အဲဒီရထားကြီး


အဲဒီရထားကြီး
ဘူတာဝင်သွားပုံကို
သား သဘောမတူဘူးတော့ အမေ။

သံလမ်းကလေးကို
ပက်လက်နင်းသတ်ခဲ့ပြီးတာတောင်
သူက အာခေါင်ခြစ်ပြီး အောင်ပွဲခံရဲတယ်။

သမုဒယ ဟိုက်ကူ


"Even in Kyoto
hearing the coukoo's cry
I long for Kyoto"


ဒီ ဟိုက်ကူကဗျာက ဇင်ဘုန်းကြီး၊ ဟိုက်ကူမာစတာကြီး ဘရှိုးရဲ့ (Basho. 1644-1694) လက်ရာပါ။ ခံစားလေ့လာသူတွေ၊ ကမ္ဘာ့ ကဗျာဗေဒပညာ ရှင်တွေကတော့ ဒီကဗျာမှာ သစ္စာလေးပါးရဲ့ အငွေ့အသက်တွေ၊ လက္ခဏာေ ရး သုံးပါးရဲ့ အငွေ့အသက်တွေ စီးဝင်နေတယ်လို့ ဆိုကြပါတယ်၊ ကျနော်ကတော့ သမုဒယသစ္စာ၊ ခပ်ပါးပါး ဒုက္ခသစ္စာနဲ့ လက္ခဏာရေး သုံးပါး ရှုမျှော်ကွင်းလောက်ပဲ ခံစားလို့ ရပါတယ်။

"ကျိုတိုမှာဆိုရင်တောင်
ဥဩတွန်သံကို ကြားနေရရင်း
ကျိုတိုကို ကျနော် လွမ်းမိဆဲ"


ဒီကဗျာတစ်ပုဒ်းလုံးကတော့ ဘရှိုးဟာ ကျိုတိုမြို့ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ဖွဲ့နွဲ့ပြထားတာပဲ ဖြစ်ပါတယ်။
ဒီကဗျာရဲ့ မိတ်ဆက်က "Even in Kyoto" ပါ။ ဒီလိုပြောလိုက်တော့ ဒီ ကဗျာ ကို သီကုံးခိုက် ဘရှိုးဟာ ကျိုတိုမြို့မှာ ရှိမနေဘူးလို့ ခံစားလို့ သလို ဘရှိုး ဟာ ကျိုတိုမြို့ကနေ တစ်ခါတစ်ခါ အဝေးရောက်နေရတတ်တယ် လို့ ခံစား ရင်လည်း ရပါတယ်။
သူ ကျိုတိုကို လွမ်းတယ် ဆိုရာမှာ သူ့အလွမ်းစိတ်ကို မြားခေါ်သွားတာက ကျိုတိုတင်မကတော့ဘဲ ဥဩတွန်သံနဲ့ပါတွဲပြီး အားဖြည့်ပေးထားတာ တွေ့ ရပါတယ်။
"ဥဩတွန်သံကို ကြားနေရရင်း (နဲ့တောင်)
ကျိုတိုကို ကျနော် လွမ်းမိဆဲ"
ဒီ နှစ်ကြောင်းက အနှောင်အဖွဲ့လို့ အမည်ရတဲ့ "သမုဒယသစ္စာ" ကို ကဗျာ ဆရာက ပြန် " နှောင်ဖွဲ့" လိုက်တာပါပဲ။
ကျိုတိုမှာ မဟုတ်လို့၊ ဥဩတွန်သံကို မကြားရလို့ သူ လွမ်းနေတာ မဟုတ်တော့ဘူး။ ၊ ဥဩတွန်သံကိုကြားနေစဉ်မှာကိုပဲ ဥဩတွန်သံကို ထပ်လွမ်းပြလိုက်ချင်းပါ။
ဒါ ဘာလဲ?
ပိုင်ဆိုင်နေရပြီပဲ၊ လွမ်းနေ၊ တမ်းတနေစရာ မလိုတော့ဘူး။

တကယ်တော့လည်း သမုဒယမှာ ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် လည်း မရှိပါဘူး။ ဒါကြောင့်လည်း သမုဒယက နာမည်တစ်လုံးနဲ့ နေနိုင်တာ မဟုတ် လား။
သမုဒယက ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် မရှိသလို ဘရှိုးကလည်း ရပ်မနေခဲ့ပါဘူး။ ကျနော်တို့ကိုလည်း ရပ်နားခွင့် သူ မပေးခဲ့ဘူး။
အခု ဥဩတွန်သံကို ကြားနေရပေမဲ့.....
ကျိုတိုမြို့ကနေ အဝေးကို ခရီးသွားရတဲ့ အခါ.....
ဥဩတွန်သံကို မကြားလိုက်ရတဲ့ အခါ.......
ဘုရား ဘုရား!!!!!
အနိစ္စတရားကို ဘယ်သွားထားကြမလဲ?
သူလာခေါ်လို့ အပြီးလိုက်သွားရတဲ့ အခါ.......
အဲဒီ အခါတွေမှာ
ကျိုတိုကို.............
ဥဩတွန်သံကို.................

သူ့အလွမ်းကို စိုးရိမ်မှု (ဒုက္ခသစ္စာ) အမြှေးပါးလေးနဲ့ပါ ထုပ်ပိုးပြသွားတယ်။
ဒုက္ခကို ခပ်ပါးပါး ပြသွားခဲ့ပေမဲ့ ဘရှိုးရော ကျနော်တို့အားလုံးဟာ အမြှေး ပါးလေးကို ခွာပြီး (ငှက်ပြောသီး အခွံကို ခွာလိုက်သလိုမျိုးပဲ) သမုဒယ ဆီ ခြေကုန် သုတ်ကြပြန်တယ်။
ဒီကဗျာမှာတော့ သမုဒယသစ္စာ ကိုယ်တိုင် ဘရှိုးရဲ့ ချည်နှေင်ခြင်းကိုခံလိုက် ရတယ်။
ဒီလိုနဲ့ သမုဒယက ဘရှိုးကို ချည်လိုက်၊ ဘရှိုးက သမုဒယကို ချည်လိုက်။
သမုဒယက ကျနော်တို့ကို ချည်လိုက်၊ ကျနော်တို့က သမုဒယကို ချည်လိုက် ပါပဲ။


21/11/2013

ငါတို့မြို့


ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ဆီ
သူငယ်ချင်း ကဗျာဆရာက
တို့မြို့ဟာ ဓာတ်တိုင်တွေပေါ် ခရမ်းချဉ်သီးတွေ
သီးနေတဲ့ မြို့
ဘလက်ဘုတ်တွေ အလျားလိုက် ထောင်ထားတဲ့ မြို့
ဘလက်ဘုတ်တွေပေါ်
မြေဖြူတွေနဲ့ ကြက်ခြေခတ်ထားတဲ့ မြို့ တဲ့။
မဟုတ်သေးဘူး ကွာ
မြွေဆိုးကြီးနှစ်ကောင်
တောင်ပေါ်က ဆင်းလာတဲ့ မြို့။



လရောင်သည်
ပွက်ပွက်ဆူရေနွေးအိုးထဲ ထိုးကျစဉ်
ငွေဇင်ယော်သည်
ပခုံးကြမ်းကြမ်းကြီးဖြင့်
ညကို ထမ်းပိုးထွက်သွားလေသည်။

 

ဒွိဟကာရန်(ဖြတ်၊ ညှပ်၊ ပြန်ကပ်၊ စပ်ထည်)


မျက်နှာအဆီပြန်နေတဲ့ ကောင်းကင်တစ်ခုကို ပိုင်ဆိုင်ရုံနဲ့
ကျနော့်ဘဝထဲက မော့သောက်ခွင့်မရခဲ့တဲ့ စိတ်ကူးယဉ်မှုတစ်ချို့ဟာ
အပျိုရည်ပျက်မသွားခဲ့ပါဘူး။ တကယ်တော့ ဒါတွေဟာ အခွင့်သင့်တဲ့
ညတစ်ညမှာ မက်ဖို့ဆိုပြီး ထုပ်ပိုးသိမ်းဆည်းထားတဲ့ အိပ်မက်တစ်ချို့ပါ။

ကျနော် အိပ်မက် မမက်တာကြပေါ့ ဝေနှင်းရေ။
ခုတလော ဝေနှင်းရော အိပ်မက်တွေ ပုံမှန်မက်ဖြစ်သေးလား။
ခြေလက်ဆင်းထိုင်နေတဲ့ ကံကြမ္မာကို ဆွဲမထူဖြစ်ခဲ့တာကလွဲရင်
ကျနော့် ပခုံးပေါ်က ဝတ်ကြီးဝတ်ငယ်တွေကလည်း ကျားကိုးစီးစားလို့ မကုန်ပါဘူး။


ကျနော်ကြားဖူးတာက နောက်ဆုံးက လူဟာ
နောက်က ချောင်းရိုက်တာ မခံရဘူး တဲ့။
ဝေနှင်းလည်း ဝေစရာ ရှိရင်တောင် နောက်ဆုံးမှ
ဝေကြည့်ပါလား။ နှင်းတွေက လူတွေလို နောက်က
ချောင်းရိုက်တာ ရှိသလားတော့ မသိဘူးပေါ့လေ။
ယုံကြည်မှုဆိုတာ ရှေ့က ပန်းဝင်ရင်တောင်
ဆုမရ တတ်ဘူးမဟုတ်လား။
ဒါနဲ့ ကျနော်မေးတာကို ဝေနှင်းမဖြေသေးဘူးနော်။

အဲ....ကျနော် မေးဖို့မေ့နေတာလည်း ဖြစ်နိုင်ပြန်ရော။
မေးဖို့မေ့မနေဘူး ဆိုရင်တောင် ဘာမေးရမယ်ဆိုတာ
မေ့နေရင် မေးလို့ ဘယ်ရမလဲနော်။
ကျနော် ဝေနှင်းကို တစ်ခုခု မေးမိသလား။
မမေးဘဲ ဖြေလို့ရတာတွေရှိနေတတ်တော့
မေးခွန်းဆိုတာ အမှန်တကယ်လိုအပ်တဲ့ အရာ
ဟုတ်မဟုတ် မသေချာပြန်တော့ဘူး။
ကျနော့်ယုံကြည်မူတွေ နောက်ကျနေတတ်လို့
ကျနော့်ကို ချန်ထားခဲ့ပါ။




ကျနော်တို့ နိုင်ငံက ပူတော့
ကျနော့် အိပ်မက်တွေကလည်း ချွေးတွေနဲ့။
ဒါနဲ့ ရေဆင်းသောက်မိတာပါ။
ဆားငန်ရေ ဖြစ်နေတော့ ဟော်တယ်ခက တစ်ညကို
ခြောက်သောင်း တဲ့။
ကျနော့်မိတ်ဆွေ ချိန်းထားတဲ့ သမင်ကို
ပီဠိယက္ခက အရင် ပစ်ယူသွားလို့ အဲဒီနေ့က
သုဝဏ္ဏသာမ မြားဒဏ် မထိခဲ့ဘူး။
ဒီတစ်ခါ ပီဠိယက္ခက သုဝဏ္ဏသာမ
လူဆိုတာ ခွဲခြားတတ်တယ်
အရင် ပီဠိယက္ခထက် လူကဲခတ် သာတာပေါ့နော်။

ဟုတ်တယ် ဝေနှင်း ရေ၊
ဒီခေတ် လူတွေက လူကဲခတ် ပိုကောင်းတယ်။
ယုံအောင် မလိမ်တတ်ရင် အမှန်အတိုင်းပြောတာက ကုသိုလ်ရတာပေါ့။
မြားဒဏ် မထိလည်း သူတို့မိသားစုကတော့ ချစ်ချစ် ခင်ခင်ပါပဲ တဲ့။
ဒါနဲ့ပဲ ချစ်ခြင်းမေတ္တာဆိုတာ
မြားဒဏ်နဲ့ မဆိုင်သလို ဟဲမင်ဝေး ပြောသလို သေခြင်းတရားနဲ့လည်း မဆိုင်ပြန်ဘူး။
(ဟဲမင်ဝေးက မာက်တွိုင်းကို အကြောင်းသုံးချက်ကြောင့် ကြိုက်တယ်တဲ့။
တစ်က စာရေးကောင်းလို့။ နှစ်က သူ့ကို ဖျော်ဖြေမှု ပေးနိုင်လို့။ သုံးကတော့
မာက်တွိုင်းက သေသွားပြီ မို့ တဲ့)
သူပြောသလိုဆိုရင် တစ်ယောက်ကို တစ်ယောက် ချစ်ဖို့
သေပေးဖို့ များ လိုသလားလို့ စဉ်းစားစရာပဲပေါ့။ ကျနော့်ကို ထားခဲ့ပါ ဝေနှင်းရေ။
ဟဲမင်ဝေး ကြိုက်အောင် ကျနော် ဖျော်ဖြေမှု မပေးနိုင်ခဲ့ဘူး။


ဒါနဲ့ ကျနော်မေးတာကို ဝေနှင်းမဖြေသေးဘူးနော်။
အဲ....ကျနော် မေးဖို့မေ့နေတာလည်း ဖြစ်နိုင်ပြန်ရော။
မေးဖို့မေ့မနေဘူး ဆိုရင်တောင် ဘာမေးရမယ်ဆိုတာ မေ့နေရင်
မေးလို့ ဘယ်ရမလဲနော်။

ကျနော် ဝေနှင်းကို တစ်ခုခု မေးမိသလား!

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ


img source
ဒီထက် ဂလိုဘယ်ဆန်တဲ့ရွာ
ဘယ်မှာရှိနိုင်ဦးမလဲ
ကဲ ပြောကြ။

ပထမ လေးအိမ်စုရွာ(၁)
ရွှံ့ဗွက်ကထူထူ
အနံ့အသက်ကအူအူ
အိမ်နာမည်တွေက ခွေးသားရေပုရဗိုက်ပေါ်မှာ
မှင်နက်နက်နဲ့ ရေးထားလေရဲ့။

သူ့နောက်က ခွန်နှစ်အိမ်စုရွာ(၂)
မာယာကတချို့တဝက်
ကဗျာကယာကတချို့တဝက်
အိုင်ဒီယော်လော်ဂျီတွေက လက်ခမောင်း ခတ်
အိမ်နံပါတ်တွေက
(တတ်နိုင်ရင် တတ်နိုင်သလို)
ရွှေအိုရောင် ဖောင်းကြွစာလုံးတွေနဲ့။   

နောက်ဆုံးက အိမ်နှစ်ဆယ်စု ရွာကြီး(၃)
ကိန်းဂဏန်းကြီးတယ်
အနံကြီးကွင်းကျယ်
တော်တော့်ကောင်ကို ဟုတ်တယ်မထင်
(မသိရင်)
ခြေမချရဲလောက်စရာ
တကယ်ကို ထည်ထည်ဝါဝါပဲ
အိမ်နာမည်တွေကတော့
ငွေမှင်ရောင် ဖောင်းကြွပေါ့

ဒါပေမဲ့
သူသိတယ် ဒါတွေက
ခန်းနားတဲ့ နာရေးကြော်ငြာမျှသာ။

မထမယာမ်မှာ ပထမဉာဏ်ပွင့်တော့
မချင့်မရဲနဲ့ အရှင်က
ဒီရွာတွေရဲ့ အာခီတက်က ဘာလဲ
ဒီအိမ်တွေရဲ့ အာခီတက်ချာက ဘယ်သူလဲ
စေ့စေ့ငုငုကြည့်မိတော့
ရွာတိုင်းမှာ
သူ့ခြေရာတွေ ပြန်တွေ့ရလေရဲ့။

ဒီိတော့မှ
တို့ အရှင်ရဲ့ ဥဒါန်းသံ ညှင်းညှင်းက
"ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ" တဲ့။


၁။ အပါယ်လေးဘုံ
၂။ ကာမသုဂတိ ၇ ဘုံ
၃။ ဗြာဟ္မဘုံ ၂၀။

"သန္ဓာဝိသံ အနိဗ္ဗိသံ"


ခြေရာတွေများရင် ခြေရာမထင်တော့ဘူး
မျက်လုံးပိတ်ထားစဉ်
ဥဒဟိုပြေး ခြေသံများ(ဖွင့်မကြည့်ရဲခဲ့)
တွားသွားသတ္တဝါရဲ့ခြေရာ
လူရဲ့ခြေရာ
လေးဖက်သွားခြေရာ
လိပ်ပြာတစ်ကောင် ယင်တစ်ကောင်ရဲ့ ခြေရာ
ခြေရာမထင် ဝိနိပါတခြေရာ
များ....များ...များလှချည့်

တတိယယာမ်မှာ တတိယဉာဏ်ပွင့်လို့ သိလိုက်တာက
ဒီခြေရာတွေ အာလုံးဟာ
သူ့ခြေရာတွေခြည်းပဲ။

ဒီတောာ့မှ အရှင့်ဥဒါန်းက
"သန္ဓာဝိသံ အနိဗ္ဗိသံ"

***************

ကမ္ဘာကြီးက ကျယ်ပေမဲ့
ဝပ်ကျင်းက ကျဉ်းကျဉ်းလေး(လူတိုင်း)
အက်ကိုးသံကို စိန်ခေါ်သံထင်ပြီးလိုက်နေရင်
ကမ္ဘာဟာ(သို့)သံသရာဟာ ကျယ်သထက် ကျယ်မယ်။
"အနေကဇာတိ သံသာရံ"





ကဆုန်လပြည့်မတိုင်မှီ ပထမဗုဒ္ဓဝစန(အနေကဇာတိ)ဂါထာကို တစ်ပိုဒ်ချင်း ခံစားရေးဖွဲ့၊ ပူဇော်မှုပါ။

ဆိုလာစစ်စတန် သီအိုရီ


ငါ့လ
ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါ။

သူ့လ
သူ့ကမ္ဘာမှာတော့
ငါက အသေးမွှားဆုံး
ကြယ်တစ်လုံးမျှသာပါပဲ။

လူဆိုတာ
ဝန်းကျင် ကျဉ်းလေလေ
အကောင် ကြီးလေလေ။

 

**ပန်းတွေမပွင့်သေးဘူး ဗျာ**


ဘာသာရေးပွဲအခန်းအနားပြီးတော့ ကဗျာတွေ ရွတ်ကြတယ်။ ဘုန်းကြီးတွေရော၊ လူတွေရောပဲ။ ဇင်ဝေသော်တို့လည်း ရှောင်မရတော့ ဖုတ်ပူမီးတိုက် စိတ်ကြိုက်တောင်မရောက်လိုက်ဘဲ ရွတ်ခဲ့ရတယ်

**ပန်းတွေမပွင့်သေးဘူး ဗျာ**

ဟုတ်သလား
ပန်းတွေတော့ မပွင့်သေးဘူး ဗျာ
(May be but there are not flowers yet.)

တကယ်တော့ သူဟာ အဖြူရောင်
အံစာတုံးတစ်တုံးပါ
သူနဲ့ သူတို့ကို လက်မနဲ့တောက်
အပေါ် မြှောက်
ဒေါက်ကနဲ အောက်အကျ
ခွက်ငယ်နဲ့ အုပ်ထားလိုက်ကြတယ်။
သူနဲ့ သူတို့ဟာ
လှောင်.....
မှောင်........
ဟောင်........
ခွက်ငယ်အောက်မှာတောင်
ဒိုင်မင်းရှင်းတွေ မပြောင်းခဲ့ကြဘူး
အဲ သူကတော့ အရောင်ပြောင်းသွားတယ်
အပြာရင့်ရင့် အံစာတုံးတစ်တုံး ဖြစ်သွားရော။

ဆင်ကွ ကျားကွ
အော်ကြ လောင်းကြ
လျော်ကြ စားကြ
ကလော်ကြ ဖားကြ
တိမ်ရေးသဖွယ် လောင်းကစားဝိုင်းထဲမှာ
သူ့ ဒိုင်မင်းရှင့်နဲ့ သူ
အပြာရောင်စစ်စစ် ပွင့်ပစ်ခဲ့တယ်။

သူယုံကြည်တာက လစ်ဘရယ်
လစ်ဘရယ်မှ အပ်ဘဆိုလိုတစ် လစ်ဘရယ်။

ကဲ အခုကြည့်
လျော်ကြ စားကြ
ကလော်ကြ ဖားကြ
တိမ်ရေးသဖွယ် လောင်းကစားဝိုင်းထဲကနေ
အံစာတုံး ပီပီပဲ
ဘာမှမယူ
ဘာမှမရ
ထွက်သွားခဲ့ပြန်ရော။

ဒီမိုကရေစီ ဆောင်းဦးပေါက်အထိ
ပန်းပွင့်တွေ မပွင့်သေးလို့ဆိုပြီး
သူ့ကိုယ်သူ မီးရှို့
အပြာရောင် ပြာမှုန့်တွေနဲ့
ပန်းပင်တွေကို မြေဩဇာကျွေးသွားခဲ့တယ်။

အပြရောင်ဟာ ငြိမ်းချမ်းခြင်း
အပြရောင်ဟာ တော်လှန်ခြင်း
အပြရောင်ဟာ
ဦး
ဝင်း
တင်

ဇင်ဝေသော်
(၂၇၊ ၄၊ ၁၄)

နှစ်ကူးဆုတောင်း


လူအမျိုးမျိုး
နတ်အမျိုးမျိုး
အလိုအမျိုးမျိုး
စကားအမျိုးမျိုး
ဓမ္မကထိကအမျိုးမျိုး
ဘုရားရိုခိုးအမျိုးမျိုး။

လူသစ်
စိတ်သစ်
အစိုးရသစ်
အနာဂတ်အသစ်
ဘုရားရှိခိုးအဟောင်း
ငါးပါးသီလအဟောင်း
မဂ္ဂင် ရှစ်ပါး အဟောင်း
ဝိစကီမကြိုက်တဲ့ပင်လယ်
ငါးပါးသီလ လုံတဲ့ ရေ၊မြေ၊လေ၊မီး
ဓာတ်ကြီးလေးပါး ဗြဟ္မစိုရ်လေးပါး ပွားစေ။

စီးပွားရေး ပိုလီယို မာရသွန်ပြိုင်စေ
(နှစ်ယူသိ၍)
တစ်ယူသန်တို့မိုးတိမ်ကင်းစင်စေ
အမြဲစိမ်းသစ်တောတို့ ကျန်းမာစေ
အမြဲစိမ်းလူတို့ နေရာမှန်ပြန်ရောက်စေ
အမြဲဝါလယ်ခင်းတို့ ကမ္ဘာ့ (နာမ်) ရိက္ခာဖြစ်စေ။

အင်ကျင်းပန်းတို့ ခါချဉ်ကင်းစေ
အနာဂတ်အသစ်
မျှော်လင့်ချက်သစ်
အစိုးရအသစ်
ချစ်သူအဟောင်း
ဇနီးမောင်နှံအဟောင်း
သား၊ သမီးအဟောင်း
ဟောင်းတိုင်း မဟောင်း
သစ်တိုင်းလည်း မသစ်
ဘယ်လောက်သစ်သစ် ဒီမျက်နှာက အဟောင်း
ဘယ်လောက်ဟောင်းဟောင်း ဒီအိပ်မက်က အသစ်။

မုန့်လုံးတို့ ရေပေါ်
လူပေါ်တို့ဘီယာဆိုင်အချိန်ဖြုန်း
ကင်းစေ၊ဝေးစေ။

ကလေးတို့ သင်တဲ့ပညာ ဂလိုဘယ်ဆန်စေ
လူကြီးတို့ရှာတဲ့ငွေ ဂလိုဘယ်ဆန်စေ
ချို့တဲ့သော ပညာရှင်များ ဗိုက်ဝစေ
ဗိုက်ရွှဲသူတို့ ပညာမချို့ပါစေနဲ့။

ဆံပင်က နီကြောင်ငြား
စိတ်မကြောင်စေ
စကတ်အလယ်က ကွဲသော်ငြား
ကိုယ်ကျင့်များလုံကြစေ။
ဂျင်းဘောင်းဘီယဉ်ကျေးမှု
ယာတောထဲ ဟစ် ဟော့ဖြစ်စေ။

ခေတ်ရေစီး ဆည်တည်ဆောက်မရ
ကမ္ဘာခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
နိုင်ငံ ခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
(ပိတ်ထားတဲ့)
ထောင်တံခါးများပွင့်စေ
(ပိတ်ထားတဲ့)
စီးပွားရေးတံခါးများပွင့်စေ
မျက်နှာကြောထက် လက်ကြောများတင်းစေ။

အမှားကို အချင်းချင်း တီးတိုးပြောစေ
ဖေ့စ်ဘုတ်မှာ စတေးတပ် မတင်ပါစေနဲ့။
ကျေးလက်သားတို့ မြို့တက်စေ
မြို့ကြီးသားတို့ ဂလိုဘယ် ဝင်ဆန့်စေ(မအူပါစေနဲ့ ဘုရား)။
နားဝင်ပီယံဖြစ်မှ "လိုက်ခ်" သူတွေ လျော့ပါးစေ
စပ်ဖျဉ်းဖျဉ်းဝေဖန်မှုကို ကြိုဆိုသူ များစေ။
အရှိကို အရှိတိုင်းမြင်ရဲသူတွေများစေ
ဂန္ထဝင်ထဲက သာကီဝင်မောက်မာမှုတွေ လျော့စေ။

တစ်နှစ်မှာ ၁၂ လ
ပဋိစ္စသမုပ္ပါဒ်မှာလည်း ၁၂ ကန့်
အဝိဇ္ဇာ လှည့်တဲ့စက်ရပ်စေ
ပညာလှည့်တဲ့စက်လည်စေ။

(ကမ်းလက်)

တသန္ဓေဓေ


"တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊
တညှဉ်းဆိုးဆိုး၊ တညှိုးလျလျ၊
တတလွမ်းလွမ်း၊ တသမ်းဟယ်ဟယ်၊
တတွယ်တာတာ၊တဟာလှိုက်လှိုက်၊
တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊
တဝန်းလျားလျား၊ ရဟတ်ချားသို့"




 ကဲ...လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်က ရှင်မဟာရဋ္ဌသာရတို့ လုပ်ချက်။
"တသန္ဓေဓေ" တဲ့။ ရက်ရက်စက်စက် လှလွန်းတဲ့ ဝေါဟာရပါပဲ။
ကဗျာရေးရမှာ လက်တွန့်တယ်။
"နုလွန်းသလေး၊ နွဲ့လွန်းသလေး၊ ဖွဲ့လွန်းသလေး၊ နှမလက်လျော့ နေလေတော့"
ဘယ်သူ ဘာပြောပြော အနုပညာက ရေရှည်ခံတယ်။

(မနေ့က) ငါနဲ့ (ဒီနေ့) ငါကြား


(@@@@@@@@@@)

ကိုယ့်ကိုယ်ကိုယ် မောင်းနှင်မနေရင်
တစ်ယောက်ယောက်(သို့) တစ်စုံတစ်ရာက
မောင်းနှင်တတ်တယ်(တဲ့)။

ပြိုင်ဆိုင်မှုဝါဒက
သစ်ပင်နှစ်ပင်ကြား
ကျောက်ခဲ နှစ်လုံးကြား
သစ်ပင်နဲ့ ကျောက်ခဲကြား
သက်ရှိနဲ့ သက်မဲ့ကြား
သက်မဲ့နဲ့ သက်မဲ့ကြား
သက်ရှိနဲ့သက်ရှိကြား
လူနဲ့လူကြား
လုနဲ့လုကြား
လူးနဲ့လူးကြား
နောက်ဆုံး...
ဘုရားပျက်နဲ့ ညောင်ပင်ပျိုကြား (သိတာအကုန်ပဲ) ရှိတယ်(ထင်တယ်)။

ပိုတွေးတတ်တဲ့လူတွေက
(မနေ့က) ငါနဲ့ (ဒီနေ့) ငါကြား (မှာတောင်)
ရှိနေတယ်(တဲ့)။

ဒီလ ၂၈ ရက်အထိ
ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေရဦးမယ်။ ။

ဒါပေမဲ့


တစ်ဆင့်ချင်းတော့ ဆုတ်ပေးနေကြတာပါပဲ
ဒါပေမဲ့
နောက်ဆုံးကတုတ်ကျဉ်းက ဘယ်ဟာလဲဆိုတာ
သမိုင်းထဲကလူတိုင်းသိနေတယ်။

အလံဖြူထောင်ထားတဲ့ တောင်ကုန်းကို
သိမ်းပိုက်ချင်တယ်ဆိုရင်တော့
ဘယ်လို ဒစ်ပလိုမေစီမှ ဆေးစွမ်းထက်မယ် မဟုတ်ဘူး။


ဆင်ခြေ နှစ်


ခြေရာခံကြေးလား
ဘယ်သူ့ခြေရာက
မိုးလုံလေလုံရှိလို့လဲ ကွာ။

ရွာသားတစ်ယောက်အနေနဲ့ကတော့
မိုးနဲ့မြေထိတဲ့နေရာမှာ လူမဖြစ်ချင်ဘူး
ငါ သွေးထားတဲ့ဓား မထုတ်နိုင်ခင်
ငါ ပြားသွားမှာစိုးရိမ်တယ်။


 

ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်


ဒီလ ပိတောက်ပွင့်သစ်ထဲက ကဗျာပါ။ အာစီယံညက ရေးထားတဲ့ကဗျာကို ဖြည့်ထားတာပါ။ ပိတောက်ပွင့်သစ်မှာ အရင်လက ပုဂံ၊ ဒီလ အင်းဝဆိုတော့ တစ်လတော့ နောက်ကျနေခဲ့ပါတယ်။
.......................................................................................

"(အဲဒီနေရာမှာပဲ)
ရှင်အရဟံရဲ့ဓမ္မနဲ့ အနော်ရထာရဲ့ ခေါင်းကို
ခပ်ဖွဖွ သုံးသပ်လိုက်တော့
ထေရဝါဒ ပဋိသန္ဓေလည်း တည်သွားရော တဲ့"

တို့ မြန်မာတွေအတွက်
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်။

အနိရုဒ္ဓ
အနုရုဒ္ဓ
ကြိုက်သလိုခေါ်ကြ
ငါတို့အသံနဲ့ ငါတို့ပဲ
အနော်ရထာကို တို့ ဦးညွတ်ကြတယ်။

နိုင်ငံသစ်တစ်ခု မွေးဖွားဖို့
ဗလိနတ်စာ လက်သည်ကို အားကိုးလို့ ရမတဲ့လား
ပုဂံမှာ..
အနော်ရထာမှာ...
လူသားအရင်းအမြစ်
သဘာဝအရင်းအမြစ်တွေ ရှိတယ်။

ကျန်စစ်က ကာကွယ်ရေး
ငထွေရူး
ညောင်ဦးဖီး
ငလုံးလက်ဖယ်တို့ က HR အရာရှိ ကြီးတွေ။

သူ့မှာ...
ပုဂံမှာ...
အနော်ရထာမှာ...
လွင်ပြင်ကျယ်တွေရှိတယ်
ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်။

သူ့မှာ....
ပုဂံမှာ....
အနော်ရထာမှာ....
မြစ်ကြီးတွေရှိတယ်
မြစ်ထဲမှာ ရေတွေရှိတယ်
မဟုတ်ဘူး မှားလို့
အနော်ရထာက
"မြစ်ထဲမှာ ဆန်စပါးတွေ ရှိတယ်" တဲ့။

ဂေါတမဗုဒ္ဓရဲ့ သား ဆိုသူမှာ
မည်းညစ်တဲ့ပေါ်လစီတွေ မရှိပါဘူး
ရေလာ မြောင်းပေး အဓမ္မအနှစ်ချုပ်ကို
အသားမည်းမည်း ဘီလူးရင်အုပ်နဲ့ ဘုရင်ငယ့် ခေါင်းထဲ
ရိုက်ထည့်ပေးလိုက်တော့
ဖန်ခွက်တစ်လုံး ကဗျာဆန်ဆန် လွတ်ကျသွားသလို
အဝိဇ္ဇာတွေ နုနုရွရွ ဖြန်းဖြန်းကွဲကျပြီး
(အဲဒီနေရာမှာပဲ)
ရှင်အရဟံရဲ့ဓမ္မနဲ့ အနော်ရထာရဲ့ ခေါင်းကို
ခပ်ဖွဖွ သုံးသပ်လိုက်တော့
ထေရဝါဒ ပဋိသန္ဓေလည်း တည်သွားရော တဲ့။

"အပ္ပမာဒေါ အမတံ ပဒံ"
မမေ့ မသေ၊ မေ့သေ မေ့သေ။

"ယေ ဓမ္မာ ဟေတုပ္ပဘာဝါ"
အကြောင်းတရားတွေ ဖြည့်
မပြည့်သေးရင် ထပ်ဖြည့် .. ဖြည့်.... ဖြည့်
ဆုမတောင်းနဲ့ အကျိုးတရားက
သူ့ အလိုလိုလာတယ်
ကြိုလို့သာ ပန်ဆင် စားသုံးတော့။

မြန်မာအကြောင်း ပြန်ပြောတိုင်း
ပုဂံက ခြင်္သေ့တစ်ကောင်လို လှမ်းလှမ်းဟောက်တယ်။
(သတိထားကြ)
မြန်မာအကြောင်း ပြန်ပြောတိုင်း
အနော်ရထာက မျက်မှန် ကျော်ပြီး ကြည့်သလို ကြည့်တယ်။
(သတိထားကြ)
မြန်မာအကြောင်း ပြန်ပြောတိုင်း
ကျန်စစ်သားက လှံနဲ့ လှမ်းလှမ်းရွယ်တယ်။
(သတိထားကြ)

ဘာမှ မမြဲဘူးဆိုတဲ့ကြားကနေပဲ
တို့ မြန်မာတွေအတွက်တော့
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေး.....ဆဲ။



 

တစ်မိုးလုံးက ဖြောက်ဆိပ်


ကောင်းကင်ကို မော့ကြည့်တော့လည်း
တစ်မိုးလုံးက ဖြောက်ဆိပ်

တိတ်တဆိတ် အိပ်မက်က လန့်နိုးချိန်တောင်
ခွန်နှစ်စဉ်ကြယ်က ခေါင်းမထောင်နိုင်ဘူး။

ငါက ခရီးသွားတစ်ယောက်ပါ
ဒီထက်လည်း ဘာမှ မပိုချင်ဘူး
ငါ့ ပခုံးပေါ်က ဝန်ထုပ်ကိုသာ
ငါ လေးနေမှာစိုးလို့ဆိုပြီး လုမယူပါနဲ့။




တကယ်ဆို
မိသားဖသားပီပီ ငါလည်း
ကြေကွဲချင်သပေါ့။

ဖွင့်မရတဲ့ တံခါးပေါက်တွေအတွက်ကျတော့
သော့ခလောက်တွေကလည်း
ဝတ်ကျေတန်းကျေ ပဲလေ။

ဟေ့ကောင် မောင်သစ်
ရင်နာလို့ ရင်ဘတ်ထုတာ ရူးလို့တဲ့
တို့ မမှီလိုက်တဲ့ ပညာရှင်တွေ ပြောဖူးတယ်။
မိရိုးဖလာ
အညာခံလိုက်ရတဲ့ ပျက်လုံးတွေက
သိပ် မရယ်ရဘူးကွာ
ငါ အိပ်တော့မယ်။

ပြစ်ပြစ်နှစ်နှစ် ဆဲရေးစမ်းပါ
အဝိဇ္ဇာလောက် ဘယ်အကောင်မှ
မာဆယ်မတောင့်ဘူး။

ရူးချင်ယောင်ဆောင်လည်း
အပိုပဲ ဟေ့ကောင်
တဏှာလောက် ဘယ်ကောင်မှ မရူးမိုက်ရဲဘူး။

အဝိဇ္ဇာနဲ့ တဏှာက
သံသရာရဲ့ ပရိုင်မာရီ ရု(တ်) နှစ်ပါး တဲ့။
တို့ မမှီလိုက်တဲ့ တို့ ဘုရား ဟောခဲ့တယ်
ပဋိစ္စသမုပ္ပါဒ်ထဲမှာလေ။

လေ ပါ့ကွာ
အဝိဇ္ဇာနဲ့ တဏှာ။ ။

များ


မသယ်နိုင်တော့သည့် ပခုံများ
ငါးစာ မချတတ်သည့် ငါးမျှားချိတ်များ
ယုံကြည်စရာ မရှိတော့သည့် သဒ္ဓါတရားများ။

အချိုမရှိသည့် ပုရွက်ဆိတ်များ
မုတ်ဆိပ်မရှိသည့် ဘရိတ်ဓားများ
အိပ်ယာဝင်သူမရှိသည့် ကြမ်းပိုးများ။

မျက်နှာကျက်ပေါ်က ကြမ်းခင်းများ
တံစဉ်ကိုလှီးဖြတ်မယ့် စပါးနှံများ
လက်ယားတာကို ကုတ်ပေးမယ့် ကျောပြင်များ။

..............များ။ ။

လပတ်လည် အမှတ်တရ


မီးဖိုထဲမှာ စားစရာ
အိပ်ထဲမှာ အဝတ်အစား
ခေါင်းပေါ်မှာ အမိုး၊ အိပ်စရာနေရာရှိနေရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်သာနေပါပြီ။

ဘဏ်မှာ
ပိုက်ဆံအိပ်ထဲမှာ
သုံးစွဲစရာ ငွေကြေးအလုံအလောက်ရှိနေရင်
သင်ဟာ ကမ္ဘာ့အချမ်းသာဆုံး လူဦးရေ ၈ ရာခိုင်နှုန်းထဲ ပါဝင်နေပြီ။

သုံးစွဲစရာ ငွေကြေးအလုံအလောက်ကို
ကွန်ပျူတာနဲ့ ရှာလို့ရရှိနိုင်တယ်ဆိုရင်
သင်ဟာ ကမ္ဘာ့ကံ အကောင်းဆုံး လူဦးရေ ၁ ရာခိုင်နှုန်းထဲ ပါဝင်နေပြီ။

ကျန်းကျန်းမာမာနဲ့ မနက်အိပ်ယာက ထနိုင်ခဲ့ရင်
သေမလား၊ ရှင်မလား မသိတဲ့
ရောဂါရှင်တစ်ယောက်ထက် သာနေပါပြီ။

စစ်ပွဲရဲ့ ဘေးရန်တွေ
နှစ်ရှည်လများ အကျဉ်းချခံထားရခြင်းတွေ
အစာရေစာငတ်ပြတ်မှုတွေ
ကြုံတွေ့ မနေရဘူးဆိုရင်
သင့်ဘဝဟာ ကမ္ဘာ့လူဦးရေ ၇ သန်းကျော်ထက်သာနေပါပြီ။

(အထူးသဖြင့်)
မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့
ဣဿာ မစ္ဆရိယကင်းကင်း
ပြုံးပြုံးရွှင်ရွှင်နေနိုင်ရင်
တွေတွေဝေဝေနဲ့ မျက်နှာပုတ်သိုးနေသူထက်
အများကြီး သာနေပါပြီ။ ။

တို့ မညံ့ခဲ့ဘူး


သမိုင်းပွင့်ကိုသီတော့
တို့ ပန်းကုံးက တိုကောင်းတိုမယ်
ဒါပေမဲ့
တို့ အပွင့်တွေက ပိုစွင့်တယ်။

ပါဠိ စကောလားတွေ ရေးချက်ကြောင့်
ဒုဋ္ဌဂါမိဏိ
အဘယစစ်သူကြီး
ပရက္ကမဗာဟု စသည်
ပါဠိရာဇဝင်မှာ
မော်မကြည့်ရဲလောက်အောင် ခမ်းနားပေမဲ့
တူးဖော်တွေ့ရှိသမျှကတော့
အနော်ရထာရဲ့ ပုဂံလောက် မခမ်းနားပါဘူး ကွယ်တို့


အနော်ရထာသာ
သီဟိုဠ်မင်းတစ်ပါးဆိုရင်
ဘယ်လို ညွှန်းမလဲ သိချင်တော့ရဲ့။


image source
 

တို့ရလိုက်တဲ့ ရွှေ


၁၉၆၉
အမ်စထရောင်းက
အပိုလိုနဲ့ လကမ္ဘာပေါ်ရောက်တယ်
ငါတို့က
စီးရမယ့်ရထား အဖြောက်ခံရတယ်
ဟေ့လူ ဒေးဗစ် ကော်ပါဖီး
ဒါ ခင်ဗျား လက်ချက်လား။

ဒါပေမဲ့ ဒီနေ့
သူတို့စီးရမယ့် ရထားနဲ့
သူတို့ကိုင်းထားရမယ့် လက်မှတ်
တို့ ကလေးတွေ ရှာတွေ့ကြပြီ။

ရွှေရလို့ လက်ခုပ်တီးမိပေမဲ့
ငွေရလို့လည်း အတီးမရပ်ခဲ့ပါဘူး
တို့က ရှုံးစရာမရှိတဲ့အိပ်ကပ်နဲ့
ရသမျှ အမြတ်တွေချည်းပါ။

လာမယ့် ငါးနှစ်
လာမယ့် ဆယ်နှစ်
လာမယ့် အနှစ် နှစ်ဆယ်
မြန်မာဟာ
အိမ်ပြည့်သက်သက် မဟုတ်နိုင်တော့ဘူး။
အဲဒါက တို့ရလိုက်တဲ့
ရွှေ။