ဝိုင်းကားဝိုင်း၏
။ အ၀န်းကားမတူညီကြ ။ အချို့ကကြီး၍ အချို့ကသေး၏ ။ တနည်းဆိုရသော် ပြန့်ကားခြင်းနှင့်ေ၀၀ါးခြင်း ၊
သေးငယ်ခြင်းနှင့် စုစည်းကျစ်လစ်မှုသဘော ။ ကောင်းကြပါ၏ ။ သူ့အထာနှင့်သူကောင်းကြပါ၏ ။
( No One or Nothing is Perfect ) ဟုခပ်တည်တည် ကွန်မင့်ပေးလိုသူများပေးနိုင်၏
။
ဘ၀၏ အနှစ်
(၂၀) ကျော်ကာလကို ခြင်္သေ့လည်ပြန်ကြည့်မိ၏ ။
အပြင်စာမဖတ်ရ
၊ မဂ္ဂဇင်း ၊ ဘာသာပြန် ၊ သတင်းစာ ၊ ရေဒီယို ၊ ကက်စက် မဖွင့်ရ ၊ နားမထောင်ရ ။ နေ့စဉ်
နေ့တိုင်းပါဠိတော် ၊ အဋ္ဌကထာ ၊ အင်္ဂုတ္ထိုရ် ၊ ၀ိနည်း ငါးကျမ်း ၊ ဓမ္မပဒတို့ဖြင့်ဘ၀သည် သိုသိပ်စွာ
ကျစ်လစ် နေခဲ့၏ ။ ကျဉ်းမြောင်၏ ။ သို့သော် ငြိမ်းချမ်း၏ ။ စုစည်းမိ၏ ။
သတ်မှတ်ထားသော
စာမေးပွဲများပြီး၏ ။ဆရာများက လွှတ်ပေးလိုက်၏ ။ စာသင်၏ ၊ ကဗျာဖတ်၏ ၊ မဂ္ဂဇင်း အစုံဖတ်၏ ။
စာဖတ်ရခြင်းသည်ပေါ့ပါး၏ ။ ဘုရားစာသင်ရတာလောက်မခက် ။ များများလည်းမရေးနိုင်ကြ ။ စာရေးဆရာများ၏
စာအုပ်ကိုငန်းသတ်ဖတ်လိုက်လျှင် ရက်အနည်းငယ်အတွင်းကုန်သွား၏ ။ ငယ်သေး၍ စာကြည့်တိုက်ကိုမရောက်သေး
။ စာအုပ်အငှားဆိုင်သာ ရောက်၏ ။ ထိုစာအုပ် ဆိုင်၌ရှိသော ၀တ္ထု ၊ ဘာသာပြန်စာအုပ်များအားလုံး
(၆) လအတွင်းအကုန်ဖတ်လို့ရ၏ ။
ဆိုလိုသည်မှာ ဘ၀ သည်(သို့) ဘ၀ အမြင်သည် ပြန့်ကားလာသည်နှင့်အမျှ လျော်ကြေး တခုပြန်ပေး
လိုက်ရ၏ ။ အမြင်သည်ေ၀၀ါးလာ၏ ။ဆုံချက်ဗဟိုများ ပြောင်းလာ၏ ။ ကြည်လင်နေသော (၄)
လက်မ ဓာတ်ပုံကို (၁၂) လက်မချဲ့လိုက်သည်နှင့် ဆင်ဆင်တူ၏ ။ ပြန့်ကားတိုင်းေ၀၀ါးတာမဟုတ်ဟု
ခပ်တည်တည် ကွန်မင့်ပေးလိုကပေးနိုင်၏ ။)
လွန်ခဲ့သောအနှစ် (၂၀) က ဘ၀နှင့် ယနေ့ဘ၀ကိုယှဉ်ကြည့်မိ၏ ။ ဟိုအရင်ဘ၀က အဆများစွာပို၍
ငြိမ်းချမ်း၏ ။ ယနေ့ဘ၀က ပညာမဟုတ်သောသညာတို့ဖြင့်ဖောင်းကားနေ၏ ။ သို့သော် ထိုဘ၀နှစ်ခုကို
လဲချင်၍မရ ၊ ရသော်လည်း မလဲချင်။
အတန်ငယ် ကြာလာသောအခါ အင်္ဂလိပ်စာသင်၏ ။ ထိုထက်ကြာလာသောအခါ အင်္ဂလိပ်စကားပြော၏ ။ အင်္ဂလိပ်စာအုပ်
ဖတ်၏ ။ တတ်တော့မတတ် ။ မတတ်လဲဖတ်လို့ရသည် ။ ကြာတော့မတတ်သော်လည်း နားလည်လာ၏ ။ အင်္ဂလိပ်စကားပြော၏
။ မှန်တော့မမှန်။ မမှန်လဲပြောလို့ရ၏ ။ ပြောရင်းဖြင့် အတန်ငယ် မှန်လာ၏။
ထိုအခါ ဆက်ဆံရသော ၀န်းကျင်ပြောင်းလာ၏
။
ယခုနှစ်ဦးပိုင်းကိုထည့်မတွက်လျှင်
ဘ၀၏ ဆယ်စုနှစ်တစုလုံး မိမိလူမျိုးများနှင့်ဆက်ဆံရသည်ထက် လူမျိုးခြားနှင့်ဆက်ဆံရသည်က
အဆများစွာပိုများ၏ ။ ထိုအခါ ဘ၀သည် (သို့) ဘ၀အမြင်သည် ပို၍ပြန့်ကားလာတော့၏ ၊ ပို၍ေ၀၀ါးလာသည်ဟုလည်းထင်၏
။ (၁၈) နှစ်သားသာမဏေဘ၀လောက် မငြိမ်းချမ်းတော့ ။ ပညာမဟုတ်သောသညာတို့ကြောင့် ဖြစ်၏ ။
သို့သော်
သညာသည် အကုသိုလ်စေတသိတ်မဟုတ်။ ပကိဏ်းဖြစ်၏။ ပကိဏ်းဖြစ်၍ ကုသိုလ်ဖြစ်နိုင်၏ ။ အကုသိုလ်လဲဖြစ်နိုင်၏ ။
ထို့နောက်
အင်တာနက်သုံး၏ ။ အင်တာနက်၏ပြန့်ကားခြင်းသည် အဆုံးမရှိဟုပင်ထင်ရ၏ ။ ဘ၀သည် ဤမျှအထိ ပြန့်ကားလာသောအခါ
. . . . . . . . . . . .
အမှတ်တရအဖြစ်ဆုံး သတင်းတပုဒ် စထရိတ်တိုင်းတွင် ဖတ်လိုက်ရ၏ ။အမျိုးသားများက ဆန္ဒပြကြ၏။
အကြောင်းကားအမျိုးသမီးများအတွက် လိင်ဖျော်ဖြေသောပစ္စည်းသာရှိပြီး အမျိုးသားများအတွက်မရှိ
၊ လိင်ခွဲခြားသည်ဟု ယူဆသောကြောင့်ဟုဆို၏။
ဘုရားဘုရား... ရဟန်းတပါးနှင့် ဤသတင်းမျိုးဘာဆိုင်သနည်း ၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖတ်ကား ဖတ်လိုက်မိပြီ
။ ဖတ်ပြီးသားကို မဖတ်ရသေးလုပ်မရ ၊ ရဲရဲဝံ့ဝံ့ ကြည့်လျင် ရှက်စရာတော့မဟုတ် ။ ဘုရားရှင်၏
ဝိနည်းတော် ၌ပင် ဤကိစ္စများပါဝင်၏ ။ ဘ၀နှစ်ခုကိုပြန်ယှဉ်မိ၏။
လွန်ခဲ့သောအနှစ် (၂၀) ကျော်က သာမဏေတစ်ပါးဆိုလျှင် မျက်နှာကြီးနီရဲသွားပြီး ထိုသတင်း
စာကိုလွှင့် ပစ်ကောင်းလွှင့်ပစ်ပေလိမ့်မည်။
အကြောင်းကား
ရိုးသားသောထိုသာမဏေသည် " ဤသတင်းစာသည် သာမဏေများသာဖတ်ရန် မဟုတ်" ဟူသည်ကိုသဘောမပေါက်သေးသောကြောင့်ဖြစ်၏
။ ရဟန်းများအတွက် ရေးခြင်းမဟုတ် ။
(၂၁) ရာစုရဟန်းကဤသတင်းအတွက် ဘာမှမဖြစ်တော့ ၊ ပြုံးပင်ပြုံးမိသေး၏ ။ ဟုတ်ပေသားပဲ ၊ လူသည်
လူ့ဆန္ဒကိုဖော်ထုတ်ခွင့်ရှိသည်။ (နော်ဝေးမှာဖြစ်လျှင်ဟုတော့ ပြောရမည်ထင်သည် ၊ ထိုဆန္ဒ
ပြမှုသည် နော်ဝေ၌ဟု ထင်သည်။) သူတို့တင်ပြသောအကြောင်းကလည်း မှန်ကောင်းမှန်နေလိမ့်မည် ။
(ရိုးသားစွာ ၀န်ခံရလျှင် ထိုရှိမရှိကိစ္စကိုတော့မသိပါ။)
နောက်တခု ထုတ်ဆိုဦးအံ့
။
သူ့ဇနီးနှင့်အတူယှဉ်တွဲလာပြီး ၀ိပဿနာတရားပြတတ်သည့် ဆရာကြီးဦးဂိုအင်ကာကို နှစ်ဝါသာ
ရသေးသော ရဟန်းက ကြည့်၍မရ ၊ အကြောင်းကား ၀ိပဿနာနှင့် ဦးဂိုအင်ကာ၏ဇနီး မဆိုင်ဟု ထင်နေသောကြောင့်တည်း
။
ယနေ့ (၂၁) ရာစု ရဟန်းကားဦးဂိုအင်ကာကို လေးစားကြည်ညိုနေမိ၏ ။ သူသည် သူ့ဇနီးကိုအိမ်မှာ
ဖွက်ထားပြီး ကိလေသာကုန်နေသူလိုလို ဟန်မဆောင်သောကြောင့် ဖြစ်၏ ။ ဇနီးဘေးမှာထားပြီး ၀ိပဿနာ
တရားပြလို့ရ၏ ။ ထိုမျှမက ဇနီးရှိသူလင်သားရှိသူများလည်း ၀ိပဿနာကို အားထုတ်လို့ရ၏ဟု ဘဝ
နေနည်းထိုင်နည်း (LIFE STYLE) ကိုပါ ပြနေသောကြောင့်ဖြစ်၏ ။
ကောင်းတော့ မကောင်း ၊
မေးတော့မေးရမည်။
မည်သူဦးဂိုအင်ကာလောက်အောင်မြင်သနည်း။
ဝိပဿနာ တရားစခန်းအီရန်မှာမည်သူထောင်နိုင်သနည်း။
"ဗုဒ္ဓဘာသာ" ဟူသောအမည်သည် ဘုရားပေးသော အမည်မဟုတ် ။ လူပေးသော အမည်ဖြစ်သည် ၊
ဘုရားပေးသောအမည်သည် “ဓမ္မ” ဖြစ်သည် ။ ကမ္ဘာနှင့် “ ၀ိနယ" မဆိုင် ။ ဦးဂိုအင်ကာသည်
“ဓမ္မ” ကိုဖြန့်သူဖြစ်သည် ။ ဗုဒ္ဓဘာသာကိုဖြန့်သူဟုတ်ကောင်းဟုတ်မည်၊ ဟုတ်ချင်မှ ဟုတ်မည်။
သို့သော် ဗုဒ္ဓဘာသာကို အသိုသိပ်ဆုံးနည်းဖြင့် ဖြန့်သူဟုတော့ယုံကြည်၏ ။ (ဤယုံကြည်မှုကို
သံသယရှိသူများကို လည်းထပ်ရှင်းနေရန် ၊ တုန့်ပြန်ရန်မလို ။)
ယနေ့(၂၁) ရာစုရဟန်းအများစုသည် ပြန့်ကားလာကြ၏ ။ေ၀၀ါးလာကြ၏ ။ လွတ်လပ်လာကြ၏ ။ စည်းဘောင်ကို သိပ်မကြိုက်ကြတော့
။ သြတ္တပ္ပထက် ဟိရိကိုလေးစားလာကြ၏ ။ သြတ္တပ္ပ ဟူသည် ကြောက်၍ ရှောင်သည် ၊ ကြောက်၍ လုပ်သည်
။
ဟိရိသည် ရှက်၍ရှောင်သည် ၊ ရှက်၍လုပ်သည်။ သိပ်မကြောက်တော့သည့်အတွက် လုပ်စရာပေါလာကြ၏။
ပြောစရာပေါလာကြ၏ ။ ကောင်းကားကောင်း၏ ။ ကောင်းလည်းမကောင်း ။ ကောင်းကောင်းမကောင်းကောင်း
ကောင်းသည်ဟုသဘောထားလိုက်ကြ၏။
*ရေပေါ်၌ ကိုယ်ဖော့  နိုင်လျှင် ထိုရေမည်မျှနက်ခြင်းမနက်ခြင်းသည်ပြသနာမဟုတ်
။
ဒူးဆစ်မမြုပ်သောရေ၌ ရေနစ်သေသူတွေ့ဖူး၏ ။
သီဟနာဒ
(posted on 05/03/2012)
Copyright © 2011
ကမ်းလက်. All rights reserved.