ပြီးတော့ သိကြားမင်းကိုယ်တိုင်လည်းပဲ အသူရာတွေနဲ့ စစ်တိုက်ခဲ့ရတာပါပဲ။ ဘုရားရှင်က တရားသောစစ်ပွဲနွှဲသူဆိုပြီး သိကြားမင်းကို အထူးတလည် ချီး မွှမ်းစကားပြောမနေပါဘူး။
မဟာယာနရဲ့ ဥပါယ်တစ်မျှင် ကျွမ်းကျင်ခြင်းအယူအဆ
မဟာယာနဗုဒ္ဓဘာသာက ဒီကိစ္စကို အထူးအလေးထား ဆွေးနွေးထားတာ ရှိပါတယ်။ လူအများအပေါ်ထားတဲ့ ကရုဏာကြောင့် လူတစ်ယောက်ကို သတ်ဖြတ်လိုက်ရခြင်းဟာ နှစ်ဦးနှစ်ဘက်ကို အကုသိုလ်ကနေ ကာကွယ်ရာ ရောက်လို့(ကိုယ်က အကုသိုလ်ဝင်ယူပေးလိုက်လို့) ပိုကောင်းတဲ့ အပြု အမူ လို့တောင် ဆိုထားပါတယ်။
ဥပါယကောသလ္လသုတ်မှာ ပြောထားတာက
“တစ်ခုသောဘဝမှာ ဘုရားအလောင်းဟာ သင်္ဘောကပ္ပတိန် တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ သင်္ဘောပေါ်က လူတစ်ယောက်ဟာ သူဋ္ဌေး၊ ကုန်သည်၊ ခရီးသွားတွေအားလုံးကို သတ်ဖြတ်ပြီးပါပါသမျှ ပစ္စည်းတွေကို အပိုင်သိမ်းဖို့ ကြံစည်နေခဲ့တယ်။ ဘုရားအလောင်းက ဒါကိုသိတော့ စဉ်းစား တယ်။ တကယ်လို့ ကုန်သည်တွေကို ဒီအကြောင်းပြောပြလိုက်ရင် သူတို့ က ဒေါသတကြီးနဲ့ ဒီလူကို လက်ဦးမှုရယူပြီး သတ်ပစ်ကြလိမ့်မယ်။ ဒါဆိုရင် သူတို့ အကုသိုလ်ကံကို ကျူးလွန်မိကြတော့မှာပဲ။ ဒါပေမယ့် အဲဒီလူဆိုးရဲ့ အကြံအစည်ကိုတော့ သူတားမှရမယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် သူ ကိုယ် တိုင်ပဲ အဲဒီလူကို သတ်လိုက်တယ်လို့ ဆိုထားပါတယ်။
(အဲဒီပုံပြင်က အဲဒီလူကို သတိပေး၊ မသတ်ဘဲဖမ်းပြီး ထိန်းချုပ်ထားရင် ရနိုင်ပါလျက်နဲ့ ဘာကြောင့် ဒီလိုမလုပ်ခဲ့ရတာလဲဆိုတာကိုတော့ ရှင်းပြမထားခဲ့ပါဘူး။ )
*** အထက်ပါကွင်းစကွင်းပိတ်က ပီတာဟာဗေးရဲ့ မှတ်ချက်ပါ။ အသည်းအသန်ပြောနေတဲ့ကြားက ဝင်နောက်သွားသေးတယ်။ အနောက်တိုင်းဗုဒ္ဓဘာသာက ပုဆစ်တုပ်၊ ပြောတာနားထောင်၊ “သတည်း” ချတိုင်း သာဓုခေါ်မယ့်လူတွေ မဟုတ်ကြဘူး။ (ဘာသာပြန်သူ)
ဘုရားရှင်နဲ့ စစ်တပ် ဆက်ဆံရေး
၁၈၉၄-ခု ဗုဒ္ဓဒေသနာ စုပေါင်းရွတ်ဆိုပွဲမှာ Paul Carrus က ‘ The Gospel of the Buddha’ ဆိုတဲ့အမည်နဲ့ သီဟစစ်သူကြီး ဘုရားရှင်ကို မေးလျှောက် တာနဲ့ပတ်သက်လို့ ပြောခဲ့ဖူးပါတယ်။
“စစ်ရေးစစ်မက်နဲ့ပတ်သက်ပြီး အကိုဖြစ်သူကို သတ်ဖြတ်ဖို့ကြိုးစားသူ ဟာ နောင်တ ရဖွယ်ဖြစ်တယ်လို့ ဘုရားရှင်မိန့်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်း ချမ်းရေးအတွက် စစ်ထွက်ရတဲ့ စစ်သားတွေကတော့ အပြစ်တင်စရာ မရှိ ပါ ဘူး။ အပြစ်ဆိုခြင်းဆို စစ်ပွဲဖြစ်အောင် ဖန်တည်းသူတွေကိုပဲ ဆိုရမှာပါ။ ဘုရားရှင်က ကိုယ့်အတ္တကိုပယ်ခွါဖို့ မိန့်ဆိုတော်မူခဲ့ပေမယ့် အကျင့်ပျက် အာ ဏာရှင်တွေကို ငြိမ်ပြီးခံနေကြဖို့တော့ မမိန့်မှာခဲ့ပါဘူး။
(Paul Carus, the Gospel of the Buddha. 1894)
ဒီစာသားကို လူတွေတော်တော်များများ ကိုးကားတတ်ကြပါတယ်။ ဒါပေမယ့် တကယ်ကိုးကားထိုက်အောင်ရော ဒီစာပိုဒ်က မှန်ကန်လို့လား။
Carus က ဒီစာပိုဒ်ကနေ အချက်နှစ်ချက် ဆွဲထုတ်ပါတယ်။
ပထမအချက်က ဒီစာပိုဒ်ကပြောတာဟာ စစ်ပွဲအကြောင်းမဟုတ်၊ ရာဇဝတ် သားကို တရားနဲ့အညီ စီရင်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်က ဒါဟာ စစ်ပွဲ အကြောင်း ပြောနေတာမဟုတ်၊ ဘုရားဆီရောက်လာတဲ့ သီဟစစ်သူကြီး အကြောင်း ပြောနေတာဖြစ်တယ်ဆိုတဲ့ အချက်ပါ။
အထူးမှတ်သားထားသင့်တာက သီဟဟာ စစ်သူကြီးတစ်ယောက်ပါ။ ဒီဒေ သနာကို နာကြားရပြီးတဲ့နောက် သောတာပန်ဆိုက်သွားတယ်လို့ သိရပါ တယ်။ ဘုရားရှင်က သီဟ စစ်သူကြီးကို စစ်တပ်ကနေထွက်ဖို့ မတိုက်တွန်း ခဲ့ပေမယ့် သောတာပန်အဆင့်ကိုရောက်ပြီးတဲ့ အရိယာ သူတော် စင်ဟာ မ ကျိုး၊ မပေါက်၊ မပြောက်မကြားတဲ့ ကိုယ်ကျင့်သီလ ရှိနေရပါတော့ မယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်မလားနိုင်တဲ့ အချို့ အကုသိုလ်အသေး အမွှားလေးတွေကို လွန်ကျူးနိုင်သေးတယ်လို့ ဆိုပေမယ့် ပြစ်မှု ကျူးလွန်ပြီး ရင် ချက်ချင်းအသိတရားရပြီး ပြင်သွားပါလိမ့်မယ်။ ဒါကြောင့် သောတာ ပန်ဖြစ်ပြီးသား အရိယာပုဂ္ဂိုလ်ဟာ သူတပါရဲ့း အသက်ကို စေတနာပါပါ သတ်ဖြတ်တယ်ဆိုတာကတော့ လုံးဝကိုမဖြစ်နိုင်တော့ပါဘူး။
အမှန်ဆို သီဟစစ်သူကြီးဟာ ဘုရားနဲ့မတွေ့ခင်က ဂျိမ်း ဘာသာဝင် တစ်ယောက်ပါ။ ဂျိန်းဘာသာဟာ “အဟိံသ” တရားနဲ့ပတ်သက်လို့ ဗုဒ္ဓ ဘာ သာထက်တောင် အလေးထားပါသေးတယ်။
ဘာပဲဆိုဆို ဘုရားရှင်ကို တစိုက်မတ်မတ်ကြည်ညိုထောက်ပံ့ခဲ့ပြီးသောတာပန်ဖြစ်မသွားရသူကတော့ပသေနဒီကောသလမင်းကြီးပါပဲ။ သူဟာ တွေးခေါ် စဉ်းစား တတ်ပြီး လူကောင်းတိုင်းနဲ့ မိတ်ဆွေဖြစ်နေသူလို့လည်း ဆို ထား ပါတယ်။ သူဟာ ကာကွယ်ရေးစစ်ပွဲကိုတော့ နွဲခဲ့ရပါသေးတယ်။ စစ်လိုတဲ့ အိမ်နီးချင်းဘုရင်က ဝင်ရောက်တိုက်ခိုက်လို့ပါ။ ပသေနဒီကောသလ ရှုံးသွားခဲ့တယ်။ ဒီတော့ ဘုရားရှင်က
“အောင်နိုင်သူမှာ ရန်သူတိုးပွါးပြီး
ရှုံးနိမ့်သူက စားမဝင် အိပ်မပျော်
ငြိမ်းအေးသူသာ ကြောင့်ကြမဲ့အိပ်ရပြီး
အောင်ပွဲ ရှုံးပွဲဆိုတာတွေကို လွန်မြောက်တယ်” လို့ ဓမ္မပဒ ဂါထာတော် နဲ့ ဟောခဲ့ပါတယ်။
နောက် ကောသလမင်းကြီးကပဲ လာတိုက်တဲ့ ရှင်ဘုရင်ကို ပြန် လည်တော်လှန်နိုင်ပြီး လက်နက်တွေ၊ စစ်တပ်တွေပါ ရုပ်သိမ်းလိုက်တော့မှ ဘုရားရှင်က-
“ဒီလိုအောင်မြင်မှုနဲ့သာ အောင်မြင်မှုအစစ်ကို ရနိုင်တယ်” လို့ မိန့်တော်မူ ခဲ့ပါတယ်။
ဒီနေရာမှာ သုံးသပ်စရာရှိနေတာက စစ်ပွဲတစ်ပွဲဖြစ်ပွါးရာမှာ တစ်ဖက်က တိုက်လာလို့ အခြားတစ်ဘက်က ခုခံတာပါပဲ။ စစ်ပွဲ၊ အကြမ်းဖက်မှုလို့ ဆိုပေ မယ့် တကယ့်စစ်ပွဲရဲ့ တရားခံကတော့ ကျူးကျော်စတင်တိုက်ခိုက်သူပါပဲ။ ဗုဒ္ဓဘာသာက တိတိကျကျရှုတ်ချတာကတော့ ကျူးကျော်စစ်ပွဲ ဆင်နွှဲ ခြင်းပါ။
Elizabeth Harris ကတော့ ဒီစာပိုဒ်ကပြောတာက ပသေနဒီကောသလမင်း ရဲ့ လက်ရှိအနေအထားကိုပြပြီး တစ်ဖက်သားက ကျူးကျော်တိုက်ခိုက်လာရင် ကိုယ်ကလည်းပြန်လည်ခုခံတဲ့စစ်ပွဲ နွှဲရမှာပဲဆိုတဲ့ အမှန်တကယ် ကမ္ဘာကြီး ရဲ့အခြေအနေ၊ နိုင်ငံရေးသဘောထားကို ဘုရားရှင်က ပြသခဲ့တာလို့ ဆိုပါ တယ်။ နိုင်ငံရေးသဘောတရားမှာတော့ တစ်ဖက်က ကျူးကျော်တိုက်ခိုက်ရင် အခြားတစ်ဖက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ရမှာပါပဲ။ ဒါကြောင့် ပသေနဒီကောသလရဲ့ စစ်ပွဲကတော့ ချီးကျူးဖို့တောင် ကောင်းပါသေးတယ် လို့ ပြောပါတယ်။
ကျွန်တော်ကတော့ ဘာစစ်ပွဲပဲဖြစ်ဖြစ် ချီးမွမ်းစရာအကြောင်းမရှိဘူးလို့ပဲ မြင် ပါတယ်။
အခြားတစ်နေရာမှာကျတော့ ရှင်ဘုရင်တစ်ပါးရဲ့ တာဝန်တွေကြီးမားပုံ၊ ဘုရင့်လောဘကလည်း အဆုံးမသတ်နိုင်ပုံတွေနဲ့ပတ်သက်ကြီး စိတ်မကောင်းဖြစ်ရကြောင်း ဘုရားရှင်ကို လျှောက်ထားပြန်ပါသေးတယ်။ ဒါကြောင့် ဘုရားရှင်က မိမိရဲ့ ကုသိုလ်ရေးတွေမှာပဲ စိတ်ညွှတ်ထားဖို့၊ ဘုရင်လည်း အခြားသူတွေလို တစ်နေ့သေရမှာပဲလို့ ဆုံးမစကားမိန့်ကြားခဲ့ပါသေး တယ်။
စစ်မက်ဖြစ်ပွါးတာနဲ့ပတ်သက်လို့ ဘုရားရှင်က ကောသလမင်းကြီးကို တိုက်ရိုက်ဝေဖန်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ပြီးတော့ သိကြားမင်း ကိုယ်တိုင် လည်းပဲ အသူရာတွေနဲ့ စစ်တိုက်ခဲ့ရတာပါပဲ။ ဘုရားရှင်က တရားသော စစ်ပွဲနွှဲသူဆိုပြီး သိကြားမင်းကို အထူးတလည် ချီးမွှမ်းစကားပြောမနေပါဘူး။
နောက်ပြီး ရဟန်းဖြစ်လိုသူတစ်ယောက်ဟာ မင်းမှုထမ်း၊ စစ်မှုထမ်းဖြစ်နေ ရင် သူ့လက်ရှိတာဝန်က ကင်းလွတ်ခွင့်ရမထားဘူးဆိုရင် ရဟန်းပြုခွင့်ပင် ပိတ်ပင်ခဲ့ပါသေးတယ်။ ဒါတွေဟာ ဘုရားရှင်ရဲ့ စစ်တပ်၊ စစ်ပွဲတွေနဲ့ပတ်သက် လို့ ကင်းကင်းရှင်းရှင်းနေတယ်ဆိုတဲ့ သဘောတွေပါ။
( ဆက်ရန် )
ဗုဒ္ဓဘာသာနှင့် စစ်တပ် ( ၂ )
သီဟနာဒ