ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီးက စင်္ကာပူရှိ ရင်းနှီးသော မြန် မာ ဒကာ၊ ဒကာမများကို နှုတ်ခွန်းဆက်သည့်အခါ
" စင်္ကာပူရောက်တာ ဘယ်လောက် ကြာကြပြီလဲ " ဆိုသည့်မေးခွန်းအစား
" နတ်သက် ဘယ်လောက်ရှိပြီလဲ "
ဟု မေးတတ်ကြောင်းဆရာလတ်ထံမှ ကြားရဖူးသည်။ တစ်ခုတော့ ရှိသည်။ ဆရာတော်ကြီးကို လာရောက်ဖူးမြင် သည်ဆိုကတည်းက ထို ဒကာ၊ ဒကာ မများ ကလည်း အခြေကျ၊ အနေ ကျဖြစ်ပြီးသားတွေသာ များပေလိမ့်မည် ဟု တွေးတောရန်ရှိပေသည်။ ဤရဟန်း တွေ့ရတတ်သည်ကား..........
စင်ကာပူမှာရှိနေသူတွေကလည်း ဤမှာ ရင်ဆိုင်ရသော ဘဝ အကျပ် အတည်း၊ ပွင့်လင်းစနိုင်ငံတော်၏ အခြေအနေကြောင့် ပြန်ဖို့ အခွင့် အလမ်းခြောင်းနေကြစဉ် ဟိုမှာရနိုင်သည့် လစာနှင့် အလုပ်အခွင့်အလမ်း တို့ကလည်း သူတို့ကို ဟန့်တားထားပြန်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းက ဘွဲ့ရလက်သစ်တို့ကလည်း ကံစမ်းပြီး ကမ်းတစ်ခုရှာဖို့ ကမ်းကြည့်ငှက်ကလေးများသဖွယ် တဖွဲဖွဲရောက်ရှိနေတာ ကို တွေ့ရဆဲပင်ဖြစ်သည်။
ရဟန်းတော်များကြားမှာတော့ “ကံစမ်း မန်းတက်၊ ဥာဏ်စမ်း ဆန်းတက်” ဟု ဆိုရိုစကားရှိသည်။ မန္တလေးလို ဒိတ်ဒိတ်ကြဲပညာတတ်များ ပေါများရာဒေသ ၌ ဆွမ်းလောက်လောက်ငှငှရရှိလျှင် ကံကောင်းသည်။ ဆန်းကျမ်းတက်ရာ၌ လည်း တစ်ခေါက်မျှဖြင့် ဆန်းအကြောင်းနားလည်လျှင် ဥာဏ်အလွန်ကောင်း သည်ဟု ဆိုလိုသည်။ ထို့အတူ ဘွဲ့ရလက်သစ် လက်ဟောင်းတို့လည်း ကံ စမ်း ပြီး စင်ကာပူကို ရောက်ရောက်လာကြသည်။ ကံကောင်း၍ အလုပ်တစ်ခု ခု ရပြီဆိုလျှင်လည်း မြန်မာပြည်ဝင်ငွေထက် အများကြီးသာနေသည်ပင်။
သူတို့ ကျောင်းထဲကိုရောက်လာရင်း ဘဝ၏ကံ ကော်စေဖို့ ကန့်ကော်ညွန့်ပေး ပါဘုရားဟု တောင်းသူများရှိသလို ဘဝခရီး ဖြောင့်ဖြူဖို့အတွက် ဓမ္မာရုံကို တံမျက်စည်းလှဲ၊ ဗောဓိပင်ခြေ တံမျက်စည်းလှဲ လုပ်သူလေးများကို လည်း တွေ့ ရသည်။
ကျောင်း၏ပတ်ဝန်းကျင်က တရုတ်လွှမ်းမိုးထားသည့်အတွက် (ကြည်ညိုထောက်ပံ့သူ ရာနှုံးပြည့် တရုတ်များဟူလို) တွေ့မြင်ရသော ရဟန်းကိုပင် မရေမရာ မရဲတရဲဖြင့်-
“အရှင်ဘုရားက မြန်မာလား” ဟု မေးတတ်ကြသည်။
အလုပ်ရှုပ်နေလျှင်တော့ “ဟုတ်တယ်” (သို့) ကွမ်း ပလုတ်ပလောင်းဖြင့် စကားပြောမရသဖြင့် ခေါင်းပင်ညိတ်ပြရသည်။ တစ်ခါတစ်ခါမှာတော့ မြန်မာမှန်းသိအောင် ကွမ်းစားတာဟု မဆီမဆိုင် ဆင်ခြေကိုင်မိပြန်သေးသည်။ ထိုကွမ်းက လူမှုရေးအရ မကောင်းလှ။ ကွမ်းစားရင်း စာရေး၊ စာကြည့်လုပ်နေလျှင် ကွမ်းသွေးကို ထွက်မထွေးမိ။
ထိုအခါမျိုးတွင် အကြောက်ဆုံးက စကားလာပြောသူနှင့် တယ်လီဖုန်း လာခြင်းပင်ဖြစ်သည်။ မြုံထားသော ကွမ်းဖီး(လ်) ပျက်လေတော့သည်။ ထို့ကြောင့် အရေးမကြီးလျှင်တော့ ခေါင်းညိတ်လိုက်တာ ကိစ္စပြတ်သည်။ ဤအချက်သည်ကပင် စကားမပြောလိုဟန်လည်း ဆောင်တတ်၏။ မတတ်နိုင်။ တရုတ်ကြောင့်ပင် ( အသည်းအသန် တားကြသည် ) မပြတ် ခဲ့သောကွမ်းက မြန်မာကြောင့်တော့ ပြတ်ဖို့လမ်းမမြင်။ ( အတိုက်အခံ များ စွာဖြင့် သစ္စာရှိရှိစားနေရသော ကွမ်းပါပေ၊ ပြည်ပရောက် ကျောင်းနေဖက် ရဟန်းတော်တစ်ပါးက ကွမ်းမှ မဖြတ်နိုင်ဘဲ ပြည်ပသာသနာပြုဖို့ မစဉ်းစားနဲ့ ဟု မိန့်ဖူးသောကြောင့် အော် သူ့ခမျာ ကွမ်းစားရင်း သာသနာမပြုတတ်ရှာ ဘဲကိုးဟု ကရုဏာပင် သက်မိသေးသည်။ ဤကား စကားချပ်၊ စကားညှပ် )
အလုပ်မရမီ ကုသိုလ်တစ်ခုခု၊ ယတြာတစ်ခုခုလာချေတတ်သူများက အများ အားဖြင့် မိန်းကလေးငယ်ငယ်လေးများ ဖြစ်နေတတ်သည် ။ ယောင်္ကျားေ လး များကို သိပ်မတွေ့ရ။
“ဘုန်းဘုန်းတို့ ကျောင်းအိမ်သာတွေ ဆေးချင်လို့ရမလား”
အလွန်ဖြေရခက်သော မေးခွန်းဖြစ်သည်။ ကျောင်း၏ပုံစံက မြန်မာယဉ်ကျေးမှုပုံစံမဟုတ်။ သန့်ရှင်းရေးကိစ္စကို ကန်ထရိုက်က တာဝန်ယူသည်။ အမှန် တကယ် မလိုအပ်၊ ပွဲကြီးလမ်းကြီး မရှိဘူးဆိုလျှင် သူ့သန့်ရှင်းရေးသမားနှင့် သူ ပြီးပြီးသားဖြစ်၏။ မလိုပါဟုပြောရန်လည်း ခက်မိပြန်သေး၏။ သူက အိမ် သာဝင်ဆေးပြီး အိမ်သာဆေးပစ္စည်းများ တစ်ခုခုကြောင့် သူ့နေရာသူ ပြန် မရောက်လျှင် ပုံမှန်သန့်ရှင်းရေးသမားက ကွန်ပလိန်းတက်သည်။ သူ့ကို လည်း အပြစ်ပြောပြန်၍ မရ။
အရင်ကတော့-
“အလုပ်ရချင်လျှင် ဗောဓိပင်ကြီးဆီသွား ဆုတောင်း၊ ဗောဓိပင်မှာ ဆုတောင်း ရင် အလုပ်မပြောနဲ့ သုဇာတာတို့ ကလေးတောင်ရသေးတယ် " ဟူလည်း ခပ်သောသော လမ်းညွှန်ဖူးသည်။ ဗောဓိပင်မှာ ဆုတောင်းရင်း အလုပ်ရ သွားသူ၊ ကျေးဇူးတင်သူတွေလည်း ရှိသည်။ ယခုတော့ ဤသို့ပင် ပြောခွင့် မ ရပြန်တော့။ ဆုတောင်းရမည့် ဗောဓိပင်ကြီးကိုယ်တိုင် ဓာတ်ကြီးလေးပါး လေ ရမ်းကားကြောင့် အမြစ်ထောင်အောင် လဲကျသွားခဲ့ပြီ။ ဗောဓိပင်မှာလည်း သူ့လောကဓံနဲ့သူ ရှိ၏။ ပြန်စိုက်ထားသော ဗောဓိပင်ကလည်း အဟန့်သေးေ နပြန်သေး၏။
သူတို့လေးတွေ ကျောင်းသန့်ရှင်းရေးလုပ်၊ ဘုရားခန်းထဲမှာ ပရိတ်ကြီးစာ အုပ်လေးချ၊ တဖွဖွရွတ်၊ ပုတီးတဒေါက်ဒေါက်စိပ်နေတတ်သည်မှာ တစ်ရက် မဟုတ်၊ နှစ်ရက်မဟုတ်၊ လနှင့်ချီ၍ပင် ကြာတတ်သည်။ စင်ကာပူ အင်မီ ဂရေးရှင်း ကပေးထားသည့် ဗီဇာထဲက ရက်နှင့်အညီ ဖြစ်ဖို့များလေသည်။ အများအားဖြင့် တစ်လ(သို့) ဆယ့်ငါးရက်၊ ကုန်သွားလျှင် တစ်လတန်သည် ထပ်တိုးလို့ရသည်။
ဤဗီဇာရက်နှင့်အမှီ အလုပ်တစ်ခုခု ရရှိရေးကို စိုးရိမ်နေရသည့်အတွက် သူ တို့ မျက်နှာလေးတွေပေါ်မှာလည်း အပူငွေ့ပါးပါး သန်းနေတတ်သည်။ ထို အခါ ဘုရား၊ တရားကို ပို၍အားကိုး ကိုးကွယ်လာတတ်သည်။ ထို့အတူ လော ကီ အစီအမံတို့ကိုလည်း မယုံကြည်သူတောင် နည်းနည်း ယုံကြည်လာတတ် သည်။ နားလည်လို့ရပါသည်။
တစ်ချို့က အဆက်အသွယ်၊ ဆွေမျိုးစသည် ဤမှာရှိပြီးသားမို့ သွားရင်းဟန် လွဲ လာရောက်ကံစမ်းကြသည်။ တစ်ချို့က အဆက်အသွယ် လုံးဝမရှိ၊ အရဲ စွန့် ထွက်လာခဲ့ကြရသည်။ တစ်ချို့က မိဘကတတ်နိုင်သဖြင့် လမ်းခင်းပေး လို့ ရောက်လာကြသည်။ တစ်ချို့က မိဘတို့ ရှိစုမဲ့စုလေး ရောင်းချပေါင်နှံပြီး အရဲစွန့်ထွက်လာခဲ့ကြရသည်။ စင်ကာပူရောက်လာသူများကလည်း အရော င်အသွေး စုံလင်လှသည်။
မိမိတို့ကျောင်းသို့ရောက်လာသူ၊ အိမ်သာဆေးသူ၊ ဘုရားခန်းသန့်ရှင်းသူ ၊ ဗောဓိပင်အောက် အမှိုက်လှဲသူ၊ ပရိတ်ကြီးစာအုပ် ရှေ့ချရွတ်ဖတ်သူ၊ ပုတီးတစ်ဒေါက်ဒေါက် စိပ်သူတို့က ဒုတိယအမျိုးအစားလေးများတွင် ပါ ဝင်နေတတ်သည်။ အဆင်ပြေစေချင်၊ အလုပ်ရသွားစေချင်ပါ၏။
ကျောင်းမှာ အမြဲလိုလို ရှိနေတတ်သည့် တရုတ်အများစု က မြန်မာလေးေ တွ တော်တယ်၊ အားလုံး ကူညီပေးတယ်ဟု ပြောတတ်ကြသည်။ အထူးသဖြင့် သူတို့ နောက်ဆက်တွဲ ပြောလာသည့်စကားပင်
“ဓမ္မာရုံထဲမှာ သန့်ရှင်းရေးလာလာလုပ်တတ်တဲ့ မြန်မာမလေး မတွေ့တော့ ဘူး” ဟု
မိမိကိုလာပြီး သတင်းပေးသလိုလို လျှောက်တတ်ကြသည်။ သူတို့ကတော့ မြန်မာမလေး မအားတော့လို့၊ သို့မဟုတ် အိမ်ပြောင်းသွားလို့ ဟု ထင်တတ်ကြသည်။
ထိုစကားကိုကြားရတိုင်း ဤရဟန်း ရင်ထဲမှာတော့ အတွေးနှစ်ခုသာရှိပြီး၊ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလားဆိုတာပင် မရေရာတော့ပေ။
“မြန်မာမလေး မလာတော့ဘူး” ဆိုသည့်စကားနောက်ကွယ်၌-
၁။ သူမ အလုပ်ရသွားသဖြင့် သန့်ရှင်းရေး လာမလုပ်နိုင်တော့-
၂။ အလုပ်မရ၊ ဗီဇာရက်ကုန်သွားသဖြင့် စင်ကာပူကို စိတ်အနာကြီးနာကာ ( အကြွေးတစ်ချို့ဖြင့် ) မြန်မာပြည်ပြန်သွားရလေပြီ- ဟူသော အဖြေနှစ်ခုသာ ရှိနေပေတော့သည်။
ဤခံစားချက်က ၂၀၀၇- နောက်ပိုင်းမှာ ပို၍ပို၍ ထူထပ်လာသဖြင့် မိမိ ကိုယ် တိုင်လည်း ပို၍ပို၍ အရေထူလာသလို ရှိနေပေတော့သည်။ ဤပြဿနာများ၏ အခြေခံကား စင်ကာပူမှာမဟုတ်၊ ပြည်တွင်း မှာသာဖြစ် သည်။ ပွဲကြည့်သူ မိမိကိုယ်တိုင်မှာပင် ဤအဖြေနှစ်ခုက ဤမျှ ထိရောက်နေသေးသည်ဆိုလျှင် စိမ်းစိုသောကမ်းတွေ့လေမလားဟု အရဲ စွန့်ခဲ့ရရှာသူ ကာယကံရှင်နှင့် မိသားစုများအတွက်မူ အလွန်အရေးပါသော ဆုံမှတ်တစ်ခု ဖြစ်နေမည်မှာ မုချပါပေ။
အားလုံးအဆင်ပြေကြပါစေဟုသာ။ ။
06/03/2013
မေတ္တာဖြင့်
သီဟနာဒ
သီဟနာဒ