ညီမလေးကို ပြောမိတဲ့ ပန်း နဲ့ လူ ပုံပြင်

တစ်ခါက သူငယ်ချင်း စကားပုံလေး နှစ်ခု ရှိခဲ့တယ်။
သူတို့ကတော့ "ပန်းသတင်း လေညှင်းဆောင်" နဲ့ "လူ့သတင်း လူချင်းဆောင်" တို့ပဲ တဲ့ ညီမလေး ရေ။

တစ်နေ့မှာတော့ လူ့သတင်း လူချင်းဆောင် ကလေးဟာ တော်တော် စိတ်မကောင်း ဖြစ်နေရှာ သတဲ့။
ဒါနဲ့ ပန်းသတင်း လေညှင်းဆောင် က ဘာဖြစ်နေလို့လဲ လို့ မေးတာပေါ့ ကွယ်။
ဒီတော့ လူ့သတင်း လူချင်းဆောင်က


"မင်း သတင်းတွေကိုကျတော့ လေညှင်းကဆောင် ပြီး လူ့သတင်းကိုကျတော့ လူတွေက ဆောင်တာလေကွာ"
"အေးလေ ဒီတော့ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး။ လူ့သတင်းကိုလည်း လေညှင်းကဆောင်ရင် ကောင်းမှာပဲ လို့ စဉ်းစားမိလို့ပါ"
"မင်း ကလည်းကွာ ကြံကြံ ဖန်ဖန်"

"ကြံကြံ ဖန်ဖန် မဟုတ်ပါဘူးကွာ။ လေညှင်းဆိုတာက သက်မဲ့ ဆိုတော့ ချစ်ခြင်း မုန်းခြင်း မရှိဘူး။ ဒီတော့ ရနံ့ အမှန်ကို ဆောင်သွားတယ် ကွ။ လူ ဆိုတဲ့ သတ္တဝါ ကတော့ ချစ်ခြင်း မုန်းခြင်း ခံစားချက်တွေကြောင့် သူတို့ ဆောင်သွားတဲ့ သတင်းတွေက မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက် တွေပါကွာ။ ဒီတော့ လူဆောင်သွားတဲ့ သတင်းက သတင်းထက် ဆောင်သွားတဲ့ လူ့ငနဲ နဲ့ ပိုဆိုင်တယ်ဆိုတာ တွေးမိလို့ စိတ်မကောင်း ဖြစ်နေမိတာပါ"

"အေး မင်းပြောတာလည်း ဟုတ်တုတ်တုတ် ပဲ" ပန်းသတင်း လေညှင်းဆောင်ကလေးက ခေါင်းညိတ် သတဲ့။

ဒါပါပဲ ညီမလေးရယ်။ မော်ရယ်က ဘာညာ ဆိုပြီး ဆရာကြီးဂိုက် ဖမ်းမနေတော့ပါဘူး။
ဒီလိုနဲ့ လူဆောင်တဲ့ သတင်းတွေကတော့ မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက်။

Posted on August 13, 2012

ဇင်ဝေသော်

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၃)


မေး ။ ။ မစ္စတာလီကိုယ်တိုင်က ဗုဒ္ဓဘာသာစိတ် အခြေခံရှိနေတော့ တရားထိုင်တဲ့နေရာမှာ ပိုပြီး လွယ်ကူသွားတာ မဖြစ်နိုင်ဘူးလား။ တစ်ခါက မစ္စတာလီ ပြောဖူးသလားလို့။ မစ္စတာလီက ဗုဒ္ဓဘာသာဆိုတာလေ။

ဖြေ ။ ။ ဟုတ်တယ်။ ငါ ဗုဒ္ဓဘာသာ အမည်ခံတယ်။ ဗုဒ္ဓဘာသာ ဘုန်း ကြီးကျောင်းတွေထဲက ရဟန်း၊ သီလရှင်တွေကို တွေ့ဖူးတယ်။ တင်ပလ္လင်ခွေ ထိုင်ပြီး တရားရှု့မှတ်နေကြတာမျိုးတွေ၊ သူတို့ မျက်စိတွေ ဖွင့်ထားတာတောင် သူတို့အမြင်အာရုံမှာ ဘာမှ မတွေ့ကြရဘူး။ တော်တော် ငြိမ်းချမ်းတာ။ ငါက အဲ့ဒီအဆင့်ထိ ဘယ်ရောက်မလဲ။ ငါက မျက်စိမှိတ်ပြီးမှ တရားမှတ်လို့ ရတာ။ ရဟန်းတွေလောက် အကျိုးများများ မရပေမဲ့ ငါ့အတွက်လည်း အကျိုး တော်တော်များများရပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone နဲ့အတူ သွားပြီး တရား ထိုင်နေတဲ့ ရဟန်းတွေကို တစ်နာရီလောက် လေ့လာဖူးတယ်။ စင်္ကာပူ မှာ တွေ့တုန်းကလည်း သူက ပုံမှန် တရားထိုင်တဲ့အကြောင်း ငါ့ကို ပြောဖူး တယ်။ သူက “လောကကြီးနဲ့ အဆက်ဖြတ်ပြီး တရားမှတ်ရင်း အေးအေး ချမ်းချမ်း နေလို့ရတယ်” တဲ့။
ငါက သူတို့လို တင်ပလ္လင်ခွေပြီး မထိုင်နိုင်ဘူးကွ။ အဲ့သလိုထိုင်ပြီးရင် တင်ပါး ဆုံတွေ နာကျင်ပြီး နေရစ်တော့တာ။

မေး ။ ။ တရားထိုင်တာအပြင် စိတ်အပန်းဖြေဖို့ ဘာတွေ လုပ်သေးသလဲ။ အထူးသဖြင့် စောစောပိုင်း နှစ်တွေမှာပေါ့။
ဖြေ ။ ။ ငါ့ကလေးတွေနဲ့ ချက်(စ်) ကစားတယ်။

မေး ။ ။ ကောင်းတာပေါ့။ သူတို့ကို အရှုံးပေးသလား။
ဖြေ ။ ။ အရှုံးမပေးဘူး။ အကောင်တော့ “ချ” ပေးတယ်။ သူတို့ အရွယ်ရောက်လာတော့ အကောင် “ချ” ပေးစရာ မလိုတော့ဘူး။ ဒါနဲ့ အိုကေ၊ ချက်(စ်) ကစားတာ ရပ်ကြစို့လို့ ငါပြောလိုက်တယ် (ရီလျက်)။

မေး ။ ။ ကလေးတွေ ကြီးပြင်းလာချိန်မှာ သူတို့နဲ့ အချိန်ယူနိုင်ခဲ့ရဲ့လား။
ဖြေ ။ ။ တစ်နှစ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လောက် သူတို့နဲ့ ရက် ရှည် အတူနေနိုင်ဖို့ ကြိုးစားပါတယ်။ Comeron Highlands ဒါမှမဟုတ် Frasher’s Hill တို့လို နေရာတွေသွားပြီး အတူ ဂေါက်တွေဘာတွေ ရိုက် ကြပေါ့။ ဂေါက်ကွင်းထဲမှာ ငါတို့ ဇနီးမောင်နှံရယ်၊ ကလေးတွေရယ် လမ်းလျှောက်ကြပေါ့။ အဲ့သလို အခါတွေမှာ
“မင်းတို့ ငါ့လို နိုင်ငံရေး လုပ် ကြမလား” လို့မေးတော့ ငါ့သားကြီးက လုပ်မယ် လို့ ဖြေတတ်တယ်။
ဒါ့ကြောင့် မဲဆန္ဒနယ်တွေ ငါဆင်းတဲ့အခါ သူက ငါ့နောက်မှာ အမြဲလိုလို လိုက်လိုက်လာတတ်တယ်။ ၁၉၆၄ - ခု ဂျူလိုင်လမှာ ဖြစ်တဲ့ အရေးအခင်း ဆိုရင် သူကောင်းကောင်း မှတ်မိနိုင်လောက်တဲ့ အရွယ်ကို ရောက်နေပြီ။

မေး ။ ။ လက်ရှိဝန်ကြီးချုပ်က နိုင်ငံရေးထဲ ဝင်မယ်။ သားအငယ် ကေ တာ့ နိုင်ငံရေးလောကထဲ ဝင်မယ် မဟုတ်ဘူးလို့ ဘာ့ကြောင့် ထင်ခဲ့ ရတာလဲ။
ဖြေ ။ ။ သားအငယ်က ၅၇ - ခုနှစ်မှာ မွေးတာ။ သားကြီးထက် ခြောက်နှစ် ငယ်တယ်။

မေး ။ ။ သူ့ကိုပါ ခေါ်သွားရင် သူလည်း အတွေ့အကြုံတချို့တော့ ရနိုင် တာပေါ့။ အကြီးလောက် မမှတ်မိဘူးဆိုရင်တောင် …
ဖြေ ။ ။ သူက ငါနဲ့ အတူမလိုက်နိုင်ဘူး။ သိပ်ငယ်လွန်းသေးတယ်။

မေး ။ ။ ၁၉၇၀ - ခုတွေမှာဆို အရွယ်ရောက်နေပါပြီ။
ဖြေ ။ ။ အဲ့ဒီအချိန်မှာ သူက အေလယ်ဘယ် စာမေးပွဲအတွက် ပြင် ဆင်နေရပြီ။

မေး ။ ။ မစ္စတာလီ ဆိုလိုတာက သားအငယ် နိုင်ငံရေးထဲ ရောက်မလာ တာက သူ့ခံယူချက်ကြောင့် မဟုတ်ဘဲ အမြင်အတွေ့ မရှိခဲ့လိုသာ စိတ်မဝင်စားတာလို့ ဆိုလိုတာလား။
ဖြေ ။ ။ ၆၄ - ခု အရေးအခင်း ဖြစ်တော့ သားကြီးက လမ်းမှာ ပိတ်မိနေခဲ့တယ်။ အဲ့ဒီအချိန်မှာ သားငယ်နဲ့ သမီးက နန်ယန်းမူလတန်းကျောင်းမှာပဲ ရှိသေးတယ်။ သူတို့ကို သွားကြိုရတာ လွယ်တယ်။ ရှင်လွန်းက ကက်သိုလစ် အထက်တန်းကျောင်းမှာ။ အဲ့ဒီအချိန်မှာ ယာယီဝန်ကြီးချုပ် တိုချင်ချိုင်က ချက်ချင်းကြီး ကာဖျူးအမိန့် ထုတ်လိုက်တော့ ကျောင်းသားတွေ အား လုံးကျောင်းထဲကနေ ထွက်ပြေးလာကြပြီး ကားလမ်းတွေလည်း ပိတ်ကုန်ရော။ အဲ့ဒီအဖြစ်အပျက်က သူ့စိတ်ထဲ နက်နက်နဲနဲကြီး ဝင်သွားတာ။ အားလုံး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကိုး။

မေး ။ ။ ဝန်ကြီးချုပ် နိုင်ငံရေးထဲ ဝင်လာလိမ့်လို့ ဘယ်အချိန်မှာ အကဲခက် လို့ ရခဲ့တာလဲ။
ဖြေ ။ ။ ပထမဆုံးအကြိမ်ကတော့ ကိန်းဘရေ့ဂ်ျက Trinity ကောလိပ်က သူ့ကို သင်္ချာပညာရှင် အဖွဲ့ထဲဝင်ပြီး သူတို့ဆီမှာပဲ သင်္ချာဆက်သင်ပေးဖို့ ကမ်းလှမ်းတုန်းက။ သူ့ကို ကမ်းလှမ်းတဲ့ဆရာကြီးဆီကို သူက စာပြန်ရေးတယ်။
“ကျွန်တော် စင်္ကာပူပြန်ရမယ်။ စစ်မှုလည်း ထမ်းရမယ်။ ကျနော့်အဖေက ဝန်ကြီးချုပ်။ စင်္ကာပူမပြန်ဘဲ ဒီမှာပဲ နေမယ်ဆိုရင် စင်္ကာပူအတွက်ရော၊ ကျွန်တော့အတွက်ပါ မကောင်းလှဘူး” တဲ့။

ဆက်ရန် -


 ဇင်ဝေသော်

တနင်္ဂနွေ အပျင်းပြေ


ကွန်ဖျူးရှပ် ဖွင့်မပြောခဲ့ပေမဲ့ သူ့မှတ်စုထဲမှာ
"တူ တစ်ချောင်းပဲရှိသူ ခေါက်ဆွဲဝအောင် မစားရ" လို့ ရေးခဲ့တယ်။
ဒါကြောင့် အမျိုးသား အမျိုးသမီးတွေ မတူညီကြပေမဲ့ အိမ်ထောင်ပြုကြတယ်။

ယောင်္ကျားက လိုအပ်တဲ့ပစ္စည်းဆိုရင် တစ်ကျပ်တန်ကို နှစ်ကျပ်ပေးဝယ်တယ်။
မိန်းမက နှစ်ကျပ်တန်ပစ္စည်း တစ်ကျပ်နဲ့ရရင် မလိုအပ်းလည်း ဝယ်တယ်။

လက်ထပ်ပြီးရင် ပြောင်းလဲလာမယ်လို့ မျှော်လင့်ပြီး အမျိုးသမီက အမျိုးသားကို လက်ထပ်တယ်။
ဒါပေမဲ့ သူက မပြောင်းလဲဘူး။
လက်ထပ်ပြီးရင်လည်း ပြောင်းလဲမယ် မဟုတ်ဘူးထင်ပြီး အမျိုးသားက အမျိုးသမီကို လက်ထပ်တယ်။
ဒါပေမဲ့ သူမက ပြောင်းလဲသွားတယ်။

( ဒီနေ့အတွက် မှတ်သားဖွယ်ရာ)
အိမ်ထောင်ရှင် အမျိုးသားဟာ သူ့အမှားကို သတိမရသင့်။
တစ်အိမ်ထဲမှာ တစ်ခုခုကို နှစ်ယောက်စလုံး မှတ်မိနေခြင်းက အပို အလုပ်သာဖြစ်တယ်။
(မှတ်စုထဲမှ)

ဇင်ဝေသော်

 

ဒီလို မွတ်စလင် ရှိတယ်


(၁)
မွတ်စလင် ဒေါက်တာ Izzeldin Abuelaish က "I Shall Not Hate" ငါ ဘယ်တော့မှ မမုန်းဆိုတဲ့ စာအုပ်ကိုရေးတယ်။ သူဟာ အောက်စဖို့နဲ့ ဟား ဘတ် ဘွဲ့ရ ဒေါက်တာတစ်ယောက်ပါ။
သူတို့ မိသားစုတွေဟာ ဘိုးစဉ်ဘောင်ဆက်ကတည်းက ပါလက်စတိုင်းမှာ လယ်ယာလုပ်ကိုင်စားရတဲ့ ဆင်းရဲသားမိသားစုတွေပါ။
သူတို့မိသားစု ပိုင်ဆိုင်တဲ့ မြေယာတွေအားလုံးကို Ariel Sharon ဆိုသူက သိမ်းပိုက်ပြီး သူတို့ကို ဒုက္ခသည်စခန်း ပို့လိုက်တယ်။
မိဘတွေကလည်း အတိုင်အခံလုပ်မနေကြပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရတယ် (someone had to break the cycle of hate) လို့ ခံယူထားကြတယ်။
အကောင်းဖက်ကပဲ ကြည့်၊ အလုပ်ကြိုးစားပြီး ကလေးတွေ ကျောင်း ထားပေးနိုင်ဖို့ပဲ မိဘတွေက ဆုံးဖြတ်ကြတယ်။

(၂)

ကလေးတွေထဲမှာ Izzeldin ဟာ ဉာဏ်လည်းကောင်း ကြိုးလည်းကြိုး စားတော့ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ သိပ်တော်လွန်းတော့ အစ္စရေးက ဆေးရုံမှာတောင် အလုပ်ရခဲ့တယ်။
ဒါပေမဲ့ ဂါဇာကနေ အစ္စရေးနယ်စပ်ဖြတ်တိုင်း နယ်ခြားစောင့် အစ္စရေး စစ် သားတွေရဲ့ မေးမြန်းစစ်ဆေးခြင်း၊ ပျက်ရယ်ပြောင်လှောင်ခြင်းတွေ အမြဲ ခံရတယ်။
ဒါတွေကိုသူ စိတ်ဝင်မစားပါဘူး။ သူ စိတ်ဝင်စားတာက သူ့ဝင်ငွေနဲ့ သူ့ကလေးတွေအတွက် အစားကောင်း၊ အဝတ်ကောင်းလေးတွေ အစ္စရေး ကနေဝယ်ပြီး အိမ်ပြန်ဖို့ပါပဲ။

အစ္စရေးစစ်သားတွေကို မမုန်းဘူးလားလို့မေးတော့
"မမုန်းပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရတယ် (someone had to break the cycle of hate)" လို့ ဖြေတယ်။

(၃)
တစ်နေ့မှာတော့ သူတို့အိမ်ပေါ် ဒုံးကျည်တစ်စင်းကျလာတယ်။ အဲဒါ သူ့ သမီးလေး အခန်းပေါ် တည့်တည့်ပဲ။ အိမ်ထဲပြေးဝင်ကြည့်တော့..ကလေး လေးယောက်ရဲ့ ခန္ဓာကိုယ် အပိုင်း ပိုင်းတွေပဲ တွေ့ရတော့တယ်။
ကလေးတစ်ယောက်ကတော့ အသက်ရှင်နေဆဲ ဒါပေမဲ့ မျက်လုံး နှစ်ဖက် စလုံးက ကလေးရဲ့ ပါးပေါ်မှာ။
လူနာတင်ကားကိုခေါ်တော့ ဝင်ခွင့်မရလို့ မလာရဘူး တဲ့။ ဒါနဲ့ ကလေးကို ချီပြီး ဆေးရုံကို သွားခဲ့ရတယ်။
ဒုံးကျည်ပစ်လိုက်တဲ့ အစ္စရေးစစ်သားတွေကို မမုန်းဘူးလားလို့မေးတော့ "မမုန်းပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရ တယ် (someone had to break the cycle of hate)" လို့ပဲ ဖြေပြန်တယ်။

I Shall Not Hate: A Gaza Doctor's Journey on the Road to Peace and Human Dignity [Paperback]
Izzeldin Abuelaish (Author)
အမေဇုန်က ဖြန့်ချီပါတယ်။


 ဇင်ဝေသော်

ပြေးခုန်ပစ် နိုင်ငံတော်


နိုင်ငံတစ်ခုရဲ့ ဖြတသန်းမှုမှာ အဆင့်လေးဆင့် ရှိတယ်လို့ မှတ်သားရဖူးပါ တယ်။ ဒါတွေကတော့..
၁။ Athletic stage ( ပြေးခုန်ပစ် အဆင့်)
၂။ warrior stage (တိုက်ခိုက်ရေး အဆင့် )
၃။ big brother stage (အကိုကြီး အဆင့်) နဲ့
၎။ intellectual stage (ပညာရှင်အဆင့်) တို့ ဖြစ်ပါတယ်။

ကမ္ဘာ့စစ်ပြီးစ လွတ်လပ်ရေးရပြီးတဲ့နောက် ကမ္ဘာ့ဇာတ်ခုံပေါ်ကို အပြိုင်း အရိုင်းတက်လာတဲ့ နိုင်ငံလေးတွေကို ပြေးခုန်ပစ် အဆင့်လို့ ဆိုလိုပါတယ်။ သူတို့ထက် ပို ရှေ့ရောက်နေပြီး စီးပွားရေး၊ နိုင်ငံရေးပါဝါ အထိုက် အလျောက် ရှိတဲ့ နိုင်ငံတွေ၊ ဒါတွေကို သူများတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်း ဂုဏ် ယူနိုင်၊ ဝါကြွားနိုင်၊ မောက်မာနိုင်တဲ့ နိုင်ငံတွေကိုတော့ တိုက်ခိုက်ရေး အ ဆင့် လို့ဆိုပါတယ်။

အကိုကြီး အဆင့်နိုင်ငံတွေကတော့ စူပါ ပါဝါကို ရရှိပြီးဖြစ်ပြီး သူတို့ ကျင့်သုံး တဲ့ ပေါ်လစီဟာ ဘယ်လောက်ကောင်းတယ် စတဲ့ အိုင်ဒီယော်လော်ဂျီတွေနဲ့ သူများနိုင်ငံအပေါ် ဩဇာသက်ရောက်ဖို့ ကြိုးစားတဲ့ နိုင်ငံကြီးတွေကို ဆိုလိုပါ တယ်။ ဒီအဆင့်ကိုကျော်တော့မှ ပညာရှင်အဆင့်ကို ရောက်သွားတယ်။ ဒါပေမဲ့ပညာရှင်အဆင့်ကိုရောက်သွားတဲ့နိုင်ငံတွေဟာ ဘယ်နိုင်တွေလည်း ဆို ရင်တော့ တိတိကျကျ လက်ညှိုးထိုးပြဖို့ ခက်ခဲဆဲလို့ ဆိုပါတယ်။

ဒီ အဆင့်လေးဆင့်နဲ့ကြည့်ရင် ကျနော်တို့ဟာ လွတ်လပ်ရေး ရခဲ့တာစောပေ မဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ ပြေးခုန်ပစ် အဆင့်မှာပဲရှိသေးတယ် ဆိုတာ သေချာပါတယ်။
ပြေးခုန်ပစ် အဆင့်ဆိုတာ
၁။ အတွေ့အကြုံနုနယ်ပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ခြင်း။
၂။ ပြိုင်ဆိုင်မှုနယ်ပယ် ကျဉ်းမြောင်းပြီး ခက်ခဲတဲ့ ပြိုင်ဆိုမှုကို ကိုယ်တွေ့ မကြုံတွေ့ရသေးခြင်းလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။


ဒီအဆိုဟာ အစိုးရနဲ့သာ သက်ဆိုင်တာမျိုးမဟုတ်ဘဲ ပြည်သူတရပ်လုံးနဲ့ပါ သက်ဆိုင်ပါတယ်။ အစိုးရမှာ အတွေ့အကြုံ မရှိလှသေးသလို ပြည်သူ က လည်း သိပ် မရင့်ကျက်သေးဘူးလို့ ဆိုလိုပါတယ်။ မရင့်ကျက်ခြင်းကို ဘာနဲ့ ကြည့်ရမလဲ ဆိုရင် အလွယ်ဆုံး၊ အရှင်းဆုံးနည်းကတော့ အကောင်းပြောမှ ကြိုက်ပြီး အပြုသဘောဝေဖန်မှု၊ သဘောထား ကွဲလွဲမှုတွေကို လက်မခံနိုင်ခြင်းပါပဲ ( ဦးသိန်းစိန်လက်ထက်မှာ လုံးဝတိုးတက်လာတယ်၊ ဦးအောင်မင်းဆိုရင် သူတို့မစွံသေးကြောင်းဝန်ခံတာ နည်းနည်းတောင် များနေသလိုလို)။ ခပ်ရိုင်းရိုင်းပြောရင် အမြှောက်ကြိုက်ဘဝက မလွတ်သေး ဘူးဆိုတာမျိုးပါ။ ဒါပေမဲ့ ယှဉ်ပြိုင်လိုစိတ်တော့ အားကောင်းလှပါတယ်။

ဒီနေ့ နိုင်ငံတော်ကို ပြန်ကြည့်ရင် သမ္မတကအစ ပြည်သူအဆုံး ယှဉ်ပြိုင်လို စိတ်တွေ သိပ်အားကောင်းတယ်ဆိုတာ တွေ့ရတယ်။ သမ္မတကြီးကဆိုရင် ( အမှတ်မှားရင် ခွင့်လွှတ်ပါ) မကြာမီ စင်္ကာပူပုံစံမျိုး ရောက်စေရမယ် ဆိုတာမျိုး၊ ပြည်သူတွေဖက်ကလည်း မကြာမီ ရင်ဘောင်တန်းနိုင်မယ်၊ မြန်မာတွေ မခေဘူး၊ စလုံးတွေ တို့လောက် အင်္ဂလိပ်မတတ်ဘူး ဆိုတာမျိုးတွေ ရှိနေတတ်ပါတယ်။

ဒီမှာ စင်္ကာပူကို မမီနိုင်ဘူး၊ မြန်မာတွေ ခေပါတယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း ပြောခဲ့ချင်ပါတယ်။ ဒါပေမဲ့ ဖြစ်တတ်တဲ့ သဘာဝက ကိုယ့်ရှိတာသိပြီး သူ့မှာရှိတာ မသိရင် ဒီ အဖြေမှန်ဖို့က ခက်ပါတယ်။ စင်္ကာပူမရောက်ခင်က မြန်မာပြည်ဟာ ဘယ်လောက်စိမ်းစို လှပကြောင်း၊ မင်္ဂလာဒုံ လေယာဉ်ကွင်းကနေ မြို့တွင်းအဝင်မှာ လမ်းဘေး ဝဲယာက သစ် ပင်တွေ ဘယ်လောက်လှပကြောင်း စာသင်ခန်းထဲမှာ ဆရာက ခဏ ခဏပြောနေတော့ (အဲဒီဆရာက ဗြိတိန်က ဒေါက်တာဘွဲ့ကြီးနဲ့ပါ) ဘုမသိ ဘမသိ ဂုဏ်ယူခဲ့ရဖူးတယ်။ ဒီခံစားမှု ပျောက်သွားတာက ချန်ဂီလေဆိပ် ကနေ စင်္ကာပူမြို့ထဲအဝင် လမ်းဘေး ဝဲယာကသစ်ပင်တွေကို မြင်လိုက် မိတော့မှပါ။ ကိုယ့်နိုင်ငံရဲ့ ပထဝီ အနေအထားကြောင့် ကိုယ့်နိုင်ငံကို အထင်မသေးမိပါဘူး။ အောက်ခြေလွတ်နေတာတော့ ပြန်ထိသွားပါတော့တယ်။

ပြေးခုန်ပစ် ပြိုင်ပွဲက ဘောင်ကျဉ်းတယ်၊ သေရေး ရှင်ရေး မဟုတ်သေးဘူး။
ကျနော်တို့ ဘောင်ကျဉ်းနေသေးတယ်။ ဘာကိုကြည့်ပြီး ပြောလို့ရမလဲ။ အလွယ်ဆုံးကတော့ လူးဦးရေ သန်းခြောက်ဆယ်မှာ သတင်းစာ ဘယ်လောက်ဖြန့်ချီရသလဲဆိုတာသာကြည့်ပါ။ ဟ..သတင်းစာက ယုံကြည်စရာမှ မရှိတာ။ ပြောစရာ ရှိပါတယ်။ နာမည်ရ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေ လည်း သိန်းချီပြီး မဖြန့်ရသေးဘူး ( ရှိများရှိမလား၊ ရှိလည်း လက်ချိုးလို့ရမယ်)။

အခြား မီဒီယာကရော???
မွဲပြာကျသွားတဲ့ ပညာရေး စနစ်ကြောင့် အင်္ဂလိပ်လို ကြည့်နိုင်၊ နားထောင်နိုင်သူ အရေအတွက်က သိပ်မရှိပြန်ဘူး။ ပြည်တွင်းရေးက ကျပ်တည်းလွန်းတော့ ကမ္ဘာ့သတင်းကိုလည်း လူတွေ အာရုံသိပ်မစိုက်နိုင်သလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ကမ္ဘာ့သတင်းဖော်ပြထားပုံကလည်း အပျင်းပြေ သဘောလောက်ပဲ ပါတော့တယ်။ အများစုဟာ ဗဟုသုတ အရ ကျဉ်းနေတယ်။ ( မြန့်မာ့ လူဦးရေ အားလုံးကိုခြုံပြောတာပါ)

စီးပွားရေး အနေနဲ့ကြည့်တော့လည်း မြန်မာ့သူဌေးဆိုသူတွေက အာရှဈေး ကွက်၊ ကမ္ဘာ့ဈေးကွက်ထဲဝင်လို့ ချမ်းသာတာမျိုးမဟုတ်ဘဲ အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်ပြီး အိမ်သားချင်း ညစ်ပြီးဖဲရိုက်လို့ နိုင်တာ မျိုးလောက်ပဲရှိတယ်။ ဘယ်လောက်နိုင်နိုင် ဒီ အိမ်ထဲကပိုက်ဆံပဲ၊ အပြင်က မပါဘူး။ အခု နိုင်ငံရေး၊ စီးပွားရေးတံခါးဖွင့်လိုက်တာဟာ warrior stage (တိုက်ခိုက်ရေး အဆင့် ) ကို တက်ဖို့ ခြေလှမ်းပြင်တာလို့ ယူဆလို့ရပါတယ်။ ပိုပြီး ပြင်းထန်တဲ့ သူသေကိုယ်သေ အားပြိုင်မှုတွေ ရင်ဆိုင်ရတော့မယ်။

စင်္ကာပူကိုမီဖို့ တော့ ကျနော်တို့ တော်တော်ကြိုးစားရးဦးမှာပါ။ သူတို့က warrior stage မှာ အခြေခိုင်ပြီး အကောင် သေးသေးလေးက ဘစ် ဘရားသားဆင့် (big brother) ကို မရဲတရဲ မျက်စောင်းထိုးနေကြတယ်။
(အကြောင်းသင့်မှ ဆက်ပါဦးမယ်)


 ဇင်ဝေသော်