မြန်မာနဲ့ နိုင်ငံခြားသား


နိုင်ငံခြားသားတစ်ယောက်ကို ခရီးထွက်မယ်လို့ပြောရင် သူ(မ)က
"Oh I see. When, how long will you be there?" လို့ မေးတယ်။
မြန်မာတစ်ယောက်ကို ခရီးထွက်မယ်လို့ပြောရင် သူ(မ)က
"ဟုတ်လားဘုရား၊ ဘယ်နေ့လဲ၊ ဘာတွေလိုအပ်သေးလဲ အမိန့်ရှိပါဘုရား၊ တပည်တော်(မ)တို့ စီမံလိုက်ပါမယ်ဘုရား" လို့ ပြောကြတယ်။

မတူကြဘူး။ အာ့ လာလျှောက်တာပါ ဘုရား။

ဆူဇန်၊ ပပ၊ သီဟနာဒနဲ့ လီကွမ်းယု


ဆူဇန်ဆိုတာက အသက် ၃၀ ကျော်အရွယ်ရှိ ခပ်ချောချော အမျိုးသမီး တစ်ယောက်။ အပျိုကြီး၊ အောင်မြင်ဟန်တူတဲ့ စီးပွားရေး ရှိသူ၊ အနက်ရောင် BMW ကိုမောင်းတယ်။ ဗုဒ္ဓဘာသာဝင်၊ ကျောင်းကို မကြာမကြာလာတတ်တယ်။ သွက်တယ်၊ မျက်နှာချိုတယ်၊ မာနကြီးဟန်တော့ရှိတယ်။

ပပဆိုတာက ဧရာဝတီတိုင်းသူ၊ အသက်ပြည့်ဟန်မတူသေးဘဲ အိမ်ဖော်လာ လုပ်နေတဲ့ ဖြူဖြူညှပ်ညှပ် မိန်းကလေးတစ်ယောက်။ သူ့အသက်မေးရင် ၂၂ နှစ်လို့ပြောတတ်ပြီး ငါ့ကို လာမလိမ်နဲ့ဆိုတော့မှ အမှန်ကိုပြောတတ်သူ။

အခြားအိမ်ဖော်မလေး တစ်ယောက်လည်းရှိသေးတယ်။ စိုးစိုးဆိုပါတော့။ သူမကတော့ ကံထူးသူ၊ ဗုဒ္ဓဘာသာ အပျိုကြီးကျောင်းဆရာမကြီးက သမီးလို၊ သူငယ်ချင်းလိုဆက်ဆံတယ်။ သေရင် အမွေတွေများ ရနေမလားလို့တောင် အချင်းချင်း စမိသေးတယ်။

ထားတော့။ သူမကို လီကွမ်းယုစာအုပ်ပေးပြီး ဖတ်လို့ပြောတယ်။ အပျိုကြီးကျောင်းဆရာမကြီးကလည်းဖတ်ဖို့ တိုက်တွန်းပေးတယ်။ ဖတ်ဟန်တူပါတယ်။ အချက်တချို့ သူပြောပြနိုင်တယ်။
သူ့ပေးပြီး တစ်လလောက်အကြာမှာ ပပကိုလည်း ပေးဦးမှ၊ သူတို့ချင်း စကားစပ်မိ လို့ သိသွားရင် မကောင်းဘူး။ ပေးမယ်ဆိုတော့မှ အောက်မှာ စာအုပ်က ပြတ်နေ တယ်။
"နောက်တစ်ပတ်မှ ယူဟာ အောက်မှာ စာအုပ်မရှိဘူး၊ အပေါ်တက်ယူနေ ရမှာ"ဆိုတော့
"ဘုန်းဘုန်းကလည်း သမီးက သူခေါ်မှ လိုက်ရတာ၊ နောက်တစ်ပတ် သူက ခေါ်ချင်မှ ခေါ်မှာ၊ အခုပေးပါ" ဆိုလို့ ဟုတ်သားပဲလေဆိုပြီး တက်ယူပေး လိုက်တယ်။ သူမအနေနဲ့ စာအုပ်ထဲက အကြောင်းအရာတွေအားလုံးကို နားမလည်နိုင်လောက်ဘူးဆိုတာတော့ သိတာပေါ့။

နောက်တစ်ပတ်ရောက်တော့ ပပပြောသလိုပဲ၊ ပပ ပါမလာဘူး။ ဆူဇန်က
"ဘန္တေကသာ စာအုပ်ပေးတာ၊ ပပက မျက်နှာဖုံးကပုံတောင် ဘယ်သူ့ပုံမှန်း မသိဘူး" ပြောတယ်။
"မသိပဲဖတ်တော့ လောင်းရိပ်ကင်းပြီး ပိုတောင်ကောင်းသေးတယ်၊ ဖတ်နေ တာ တွေ့သလား၊ တစ်နေ့ တစ်နေ့ နာရီဝက်လောက် အချိန် ပေးပေး ပါ" ပြောတော့ ပေးပါမယ်လို့ ကတိပေးတယ်၊ သူလာရင် ဖတ်မဖတ် စစ်ဆေးကြည့်ပါလို့လည်းပြောတယ်။

ဒီတော့မှ
"ဆူဇန်ရယ်၊ လီကွမ်းယုလိုလူတစ်ယောက်ပြောထားတာတွေကို အိမ်ဖော် မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် လုံးစေ့ပတ်စေ့နားလည်နိုင်ပါ့မလဲ၊ ငါလည်း မမျှော်လင့်ပါဘူး။ ငါက စာရေးသူ၊ ဖတ် မဖတ် မသချာရင် ဘယ်လောက် ရင်းရင်း မပေးတတ်သူပါ၊ ဒါပေမဲ့ သူ့တို့ကိုကျ တစ်မျိုးဆက်ဆံရတယ်။ သူတို့ကို လည်း တူတူတန်တန်ဆက်ဆံတယ်ဆိုတာ ပြရတယ်၊ စိတ်ဓာတ်အားပေးရတယ်။ အနည်းဆုံး ဒီနယ်နမိတ်ထဲဝင်လာရင် သူ့ အနေနဲ့ ရဲတင်းနေရမယ်၊ ယုံကြည်မှု ရှိနေရမယ်၊ အိမ်ဖော်တစ်ယောက်ထက် ဗုဒ္ဓ ဘာသာတစ်ယောက်လို ခံစားရစေချင်တယ်၊ နောက်ပြီး ကံမလှတဲ့ ငါတို့ကလေးတွေအတွက် တတ်နိုင်သလောက် ဖေးမဖို့ ငါတို့မှာ တာဝန်ရှိနေယ်" လို့ ရှည်ရှည်ဝေးဝေး ရှင်းပြမိတယ်။ သူ နားလည်ဟန်ပါ။

နောက် ပပနဲ့တွေ့လို့ မေးကြည့်တော့ သူ့အိမ်ရှင်ရဲ့ ဆက်ဆံမှုက ပိုနွေးထွေးလာတယ်လို့ သိလိုက်ရပါတယ်။
တကယ်တော့လည်း ဒီစာအုပ်ပေးလိုက်တယ်ဆိုတာက ပပနားလည်ဖို့ထက် ဆူဇန်နားလည်ဖို့မို့ ပေးရကျိုး နပ်တယ်၊ ပစ်မှတ်ကို ထိတယ်လို့ ပြောရမှာပါ။ စာအုပ် လက်ဆောင်ပေးခဲ့သမျှတွေထဲမှာ ပပကိုပေးလိုက်ရတဲ့ ကျေနပ်ကြည်နူး မှုက တစ်သီးတစ်ခြားဆန်ဆန် နူးညံ့နေသလိုလိုပဲ။

လူ့ အခွင့်အရေး


လူ့ အခွင့်အရေးနှင့် ပတ်သက်သော အယူအဆ၁၈ ရာစုကထဲက ဥရောပ၌ စတင်အခြေပျိုးပြီး တစစတိုးတက်ခဲ့သည်။ ၁၉၄၅ ခု ရောက်မှ ကုလသမဂ္ဂကြေ ညာချက်စာတမ်း၌ တရားဝင် ထုတ်ပြန်ခဲ့သည်။ လူ့ အခွင့်အရေး ဖြစ်ပေါ်လာ ရခြင်းမှာ အဓိကအခြေခံ အကြောင်းတရား သုံးချက်ကြောင့် ဖြစ်သည်။

၁။ လူ့ဖွဲ့စည်းပုံတရားဥပဒေသည် လူကပြဋ္ဌာန်းသော ဖွဲ့စည်းပုံတရားဥပဒေဖြစ် သည်၊ တစ်ယောက်သောတန်ခိုးရှင် ဖန်ဆင်းရှင်နှင့်မဆိုင်။
၂။ လူသားတိုင်း၌ တန်းတူ အခွင့်အရေးရှိသည် ။
၃။ လူသားတိုင်း ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တည်းခွင့် ရှိသည်။

လူ့ အခွင့်အရေးက အနောက်မှာ အစပျိုးခဲ့သည်ကားမှန်၏...
သို့သော်......
ဗုဒ္ဓစာပေကို စောင်းငဲ့ကြည့်သောအခါ........
၁။ နံပါတ်တစ် အချက်ကို အဂ္ဂညသုတ်နှင့် ဇာတ်တော်အချို့တွင်တွေ့ရ၏၊
လူတန်းစား သတ်မှတ်ပြဋ္ဌာန်းခြင်းသည် မဟာဗြဟ္မာနှင့် မဆိုင်
လူ့အဖွဲ့အစည်း အဆင့်ဆင့်ပြောင်းလဲမှု၊တိုးတက်လာမှုတို့နှင့်သာဆိုင်သည်။( D.III.92)

၂။ နံပါတ်နှစ် အချက်ကို ဝါသေဋ္ဌသုတ်၌တွေ့ရသည်၊လူအချင်းချင်း အဆင့် အတန်း ခွဲခြားမူကို ယင်းသုတ်၌ ဘုရားရှင်က ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့သည်။ (Sn.594-611)

၃။ နံပါတ်သုံး အချက်ကိုမူ တိုက်ရိုက်မတွေ့ရ၊ သို့သော် ဒေသနာအားဖြင့် ထင်ရှား ၏။ လူတိုင်း၊သတ္တဝါတိုင်း မိမိအသက်ကို ချစ်မြတ်နိုး၏၊ ဟောညွှန်သည့်အတိုင်း လိုက်နာလျှင် လူတိုင်း သံသရာမှ ထွက်မြောက်နိုင်၏။(ဤအချက်ကို မဟာသတိ ပဋ္ဌာန သုတ်၌ တွေ့ရ၏။)

သို့သော်......
ဗုဒ္ဓဘာသာနိုင်ငံများ၌ လူ့အခွင့်အရေးသမိုင်းနှင့်ပတ်သက်၍သိပ်မစွံလှကြောင်း မှတ်တမ်းများအရ သိရ၏။
ဝမ်းနည်းဖွယ် ကောင်လှသည်။ ။

Ref: A-Z. Buddhism.

Yuz Asaf


အေဒီ လေးရာစုက Sogdian ဘာသာစကားနဲ့ရေးထားတဲ့ ရှေးဟောင်းခရစ်ဝင် ကျမ်းစာအရ Yuz Asaf ဟာ အိန္ဒိယဘုရင် Abenner ရဲ့ တစ်ဦးတည်းသော သားဖြစ်တယ်။
ပုရောဟိတ် ၅၀ က ကလေးရဲ့ အနာဂတ်ကို ဖတ်ကြ။ အထင်ရှားဆုံး ဆရာကြီး ကတော့ မင်းသားလေးဟာ ခရစ်ယန်သာသနာပြုဖြစ်မယ်လို့ ဟောကိန်းထုတ်။ ဒါကို ကာကွယ်တဲ့အနေနဲ့ ခရစ်တော်ဆိုတဲ့အသံကိုတောင် မကြားရအောင် ဘုရင်ကြီးက သားတော်ကို နန်းတွင်းထဲမှာပဲထား။ တစ်နေ့ သူ့ကို ဘာကြောင့် နန်းတွင်းထောင်ကျနေရတယ်ဆိုတာ သူ့ဆရာဆီကနေ သိခွင့်ရ။ ခမည်းတော်ဆီကနေ အပြင်ထွက်ခွင့် မရမကတောင်းပြီး အပြင်ထွက်။ ကျိုးနေသူ နဲ့ကန်းနေသူ နှစ်ယောက်ကိုမြင်၊ စိတ်ညစ်၊ ကောင်းကင်ဘုံကို ရောက်လို။
တစ်နေ့ မင်းသားလေးဟာ Barlaam ဆိုတဲ့ တရားဟေဆရာဆီကနေ ခရစ်တော်ရဲ့သေဆုံးခြင်းနဲ့ရှင်သန်ထမြောက်ခြင်းကို လေ့လာခဲ့ရ။ ဒီနောက် အိန္ဒိယ တစ်ပြည်လုံးကို ခရစ်ယန်ဘာသာတရားများ ဆက်လက်ဟောကြား။
နောက်ဆုံး Yuz Asaf ဟာ သူ့ရဲ့ အယုံကြည်ရဆုံး တပည့်နဲ့အတူ ခရီးထွက်ရင်း ကက်ရှ်မီးယားမှာ သေဆုံး။ (ဗုဒ္ဓဝင် နယူးဗားရှင်းပေါ့)

ဘက်ဂဒက်မှာရှိ၊ အေဒီ ၁၀ ရာစုက မွတ်စလင်ကျမ်းစာထဲမှာလည်း ဒီဇာတ်လမ်း ပါဝင်။ ဒါပေမဲ့ Yuz Asaf ကို မိစ္ဆာဒိဋ္ဌိအနေနဲ့ ရှုံ့ချထား။

ကျမ်းပြုသူအဆိုအရ Yuz Asaf ဟာ ပါးစပ်ရာဇဝင်နဲ့ စက္ကူပေါ်ကလွဲရင် ဘယ်တုံး ကမှ တကယ် မရှိခဲ့။ ယေရှုရဲ့ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ တမင်ဆင်ထားတဲ့ ဇာတ် ကွက်သာဖြစ် တဲ့။
ပညာရှင်တို့ သုံးသပ်ကြပါ။

Ref:The King of Jews? p 227-228
Vide: The Wisdom of Balahvar. A Christian legend of the Buddha, D,M. Lang, London, 1957.

လူထုကြားက ဓာတ်ကြီးလေးပါး


ရေ။ ယိုစီးခြင်းသဘော ( စာပေသိ )
ရေ။ ရှားပါး၊ မလုံလောက်၊ နောက်ကျိ၊ သောက်သုံးရန်မသင့်ဖြစ်လာတဲ့သဘော။ မြို့တော်မှာ တိုက်အထပ်မြင့်လေလေ ရေဘေးဒုက္ခ ပိုကြီးလေလေသဘော။ မလိုရာ ရေကြီးပြီး လိုရာ ရေမရှိသောသဘော။ (လက်တွေ့သိ)

မြေ။ ခက်မာခြင်းသဘော။( စာပေသိ )
မြေ။ အသိမ်းခံရခြင်း၊ လျော်ကြေး ဟုတ်တိပတ်တိပြန်မရခြင်းသဘော၊ ပိုင်ဆိုင်ဖို့ ခက်ခဲလာခြင်းသဘော၊ ရန်ကုန်မြေဈေးကနယူးယောက် မြေေ ဈးကို စိန်ခေါ်နေ တဲ့သဘော။ ကုန်းမြေအကျယ်ပြန့်ဆုံး အရှေ့တောင်အာရှနိုင်ငံသားတွေ သမ္မာအာဇီဝနဲ့ မြေမဝယ်နိုင်တဲ့သဘော။(လက်တွေ့သိ)

လေ။ ရွေ့လျားခြင်းသဘော ( စာပေသိ )
လေ။ မသန့်ရှင်းသော ပတ်ဝန်းကျင်ကြောင့် ပို၍ပို၍ နံစော်လာခြင်း၊ အဆင့်မ မီသော အဆောက်အအုံတို့ကြောင့် တစ်ခုခုဆို ပို၍ပို၍ ပျက်စီးစေသော သဘော။ တောင်ပြောမြောက်ပြော ဝါယောဓာတ်တွေ ဈေးကောင်းတဲ့ သဘော။ (လက်တွေ့သိ)



မီး။ လောင်ကြွမ်း ရင့်ကျက်စေသောသဘော( စာပေသိ )
မီး။ ပုံမှန်ပျက်တတ်သေးသော၊ သူမရှိရင် ဘာမှဆက်လုပ်လို့ မရတတ်သော သဘော။ အချိန်ပြည့်မရသဖြင့် လူထုကို ဒုက္ခ အကြီးအကျယ်ပေးနေသော သဘော။ ( ဂက်စ်များ မြေကြီးထဲမှာ ရှိနေပါလျက် ) ထင်း၊ မီးသွေးတို့ကို အစားမထိုးနိုင်သဖြင့် နွေရောက်တိုင်း ကျီးလန့် စာစား နေကြရသည့် သဘော။(လက်တွေ့သိ)

ဘယ်သူတွေ ဘာတွေပြောပြော အဲ့ဒါ လူထုကြားက တကယ် ဓာတ်ကြီးလေးပါး အစစ်။