စိတ်ထဲမှာ စွဲနေသော ဝေါဟာရလေးတစ်ခု ရှိသည်။ “ဗုဒ္ဓဘာသာ” ကို ဗုဒ္ဓဘာဟု မပြောဘဲ “နိုးထခြင်း” ဘာသာဟူသော ဝေါဟာရဖြစ်သည်။ “ဗုဒ္ဓ” ဟူသည်ကပင် သိမြင်ခြင်း ၊ နိုးထခြင်း ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အနောက်တိုင်းသား ရဟန်းတော် တစ်ပါးက Buddhism ကို
Awakenism ဟုပြန်ဆိုလိုက်သည်။ အိပ်မောကျမနေသူ ၊ နိုးကြားတက်ကြွနေသူများကို ဗုဒ္ဓဘာသာဟု ခေါ်ဆိုထိုက်လေတော့သည်။ ကံမကောင်း အကြောင်းမလှစွာ မိမိတို့လူမျိုးများ အိပ်မောကျနေခဲ့သည် (နေခဲ့ရသည်)မှာ ကာလ အတန်ကြာခဲ့လေပြီ။
ယနေ့ရေးလိုသည့် ကိစ္စသည် အရှေ့တိုင်းယဉ်ကျေးမှု အကြောင်းဖြစ်သည်။ အရှေ့ယဉ်ကျေးမှု၌ နေနှင့် လတို့ကလည်း အလွန် အရေးပါလှသည်။ အရေးပါတာခြင်းတူသော်လည်း ရဲရင့် ပြတ်သားခြင်း ၊ လူမျိုးရေးစိတ်ဓါတ် စသည့်ကိစ္စတို့ကို ဖော်ပြရာ၌ “နေ” ကိုဖော်ပြတတ်ကြသည်။ နေနှင့်တွဲစပ်ပြီး ဥဒေါင်း (ခွပ်ဒေါင်း) လည်းပါလာလေတော့သည်။
နေထဲ၌ ဥဒေါင်းအရုပ်ရှိသည်ဆိုသော အယူအဆကတော့ ဗြဟ္မဏဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရန် ပိုများပြီး ဗုဒ္ဓဘာသာ (နှောင်းပိုင်း) စာပေများတွင်လည်း နေနှင့် ဥဒေါင်းတူလျက်ရှိနေကြသည် ဆိုသော အယူအဆများ ထွန်းကားခဲ့ပြန်သည်။
“
ဥဒေတယံ ၊ စက္ခုမာ ဧကရာဇာ ဟရိဿဝဏ္ဏော”
စသော မောရသုတ်ကိုတော့ အထင်အရှားတွေ့ရလေသည်။ ထို့ကြောင့် ဗြဟ္မဏတို့၌သာမက ဗုဒ္ဓဘာသာ၌လည်း နေနှင့်ဥဒေါင်းမင်း တွဲစပ် အသိအမှတ်ပြုထားသည်ကို တွေ့မြင်ကြရသည်။
အိန္ဒိယ၌ မောရိယအင်ပါယာကို တည်ထောင်ပြီး ကမ္ဘာကိုသာသနာပြုခဲ့သော အသောကမင်းကြီးကိုယ်တိုင်လည်း ဥဒေါင်း (သို့) နေကို အလွန်အလေးအမြတ်ထားကြောင်းသိရသည်။ မင်းဆက်၏ အမည်ကပင် မောရိယမင်းဆက် မဟုတ်တုံလော။ ထိုမောရိယမင်းဆက် စတင်ချိန်၌ ဗုဒ္ဓဘာသာ၏လွှမ်းမိုးမှု သိပ်မရှိဘဲ ဗြဟ္မဏအယူအဆ၏ လွှမ်းမိုးမှုသာ ဖြစ်နိုင်ကြောင်း သုံးသပ်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် အသောက အပေါ်၌ ကလိင်္ဂစစ်ပွဲ မတိုင်မီအထိ ဗုဒ္ဓ၏ အဆုံးအမ လွှမ်းမိုးမှု မရှိပေ။ “
သဗ္ဗပါပဿ အကရဏံ” စသော “
မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ စိတ်ကိုဖြူအောင်ထား ” အဆုံးအမကိုပင် အံ့သြတကြီး နားလည်ခဲ့ရရှာသည်။ ထို့နောက် ကျောက်စာရေးထိုးပစ်လိုက်သည်။
ရှေးဦးထဲက အာရှတိုက်သားတို့ နေကို မြတ်နိုး၏။ ကိုးကွယ်၏။
ထိုနေကို ညွှန်းဆိုသည့် ဥဒေါင်းသည်လည်း မကင်းရာ မကင်းကြောင်း ပေါ်ပြူလာ ဖြစ်လာတော့သည်။
အသောက၏ ဥဒေါင်းစိတ်ဓါတ်က ပြင်းထန်၏ ၊ ရဲရင့်၏ ။ မှား၏ ၊ မှန်၏။ အသက်များစွာချွေခဲ့၏ ။ အသက်များစွာ ကယ်ခဲ့၏ ။ အမှားကို အမှားဟု သိသည်နှင့် တပြိုင်နက် အမှန်ကို ပြောင်းလဲ၏ ။ ဆိုလိုသည်မှာ လူ့အသက်များကို ချွေစဉ်ကလည်း ဥဒေါင်းစိတ်ဓါတ်ဖြင့် ချွေခဲ့ခြင်းဖြစ်ပြီး အသက်များစွာကို ကယ်သောအခါ၌လည်း ထိုဥဒေါင်းစိတ်ဓါတ်ပင် ဖြစ်လေတော့သည်။ မှားတတ် မှန်တတ်သော လူစွမ်းကောင်းတို့၏ ဘ၀ကောက်ကြောင်းများတွင် အသောကမင်းကြီးထက် ခိုင်လုံသော ဘ၀ကောက်ကြောင်း အတော်ပင် ရှားပေလိမ့်မည်။
ထို့နောက် နေမင်းစိတ်ဓါတ်(သို့) ဥဒေါင်းစိတ်ဓါတ်ဖြင့် ကမ္ဘာကို အဆိုးအကောင်းတို့ဖြင့်တုန်လှုပ်စေခဲ့သူများက ဂျပန်များ (သို့) နီပွန်များပင် ဖြစ်လေသည်။ မတုန်မလှုပ် ၊ မပွင့်တပွင့်ဖြင့် အလွန်ကြောက်စရာကောင်းသော စိတ်ဓါတ်ဖြစ်လေသည်။ ဂျပန်တို့က မဟာလူသားဝါဒ ဖြစ်သည်။ ဂျာမန်တို့နှင့်ဆင်သည်။ နေကိုပထမဆုံး မြင်ရသော မဟာလူသားဝါဒဖြင့် တည်ထောင်ခဲ့ရာ လူတိုင်းလိုလိုကလည်း ရဲဝံ့ကြ၊ ထက်မြက်ကြသည်။ အနောက်ကို တုန်လှုပ်စေနိုင်သူဆို၍ ဂျပန်သာရှိသည်။ အထည်ကြီးကြီး တရုပ်ပင် သိပ်မလှုပ်နိုင် ။
တိုက်လေယာဉ်မောင်းသူသည် (၂၃) နှစ်ထက်မကျော်စေရ ဟု ဒုတိယကမ္ဘာစစ်က ဥပဒေရှိခဲ့သည်ဟု ကြားဖူးသည်။ (မှားရင် ပြင်ကြပါ ပညာရှင်တို့)။ ကြီးလာသောအခါ တုန်းတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓါတ်လျော့နည်းကာ ကျိုးကြောင်းဆင်ခြင်မှုများဖြင့် ဆုံးဖြတ်ချက်နှေးဖင့်နေတတ်သောကြောင့်ဟု ဆိုသည်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ စစ်ပွဲကား လက်နှေး၍မရဟု ဆိုလိုဟန်တူပါသည်။ အမှားဖက်တွင် အသုံးချလိုက်သော်လည်း ဤသည်မှာ ဥဒေါင်းစိတ်ဓါတ်ပင် ဖြစ်သည်။
အကယ်၍ အိုင်းစတိုင်းသာ နောက်ငါးနှစ်လောက်ကြာမှ အနုမြူကို တွေ့မည်ဆိုလျှင် ထိုငါးနှစ်အတွင်း ဂျပန်သည် အသောက မဖြစ်ဟု မည်သူမျှ မဆိုနိုင်ပေ။ ဂျပန်ကြီးသေ ၊ ဂျပန်လေးဖြစ်သဖြင့် လူတိုင်း စစ်သားဖြစ်နေပြီး လူတိုင်းက ဂျပန်(သို့) နီပွန် အတွက် သေဖို့ အဆင်သင့်ဖြစ်နေသည်။
ဤဥဒေါင်းစိတ်ဓါတ်နှစ်ခု (အသောကဥဒေါင်းနှင့် ဂျပန်တို့ဥဒေါင်း) ကိုပြန်ကြည့်သောအခါ တူညီနေ၏။
ဂျပန်တို့လည်း စစ်ဝါဒမှားသည်ဟု သိသည်နှင့် တပြိုင်နက် လက်လျှော့ကာ ထိုဥဒေါင်းစိတ်ဓါတ်ကို စီးပွားရေးဖက် ခေါင်းတည်ပေးလိုက်ကြသည်။ ထိုအခါ အနုမြူပြာထဲမှ လူသားများ ကုန်းထလာခဲ့တော့သည်။ နှစ် ၂၀ နှင့် ၃၀ အတွင်း ကမ္ဘာကို စီးပွားရေးဖြင့် ခြိမ်းခြောက်လာကြတော့သည်။
ထို့အပြင် စစ်လျော်ကြေးများပေးကြသည်။ စစ်လျော်ကြေးသာမက လူထုကယ်ဆယ်ရေးကိစ္စများကိုပါ အားတက်သရော ပါဝင်လာကြသည်။ လုမ္ဗိနီ တောအုပ်ကြီး လုမ္ဗိနီဖြစ်လာစေရန် အများဆုံး အလှူငွေထည့်ဝင်သူမှာ ဂျပန်ဖြစ်သည်။
ကြည့်ပါ။
ဤသည်မှာ မောရိယစိတ်ဓါတ်၊ နီပွန်စိတ်ဓါတ် ဖြစ်သည်။ မောရိယဖြစ်စေ ၊ နီပွန်ဖြစ်စေ ဥဒေါင်းသာဖြစ်၏။ အသောကလောက်မစွံ၊ ဂျပန်လောက်မစွံသော်လည်း မြန်မာတို့မှာ ဥဒေါင်းစိတ်ဓါတ်ရှိ၏ ။ ထိုဥဒေါင်းစိတ်ဓါတ် အမှာဒဖက်ကို ဦးတည်ခဲ့၏ ။
နိုင်ငံအပေါ် အနုမြူမကျဘဲ ပြာပုံဘ၀ ရောက်ခဲ့ရ၏။
ဥဒေါင်းသည် မှား၏ ။ မှန်၏ ။ သတ်၏ ။ ကယ်၏။ ထိုဥဒေါင်းသည် မောရသုတ်မှ လာ၏။ နေထဲ၌ ကဗ္ဗည်းတင်၏။ ရဲရင့်၏။
မှားမှန်းသိလျှင် အမှန်ကို ဦးတည်၏။ မြန်မာတို့ ဥဒေါင်းစိတ်ဓါတ် နိုးထချိန်ရောက်ပြီ။ အမှန်ကို ဦးတည်ဖို့ အချိန်ရောက်ပြီ။ အသောက ၊ ဂျပန်တို့ ခြေရာကို ကောက်သင့်ပြီဟု ထင်သည်။
ဥဒေါင်းမင်းတဖြစ်လဲ ဗုဒ္ဓသည်နိုးထသူဖြစ်သည်။
မြန်မာတို့ ဥဒေါင်းစိတ်ဓါတ် အမှားအယွင်းများ ၊ တယူသန်မှုများမှ နိုးထလာပါစေဟုသာ ဆုတောင်းရင်း….
မောရိယ ၊ နီပွန် ၊ …. ။ ။