နတ်မျက်စိ၊ သတိ၊ သညာနှင့် CCTV

နတ်မျက်စိ

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ပညာအရာ၌သာမက တံမျက် စည်းလှည်းရာ၌လည်း နာမည်ကြီးတော်မူလေ၏။ သို့သော် အခါ တစ်ပါး တောကြီးထဲ၌ သမာပတ်ဝင်စားနေစဉ် ဘယ်သူမှ မရှိပါဘူးလေ ဟူသည့်အမှတ်ဖြင့် ပတ်ဝန်းကျင်ကို တံမျက်စည်းမလှည်းဘဲ နေခဲ့တော် မူသည်ဟုဆို၏။ ၎င်း အချင်းအရာကို ဒိဗ္ဗစက္ခုအဘိညာဉ် (နတ်မျက်စိ ) ဖြင့် မြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အရှင်သာရိပုတ္တရာ သမာပတ် ဝင်စားရာ ကြွတော်မူလာပြီး ပညာပေးတော်မူလိုက်လေသည်။

ဆိုလိုသည်က သင် တံမျက်စည်းမလှည်းတာကို ငါ ဘုရားသိတော်မူသည် ဆိုသည့်သဘောဖြင့် ခြေတော်ရာတစ်စုံ ထင်ကျန်ရစ်အောင် အဓိဋ္ဌာန်ထား ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏ စီအီးအိုသဖွယ်ဖြစ်သော အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ရှက်နိုးခြင်း လွန်စွာဖြစ်လိုက် ရလေသည်။ စီအီးအိုကြီး အငိုက်မိသွားခြင်းပေတည်း။ ထိုမှနောက် အမှိုက်လေးများတွေ့မြင်ပါက သင်္ကန်းရုံလျက်ပင် ခြေထောက်ဖြင့် လမ်းပေါ်မှ ဘေးသို့ ဖယ်ရှားနေတတ်သည်ဟု စာပေကဆိုလေသည်။

သတိ၊ သညာမျက်စိ

ရွာမှဆရာတော်က နတ်မျက်စိ (ဒိဗ္ဗစက္ခုအဘိညာဉ်) တော့ ရတော်မမူပါ၊ သို့သော် သတိ၊ သညာမျက်စိ အတော်ကောင်းလှသည်။ ကျေးလက် ဘုန်း ကြီးကျောင်းတို့ အစဉ်အလာအတိုင်း ဆွမ်းဟင်းကျန်တို့ကို ပေါင်ပြီး ဟင်းေ လး (ဟင်းပေါင်း) လုပ်ထားရသည်။ ဟင်းလေးအိုးက နှစ်အိုးဖြစ်သည်၊ တစ်အိုးက ဆရာတော်နှင့် သံဃာတော်များအတွက်ဖြစ်ပြီး နောက်တစ်အိုးက သာမဏေများနှင့် ကျောင်းအိပ်ကျောင်းသားများအတွက် ဖြစ်လေသည်။ သိကြသည့်အတိုင်းပင် ဆရာတော့် ဟင်းလေးအိုးထဲမှာက ဝက်သား၊ ငါး စသည်တို့ပါဝင်သည်။
ထို ဟင်းလေးအိုးများကို ညနေစောင်းတွင် ပြန်လည်နွှေးပြီး ဆွမ်းစားကျော င်းပေါ် ပြန်တင်၊ ပြီးလျင် သော့ခတ်လိုက်ရသည်။ ထိုအခန်းကို ကြက်သရေ ခန်းဟုခေါ်သည်။ ဘာကြောင့် ကြက်သရေခန်းဟုခေါ်သည်ကိုတော့ မသိ။

ထိုနေ့ ကျောင်းသားကြီး စံဦးက ဟင်းလေးနွှေးတာဝန်ကျသည်။ ဟင်းလေးနွှေးအပြီး ဟင်းလေးအိုးများကို ကျောင်းပေါ်သို့တင်ရာတွင် 'မ' ထားရသည့် ဟင်းလေးအိုးအလေးချိန်ကြောင့် သူ့ ခြေသံက အနည်းငယ် ပိုပြင်းနေသည်။ ထိုအချိန် ဆရာတော်က ကျောင်းအောက်ထပ်မှာ အနား ယူနေချိန် ဖြစ်လေသည်။
ကျွန်ုပ်တို့ မသိလိုက်သည့် ဆရာတော့် ထောင်ခြောက်က ဟင်းလေးအိုးနှစ် အိုး ကို အတူမထားဘဲ တစ်ထောင့်စီမှာ ခွဲခြားထားခြင်းဖြစ်သည်။ အခန်း ဘယ်ထောင်ကို သွားနေသလဲဆိုသည့် စံဦး၏ ခြေသံကို နားထောင်လိုက် လျင် စံဦး သယ်သွားသည့် ဟင်းလေးအိုးက ဆရာတော်နှင့် သံဃာတော် များအတွက်ဟင်းလေးအိုးလား၊ သာမဏေများနှင့် ကျောင်းအိပ်ကျောင်း သား များအတွက် ဟင်းလေးအိုးလား ဆိုသည်ကိုလည်း သိနိုင်ပေသည်။

ဆရာတော်က ပြုံး၏။ ဆရာတော်က စံဦး ခြေသံရပ်သွားအပြီး ခဏအကြာ "စံဦး ရေ"
ဟု လှမ်းခေါ်လိုက်သည်။ ကံဆိုးသောစံဦး ဆရာတော်ခေါ်သံကို ချက် ချင်း ပြန် မထူးနိုင်ရှာတော့ပေ၊ အကြောင်းက ဝက်သားပူပူတစ်တုံး ပါးစပ်ထဲ ထည့်ထားလိုက်မိသောကြောင့်ပင်၊ ခဏနေ ထူးတော့ထူး၏၊ သူ့ထူးသံ "ဘုရား"
ဆိုတာကြီးက ပလုပ်ပလောင်းသံကြီးနှင့်ဖြစ်သဖြင့် စံဦး ဝက်သားခိုး မိ သွားလေတော့သည်။
ဆရာတော်က ရိုက်တော့ မရိုက်ပါ၊ သို့သော် ပြုံး၏။ ထိုမှနောက် ဟင်းလေး အိုများ နေရာခွဲထားခြင်းသည် ရွာဘုန်းကြီး၏ စီစီတီဗွီဖြစ်ကြောင်း သိ လိုက်ရလေတော့သည်။

CCTV

ယနေ့ခေတ်က CCTV ခေတ်ဖြစ်သည်။ နတ်မျက်စိ မရ၊ မရှိ၊ သတိ၊ သညာ မျက်စိ မရ၊ မရှိလည်း အထိုက်အလျောက်တော့ အိုကေသည်ဟု ဆိုရန်ရှိ သည်။ သို့သော် လုံးဝထင်မှတ်မထားသည့်ကိစ္စ ဖြစ်သွားခဲ့သည်။ ည ၁၂ နာရီမှာ လူငယ်နှစ်ယောက် အုတ်တံတိုင်းကို ခုန်ဝင်လာကြသည်။ သူတို့လည်း CCTV ကင်မရာများရှိသည်ကို သတိထားမိပုံမရ။ နောက်မှ သိကြပုံရသည်။
သိသည်နှင့် တပြိုင်နက် ကင်မရာများကို ရှောင်ရင်း ရှောင်ရင်း မသိမသာ ချဉ်းကပ်ကြသည်။ ထို့ကြောင့် သူတို့ မျက်နှာစသည်ကို ထင်ထင် ရှားရှား မမြင်ရ၊ သူတို့အရိပ်တွေကိုသာ မြင်ရတော့သည်။ ကျောင်းအဆောက်အဦ ထဲ ဝင်မရသောအခါ ညောင်ပင်အောက်မှာရှိသည့် အလှူခံပုံးဆီကို ဦးလှည့် သွားကြသည်။ ထို အလှူခံပုံးမှာလည်း ကင်မရာက ရှိနေပြန်၏။
သူတို့ ဘာလုပ်သည် ထင်ပါသနည်း။ တုတ်ရှည်ရှည်တစ်ချောင်းဖြင့် ယင်း ကင်မရာကို မိုးပေါ်ထောင်နေအောင် လှည့်ပေးလိုက်သည်။ ကင်မရာ၏ ဖော့ကပ်သည် ကောင်းကင်ကြီး ဖြစ်သွားလေတော့သည်။ သူတို့ ကံမကောင်းပါ။ ထို အလှူခံပုံးကလည်း ဖောက်ခွဲသည့် အဆင့်မရောက်ဘဲ ဘာမှ ခိုးယူလို့ မရ။ အကြံကုန် ဂဠုန်ဆားချက်သည်ထင်၏။ ဘာမှမရသည့်နောက်ဆုံး သရက်ပင်မှ အလုံးသေးသေး၊ အစေ့ကြီးကြီး ပထမတန်းစား အချဉ်မျိုး သရက်သီးတိုကို ဆွတ်ခူးကာ ထွက်သွားကြေ လတော့သည်။

ဘုရားရှင်၏ ဒိဗ္ဗစက္ခုအဘိညာဉ်၊ ရွာမှဆရာတော်၏ သတိ၊ သညာ မျက်စိ တို့ကို သတိရရင်း CCTV အောက်မှ သရက်သီးပျောက်ရပုံကို စဉ်းစား ရင်းပြုံးမိ၏။
CCTV ရှိပါလျက် လူငယ်နှစ်ယောက်ကို ပညာ မပေးလိုက်နိုင်ခဲ့။

နှလုံးသား v ဥပဒေ

၁။ နှလုံးသား v ဥပဒေ

နှစ်ကာလအတော်ကြာ အတည်မပြုနိုင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ဥပဒေမူကြမ်း အတည်ဖြစ်သွားခဲ့တယ်။ သား (သို့) သမီးက သက်ကြီးရွယ်အို မိခင်၊ ဖခင်တွေကို အနည်းဆုံး နှစ်လတစ်ကြိမ်သွားရောက် လည်ပတ်ရမယ်ဆိုတဲ့ ဥပဒေပါ။ အူကြောင်ကြောင်နိုင်သလို အငြင်းပွားစရာတွေလည်း အများကြီး ပဲ။ နယ်ခြားမှာ အလုပ်လုပ်နေသူတွေအတွက် နှစ်လပြည့်တိုင်း ပြန်ဖို့က မ လွယ်ဘူးဆိုတာမျိုးတွေရှိသလို အိမ်ထောင်ပြုပြီးသားတွေဆို နှစ်ဖက် မိ ဘတွေရှိနေပြီဆိုတော့ ဘယ်မိဘတွေဆီ အရင်သွားမလဲ၊ ဒါတွေအတွက် ဘယ်သူက ခွင့်ပေးမှာလဲဆိုသူတွေလည်း ရှိနေပြန်တယ်။
တကယ်လို့ သား (သို့) သမီးတွေက မလိုက်နာရင် မိဘတွေက တရားစွဲ ဆိုနိုင်တယ် ( တရားစွဲလို့ မိဘကနိုင်သွားခဲ့ပါတယ်)။
အဲသလို အမှုအခင်းတွေဖြစ်ပြီးမှ ဥပဒေကြောင့် မဖြစ်မနေ သွားတွေ့ရတဲ့ သား (သို့) သမီးတွေမှာ နှလုံးသားရော ပါသွားကြပါတော့မလား။ အွန်လိုင်းပေါ်မှာတော့ ဒီ ဥပဒေကို ရယ်နေကြလေရဲ့။

၂။ အစိုးရတွေက အစိုးရအလုပ် လုပ်ကြတယ်

တစ်ဦးချင်းသတင်းမှာတော့ Snowden က ဟော့တ်အဖြစ်ဆုံးပဲ။ သူ့ကို ထောက်ခံသူတွေ ရှိသလို အူကြောင်ကြောင်လို့ ပြောသူတွေလည်း ရှိတယ်။ အများအားဖြင့် သူ့ကို ထောက်ခံသူတွေက အရပ်သားတွေပါ၊ အစိုးရတွေမပါဘူး။ ဒါနဲ့ပဲ သူလည်း နိုင်ငံရေးခုံလှုံခွင့်တောင်းတာ ဘယ်နိုင်ငံ ကမှ မပေးကြသေးဘူး။
ရှားရှားပါးပါး ဘိုလီဗီးယားကတော့ စိတ်ဝင်စားသတဲ့။ မြောက်ကိုရီးယား ကတော့ လျှောက်ရင်ပေးလောက်တယ်။ မပေးကြဘူးဆိုရာမှာ အမေရိကန် က ပေးလာမယ့် ဖိအားကိုကြောက်လို့ချည်းပဲ မဖြစ်နိုင်ဘူး၊ အစိုးရတွေက အစိုးရရဲ့ လုံခြုံရေးတာဝန်တွေကို (အထူးသဖြင့် အကြမ်းဖက်မှုတွေနဲ့ ပတ် သက်လို့ပေါ့) သဘောပေါက်ပြီး အမေရိကန်အစိုးရကို နားလည်ပေးနိုင်ကြလို့ လည်း ဖြစ်နိုင်ပါတယ်။ ပြည်သူအသိခံလို့ မရတဲ့ အစိုးရတွေရဲ့ အစီအစဉ်ေ တွထဲမှာ ဒါတစ်ခုတည်းမဖြစ်နိုင်ဘူးမဟုတ်လား။
ဘာပဲဆိုဆို Snowden တော့ ရုရှားလေယာဉ်ကွင်းမှာ ဒုတိယနိုင်ငံရဲ့ "Yes" အသံကို စောင့်နေရဆဲထင်ပါရဲ့။

၃။ မြန်မာသမ္မတ "ရဲ" လာပြီ

တိုင်းမဂ္ဂဇင်းကို ကန့်ကွက်တယ်။ ဘာဖြစ်ဖြစ် ပြောလိုက်တော့ ပြီးသွားတာေ ပါ့။အမှားအမှန်ကတော့ ပြောနေကြမှာပဲ။ ပြောစရာတွေကလည်း ရှာနေရင် သူ့အကြောင်းပြချက်နဲ့သူ ရှိနေမှာပဲ။ ရေငုံနှုတ်ပိတ်သန်းရွှေထက် အများကြီး သာပေပြီ။
တစ်ခုရှိတာက သမ္မတက တရားဝင် ကမ္ဘာသိကြေငြာပြီးရင်တော့ ဘယ်သူမှ ဘယ်လမ်းပေါ် ဘယ်ဘုရားပေါ်မှ ဆန္ဒမပြသင့်တောဘူး။ ဘာမှ မဟုတ်ဘဲ နဲ့ နိုင်ငံနာတယ်။

ယနေ့ မှတ်ဖွယ် (မှတ်စုဟောင်းများမှ)

သုဘရာဇာကား တစ်သက်လုံးမောင်းလာသူကို တက္ကစီဒရိုင်ဘာလိုင်စင် ထုတ်မပေးသင့်။
နောက်ကနေ သူ့ပခုံးကိုပုတ်ပြီး စကားပြောမိတိုင်း ကားတိုက်မှု ဖြစ်သည်။

ဇွန်း ခရင်းနဲ့စားသော မိခင်တို့က သူတို့ကလေးပေါက်စနလေးတွေကို ဇွန်း ခရင်း သေးသေးလေးများဖြင့် ကျွေးကြသည်။
သို့ဆိုလျင် တူဖြင့်စားသည့် တရုတ်မိခင်တို့က သွားကြားထိုးတန်ဖြင့် ကျွေး ကြရမည်။

၂၁ ကို တွမ်တီ ဝမ်း၊ ၃၁ ကို သာတီဝမ်း ဟုဆိုက
၁၁ သည် ဝမ်းတီဝမ်းသာ ဖြစ်နေရမည်။

လက်ခံရအခက် ငြင်းရအခက်

(၁)
"တိုင်းပြည်ကြီး ပျက်တော့မည်။
တွေးရင်းနှင့် ကြည်နူးမိသည်" တဲ့။ သက်ဦးမောင်က။
ဒီနေ့ သတင်းစာကို ကောက်လှန်တော့
"Hate speech testing Myanmar democracy" တဲ့။
လက်ခံရအခက် ငြင်းရအခက်။

(၂ )
လတ်တလော နိုင်ငံအလိုက်သတင်းတွေ တစ်ပြေးနေတာကတော့ ဆီးရီး ယားနဲ့ မြန်မာပါပဲ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ကိုယ်စီနဲ့။
အမေရိကန်သံအမတ်စကားက သက်ဦးမောင်ကို ထောက်ခံနေပြန်တယ်။
"This country, for too long, has been at war with itself. For decades, the talk has been one of 'enemies within'. This attitude has been major caused this country's underdevelopment."
"In many ways.....the sense of fear and insecurity here is fundamental to what is to be Myanmar...... based as they are on concerns about geography, demographic, or ethnic and cultural differences."
"It leads nowhere good,it is in fact dangerous."
အချင်းချင်း သတ်ပုတ်နေတဲ့နိုင်ငံ၊ အချင်းချင်း စွပ်စွဲနေတဲ့ နိုင်ငံ၊ ဒီ့နိုင်ငံမွဲနေရတဲ့အကြောင်းတွေထဲမှာ အဲဒါက အဓိကအကြောင်း တဲ့။
လက်ခံရအခက် ငြင်းရအခက်။

(၃)
တရုတ်ပြည်ကို နို့စားနွားမနှစ်ကောင် ပေးလိုက်ရင် ဘာလုပ်ကြမယ် ထင် သလဲ။
တစ်နိုင်ငံလုံး ဝိုင်းပြီး နွားမတွေသေသည်အထိ နို့ ညှစ်မယ်။ ဒီသတင်းကိုရေး ရင် ရေးသူကို ဖမ်းမယ်။
ပြင်သစ်ကို နို့စားနွားမနှစ်ကောင် ပေးလိုက်ရင် ဘာလုပ်ကြမယ်ထင်သလဲ။
သုံးကောင်မဟုတ်လို့ လမ်းပေါ်တက် ဆန္ဒပြမယ်။
လက်ခံရအခက် ငြင်းရအခက်။

ဆိုဆိုက်တီး သတ္တဝါ (Society animal)

...........အဖွဲ့
...........အဖွဲ့
............အဖွဲ့

ဘယ်အဖွဲ့အထဲမှ မပါချင်တဲ့လူတွေလည်း
သူတို့ချင်း ပေါင်းမိတော့
"ဘယ်အဖွဲ့အထဲမှ မပါတဲ့" အဖွဲ့လေး ဖြစ်သွားတာပဲ။
လူဆိုတာ ဆိုဆိုက်တီး သတ္တဝါ။