ကျောင်းနံရံမှ
ဗုဒ္ဓဝင်ပန်းချီကားများ၊ နှစ်(၅၀) မြောက် မဂ္ဂဇင်းစာအုပ်ကြီး ရုပ်ပုံများ
ပျက်စီးသွားခြင်း၊ ဆုတ်ဖြဲခံရခြင်းမှ စရမည်ထင်သည်။ မဂ္ဂဇင်းစာအုပ်ကား အရေးမကြီး၊
စာအုပ်များစွာရှိ၏။ ဘုရားခန်းထဲမှ ဘုရားပုံရေဆေးပန်းချီကားကြီးများကို
ရုပ်ဖျက်သွားခြင်းက တော်တော်အကြည့်ရဆိုး၏။ အဘယ့်ကြောင့် ဤသို့ လုပ်ရလေသနည်း။
ကော်မတီက စိတ်ဆိုး၏။ ရဲကို အကြောင်းကြား၏။ ရဲလာ၏။ စီစီတီဗွီမတပ်ရသေးသည့်အတွက်
ဘာမှလုပ်မပေးနိုင်ကြောင်း ရှင်းပြ၏။ တရားခံသက်သေ လက်အိတ်များ ရှိ၏။ ခက်သည်က
မပြေးသော်လဲ ကန်ရာရှိဖြစ်တော့၏။ ပန်းချီကားများကို ဖျက်သွားသော ထိုလက်အိတ်များကို
ဒကာတစ်ယောက်တွေ့လာ၏။ ထိုလက်အိတ်များကို ကိုင်ကြည့်လိုက်မိသည်က သီဟနာဒပင်တည်း။
မည်သူလက်အိတ်များကို ကိုင်သေးသနည်းဟု ရဲကမေး၏။ ဖြေရတော့၏။ သို့မဟုတ်လျှင်
တရားခံလုံးလုံးဖြစ်ရချေတော့မည်။ ရဲများက ရယ်ကြ၏( ရဲများလည်း ရယ်တတ်၏ဟူလို)။
ထိုပန်းချီကားများ ပြန်လည်အသက်သွင်းနိုင်ရေးအတွက် ပြင်ဆင်ကြရ၏။ ထို့ကြောင့်
သီရိလင်္ကာယဉ်ကျေးမှုပန်းချီများဖြစ်သဖြင့် သီရိလင်္ကာ ပန်းချီဆရာကိုခေါ်၍
အဆွဲခိုင်းရသော် ပို၍သင့်တော်မည်ဟု အကြံပြုမိ၏။ ရှာကြသည်။ မရ။ နှစ်လ၊ သုံးလ။
ကြာတော့ စိတ်မရှည်ချင်။ မြန်မာ ပန်းချီဆရာနှင့်လည်း ဖြစ်နိုင်သည်သာ။
ဒကာမတစ်ယောက်၏ အကူအညီဖြင့် ပန်းချီကျောင်းဆင်းလူငယ်လေး ရောက်လာ၏။ သူတစ်ပုံ
ပြန်ဆွဲပေး၏။
အတော်ကြာမှ ပဲခူးက ပန်းချီဆရာကို သတိရသည်။ ကုသိုလ်ရသည့် အလုပ်ဖြစ်သဖြင့် သူတော်တော်
ပျော်သွားသည်။ တနင်္ဂနွေသုံးရက်လာဆွဲပြီး ပန်းချီကားများကို ပုံမှန်ပြန်ဖြစ်အောင်
ရေးဆွဲပေးသည်။ ကျေးဇူးများစွာ တင်ရ၏။
ပြောချင်သောအကြောင်းကို အခုမှ ရောက်တော့သည်။
ပဲခူးမှ (စာရေးဆရာ) ပန်းချီဆရာက ဝါရင့်ပြီဖြစ်၏။ ထို့ကြောင့် ထိုပုံတို့ကို
ပန်းချီဈာန်ဖြင့် သူကိုယ်တိုင်ပြန်ဆွဲလိုက်သည်။ ပြီးသွားပြီ။
မြန်မာပန်းချီဆရာတစ်ယောက် ပြန်ဆွဲလိုက်တာ ဖြစ်သည့်အတွက် ပန်းချီကားမျက်နှာများက
မြန်မာမျက်နှာနှင့် အနည်းငယ်ဆင်သွား၏။ ပြုံးလိုက်မိ၏။ အားနာသလိုလိုလည်း
ဖြစ်လိုက်၏။ အကယ်၍များ နောက်ထပ်တစ်ကြိမ် ပြန်ဆွဲမည်ဆိုလျှင်
ဘုရားရုပ်ပုံတော်များအားလုံး မြန်မာပြည်က ရုပ်ပုံတော်များနှင့် တထေရာထဲ
ဖြစ်သွားနိုင်သည်ဟု တွေးမိခြင်းကြောင့်ဖြစ်၏။ ပျော်သလိုလို၊ အားနာသလိုလိုပင်တည်း။
မှန်၏။ မြန်မာဆွဲလျှင် မြန်မာနှင့်တူမည်။ မြန်မာထုလျှင် မြန်မာနှင့်တူမည်။
စကျင်တောင်ကြီး သာသနာပြုအစစ်ဖြစ်ပုံကို ဆိုတော့အံ့။
စင်္ကာပူ၊ မလေးရှား၌ရှိသော မဟာယာန၊ ထေရဝါရ ဗုဒ္ဓဘာသာကျောင်းများ၏ ဘုရားခန်းများကို
ဂရုစိုက်လေ့လာမိ၏။ မဟာယာနကျောင်းများတွင် ကွမ်ယင်စသော အခြားသောရုပ်တုများကိုလည်း
တွေ့ရ၏။ ထို့အတူ ဖြူဖြူသန့်သန့် မြန်မာမျက်နှာပေါက်နှင့်တူသော ဆင်းတုတော်ကိုလည်း
တွေ့ရ၏။
ပါရမီနုသေးသည်ဟု ဆိုလိုကဆိုစေ၊ ဖြူဖြူသန့်သန့် မြန်မာမျက်နှာပေါက်နှင့်
ဖြစ်တော်မူသော ထိုဆင်းတုကို ကြည်ညိုရသည်က ပို၍အားရနှစ်ထောင်း ဖြစ်မိ၏။ ဤကိစ္စကို
မငြင်းချင်၊ မငြင်းလို။ ထိုဆင်းတုတော်ကြီး၏ ခရီးအစကား
စကျင်ကျောက်တောင်ကြီးပင်တည်း။ ထို့နောက် မန္တလေး ကျောက်ဆစ်တန်း၊ ရွှေတိဂုံ
ခြေတော်ရင်းဝန်းကျင်။ ထိုမှတဆင့် ကမ္ဘာသို့ပင် ပြန့်သွားတော်မူ၏။
သီရိလင်္ကာကျောင်းတော်တော်များများ၌လည်း ဤဖြူဖြူသန့်သန့် မြန်မာမျက်နှာနှင့်
ဆင်းတုတော်ကို ဖူးတွေ့ရ၏။ သီရိလင်္ကာဘုရားဆင်းတုများကား ပုံသွင်းထားသည်ဟု ဆိုကြ၏။
မြန်မာက ထွင်းထု၏။ မည်သို့ဆိုစေ ခန်းမကျယ်ကျယ်၊ ပလ္လင်ပြန့်ပြန့်ရှိသော
နေရာတိုင်းတွင်မူ စကျင်မှ ကြွတော်မူလာသော အရှင်မြတ်ကြီးများကိုဖူးတွေ့ရတတ်၏။
စင်္ကာပူ၊ မလေးရှားလောက်ဖြင့် မပြီးသေး။
အမေရိက၊ ဥရောပ၊ အော်ဇီ နှင့် နယူးဇီလန်မှာ သီတင်းသုံးတော်မူကြသည့် ညီတော်၊
နောင်တော်တို့ထံမှလည်း သတင်းရသည်။ ထိုအရှင်တို့ နေရာများတွင်လည်း
ဤနည်းနှယ်နှယ် တွေ့ကြရသည်ဟု ဝမ်းမြောက်ဖွယ်သတင်းရသည်။
“ ဘုရားရတနာကို ဆင်းတုကကွယ်သည်” ဆိုသည့် ဆရာတော်ကြီးများ၏ သြဝါဒကို နာရဘူး၏။
မှန်ပါ၏။ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းဖြစ်ပါ၏။ ခက်သည်က ရဟန်းပင်ဖြစ်သော်ငြား
သီဟနာဒကိုယ်တိုင်ပင် ထိုစကျင်မှ ကြွလာသော ကိုယ်တော်မြတ်ကြီးကို တစိမ့်စိမ့်ကြည့်၍
ကြည်ညိုရာမှ ဘုရားရှင်၏ဂုဏ်တို့က ပို၍ ထင်ထင်ရှားရှား ဖြစ်နေသလို ခံစားရ၏။
ထေရဝါဒခြင်းပင်တူသော်လည်း ထိုင်းယဉ်ကျေးမှု ဆင်းတုတော်တို့က အမွမ်းအမံတို့များ၏။
သီရိလင်္ကာ ယဉ်ကျေးမှုဆင်းတုတော်တို့က ပို၍ရှင်း၏။ မျက်နှာတော်ကလည်း မဇ္ဈိမ
မျက်နှာတော်ဖြစ်၏။ ပို၍ နီးစပ်နိုင်သည်ဟု ထင်၏။
မည်သို့ဖြစ်စေ မြန်မာရဟန်းအဖို့မှာတော့ မြန်မာဘုရားနှင့်သာပို၍ သဟဇာတပစ္စည်း
စပ်တော့၏။ စကျင်တောင်သည် အမှန်ပင် သာသနာပြုနေသော တောင်ကြီးဟု
ခံစားမိသည်။(ကျောက်ဆစ်ထုသူများ၊ ပဲခူးမှ ပန်းချီဆရာနှင့် လူငယ်ပန်းချီဆရာလေးသို့-
အမှတ်တရ)
24/01/2012
Copyright © 2011 ကမ်းလက်. All rights reserved.