ပြန်ချင်တဲ့ ကွန်မင့် များ ( ၅ )

" စင်ကာပူမှာ အလကားသုံးလို့ရတာ အိမ်သာပဲရှိတယ် ကျန်တာတခုမှ free မရဘူး "
" တချို့ဈေးအိမ်တွေက၁၀ပြားပေးရတယ် "

ဘာမှ အလကား မရဘူးဆိုတာ တော်တော်များများ မှန်နိုင်ပါတယ်။ ( ထူးထူးခြားခြား သတင်းစာလေးတွေ တချို့ အလကား ဝေပါတယ် ) အိမ်သာတွေ အတွက် သိသိသာသာကြီး မပေးလိုက်ရဘူး ဆိုရင်တောင် ပုံစံတစ်မျိုးမျိုးနဲ့ ယူထားမယ်ထင်တယ်။ ဥပမာ ရထားဘူတာတွေလိုမှာပေါ့၊ ရထားစီးခထဲမှာ ထည့်တွက်ထားမယ်လို့ ထင်ပါတယ်။ လေယာဉ်ဆိပ်မှာတော့ ခရီးသွားသူ မဟုထ်ရင် အခွန်ရဖို့ လမ်းမမြင်ဘူး။

အိမ်သာရယ် ဆေးရုံဆေးခန်းတွေရယ်ဟာ ကျန်းမာရေး၊ လူမှုရေး ရှုဒေါင့်တွေအရ နံပါတ်တစ် ဖြစ်နေရမယ်လို့ တိုးတက်ပြီး နိုင်ငံကြီးတိုင်း ( အိန္ဒိယက လွဲရင် ) လက်ခံကျင့်သုံးကြပါတယ်။ စင်ကာပူတော့ နိုင်ငံကသေးတော့ သူများတွေထက်ပိုပြီး ဂရုစိုက်နိုင်တာပေါ့။


ရိုးရိုးသားသားပြောရရင် ကမ္ဘာ့ခရီးသွားနဲ့ စီးပွားရှာမယ့် နိုင်ငံတိုင်း ဒီ စနစ်ရှိရပါမယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြားသားတိုင်း ဒီ ဒုက္ခကို ရင်ဆိုင်ကြရတယ်။ ကျန်တာတွေကောင်းတယ်၊ အဲဒါက တော်တော် စိတ်ညစ်စရာ လို့ ပြောကြတယ်။
အရေးကြုံလာရင် ပိုက်ဆံပေးရတာက ပြဿနာကြီးမဟုတ်လှပါဘူး။ ဒီ ပြဿနာ ဘယ်သွားရှင်းရမလဲ ဆိုတာ မသိရခြင်းကသာ ဇောချွေးပျံရတာပါ။ နှာခေါင်းပိတ်၊ အသက် မရှုရဲတဲ့ အိမ်သာထဲဝင်ဖို့ထက် ၁၀ ပြားပေးရတာက မဆိုးဘူးထင်ပါတယ်။

ပြီးတော့ ဆေးရုံဆေးခန်းတွေပါ။ မဖြစ်လို့ သွားရပေမယ့် မသွားချင်တဲ့ နောက်ထပ်နေရာတစ်ခုပေါ့။
စင်ကာပူ ဆေးရုံဆေးခန်းတွေရဲ့ ပေါ်လစီက စိတ်ကိုလည်းကု ရောဂါလည်းကု ပါ။ ကျနော်တို့နိုင်ငံက ဆရာဝန်တွေ၊ နာ့စ်တွေ ( တချိ့လို ) မျက်နှာထားကြီးတွေနဲ့ မကျန်းမာရှာတဲ့ လူနာကို မအော်ကြ မငေါက်ကြဘူး။ လူငယ်ဆရာဝန်တွေဆိုရင် ပိုပြီးတောင် ဖော်ရွေသေးတယ်။ စိတ် ချမ်းသာတယ်။ ဒါတွေကို အလကားတော့ မရဘူးပေါ့။ ဒါဟာ ခေတ်သစ် လူနေမှုစနစ်၊ ဝန်ဆောင်မှုစနစ်ပါ။ မှန်တယ်လို့လည်း ထင်ပါတယ်။

အလကား ရတာ မရတာ အပထား။ အိမ်သာနဲ့ ဆေးရုံဆေးခန်း ဝန်ဆောင်မှု အဆင့်မရှိသေးရင် အဲဒီ လူ့ အဖွဲ့အစည်းလည်း သိပ်မစွံသေးပါဘူး။ ရှောင်လွှဲမရတဲ့ နေရာတွေမို့ပါ။

ဒါ့ကြောင့် လူတော်တွေ ဘယ်လောက်ရှိရှိ အိန္ဒိယ ဟာ ကမ္ဘာ့စံ နဲ့ ဝေးနေရတာပါ။ စိတ်ညစ်ညစ်နဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကြောင့် သွားနေရတဲ့ နေရာတွေမှာ အိန္ဒိယက နံပါတ် တစ် ပဲ။ မြန်မာက နံပါတ် နှစ် မဖြစ်သင့်ဘူး။ ဒါပေမယ့် အလကားတော့ ရပါရဲ့ ဆေးရုံတွေမှာ၊ ဘူတာရုံတွေမှာ၊ ဈေးတွေမှာ၊ အဝေးပြေးကားဂိတ်တွေမှာ အိမ်သာတွေက ညစ်ပတ်လွန်းတယ်။

ကမ္ဘာ့ခရီးသွား ထွန်းကားရင် အိမ်သာတွေသန့်ရှင်းဖို့ အဓိက လိုပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ စီးပွားရေးလို့တောင် ပြောလို့ရပါတယ်။ မရှိလို့ကတော့ တကယ် ဒုက္ခရောက်တဲ့ ကိစ္စပါ။


လေးစားလျက်
ဇင်ဝေသော် ( ကမ်းလက် )

ပဟေဠိ

ပထမလူ ။       ။ ဘုရားရှင်ရဲ့ လူ့ဥပဒေတွေဖြစ်တဲ့ ငါးပါးသီလတို့ ရှစ်ပါးသီလတို့ဆို ရှင်းနေတာပဲနော်။ ဖတ်လိုက်ရင် တန်းပြီး နားလည်တယ်။ မင်္ဂလသုတ်တို့ သိင်္ဂါလောဝါဒသုတ်တို့ဆိုလည်း လိုက်နာရမယ့် ဝတ္တရားတွေက ရှင်းနေတာပဲ။

ဒုတိယလူ။       ။ ဟုတ်တယ်ဗျ။ လူ့ဥပဒေတွေဖြစ်တဲ့ ငါးပါးသီလတို့ ရှစ်ပါးသီလတို့ ရှင်းနေတာက ဘုရားလက်ထက်က အကြံပေး ပညာရှင် အဖွဲ့ဆိုတာတွေ မရှိသေးလို့နေမှာ၊ သုတ္ထန်တွေ အဓိပ္ပါယ်ရှင်းနေတာကတော့ စပိခ်ျ ရိုက်တာတွေ ( Speech writer ) မပေါ်သေးလို့ထင်ပါတယ်။ ထားပါဗျာ၊ ဒီကိစ္စတွေမှာ ဉာဏ်မမီပါဘူး။


ဇင်ဝေသော်

*** ပါလီမန် လွှတ်တော်မှ ထုတ်ပြန် ကြေငြာချက် ***

၁ ။ လျှပ်စစ်မီးကိစ္စ
လျှပ်စစ်မီးများ ပျက်ခြင်းသည် အစိုးရနှင့် မဆိုင်၊ ထရန်စဖော်မာပုံး များနှင့်သာဆိုင်သည်။ ထို့ကြောင့် လျှပ်စစ်မီးပျက်ခဲ့သော် ထရန်စဖော်မာပုံး နှင့်အနီးဆုံးတွင်ရှိသော တာဝန်သိ ပြည်သူတစ်ယောက်ယောက်က ( မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ) ထရန်စဖော်မာပုံးကို ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ပေးရန်လိုအပ်ပါသည်။  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ဟူသည်  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်၊ တုတ် စသည်ဖြင့် မရိုက်ရဟု ဆိုလိုသည်။ ထိုသို့ ကန်လိုက်ခြင်းကြောင့် ခြေထောက်မှာ ဒဏ်ရာရသော် ဆေးဖိုးဝါးခ လိုအပ်သည်ထက် ပိုမတောင်းရန်  ထရန်စဖော်မာပုံးများ နှင့် နီးသော ဆေးရုံ ဆေးခန်းများကို အမိန့်စာ ထုတ်ပေးပြီးဖြစ်သဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလို။

၂ ။ လျှပ်စစ်ပစ္စည်းများ မသုံးစွဲရန်
လွှတ်တော်ပါလီမန်ထဲ၌ အရေးတကြီးကိစ္စများ ဆွေးနွေးရာ လွှတ်တော်ပါလီမန်အတွင်းရှိ နဗီဂိတ်တာများ၏ ဆစ်ဂနယ်များ ရောထွေးသွားနိုင်သဖြင့် ပြည်သူများ အနေနှင့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ အင်တာနက် စသည့် လျှပ်စစ်ပစ္စည်းများ မသုံးစွဲကြရန် မေတ္တာရပ်ခံလိုက်သည်။ ထိုသို့သော အပြုအမူတို့ကြောင့် ပါလီမန်၏ ဆုံးဖြတ်ချက်များ နှောင့်နှေးစေနိုင်သည်ဟု မြန်မာ့ ပညာရှင်တို့ တွေ့ရှိခဲ့ရသည်။ မနေ့က သမ္မတရုံးသို့ ပို့လိုက်နိုင်သော ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေအတည်ပြုချက်သည် မီးဖြတ်ပြီး လျှပ်စစ်ပစ္စည်း သုံးစွဲမှု ရပ်တန့်လိုက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

၃ ။ စကားလုံးကြီးများ မသုံးစွဲရန်
နိုင်ငံတော်၏ ဒီမိုကရေစီသည် နုနု နယ်နယ်သာ ရှိသေးသည်။ ထို့ကြောင့် သုံးစွဲသူကိုယ်တိုင် မနိုင်မနင်း မ ယူနေရသည့် မဏ္ဍိုင် မဏ္ဍပ် မဟာဗျူဟာ စူဠဗျူဟာ စသောပါဠိသက် မြန်မာ ဝေါဟာရများ၊ ဟူးမင်းရိုက် ဟျူမီလီယေးရှင်းရိုက်၊ စထရက်ဒဂျီ ထရက်ဂျဒီ စသော အင်္ဂလိပ်  ဝေါဟာရများဖြင့် ပစ်ပေါက်၍ မကစားကြရန်၊ အထူးသဖြင့် သမ္မတကြီးကို မျက်ရည်ယိုစေသော ပေါက်တတ်ကရ မေးခွန်းများ မမေးကြရန်ဖြစ်သည်။ နိုင်ငံအတွက် မျက်ရည်ကျရသော ခေါင်းဆောင်များတွင် အေဗရာဟင် လင်ကွန်း၊ တိန်ရှောက်ဖိန်တို့မှအစ လီကွမ်းယု အထိပါဝင်ကြောင်းသိရသည်။ နောက်နောင် မျက်ရည်ယိုမေးခွန်း မေးပါက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် တားမြစ်မည်ဖြစ်သည်။

၎ ။ အလုပ်လက်မဲ့ ပြဿနာ

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ဤ  ပြဿနာကို စစ်အစိုးရ လက်ထက်ကတည်းက အမျှော်အမြင်ကြီးစွာ ဖြေရှင်းနိုင်ခဲ့သည်။ ဥပမာ ကားလမ်းများ ညီညွတ်နေလျှင် မိုးရွာအပြီး ရေများက သူ့ အလိုလို အောက်စီးသွားသဖြင့် မည်သူမှ အလုပ်မရနိုင်တော့။ ယခုမူ အမျှော်အမြင်ကြီးစွာ မညီအောင်လုပ်ထားသဖြင့် မိုးရွာအပြီး တံမြက်စည်းများဖြင့် လှဲကျင်းပေးရသည်။ ထို့ကြောင့် စည်ပင်သာယာ ဝန်ထမ်းများစွာကို အလုပ်ပေးထားနိုင်ခဲ့သည်။

ဤသို့သော စီးပွားရေး ပညာရှင်အချို့နှင့် ဖွဲ့စည်းထားသော အစိုးရကို ပိုင်ဆိုင်ထားသော မြန်မာပြည်သူများ အနေနှင့် ကံကောင်းသည်ဟု ဆိုနိုင်ပြီး ဉာဏ်ရှိသရွေ့တော့ ပြည်သူ့တာဝန်ကို  ဘယ်သူမှ မပေးဘဲ ကိုယ်ဘာသာကိုယ် လွှတ်တော်အမတ် ရာခိုင်နှုန်းများများ ယူပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု သံဓိဋ္ဌာန်ပြုကြသည် ။



ပုံ
အမိန့်အရ
ဦးကိုမောင်၊ အလယ်လွှတ်တော် အမတ် ( ကြီး )

အဘိဓမ္မာအခါတော်နေ့ ဆီမီးပူဇော်ပွဲဖိတ်ကြားလွှာ ( ၂၀၁၂ ခု နိုဝင်ဘာလ ၄ ရက် ၊ တနင်္ဂနွေနေ့ )



အဘိဓမ္မာအခါတော်နေ့မြတ်ကို ပူဇော်သည့် အနေဖြင့် ဆီမီးလှည့်လည်ပူဇော်ပွဲနှင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ရွတ်ဖတ်ပူဇော်ပွဲကို အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)က ဦးဆောင်၍ မင်္ဂလ၀ိဟာရ ကျောင်းတိုက် ( 30 Jalan Eunos , Singapore 419495 ) တွင် ၂၀၁၂ ခု နိုဝင်ဘာ ၄ ရက် ( ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် ၅ ရက်) တနင်္ဂနွေနေ့ ညနေ ( ၇ ) နာရီမှ စတင်ကျင်းပမည် ဖြစ်ပါသဖြင့် ကုသိုလ်ပါဝင် ယူနိုင်ကြရန် ဓမ္မမိတ်ဆွေအပေါင်းထံ ဓမ္မစကား ပါးအပ်ပါသည်။


အခမ်းအနား အစီအစဉ်

ညနေ ၇း ၀၀ နာရီ ~ အကျွေးအမွေးဖြင့်ဧည့်ခံခြင်း။
ညနေ ၇း ၃၀ နာရီ ~ ပဋ္ဌာန်းပစ္စယုဒ္ဒေသရွတ်ဆို၍ ဆီမီးလှည့်လည်ပူဇော်ခြင်း ။
ညနေ ၈း ၀၀ နာရီ ~ ပဋ္ဌာန်းပစ္စယနိဒ္ဒေသရွတ်ဖတ် ပူဇော်ပြီး သံဃာတော် အရှင်မြတ်တို့ထံမှ တရားနာယူခြင်း။

"ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပိတ်သိမ်းခြင်း။


ပူဇော်ပွဲအခမ်းအနားတွင် အကျွေးအမွေးဒါန ၊ လုပ်အားဒါနတို့ဖြင့် ကုသိုလ်ပါဝင်ဆောင်ရွက်လိုသူများအောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ကြပါသည်။

ဦးအံ့ထူးနိုင် 4025 4909 ၊ ဦးမြင့်သိန်း 8159 3989 ၊ ဦးစည်သူအေးကို 9108 3678 ၊ ဦးဇော်မျိုးမင်း 9047 9374 ၊ မဖြူမွန်သန့် 8511 0187 ၊ မသန်းလဲ့ခိုင် 9277 0249

Abhidhamma Foundation's Facebook Event page

ကမ်းလက်

အရှင် အာနန္ဒာကို အမှာမထားခဲ့သည့်ကိစ္စ

ဤကိစ္စက ဘုရားရှင်၏ ကြွင်းကျန်ရစ်သော မွေတော် ဓာတ်တော် ကိစ္စဖြစ်သည်။ မဟာပရိနိဗ္ဗာနသုတ်၌ အနာဂတ်မှာတမ်းတော်တော် များများ အရှင်အာနန္ဒာထံ ချန်ထားတော်မူခဲ့သော်လည်း  မွေတော် ဓာတ်တော်ကိစ္စကိုမူ လူ ပုဂ္ဂိုလ်များ သဒ္ဓါတရား တိုးပွားစေရုံသာ ဘုရားရှင် ရည်ရွယ်တော်မူခဲ့ဟန်တူသည်။ ထို့ကြောင့် ဓာတ်တော် ဝေငှရာ၌ပင် အရှင် အာနန္ဒာမပါ၊ ဒေါန ပုဏ္ဏားက ဦးဆောင်သွားခဲ့သည်။


ဓာတ်တော်ကို ဖူးမြင်ရပြီး စိတ်ကြည်နူးနေရမည့်အစား ဓာတ်တော်ပိုင်ဆိုင်ခွင့်ရရေး အတွက်ပင် စစ်ဖြစ်မလို ဖြစ်ခဲ့ရသေးသည်။ ဤကိစ္စကလည်း အနည်းငယ် အရုပ်ဆိုးသည်။ ဇာတိမာန်၊ ဂုဏမာန်တွေ များလွန်းသည်။ သံဝေဇနိယ လေးဌာနနှင့် ပတ်သက်၍ မိန့်မှာခဲ့သလို  မွေတော် ဓာတ်တော် ကိစ္စနှင့် ပတ်သက်၍လည်း  မိန့်မှာခဲ့တန်ရာ၏ ဟု စဉ်းစားရန်ရှိသော်လည်း တကယ်တမ်း ရဟန်းတော်များအတွက် အထွေအထူး အမှာ မထားခဲ့ပေ။

ဤ မွေတော် ဓာတ်တော်ကိစ္စက ဗုဒ္ဓဘာသာမှာသာမက အခြားဘာသာများမှာလည်း ပုံစံတစ်မျိုးစီဖြင့် ရှိနေတတ်သည်။ အထူးအဆန်းကို နှစ်ခြိုက်ကြသော လူထု အကြိုက် ထူးဆန်းသော ဓာတ်တော်များလည်း ပေါ်ပေါက်ပေးလာရတော့သည်။

ဓာတ်တော်ကို အလေးတမြတ်ထားသော လူမျိုးတို့တွင် တရုတ်တို့က နံပါတ်တစ်ဟု ထင်သည်။ မြန်မာတို့လည်း ထပ်ချပ်မကွာတော့ ရှိသည်ထင်၏။ ထို့ကြောင့်ဖြစ်မည် တရုတ်ကြွင်း၊ မြန်မာကြွင်း၊ တရုတ်လူမျိုးများရှိရာ ကမ္ဘာအရပ်ရပ်ကြွင်း ဓာတ်တော်များ ယခုခေတ်၌ တော်တော်များများတွေ့လာရသည်။
မည်သို့ဖြစ်စေ သူတော်စင်တို့ ဓာတ်တော်များမှန်လျှင်တော့ လေးမြတ်ကော်ရော်မှုတော့ ထိုက်သည်။ သဒ္ဓါတရား တိုးပွားစေနိုင်သည်။

သို့သော် မဟာပရိနိဗ္ပာနသုတ်မှာ တွေ့ရသည့်အတိုင်း ဓာတ်တော်ကြောင့် စစ်ပင်ဖြစ်ရတော့မလို ဖြစ်ချေသော် ဓာတ်တော်နှင့်  သူတော်ကောင်းဖြစ်ရေးကတော့ တိုက်ရိုက် ပတ်သက်နေဟန်မရှိဟု ယူဆရန်သာရှိပေတော့သည်။ ဘယ်လို ဘယ်ပုံ   မီးသဂြိုဟ်ရန်ပင် မှာထားတော်မူခဲ့ပါလျက်  မွေတော် ဓာတ်တော်များကို ဘယ်လို ဘယ်ပုံ ခွဲဝေရစ်စေဟု အမှာ မထားခဲ့ခြင်းက အနည်းငယ်တော့ ထူးခြားသည်။

အကျင့်လောက် အရေးမပါသောကြောင့်သာ အထွေအထူး အမှာမထားခြင်း ဖြစ်နိုင်ရာ၏ ဟုသာ သုံးသပ်ရန်ရိုပေတော့သည်။

Ref: Relic. A to Z


သီဟနာဒ