စူပါများကြား ရပ်တည်ခြင်း ( ၈:၂ )

အခု ဆက်လက်ဖော်ပြမယ့် အပိုင်းက လီကွမ်းယု ရဲ့ The Hard Truths ( to keep Singapore going ) စာအုပ်မှ အခန်း ( ၈ ) " Standing Among Giants " စူပါများကြား ရပ်တည်ခြင်း ဖြစ်ပါတယ်။

" တရုတ်တွေ အမေရိကန်တွေလောက် အားကောင်းလာဦးမယ်လို့ လည်း လောလောဆယ် မမြင်မိပါဘူး။ ကိုယ်တိုင်မှ စူပါပါဝါကြီး မဟုတ်သေး ဘဲ ဘာဖြစ်လို့ စူပါပါဝါ မဟုတ်ပါဘူးလို့ ထပ်ပြောနေစရာလိုလို့လဲ "
( လီကွမ်းယု )


မေး ။ ။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာမှု၊ ခေတ်မီလာမှု၊ ဂလိုဘယ်ဆန် လာမှုတွေကို အခြေခံပြီး တစ်ချို့အမြင်တွေမှာ ပိုပြီးတရားမျှတမှု ဖြစ်လာနိုင် တယ်ဆိုတာကို မစ္စတာလီ မယုံကြည်ဘူးနော်။

ဖြေ ။ ။ မင်းမှာ သမီးရှိသလား။

မေး ။ ။ ရှိတယ်။

ဖြေ ။ ။ အာဖရိကလူမည်းတစ်ယောက်က မင်းရဲ့သမီးကို လက်ထပ်ချင် တယ်ဆိုရင် ဘယ်လို တုန့်ပြန်မလဲ။ တော်လိုက်တဲ့ ငါ့သမီးလို့ ပြောမှာလား။ ဒါမှမဟုတ် သမီး စဉ်းစားပါဦးလို့ ပြောမှာလား။ ငါသာဆိုရင်တော့ ငါ့သမီးကို “နင် အရူးပဲ” လို့ ပြောလိုက်မှာပဲ။

တကယ်ဆို ဂျူးဆရာဝန်က ငါ့သမီးကို လက်ထပ်ချင်တာ။ ဦးနှောက်အထူးကု ဆရာဝန်အနေနဲ့ MGH (Massachusetts General Hospital) မှာ အလုပ် လုပ်တုန်းက သူတို့တွေ့ကြတာ။ ငါ့ဇနီးက အမေရိကန် ဂျူးတစ်ယောက်နဲ့ သမီးတို့အိမ်ထောင်ရေးက ရေရှည်ခံပါ့မလားလို့ မေးခဲ့တယ်။ ဒါနဲ့ ငါ့သမီးက အပြန်ပြန် အလှန်လှန် စဉ်းစားပြီး သူ့အမေပြောတာ မှန်တယ်လို့ဖြေတယ်။ ဒီိလို အိမ်ထောင်ရေးက နှစ်အနည်းငယ်ပဲ ကြာမယ်၊ ပြီးရင် ကိုယ့်လမ်း ကိုယ်လျှောက်ကြရမှာ။

သူ့နေရာမှာ တရုတ်ပြည်က ဒေါက်တာတစ်ယောက်ဆိုရင် ဘယ်လိုနေမလဲ။ ငါ့မြေး (လက်ရှိဝန်ကြီးချုပ်ရဲ့သား) က သူ့ကောင်မလေးကို အိမ်ခေါ်လာဖူး တယ်။ သူ့ပညာသင်ဆုနဲ့ ပတ်သက်ပြီး ဂျပန်ကိုအသွား စင်ကာပူကို ဝင်လာ ပြီး တို့မိသားစုနဲ့ လာတွေ့တာ။ သူက မက်ဆာချူးဆက် (MIT) နည်းပညာ တက္ကသိုလ်ဘွဲ့ရ၊ တရုတ်ပြည်မကြီးက၊ သူ့အဖေက ပါမောက္ခ။ အခု သူတို့က အမေရိကမှာ နေကြတယ်။ သူက (၁၁) နှစ်သမီးကတည်းက အမေရိက ကို ရောက်တယ်ပေါ့။ မကျေမနပ်ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူးလေ။ ဒါနဲ့ တို့က မဆိုးပါဘူးလို့ပဲ ပြောလိုက်ကြတယ်။ တရုတ်မိန်းကလေးကို တွေ့အောင်ရှာနိုင်တယ်။ ကောင်မလေးက တော်တယ်။ အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာ ပြောနိုင်တယ်။ ကြာရင် သူ (ငါ့မြေး) ပါတောင် တဖြည်းဖြည်းနဲ့ နှစ်ဘာသာ ပြောသွားနိုင်လိမ့်မယ်။

မေး ။ ။ စိတ်ထဲမှာစွဲနေတဲ့ အဲသလိုအမြင်တွေက လူတစ်ဦးရဲ့အမြင်အဖြစ် အပြည်ပြည်ဆိုင်ရာ နယ်ပယ်ထဲမှာ ရှိနေဦးမှာလို့ ဆိုလိုတာလား။ အခု တရုတ်က တက်လာပြီဆိုတော့ အင်ဂလိုဆက်ဆွန်း (လူဖြူ) တွေရှိခဲ့တဲ့ ပါဝါတွေ တရုတ်ဆီကို ရွေ့ပြောင်း မရောက်လာနိုင်ဘူးလား။

ဖြေ ။ ။ လောလောဆယ်မှာတော့ အမေရိကန်တွေ ပါဝါရှိနေတာတို့အ တွက် ကောင်းတာပေါ့။ တရုတ်တွေ အမေရိကန်တွေလောက် အားကောင်း လာဦးမယ်လို့လည်း လောလောဆယ် မမြင်မိပါဘူး။ ကိုယ်တိုင်မှ စူပါပါဝါကြီး မဟုတ်သေးဘဲ ဘာဖြစ်လို့ စူပါပါဝါ မဟုတ်ပါဘူးလို့ ထပ်ပြောနေစရာ လိုလို့ လဲ။ အမေရိကန်တွေကမှ တကယ့်စူပါပါဝါ။ ယဉ်ယဉ်ကျေးကျေးလည်း ပိုရှိ တယ်။ ငါကတော့ အမေရိကန်တွေဖက်ကပဲ။ လက်ရှိစူပါပါဝါကိုပဲ သူ့အတိုင်း ထားလိုက်ပေါ့။ မဟုတ်ဘူးလား။

မေး ။ ။ စီးပွားရေး အရေးပါမှုတွေကရော ဘယ်လိုလဲ။ အကျိုးဆက်တွေ အများကြီး ရှိလာနိုင်တယ်။ ငွေကုန်ကြေးကျလည်း များမယ်။ စီးပွားရေးအရ ယုံကြည်မှုလည်း ရရှိနေမယ်ဆိုရင်တော့ နိုင်ငံတွေအချင်းချင်း တိုက်ခိုက်နေ ကြမှာ မဟုတ်ဘူးပေါ့။ ဒီအချက်တွေက ဒေသပိုင်းဆိုင်ရာ နိုင်ငံရေးနဲ့ ဆက် စပ်မှု ရှိနေနိုင်သလား။


ဖြေ ။ ။ ဂျာမဏီ ဥရောပမူဝါဒထဲဝင်လာပြီး အားကောင်းလာတော့ ဒီိလိုပဲ ထင်ခဲ့ကြဖူးတယ်။ ဂျာမဏီအင်ပါယာဖြစ်လာတာက သူများတွေ ထက် နောက်ကျတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဆက်ပြီး ကြိုးစားခဲ့ကြတယ်။ ဒီတော့ အားလုံးစုပေါင်းပြီး ဂျာမဏီကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ကြတယ်။ အမေရိကန်တွေတောင် ပါသေး။ အခုတော့ သူတို့ ဒီကိစ္စကို ကျေအေး လိုက်ကြပြီ။

ကုန်သွယ်မှုနဲ့ စီးပွားရေးအရ ဆက်ဆံနေတာတွေက နိုင်ငံချင်း စစ်ဖြစ်မှု အပေါ် ဒီလောက်အရေးပါတဲ့ ကိစ္စကြီးလို့ မထင်မိဘူး။ အစိတ်အပိုင်း တစ် ခုလောက်ပဲ ရှိမယ်။

သေချာပေါက် နိုင်လောက်တယ်ထင်ရင် တိုက်လိုက်ပေါ့။ ခဏ ဒုက္ခရောက်၊ ပြီးရင် အားလုံး ကိုယ်ပိုင်ပြီ။ ဒါပေမဲ့ နှစ်နိုင်ငံလုံးက ဟိုက်ဒရိုဂျင်ဗုံးတွေ ရှိနေ မှတော့ စစ်ဖြစ်ကြလိမ့်မယ်လို့ မထင်ပါဘူး။ နှစ်ဘက်စလုံး သေကုန်မှာကိုး။ ဒါကြောင့် အားပြိုင်မှုတွေက စိတ်လှုပ်ရှားစရာ ဖြစ်နေမယ်။

မေး ။ ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အတူတကွ ပူးပေါင်းဆောင် ရွက်မှုတွေ ရှိလာနေပြီဆိုတော့ နိုင်ငံအချင်းချင်းအဆင့်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဗိုလ်ကျဖို့ ကြိုးစားနေကြတာတွေကို အခြေခံဥပဒေတွေနဲ့ ထိန်း ထားလို့ မရနိုင်ဘူးလား။

ဖြေ ။ ။ မင်းအသက် ဘယ်လောက်ရှိပြီလဲ။

မေး ။ ။ ၂၆ နှစ်ပါ။

ဖြေ ။ ။ အေးလေ၊ ထားပါတော့။ မင်းအသက် (၄၆) မှာ ဒီမေးခွန်း မျိုး မေး လာရင်တော့ မင်းက ဘာမှလည်း ဟုတ်တိပတ်တိ မလေ့လာ ရသေးပါလား လို့ ပြောရလိမ့်မယ်။ ကီရှော မာဘုဘာနိက စလို့ ကုလသမဂ္ဂမှာ အမှုထမ်းနေ သူတွေအားလုံးကို မေးကြည့်။ နိုင်ငံသေးသေးလေးနှစ်ခု ပြဿနာဖြစ်ရင်တာ့ လုံခြုံရေးကောင်စီက ရပ်ကြ၊ နို့မဟုတ်ရင် တို့ကြားဝင်ရလိမ့်မယ် လို့ ပြော မှာပေါ့။ အဲဒီ အရေးအခင်းထဲမှာ စူပါပါဝါကြီး တစ်နိုင်ငံ၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံပါလာရင် ဘယ်လိုလဲ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်ပေမဲ့ အားကောင်းတဲ့ နိုင်ငံပါလာရင်၊ ဥပမာ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပေါ့။ အားလုံးက လစ်လျူရှုထားကြတာ။ တိုက်ချင်ရင် ဆက်တိုက်ကြပဲ။


ဇင်ဝေသော်

ကမ္ဘာ့လူမျက်နှာပြင်


ကမ္ဘာမှာ ခမ်းနားတဲ့ အတိတ်က သမိုင်းတွေနဲ့ ဂရိတို့၊ ရောမတို့၊
အိန္ဒိယတို့က ခပ်ကြွားကြွား ရင်ကော့ပြနေချိန် ........
သမိုင်းဆိုတာ လူကရေးတာဆိုတဲ့ အမေရိကန်တွေက အားလုံးကို ကျော်တက်သွားလေရော။

အရှေ့တောင်အာရှမှာ တရံရောက ရွှေအိုရောင်တွေအကြောင်း မြန်မာတွေ၊ ထိုင်းတွေ အငြင်းပွားနေချိန်.........
ခေတ်သစ် သမိုင်းဆရာ လီကွမ်းယုက တာ့တာ ဆိုပြီး လက်ပြထားခဲ့တယ်။

" သူ့အဘိုး ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကျနော်စိတ်မဝင်စားဘူး၊ ကျနော် စိတ်ဝင်စားတာက သူ့မြေး အမေရိကန် သမ္မတဖြစ်ဖို့ပဲ "
( အေဘရာဟင် လင်ကွန်း )


ဒါဟာ အမေရိကန်နစ်ဇင်ပဲလား။

ဘာပဲဖြစ်ဖြစ်
နေရစ်ခဲ့ သမိုင်းဆိုး
ငါတို့ကိုယ်တိုင်
ရေးထိုးမယ့်
သမိုင်းသစ်
လာခဲ့။

 ဇင်ဝေသော်

သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၃ )

" ပထမဆုံး ကျရှုံးမယ့် နိုင်ငံဆိုတာ ဗိုလ်ချုပ်ကြီးတွေက ဝေစု အများဆုံးယူ ပြီး ပြည်သူကို အနည်းဆုံး ဖြန့်ဝေပေးတဲ့ နိုင်ငံပဲ " တဲ့။
( ထရူးမင်း )


ဒီနေ့ ခံစားမိတာကတော့ ၃၃ ဆက်မြောက် အမေရိကန် သမ္မတ Harry Truman ပါပဲ။ လူဆိုးကြီးလို့ ဆိုချင်ဆို လူကောင်းကြီးပါလို့ ပြောလိုပြော ကမ္ဘာ့စစ်ကိုတော့ လူမိုက်ဆန်ဆန် လက်နက်အချခိုင်းလိုက်သူပေါ့။

ဒီ အမေရိကန် သမ္မတ ရာထူးကို သူဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ သူ့ညီမဆီ ရေးတဲ့ ကိုယ်ရေးကိုယ်တာ စာမှာ တွေ့ ရတယ်။

" ပုံမှန်စိတ်ရှိသူ ( မရူးနှမ်းသူ ) တစ်ယောက်အနေနဲ့ အမေရိကန် သမ္မတ ဘယ်တော့မှ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ မတန်တဆ စီမံ ခန့်ခွဲနေရတဲ့ တာ ဝန်တွေအပြင် အပြစ်ရှာ ဝေဖန်ပုတ်ခတ်မှု မှန်သမျှကိုလည်း ခံရတယ်။
လူထုကို အသုံးတော်ခံရ၊ သူတို့ကိုယ်တိုင် တကယ်လုပ်ကို လုပ်ရမယ့် အလုပ်တွေကို လုပ်ဖို့ ချော့ရ၊ မြှောက်ပင့်ပြီး ကြိုက်အောင်ပြောရ၊ ဖက်နမ်းရ၊ ဖင်တွန်းပေးရ နဲ့ " တဲ့။

ခပ်ပြတ်ပြတ်ပဲ ပြောတတ်တဲ့ သူ့အကြောင်းသူလည်း သိထားပုံတော့ ရတယ်။
" သူတို့ကို ကျနော် ငရဲ မပေးခဲ့ပါဘူး။ အမှန်တွေပဲ ပြောခဲ့တာပါ။ ဒါကိုပဲ သူတို့က ငရဲ ထင်နေကြလို့ပါ " တဲ့။

သူ့ စီပွားရေးနဲ့ နိုင်ငံရေး အမြင်ကတော့ ကျနော်တို့ကို များ စောင်းပြောနေလေသလား?? ( ဒု သမ္မတ ဒစ်ကဆင်ကို ဆဲရင်း ဆိုရင်း )

" ပထမဆုံး ကျရှုံးမယ့် နိုင်ငံဆိုတာ ဗိုလ်ချုပ်ကြီးတွေက ဝေစု အများဆုံး ယူပြီး ပြည်သူကို အနည်းဆုံး ဖြန့်ဝေပေးတဲ့ နိုင်ငံပဲ " တဲ့။ ထရူးမင်းတို့ တော်ချက်က။ Like!

မိစ္ဆာအဏာရှင်တွေကို တို့ထိရာမှာလည်း လေသံမာလှတယ်။

" မိစ္ဆာအဏာရှင်တွေဟာ အကုသိုလ် ဆန္ဒတွေကနေ ပေါက်ဖွား လာတာ ။ ပြည်သူရဲ့ ဆင်းရဲမွဲတေမှု ကျစ်တီးကုန်းပေါ်မှာ ရှင်သန်ပြီး ပြည်သူတစ် ရပ်လုံး ယုံကြည်ချက်တွေ မဲ့ လာပြီဆိုရင် အဲဒါ သူတို့ ပန်းတိုင် " တဲ့။ လာပြန်ပြီ။ Like!

သူ ဘာတွေပဲပြောပြော နိုင်ငံရေးသမားက နိုင်ငံရေးသမားပဲဆိုတာကိုလည်း တစွန်းတစ သိလိုက်ရတယ်
" ဂျာမန်က နိုင်မယ့် အနေအထားဆို ရုရှားကို ကူညီရမယ်။ ရုရှားက နိုင်မယ့် အနေအထားဆိုရင်တော့ ဂျာမန်ကို ကူရမယ်။ သူတို့ချင်း အရေအတွက် များနိုင်သမျှ များအောင် သတ်ကြပါစေ "

စစ်ကို မုန်တီးမှု တစွန်းတစလေသံတော့ သူ ခပ်ဟဟ ပြောခဲ့တယ်။
" ကျနော်တို့က စစ်ပွဲတွေကို အဆုံးမသတ်နိုင်ရင် စစ်ပွဲတွေက ကျနော်တို့ကို အဆုံးသတ် ပေးသွားလိမ့်မယ် " တဲ့။

Ref: The Great Thoughts By George Seldes


 ဇင်ဝေသော်

ပထမဆုံး ဝါကျ



JEET ဆိုတဲ့ အန္ဒိယန်း စာရေးဆရာရဲ့ စာအုပ်ဟာ ထုတ်ဝေသူ အငြင်းပယ်ခံ ဘဝကနေ Man Booker Prize စာပေဆု ရဖို့ ရှိနေလို့ အံ့ဩ တကြီး ဖြစ်ကြ ရပါတယ်။ သူ့စာအုပ်ကို အန္ဒိယ တစ်နိုင်ငံလုံးရှိ ထုတ်ဝေသူတွေက ပယ်ချခဲ့
ပေမယ့် ကံဇာတာက တက်လာတော့ UK အခြေစိုက် Faber and Faber စာအုပ် ထုတ်ဝေရေးက ဝယ်ယူခဲ့ပါတယ်။
အဲဒီ Faber and Faber စာအုပ် ထုတ်ဝေရေးကလည်း အလွန် ချေး များပြီး တော်ရုံ တန်ရုံ စာအုပ်ကို ထုတ်ဝေတာ မဟုတ်ပါဘူး တဲ့။ ဒီလောက်ကောင်းတဲ့ စာအုပ်ကို ဘာကြောင့် များ အိန္ဒိယ ထုတ်ဝေသူတွေက မျက်စေ့လျှံသွားရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ JEET ကို အင်တာဗျူး ကြည့်တော့ ခပ်ဝါးဝါးတော့ သဘောပေါက်ခဲ့ရတယ်လို့ သိရပါတယ်။



" ဒီလောက် နာမည်ကြီးတဲ့ ခင်ဗျား စာအုပ် ရဲ့ ပထမဆုံး ဝါကျက ဘာလဲ "
" မမှတ်မိဘူးဗျ "
" ကိုယ့် စာအုပ် ရဲ့ ပထမဆုံး ဝါကျကိုများ မမှတ်မိရဘူးရယ်လို့ ဗျာ "
" အကုန် မမှတ်မိဘူး ပြောတာပါ "
" ပထမ ဝါကျက ဘယ်လောက် ရှည်နေလို့လဲ "
" စာမျက်နှာ ခြောက်မျက်နှာ ခွဲ ရှိတယ် " တဲ့။


 ဇင်ဝေသော်

ဗြိတိသျှ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ စစ်တပ်တွင်း အတွေ့အကြုံများ ( ၂ )

" ဒီပွဲကို ကျနော်တက်ရောက်ခဲ့တာမှန်တယ်လို့ သိလိုက်ရပါတယ်။ တိုက် ဆိုင်မှုလည်းဖြစ်ကောင်းဖြစ်မယ်၊ မသေချာလှဘူး။ နောက်နှစ် ရောက်တော့ ယဇ်ပူဇော်ဖို့ တိရစ္ဆာန်အရေအတွက်တွေ တဖြည်းဖြည်း လျှော့ချလာခဲ့ ကြတယ်တဲ့"
( လက်ဖတင်နယ်ကာနယ် မာ့(စ်) ဗစ်ကာ (Mark Vickers)

ကျနော်တို့ စစ်တပ်ထဲကို ပုံမှန်လာနေတတ်တဲ့ ခရစ်ယာန် ချပ်ပလင် တစ်ယောက်လည်း ရှိတယ်။ သူ့ကို ဒီအကြောင်း ပြောပြတော့ ဒီလိုပွဲ မျိုးတွေကို သူ့အနေနဲ့ ဘယ်နည်းနဲ့မှ မတတ်နိုင်ကြောင်း ပြောပါတယ်။ သူပြောတာတွေက ကျနော် စဉ်းစားမိတာတွေနဲ့ ဆန့်ကျင်နေပြန်ရော။ တကယ်တော့ ဟိန္ဒူ စစ်သားတွေဖိတ်လို့ ကျနော်တတ်ခဲ့ရတဲ့ အခန်းအ နားတွေထဲမှာ အခုချိန်က ပထမ ဆုံး အကြိမ်မဟုတ်တော့ဘူး။ သူတို့ကိုလေးစားတဲ့အနေနဲ့ ကျနော်တတ်ခဲ့ တာပါ။ ကျနော် စဉ်းစားမိတာက ဒီပွဲကို ငါမတတ်လည်း ဒီ ဆိတ်တွေ ကျွဲတွေကတော့ အသတ်ခံရမှာပဲ ဆို တာကိုပါ။ တကယ်လို့ ကျနော်တက်ခဲ့ရင် တစ်ခုခု ကောင်းကျိုးလေးများ ရလာနိုင်မလားဆိုတဲ့ အတွေးပဲ ရှိပါတယ်။ ဒါနဲ့ ကျနော် ဆုံးဖြတ်ချက် ချ လိုက်နိုင်တယ်။

ငါ မတတ်ဘူးဆိုရင် ငါ့ခံစားမှုတစ်ခုကိုပဲကြည့်တဲ့ တစ်ကိုယ်ကောင်းဆန် သူဖြစ်မယ်။ ဒါကြောင့် ပွဲကျင့်ပရေး ခေါင်းဆောင်တွေကို ဘာပဲဖြစ်ဖြစ် ကျနော်တက်မယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်လေးတွေကို ကျွမ်းကျွမ်းကျင်ကျင် သတ်နိုင်လို့ ဆိုပြီး သားသတ် သမားကိုတော့ လက်ခုပ်သြဘာမပေးနိုင်သလို ဆုငွေတွေလည်း (ယဉ်ကျေး မှုအရ) မချနိုင်ပါဘူးလို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ပြီးတော့ သတ်တာတော့ သတ်တာပေါ့ သူတို့ကို လူလို သဘောထားပြီးညင်ညင်သာသာနဲ့ အသက်ထွက်အောင် သတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီပွဲတော်နေ့မှာ သူများထက်စောရောက်အောင်သွားခဲ့ပြီး တိရစ္ဆာန်လေးတွေ နား သွား မေတ္တာပို့ပေးခဲ့တယ်။ တတ်သလောက် မှတ်သလောက်လည်း ရွတ်ဖက်ပေးတာပေါ့။ ပြီးတော့ မင်းတို့ကို ဒီလိုသတ်ဖြတ်ကြလို့ သူတို့ကို အမျက်မထား၊ ရန်ငြိုးမဖွဲ့ကြပါနဲ့လို့လည်း တိုးတိုးလေး ကပ်ပြီး ပြောပေး တယ်။ တစ်ခုကျေနပ်စရာက ကျနော် ကောင်းကောင်း မေတ္တာရပ်ခံထားတဲ့ အတွက် မကြာခင်အသတ်ခံရမှာပေမယ့် တိရစ္ဆာန်လေးတွေဟာ အစားကောင်းကောင်းစားရသလို အေးအေးချမ်းချမ်းရှိနေတာကိုလည်း တွေ့ရတယ်။ ပွဲလည်းစရော ကျနော်ကတော့ စိတ်ထဲကနေပဲ တိရစ္ဆာန်လေးတွေ အတွက် မေတ္တာစာတွေ ရွတ်ဖက်ပေးနေလိုက်တယ်။

ပွဲပြီးသွားတော့ ဒီပွဲ တာဝန်ခံက ကျနော့် ဆီလာပြီး စကားပြောတယ်။ သူ ကျနော့်ကို ကြည့်နေမိတယ်တဲ့။ သူနဲ့ ကျနော်က ရာထူး အဆင့် အတန်းချင်း တော်တော်ကွာနေတော့ သူ့စိတ်ထဲ ရှိနေတာတွေ ပွင့်ပွင့်လင်းလင်းကြီး ဖွင့်ပြောရဲမှာမဟုတ်ဘူးလို့ တွေးနေမိတယ်။ မှားပါတယ် သူကျနော့်ကို ဆက်ပြောလာတာက ကျနော့်မျက်လုံးထဲမှာ ထိခိုက်ကြေကွဲ ရိပ်တွေ သူတွေ့နေရတယ်တဲ့။
ခဏကြာတော့ သူ ကျနော့်ဆီပြန်လာပြီး ကျနော်တက်ရောက်ခဲ့တဲ့အတွက် သူတို့ ဘယ်လောက်ဂုဏ်ယူကြောင်း၊ ဘယ်လောက်အလေးအနက် ထားကြောင်း ပြောတယ်။ ဟုတ်တာပေါ့ အပြစ်မဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ် မှုဆိုတာ ကျနော့် ယုံကြည်မှုနဲ့က တိုက်ရိုက်ဆန့်ကျင်နေတာပဲ။ ဒီလို အပြုအမူကို ဘယ် ဗုဒ္ဓဘာသာကမှ ကောင်းချီးပေးနေမှာ မဟုတ်ပါဘူး။

နောက် သူဆက်ပြောတာက ကျနော့် မေတ္တာရပ်ခံချက်ကြောင့် တိရစ္ဆာန်တွေ အပေါ် အတတ်နိုင်ဆုံး ညင်ညင်သာသာဖြစ်အောင် ဆောင် ရွက်ခဲ့ကြတယ် ဆိုတာပါ။

သူ့စကားဆုံးတော့ ဒီပွဲကို ကျနော်တက်ရောက်ခဲ့တာမှန်တယ်လို့ သိလိုက်ရ ပါတယ်။ တိုက်ဆိုင်မှုလည်းဖြစ်ကောင်းဖြစ်မယ်၊ မသေချာလှပါဘူး။ နောက်နှစ် ရောက်တော့ ယဇ်ပူဇော်ဖို့ တိရစ္ဆာန်အရေ အတွက်တွေ တဖြည်းဖြည်း လျှော့ချလာခဲ့ကြတယ်တဲ့။
အင်္ဂလန်မှာ အသတ်ခံနေရတဲ့ တိရစ္ဆာန်တွေကိုလည်း ကျနော် တွေ့ဖူးနေတာ ပဲ၊ အဲဒီ တိရစ္ဆာန်တွေနဲ့စာရင် အခု ကျနော် တွေ့မြင်လိုက်ရတဲ့ တိရစ္ဆာန်တွေက အများကြီးညင်ညင်သာသာ ရှိလှပါတယ်။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ရှင်းရှင်း ပြောရရင်တော့ ဘာအကြောင်းနဲ့ မှ ဘယ်လို တိရစ္ဆာန်မဆို အသတ်မခံရစေလိုပါဘူး။

တစ်ခါတစ်ခါကျတော့လည်း ကျွန်တော်ကိုယ်တိုင် သတိလက် လွတ်ဖြစ်ရ တတ်တာလည်း ရှိပါတယ်။ တခါမှာတော့ ကျနော်တို့အားလုံး ၀ရန်တာမှာ ထိုင်ပြီး အဖွဲ့လိုက်လက္ဘက်ရည်သောက်နေကြတယ်။ အဲဒီနေရာကနေ ဟိ မ၀န္တာတောင်တန်းကြီးကိုပင် လှမ်းပြီး မြင်နေရတယ်။ ကျနော်က အရာရှိ ဆိုတော့ ရဲဘော်တွေ ခုနှစ်ယောက်ရှစ်ယောက်က ကျနော့်ဘေးမှာ ၀ိုင်းပြီး ရပ်နေကြတယ်။ ကျနော့်ဘေးကပ်ရက်မှာ ရပ်နေတာက ချပ်ပလင် တစ်ယောက်။ ကျနော်ငုံ့ကြည့်လိုက်တော့ ပုရွက်ဆိတ်လေးတွေ အတန်း လိုက် သူ့ဆီကို သွားနေကြတာတွေ့ရတယ်၊ တဖြည်းဖြည်းနဲ့ သူ့ခြေဖမိုးပေါ် အထိ ပုရွက်ဆိတ်လေးတွေက တက်နေတာမြင်ရတယ်။

ကျနော့်စိတ်ထဲမှာတော့ “ပုရွက်ဆိတ်ကလေးတို့ရေ၊ ဒီဖက်ကိုလာခဲ့ကြပါ၊ ငါ့အနားကိုလာခဲ့ကြပါ မင်းတို့အတွက် ဘေးကင်းရန်ကင်း နေရာလေးတစ်ခု ငါပေးထားပါ့မယ်” လို့။ ဆုတောင်း မပြည့်ခဲ့ပါဘူး။ ချပ်ပလင်က ပုရွက်ဆိတ်ေ လးတွေပေါ် စိတ်ရှိလက်ရှိ တက်နင်းတော့တာပါပဲ။ တကယ်တော့ ဘာမှ မပြောဘဲ နေခဲ့သင့်တာပါ၊

မနေနိုင်ခဲ့တာနဲ့
“ချပ်ပလင်- ခင်ဗျား ဘာကြောင့်ဒီလိုလုပ်ရတာလဲ”
“ဘာလုပ်လို့လဲ ၊ ဘာမှမလုပ်မိပါဘူး”
လို့ သူကဖြေတယ်။
“လုပ်တယ်၊ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ ပုရွက်ဆိတ်ကလေးတွေ ကို မြင်ရက်သားနဲ့ တက်နင်းတယ်”
ပြောမိတော့ သူလည်း ရှက်သွားပြီးမျက်နှာကို နီရဲသွားတာပဲ။
ဒါနဲ့ ကျနော်လည်း ချက်ချင်း စကားလမ်းကြောင်းပြောင်းပြီး ခဏနေ လှည့် ထွက် ခဲ့တော့တယ်။ ကျနော်လည်း ထွက်ခဲ့ရော ကျန်ရစ်ခဲ့တဲ့ ချပ်ကျောင်း ပုံမှန်တက်တတ်တဲ့ ရဲဘော်နှစ်ယောက်(တစ်ယောက်က အမျိုးသမီး၊ တစ်ယောက်က အမျိုးသား) ပြောလိုက်တဲ့ စကားကို ကျနော်က ကြား မိအောင် ကြားလိုက်သေးတယ်။
“ပုရွက်ဆိတ်ကိုတောင် မသတ်ရဲတဲ့လူက ဘယ်လိုလုပ် စစ်တပ်ထဲ ရောက်ပြီး ဗိုလ်ဖြစ်လာရတာလဲ ” တဲ့။
ဒါနဲ့ သူတို့ဆီ ချက်ချင်းသွားပြီး အရာရှိလေသံနဲ့ပဲ ပြောလိုက်တယ်
“ မင်းတို့နှစ်ယောက် ငါးမိနစ်အတွင်း ငါ့ရုံးကိုလာခဲ့” လို့။

ဆက်ရန် -


သီဟနာဒ