ငွေတိုးချေးငှါးခြင်းအပေါ်၌ ဘာသာတရားအချင်းချင်း မတူကွဲပြားသော အယူအဆတို့ ရှိကြသည်။ ခရစ်ယာန်ဘာသာအယူအရ (၁၇) ရာစု မတိုင်မီအထိ ငွေတိုးပေးခြင်းကို မကောင်းမှုဟု ယူဆကာ တားမြစ်ခဲ့သည်။ အစ္စလာမ်ဘာသာကမူ ယနေ့တိုင်အောင် ငွေတိုးပေးခြင်းကို တားမြစ်ဆဲပင် ဖြစ်၏။ ဗြဟ္မဏဝါဒအလိုအရ ဤကိစ္စသည် အကုသိုလ်တစ်ခုပင် ဖြစ်လေသည်။
ဘုရားရှင်၏ အလိုအရမူ ဤငွေတိုးပေးခြင်းသည် ထူးထူးထွေထွေ အပြစ်တစ်ခုဟု ယူဆတော် မမူခဲ့သလို တားမြစ်ပိတ်ပင်ခဲ့ခြင်းလည်း မရှိပေ။ ဗုဒ္ဓဘာသာသဘောအရ နွားငှါး၍ ရသလို မြေ၊ အိမ်၊ လုပ်အား ငှါးရမ်း၍ ရသည်။ ငွေကို ငှါးရမ်းမှု့ကြောင့်လည်း တစ်စုံတစ်ရာ အပြစ်ရှိသည်ဟု မယူဆခဲ့။ အမှန်တကယ် လိုအပ်နေသူတစ်ယောက်ကို အရင်းအနှီး စိုက်ထုတ်ပေးပြီး ထိုပုဂ္ဂိုလ်သာ သူ့ရည်မှန်းချက် ပေါက်ရောက်သွားမည်ဆိုလျှင် ဤကိစ္စသည် ကုသိုလ်ရသည့်သဘောပင် ဆောင်နေပေသေးသည်။
ငွေတိုးပေးခြင်း အမှန်တကယ် အကုသိုလ်အသွင် ဆောင်လာသည်က အတိုးငွေများ အဆမတန် တင်ထားခြင်း၊ ထိုအတိုးမဆပ်နိုင်လျှင် မတန်မရာ အိမ်ရာ၊ လူစသည်တို့ကို သိမ်းယူခြင်းပင် ဖြစ်ပေသည်။
ယနေ့ကမ္ဘာကိုကြည့်လျှင် ငွေတိုးကို အတိုးနှုန်း ချိုချိုသာသာဖြင့် ပေးမည်။ တရားမျှတသော အတိုးနှုန်းမျှကိုသာ ယူမည်ဆိုလျှင် အကုသိုလ်ဟု ယူဆရန် ခက်ကြောင်း သိနိုင်သည်။ ကုလသမဂ္ဂအဖွဲ့ အသီးသီးက ဆင်းရဲသောနိုင်ငံ၊ လူမှုအဖွဲ့အစည်းတို့ကို အတိုးမဲ့ (သို့) သိပ်မများသော အတိုးတို့ဖြင့် ကူညီသည့်သဘော ချေးငှါးနေကြသည်ကို တွေ့မြင်ကြရသည်။
ငွေတိုးပေးခြင်းက အပြစ်ဟု မဆိုသာသော်လည်း ငွေတိုးပေးသူ၏ လောဘက လွန်ကဲလာလျှင်မူ အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်လာတော့သည်။ ဤဒုက္ခမျိုးစုံကို မြန်မာလူမျိုးတို့ ကြုံခဲ့ရဖူးသည်။ ယနေ့တိုင် ကမ္ဘာမှာလည်း ဤဒုက္ခက ပေးနေလျက်ပင် ဖြစ်သည်။ ထို့ကြောင့် ဆိုင်ရာအစိုးရ၏ တိကျတင်းကျပ်သော ဥပဒေကား လိုနေပေလိမ့်မည်။
ငွေတိုးပေးခြင်းနှင့် ပတ်သက်၍ ဘုရားရှင်၏ တားမြစ်ထားမှုကို မတွေ့ရသော်လည်း အကြွေးပေးရန် ရှိနေလျှင် စိတ်မသက်သာဖွယ်တစ်ခုဖြစ်ကြောင်းကိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သိမြင်တော်မူသည်။ ထို့ကြောင့် အကြွေးမရှိခြင်းသည် ချမ်းသာတစ်မျိုးဖြစ်ကြောင်း ဟောကြားတော်မူခဲ့သည်။
ထို့အတူ ရဟန်းဘဝ၏ အားသာချက်တစ်ခုမှာ အကြွေးပေးဆပ်ရန် မရှိသဖြင့် အကြွေးရှင်တို့က လာလှည့်ပေးလှည့်စသော အကြွေးတောင်းသူများဒဏ်မှ လွတ်မြောက်ရခြင်း ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ အကြွေးရှိနေသော ပုဂ္ဂိုလ်များ ရဟန်းပြုခွင့်ကို တားမြစ်တော်မူခဲ့သည်။ ရဟန်းပြုလိုသူသည် ငွေကြေးနှင့် ပတ်သက်သောကိစ္စ ရှင်းနေရမည်။ သံဃာ့ဘောင်ရောက်မှ ဤကိစ္စများ ရှင်းနေရလျှင် မကောင်းတော့။
အကြွေးရှိနေလျှင် စိတ်ညစ်ရသည်။ ထို့အတူ ငွေမရှိပြန်လျှင်လည်း စိတ်ညစ်ကြရပြန်သည်သာ။ ထို့ကြောင့် ဤငွေကြေးကိစ္စနှင့် ပတ်သက်၍ ဘုရားရှင် မိန့်ကြား၍ရသော စကားမှာ ဝင်ငွေထွက်ငွေ ညီမျှအောင် သုံးစွဲကြဖို့ (သမဇီဝိတ) သာ ရှိပေတော့သည်။ ယနေ့ ချမ်းသာသောနိုင်ငံများ၌ အကြွေးကင်းသူမရှိ၊ လူချမ်းသာတိုင်း အကြွေးရှိသည်ဟုပင် ဆိုစမှတ် ပြုကြ၏။ ထိုတင်သော အကြွေးများသည် ဘဝအတွက် အမှန်လိုအပ်သောအရာများ ဖြည့်ဆည်းရန် တင်ရှိနေခြင်းထက် ဇိမ်ခံပစ္စည်းများ ဝယ်ယူရေးအတွက် တင်ရှိနေသောအကြွေးများနှင့် ဝင်လာနိုင်သည့်ငွေကို မစောင့်နိုင်ဘဲ ဝင်ငွေမလာမီ တစ်ခုခု ဝယ်လိုသောကြောင့် ချေးငှါးထားသော အကြွေးများသာ ဖြစ်ကြသည်။
ဘုရားရှင်က အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၌ ဟောခဲ့သည်။
"ညီမျှသော အသက်မွေးမှုဟူသည် အဘယ်နည်း။ ဝင်ငွေနှင့် ထွက်ငွေကို သိပြီး အလွန်အမင်း သုံးစွဲခြင်းမဟုတ်၊ အလွန်အမင်း စီးကုပ်ခြင်း မဟုတ်ဘဲ သုံးစွဲခြင်း ဖြစ်သည်။ သုံးစွဲငွေသည် ဝင်ငွေထက် ပိုမနေသင့်" ဟု ဖြစ်သည်။
အချို့စီးပွားရေး အရဲစွန့်လိုသော ပုဂ္ဂိုလ်တို့က လက်ရှိအခြေအနေထက် ပို၍ ချမ်းသာတိုးတက်အောင် ဟူသောအကြံအစည်ဖြင့် ငွေတိုးယူခြင်းလည်း ရှိနိုင်ပေသည်။ လက်ရှိဘဝက မပြည့်မစုံ မဟုတ်သော်လည်း ထို့ထက်တိုးတက်လိုသောကြောင့် ဖြစ်သည်။ ထိုသို့ ကြိုးစားအားထုတ်ခြင်းကြောင့်လည်း ဗုဒ္ဓဘာသာအမြင်အရ အပြစ်တစ်စုံတစ်ရာ ဆိုဖွယ်မရှိပေ။
ဘုရားရှင် ဥပမာပေး မိန့်ဆိုထားတာ တွေ့ရသည်။
"လူတစ်ယောက်သည် သူ၏ စီးပွားရေးကို တိုးချဲ့ရန် အကြွေးချေးငှါးပြီး လုံးလစိုက်ထုတ်ကာ တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် အကြွေးတို့ကိုပေးပြီး မိမိ၏ ကိုယ်ပိုင်စီးပွားရေးကိုပင် ကိုယ်ပိုင်ငွေဖြင့် လည်ပတ်လာနိုင်သည်။ ထို့နောက် သင့်တော်သော မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လိုက်သည်။ ထိုအခါ သူသည် 'တစ်ချိန်က ငါ့မှာ အကြွေးများ ရှိခဲ့သည်။ ယခု အကြွေးမရှိတော့။ အကြွေးမရှိတော့သည့်အပြင် ကိုယ်ပိုင်စီးပွားရေးပင် အမြတ်ကျန်ခဲ့သည်' ဟု တွေးကာ ကျေနပ်ပျော်ရွှင်ရ၏" ဟု မိန့်တော်မူသည်။
ထို့အပြင် "လူတစ်ယောက်သည် အသေးစားစီးပွားရေးကို ချေးငှါး၍ စတင်နိုင်သည်။ ပေးချေရမည့် အချိန်၌ အတိအကျ ပေးချေမည်ဆိုလျှင် လိုအပ်သောအခါ ချေးယူဖို့လည်း ဖြစ်နိုင်၏" ဟု ယနေ့ စီးပွားရေးဆန်ဆန် ပြောနေကြသော ယုံကြည်စိတ်ချရမှု၊ တိကျမှု့တို့ကို ချီးမွမ်းပြောဆိုတော်မူခဲ့ပြန်သည်။
မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှုသည် အဘယ်နည်းဟု မေးရန်ရှိလာသည်။ ဤ၌ ဘုရားရှင်က (မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု၏ ဆန့်ကျင်ဘက်) မှားရွင်းသော အသက်မွေးမှု ငါးခုကို ဥပမာအားဖြင့် ထုတ်ပြခဲ့သည်။ လက်နက်ရောင်းဝယ်မှု၊ လူရောင်းဝယ်မှု၊ အသားငါး ရောင်းဝယ်မှု၊ အရက်သေစာ ရောင်းဝယ်မှုနှင့် အဆိပ်ရောင်းဝယ်မှုတို့ ဖြစ်သည်။ ယနေ့ ကမ္ဘာကို ကြည့်လျှင် ဤရောင်းဝယ်မှု ငါးမျိုးသည် တရားမျှတမှုမရှိကြောင်း ပို၍ပင် ထင်ရှားလာဟန် ရှိသည်ဟု ဆိုရပေမည်။
မှန်ကန်သောဝင်ငွေနှင့် ပတ်သက်၍ အင်္ဂုတ္ထိုရ်၊ ဒုကနိပါတ်၌ မိန့်မြွတ်ခဲ့သည်မှာ "လုပ်အား၊ ချွေး၊ အကြံဉာဏ်တို့ဖြင့် ရိုးသားစွာ တရားဥပဒေနှင့် ညီညွတ်စွာ ရရှိလာသောဝင်ငွေ" ဟု မိန့်တော်မူခဲ့သည်။
ထို့ကြောင့် ငွေတိုးပေးခြင်းသည် ကုသိုလ်လား၊ အကုသိုလ်လားဆိုသော ကိစ္စနှင့် ပတ်သက်၍ သုံးသပ်စရာ ရှိလာသည်မှာ ထိုငွေကို ဘယ်လိုနေရာမှာ ရင်းနှီးမြှုပ်နှံသလဲဆိုသော ကိစ္စပင် ရှိနေတော့သည်။
ယနေ့ လောက၌ ယေဘုယျအားဖြင့် ဆရာဝန်၊ ကျောင်းဆရာအလုပ်တို့သည် ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းမှုဟု ယူဆရန် ရှိ၏။ သို့သော် ဘယ်လို ဆရာဝန်လဲ၊ ယနေ့ခေတ်၌ ဘယ်လို ကျောင်းဆရာလဲဟူသော မေးခွန်းလည်း မေးလာကြရပြန်သည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းပညာထက် ထိုပုဂ္ဂိုလ်၏ အကျင့်စရိုက်က ပို၍ အဓိကကျနေပေသည်။
အချုပ်ဆိုရလျှင် မှန်ကန်သော အသက်မွေးမှုဟူသည် မိမိဘာကို လုပ်သည်ဆိုတာထက် ဘယ်လိုလုပ်နေသည်ဆိုတာက ပို၍ အခရာကျနေကြောင်း တွေ့မြင်ရသည်။ ဗုဒ္ဓဘာသာ၏အမြင်သည် အခြားဘာသာများနှင့် ခြားနားစွာ ငွေတိုးပေးမှုကိုပင် အဆိုးအကောင်း တစ်စုံတစ်ရာ မပြောခဲ့။ ထိုငွေကို ဘယ်သူ့ကို ချေးငှါးတာလဲ၊ အတိုးယူနှုန်းက ဘယ်လောက်လဲဆိုတာကိုပင် အဓိက ဆွေးနွေးလေသည်။
သို့ဖြင့်ပင် အကြွေးမကင်းသော လောကကြီးထဲ၌ ဗုဒ္ဓတရားလည်း ပို၍ အံဝင်ခွင်ကျဖြစ်ပြီး ရှင်သန်နေလိမ့်ဦးမည်ဆိုတာ ယုံမှားဖွယ်ပင် မရှိပါပေ။