NUS (National University of Singapore) တရားထိုင်သင်တန်းမှာ ကျောင်းသားကျောင်းသူ လေးဆယ်ကျော်ခန့် နေရာယူထားကြသည်။ မျက်နှာကိုကြည့်တော့လည်း လူမျိုးစုံသည်။ အဖြူ၊ အမည်း၊ အဝါ အစုံပါသည်။ အများအားဖြင့်တော့ အာရှမျက်နှာများဖြစ်သည်။ မြန်မာတော့ ထိုနှစ်က မတွေ့မိ။
ရှေ့ဆုံးအတန်းမှာထိုင်နေသော ကျောင်းသားလေးကို မေးကြည့်တော့ တော်တော်အံသြမိသည်။ သူက အီရန်နိုင်ငံသားဖြစ်သည်။ ယူရိုပီယံများ၊ အမေရိကန်များ တရားထိုင်တာကို မအံ့သြသော်လည်း အရှေ့အလယ်ပိုင်း အီရန်လို ကျောင်းသားက တရားထိုင်တာကိုတော့ အံ့သြရမည်။
ဒါနဲ့ သူ့ကို မင်းကတော့ “သိုးမည်း” လေး နေမှာပေါ့ကွာဟုဆိုခိုက် အီရန်မှာလည်း S N Goenka ( Born: January 30, 1924, Mandalay, Myanmar ~Died: September 29, 2013 ) ဖွင့်လှစ်ထားသော ဝိပဿနာတရားစခန်းများရှိကြောင်း၊ အီရန်းနီးယန်းတစ်ချို့ တရားထိုင်ကြကြောင်း၊ သူ့မိဘများပင် တရားစခန်းများဝင်တတ်ကြောင်း ရှင်းပြတော့မှ တော်တော်ဝမ်းမြောက်ဝမ်းသာ ဖြစ်လိုက်ရသည်။ စစ်ပွဲကြောင့် အီရတ်က လူသိများသော်လည်း အီရန်များက ဘာသာရေး၌ ပို၍ခိုင်မာကြသည်။ မွတ်စလင်မဟုတ်သော တိုးရစ်အမျိုးသမီးများပင် ခေါင်းခြုံ၍နေကြရသည်ဟု ကြားဖူးသည်။
ရှိစေ။ ဤသည်မှာ ဦးဂိုအင်ကာ၏ အစွမ်းပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းသို့ သာသနာပြုရဟန်းကြွရောက်ရေးဟူသည် အိပ်မက်ထဲမှာပင် မလုံခြုံလှပေ။ ထိုအခါ သာမန်လူတို့သာ သာသနာပြုခွင့်ရလေတော့သည်။ ဦးဂိုအင်ကာက ဤကွက်လပ်ကိုအမှန် ဖြည့်ဆည်းနိုင်ခဲ့သည်။
ကမ္ဘာသို့ ဝိပဿနာတရားဖြန့်ချီမှုအပြင် မေ့မရနိုင်သော ဦးဂိုအင်ကာ၏ သာသနာပြုကိစ္စကား ပိဋကတ်သုံးပုံစီဒီများ စီမံပေးလိုက်ခြင်းပင်ဖြစ်သည်။ အိုင်တီခေတ်ကြီးထဲ၌ တူတူတန်တန်စီးမြောလို့ရအောင် ဗုဒ္ဓဒေသနာကို အိုင်တီရေးစီးထဲ ထိုးသွင်းပေးလိုက်သော ကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ရဟန်းတော်များအတွက် အလွန်အထောက်အကူဖြစ်သော သာသနာပြုကိစ္စကြီးပင် ဖြစ်တော့သည်။
မြန်မာ အက္ခရာ၊ သီဟိုဠ် အက္ခရာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား အက္ခရာအပြင် ကမ္ဘာအတွက် ရိုမင်အက္ခရာပါ စီစဉ်ပေးလိုက်သည်။ ဗုဒ္ဓဘာသာတခေတ်ပြောင်းလိုက်ခြင်းဟုပင် ဆိုချင်သည်။ ထိုစီဒီများကြောင့် ကျမ်းစာရှာဖွေရလွယ်သည်။ ကျမ်းညွှန်းအကိုးအကားများ ပြဆိုဖို့လွယ်သည်။
ဦးဂိုအင်ကာအကြောင်းကို စဉ်းစားခိုက် ဦးဂိုအင်ကာကဲ့သို့ပင် ကမ္ဘာ့ဗုဒ္ဓသာသနာကို တခေတ်ပြောင်းပေးနိုင်ခဲ့သော လူပုဂ္ဂိုလ်သာသနာပြုကြီးတစ်ယောက် ခေါင်းထဲရောက်လာပြန်သည်။ ထိုသူကား-
ပရော်ဖက်ဆာကြီး ရိုက်(စ်) ဒေးဗစ်ပင်(Thomas William Rhys Davids (12 May 1843 – 27 December 1922)) ဖြစ်သည်။ သူကတော့ လူများမသိသေးသည့် ပါဠိဘာသာမှနေ လူတိုင်းဖတ်လို့ရသော အင်္ဂလိပ်သို့ ဘာသာပြန်ဆိုပေးလိုက်ခြင်းပင်။ သို့ဖြစ်သော်လည်း သူ့ဖခင်က နာမည်ကျော် ဘာသာရေးဝန်ထမ်းကြီးတစ်ယောက်ဖြစ်သည်။
သူ၏ ပဏာမရည်ရွယ်ချက်က ခရစ်ယာန်က ဗုဒ္ဓဘာသာထက်သာသည်ဟူသောအချက်ကို ထောက်ပြရန်သုတေသနပြုခြင်းဖြစ်ပြီး သူ၏ရည်ရွယ်ချက်ကိုတော့ အကောင်အထည်မဖော်နိုင်ခဲ့ရှာပေ။ သို့သော် ထို့ထက်မြင့်မြတ်သော အောင်ပန်းကိုတော့ သူရယူနိုင်ခဲ့သည်။ သူ ဗုဒ္ဓကို တွေ့မြင်သွားတော့သည်။
ပရော်ဖက်ဆာကြီးဟာ ၁၈၀၁-ခုနှစ်မှာ ပါဠိတက်(စ်) ဆိုဆိုက်(ရ)တီးကို တည်ထောင်ခဲ့ပြီး လူဖြူများမသိသေးသည့် ဗုဒ္ဓဘာသာကို လူဖြူများအကြားရောက်အောင် အင်္ဂလိပ်ဟူသော မီဒီယာဖြင့် စတင်မိတ်ဆက်ပေးခဲ့သည်။ ယနေ့ ဗုဒ္ဓဘာသာဖြစ်နေကြသော အမေရိကန်၊ ယူရိုပီယံတိုင်းသည် ပရော်ဖက်ဆာကြီး၏ ကျေးဇူးနှင့်မကင်းကြပေ။
သူတို့နှစ်ယောက်၏ တူညီသောအချက်မှာ သူတို့ဗုဒ္ဓဘာသာဖြစ်သည်ဟူသော ကိစ္စကို ရှေ့တန်းတင်မထားကြခြင်းပင် ဖြစ်သည်။ ဖတ်ကြည့်ပါ။
“Buddhist or not Buddhist, I have examined every one of the great religious systems of the world, and in none of them have I found anything to suppress in beauty and comprehensiveness.”
“ ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ” ဟူသော စကားကို ပရော်ဖက်ဆာကြီးက မကြာမကြာသုံးခဲ့ဟန်တူပါသည်။ ထို့အတူ ဆရာကြီးကလည်း တစ်ခါတရံ သူဗုဒ္ဓဘာသာဖြစ်ကြောင်း ထုတ်မပြောတတ်ပါ။ သို့သော် ဘုရားရှင်၏မက်ဆေ့(ခ်ျ)များကို ကမ္ဘာဖြန့်ရာ၌ သူတို့လောက် ထိရောက်သူမရှိသေးပါ။ (လုံးဝမရှိသေးဟုပင် ဆိုချင်သည်။)
ပရော်ဖက်ဆာကြီးကိုလည်းကောင်း၊ ဆရာကြီးကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း တိုက်ရိုက်မပြောကြသည့်အတွက် အားမလိုအားမရ ဝေဖန်သံများ ကြားခဲ့ရဖူးသည်။ တရားနည်းလမ်းသိပ်မကျဟု ထင်သည်။ သူတို့ ကျင်လည်ရသောဝန်းကျင်နှင့် သူတို့သာသနာပြုနေရသော လူများကိုကြည့်သင့်သည်။
ထို့အပြင် ဗုဒ္ဓဘာသာကောင်းကြောင်း၊ အကျိုးရှိကြောင်းကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ရေပက်မဝင်ပြောနေခြင်းနှင့် ဗုဒ္ဓဘာသာမဟုတ်သူတစ်ယောက်က တစ်ခွန်းစ၊ နှစ်ခွန်းစ ချီးမွှမ်းစကားပြောခြင်းတို့ မတူညီနိုင်ပေ။ ဤသည်မှာ သူတို့၏လျှို့ဝှက်ချက်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
အီရန်လို၊ အီရတ်လို နိုင်ငံမျိုး၌ ဗုဒ္ဓ၏အဆုံးအမများကို သင်ကြားပေးချင်လို့ပါဆိုလျှင်တော့ ကိုယ့်ရည်ရွယ်ချက် အထမမြောက်ရုံသာမက အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်သည်။
ဓမ္မကို သင်မည်၊ သဘာဝကို သင်မည်၊ သင်တို့ ဝင်လေ၊ ထွက်လေကို သင်တို့ကိုယ်တိုင် ရှုမှတ်တတ်ဖို့ သင်မည်ဟုဆိုသောအခါ ထိုပြဿနာက အလိုလိုပြေလည်သွားတော့သည်။
တစ်ခါက ရေးခဲ့ဖူးပါသည်။ ဗုဒ္ဓဘာသာ (Buddhism) ဟူသော အမည်ကပင် ဘုရားပေးခဲ့သောအမည်မဟုတ်၊ အရေးမကြီးလှပေ။ ဘုရားပေးခဲ့သည်က လူတွေအတွက် “ဓမ္မ” သာဖြစ်သည်။ ရဟန်းတော်များအတွက် ဓမ္မနှင့် ဝိနယဖြစ်သည်။
Buddhism သို့မဟုတ် Buddhist ဟူသောအမည်သည် ၁၈၀၁-ကမှ အင်္ဂလိပ်လူမျိုးက သုံး၍ပေါ်လာခဲ့သော စကားလုံးဖြစ်သည်။ ဘုရားရှင်က တစ်ခါတစ်ခါ အရိယဓမ္မဟုသုံးပြီး၊ အများအားဖြင့်တော့ ဓမ္မ၊ဝိနယသာ သုံးသည်။ ထို့ကြောင့် ပရော်ဖက်ဆာကြီးက Buddhist or not Buddhist ဟု သုံးခဲ့ဟန်လည်း တူပါသည်။ အမည်သည် အရေးမကြီးလှ။
မည်သို့ဖြစ်စေ- ကမ္ဘာကိုပြန့်ထွက်သွားသော ဘုရားရှင်၏ မက်ဆေ့ခ်ျများက အများအားဖြင့် ဤပုဂ္ဂိုလ်ထူးကြီးနှစ်ယောက်ကြောင့်ပင်ဟု ဆိုရပေလိမ့်မည်။
ဓမ္မကို ဖြန့်နေသ၍ လူသိထင်ရှား ဗုဒ္ဓဘာသာဖြစ်ကြောင်း ပြောနေရန်လည်း မလိုအပ်လှပေ။
ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဟု လူသိထင်ရှား ကြုံးဝါးနေသော်လည်း ဓမ္မကို လက်ဆင့်မကမ်းနိုင်ဘူးဆိုလျှင်-
ဘာကို ရွေးကြမည်နည်း။
ပါမောက္ခကြီးက ဆက်ပြောသည်-
“----- The Noble Eightfold Path, and the Four Noble Truths of the Buddha.I am content to shape my life according to that path.”
မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး တရားတော်များနှင့်အညီ ဘဝကို ပုံဖော်သွားချင်ပါသတဲ့။
သီဟနာဒ-
(မှတ်ချက်။ ။ ဆရာတော်မှ 23/3/2012 ရေးသားခဲ့ပြီး ကမ်းလက်တွင် မတင်ဖြစ်သေးသောစာမူတစ်ပုဒ်ဖြစ်ပါသည်။ - admin)