို့တဲ့။
ပြီးတော့ ဘုရားရှင်ရဲ့ပုံတော်တွေအားလုံးကလည်း အသက်ရှစ်ဆယ်အရွယ်မှာတောင် နုပျိုနေတဲ့ပုံတွေ တွေ့ရတယ်။
ဘုရားရှင်ဟာ အလွန်ထူးကဲမြင့်မြတ်တဲ့ အတုမရှိပုဂ္ဂိုလ်မြတ်ကြီးဆိုတာ မှန်ပါတယ်။ အံ့ဖွယ်တန်ခိုးတော်တွေရှိတာ၊ ပြသခဲ့တာတွေလည်း မှန်ပါတယ်။ ဒါပေမယ့် လူတွေထင်ထား၊ တင်ထားသလိုတော့ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ အတုမရှိဂုဏ်တော်တွေဟာ အရှင်မြတ်ရဲ့မေတ္တာ၊ ကရုဏာဓာတ်တွေ၊ သည်းခံခြင်း၊ ရဲစွမ်းခြင်းနဲ့ အေးငြိမ်းခြင်းတွေပါ။ အထူးခြားဆုံးကတော့ သံသရာဒုက္ခကို ဘယ်လိုရပ်လိုက်ရမလဲဆိုတာကို နားလည်းသဘောပေါက်ခြင်း သဗ္ဗညုတဂုဏ်တော်တွေပါ။
အမွှမ်းတင်တာတွေများတော့ ဘုရားကလူတွေနဲ့ ပိုဝေးဝေးသွားပြီး နတ်တွေနဲ့ ပိုနီးသွားတယ်။ လူတွေအတွက် အားတက်စရာ မကောင်းလှဘူး။ ဒါကို မဟာယာနလုပ်ချလိုက်ပုံက ဘုရားရှင်ဟာ သက်တော်ရှစ်ဆယ်ပဲနေသွားတယ်ဆိုတာ သိပါလျက်နဲ့ ထာဝရမသေဆုံး၊ အချိန်နှင့်အမျှ တည်ရှိနေသလိုလို ထင်သွားရတယ်။
ပိဋကတ်တော်စစ်စစ်က မှတ်တမ်းရက်ကော့တွေကိုကြည့်တော့မှ ဘုရားဟာ အတုမရှိဂုဏ်ရည်တွေကလွဲရင် သာမာန်သူလိုငါလိုပဲ နေပြသွားတယ်ဆိုတာ တွေ့ရပါတော့တယ်။ ဘာပဲပြောပြော ပိဋကတ်တော်ထဲက ဘုရားက လူနဲ့ပိုနီးတယ်။
နှောင်းပိုင်းဗုဒ္ဓဘာသာစာပေကို ကြည့်လေလေ၊ ဘုရားရှင်က လူသားနဲ့ ဝေးလေလေ။
Ref_ The Buddha’s habits and routine
A Guide to Buddhism_ A to Z by S Dhammika 2008.
A Guide to Buddhism_ A to Z by S Dhammika 2008.