ဘဝဟူသည် ဘောလုံးပွဲတစ်မျိုးဖြစ်ပါသည်။ ကျနော်တို့ အသက် ၅ နှစ်မှ အစ ၂၀ ကျော်ကျော်အထိ ခြေစစ်ပွဲများ ကစားခဲ့ကြရသည်။ ထို ခြေစစ်ပွဲများသည် ကျနော်တို့ဘဝတွေရဲ့ စာသင်ခန်းထဲက တိုက်ပွဲများဖြစ်ကြပါသည်။ အနာဂတ်ပြိုင်ပွဲများအတွက် အရေးကြီးလှပါသည်။
အသက် ၂၀ ကျော်မှ သုံးဆယ်ကျော်အထိ အုပ်စုပွဲများ ကစားခဲ့ရပြန်သည်။ ခြေ စစ်ပွဲ အတွေ့အကြုံများသည် ကျနော်တို့နဲ့ အုပ်စုတူအသင်းများကို ကျော်လွှားနိုင်ဖို့ ခွန်အားများဖြစ်ကြသည်။ ဤအဆင့်မှာ အမှားခံပါသည်၊ မှားသော် ပြင်ဆင်ခွင့် ရှိပါသည်။ သာမန် ၅၀ ရာခိုင်နှုန်းထက် သာနေလျင် အုပ်စုက တက်ပါသည်။
၃၀ ကျော်မှ ၄၀ ကျော်ကာလများမှာတော့ ရှုံးထွက်ပွဲစဉ်များကို ကစားရတော့ သည်၊ အမှား မခံ၊ ခြေကုန် ထုတ်၊ တစ်ချက်မှားတာနဲ့ စည်းအပြင် ရောက် သွားတော့သည်။ ရှုံးထွက်ပွဲစဉ်များ၏ ဆုံးဖြတ်ချက်က ရက်စက်လှသည်။ မိမိဘက်ကလည်း ရက်ရက်စက်စက် ချလိုက်ရသည့် ဆုံးဖြတ်ချက်များ ရှိလာနိုင် သည်။ ရှုံးထွက်ပွဲစဉ်များမှာ ပြိုင်ဆိုင်သူ အရေအတွက် နည်းသွားတာနဲ့အမျှ ပြိုင်ဆိုင်မှုက ပို၍ပြင်းထန်လာသည်။
၄၀ ကျော်ကာလများမှစပြီး ကွားတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲများကို အလျဉ်းသင့်သလို ပြိုင်ဆိုင်လာရသည်၊ ပြိုင်ဆိုင်သူ အရေအတွက် နည်းလာ သည်၊ ပြိုင်ဆိုင်မှု အဆမတန် ပြင်းထန်လာသည်။ နားချိန်များ သိပ်မရှိ၊ မူချိန် မရှိ၊ နွဲ့ချိန် မရှိ၊
အရည်အချင်း၊
သက်လုံ၊
သတ္တိ၊
ဆုံးဖြတ်ချက် ရဲမှု၊
မြန်မှု
စသည်တို့ အဆများစွာ ပိုလိုအပ်လာပါသည်။
အားလုံးအထဲမှ အထက်ပါ အချက်တွေနဲ့ အပြည့်စုံဆုံး ပုဂ္ဂိုလ်၊ အဖွဲ့အစည်း စသည်ကို ချန်ပီယံဟု ခေါ်ဆိုကြပါသည်။
ဘဝဟူသည်နှင့် ဘောလုံးပွဲမတူသည်က ဘဝမှာ ပုံစံတစ်မျိုးစီဖြင့် ချန်ပီယံဖြစ်ခွင့် ရရှိခြင်း၊ ချန်ပီယံဖြစ်သွားသူ(အချို့က) ဖလား တကိုင်ကိုင်၊ ရွှေတံဆိပ် တပြပြ မလုပ်ကြခြင်းဖြစ်ပါသည်။
ကျနော် ဆင်ခြင်တုံတရားဖြင့် လေးစား၊ ခံစားမှုဖြင့် မြတ်နိုးရသည့် ချန်ပီယံများ သည် ဖလား တကိုင်ကိုင်၊ ရွှေတံဆိပ် တပြပြ မလုပ်ကြသူတွေဖြစ်နေကြောင်း အံ့ဩဖွယ်တွေ့ရှိရပါသည်။ သူတို့၏ သိုသိပ်သော ဘဝလည်ပင်းမှာ ရွှေတံဆိပ် များ ဝတ်ဆင်ထားခြင်း မရှိတတ်ကြပါ။
ထိုထို (သိုသိပ်သော ဘဝလည်ပင်းမှာ ရွှေတံဆိပ်များ ဝတ်ဆင်ထားခြင်း မရှိသည့်) ချန်ပီယံများတွင် တစ်ချိန်က အောင်ဆန်း(သို့)အရိုင်းဟု အခေါ်ခံရသည့် လူငယ်တစ်ယောက် ရှေ့ဆုံးကပါဝင်နေပါသည်။