နိုင်ငံရပ်ခြားတွင် အဘိဓမ္မာစာမေးပွဲ ဖြေဆိုလိုသူများအတွက် အထူးသတင်းကောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်လျက်ရှိသော အဘိဓမ္မာစာမေးပွဲကြီးကို စင်္ကာပူနိုင်ငံတွင် ဖြေဆိုနိုင်ကြပြီ ဖြစ်ပါသည်။ (သာသနာရေးဝန်ကြီးဌာနမှ ပေးပို့သောစာလွှာ)

✍ စာဖြေဌာန ✍  
မင်္ဂလ၀ိဟာရကျောင်းတိုက် (30 Jalan Eunos  Singapore 419495)


ယခုကဲ့သို့ နိုင်ငံရပ်ခြားတွင် ပထမဦးဆုံးသော အဘိဓမ္မာစာဖြေဌာနကြီး ဖြစ်မြောက်ရေးအတွက်
အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော ဆရာတော်ကြီးများ၊ ၀န်ကြီးဌာနဆိုင်ရာအရာရှိကြီးများနှင့်
အားလုံးသောလူပုဂ္ဂိုလ်များအား နိုင်ငံခြားတွင်နေထိုင်နေကြရသော ဗုဒ္ဓဘာသာဝင်များကိုယ်စား အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)မှ အထူး ကျေးဇူးတင်ရှိကြောင်း...


Ƹ̵̡Ӝ̵̨̄Ʒ   စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများတင်သွင်းရမည့် အချိန်ကို ပြန်လည် ကြေငြာပေးပါမည်ဖြစ်ကြောင်း..   Ƹ̵̡Ӝ̵̨̄Ʒ

အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) မှ ဖွင့်လှစ်လျက်ရှိသော အဘိဓမ္မာသင်တန်းများ



စပ်စပ်
(ဘာသာရေးသတင်း တာဝန်ခံ)
















Copyright © 2011 ကမ်းလက်. All rights reserved.

သတင်းမဟုတ်တာ သတင်းလုပ်နေရတဲ့...တို့နိုင်ငံ

 ဒါတွေမပြောခင် မဆိုင်တာလေးတစ်ခုလောက်ပြောချင်ပါသေးရဲ့။

စင်ကာပူမှာလည်း ဒါမျိုးလေးတွေရှိတတ်တယ်ဆိုတာလေး လက်တို့ချင်လို့ပါ။
စင်ကာပူက မြို့နယ်တစ်ခုက လူတွေလည်း ရွေးကောက်ပွဲ မဲထည့်ရတဲ့အရသာကို မသိကြဘူး တဲ့။
နှစ်တိုင်း အတိုက်အခံ မဲပုံးထောင်မဲ့သူ(ထောင်ရဲသူ)မရှိလေတော့ မဲထည့်ရတယ်လို့ကိုမရှိပါဘူး တဲ့။
ပြီးခဲ့တဲ့ရွေးကောက်ပွဲကမှ လူစွမ်းကောင်း(လူမိုက်)ပေါ်လာတယ်ဆိုပဲ။
သူပြောတာက ရှင်းရှင်းလေး၊နိုင်ချင်လို့ မဟုတ်၊လူထုကို မဲပေးခွင့်လေးရစေချင်လို့ တဲ့။
ဒါပေမယ့် သူခမျာ လျောလျောလျူလျူတော့ ရခဲ့ပုံ မရပါဘူး၊ ထားပါတော့၊ ဒါက ကိုယ့်ကိစ္စမဟုတ်ဘူး။

၁။     စင်ကာပူကိုရောက်တော့ ပထမဆုံးလမ်းတွေကောင်းတာကို သတိထားမိတယ်။
ပြီးတော့မှ အိမ်နီးချင်းနိုင်ငံတွေကို ရောက်ဖူးတာ၊ ရောက်လို့ကြည့်မိပြန်တော့ လမ်းတွေက နိုင်ငံတိုင်းမှာကောင်းနေတာတွေ့ရတယ်။ အော် လမ်းကောင်းတာက သတင်းမှ မဟုတ်တော့ဘဲ၊
လမ်းဆိုးတာကမှ သတင်းကိုးလို့ သိခဲ့ရတယ်။ ခက်တာက တို့နိုင်ငံမှာတော့ လမ်းကောင်းတာက သတင်းဖြစ်နေတုန်း။

၂။    နောက် လျပ်စစ်မီးကိစ္စ။ မီး၊ ရေ၊ လေ တွေ လာနေ၊ ရှိနေတာက သတင်းမှ မဟုတ်တာ။
လေရှိတဲ့ပတ်ဝန်းကျင်မှာ(သူများနိုင်ငံတွေမှာပြောပါတယ်)လျပ်စစ်မီးလည်းရှိနေတာပဲ။
တို့နိုင်ငံမှာသာ လျပ်စစ်မီးလာတာကို သတင်းလုပ်နေကြရတာ။

၃။    ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မဲပေးရတာက သတင်းမှ မဟုတ်တာဘဲ၊
ကိုယ်ကြိုက်တဲ့ ပါတီကို ကိုယ်မဲပေးလို့ရအောင် စီမံထားတဲ့ အစီအစဉ် မဟုတ်လား။
တို့လူမျိုးတွေကတော့ မဲပေးခွင့်လေရတာကိုပဲ သတင်းလုပ်ပြီး ပျော်မဆုံး၊ မော်မဆုံးပဲလေ။

၎။    ရွေးကောက်ပွဲမှာ မဲရေတဲ့စက် ချွတ်ယွင်းချက်မဖြစ်ရင် အမှန်အတိုင်းအဖြေထွက်ရမှာပေါ့။ တို့နိုင်ငံရွေးကောက်ပွဲကတော့ အမှန်အတိုင်း အဖြေထွက်လို့ဆိုပြီး တစ်ကမ္ဘာလုံးက ဝိုင်းပြီးချီးကျူးတာ ခံနေရတယ်။
သတင်း မဟုတ်တာသတင်းလုပ်လို့။

၅။    နိုင်ငံခေါင်းဆောင်ပဲ၊ စကားလေးဘာလေးတော့ ပြောတတ်မှဖြစ်မှာပေါ့၊ ပြောလည်းပြောမှပေါ့။
အခုဖြစ်နေပုံက မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် သတင်းထောက်တွေစကားပြောတာကို အထူးအဆန်းလုပ်ပြီး
သတင်းစာထဲ ထည့်ရေးနေကြသေးတယ်။ သမ္မတကြီးပြောတာက "The election is held successfully." ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကြီး ပြီးဆုံးသွားပြီ တဲ့။ ဖြစ်ရပုံများ - သမ္မတကြီးစကားပြောတာတာ သတင်းဖြစ်နေရတယ်လို့။

အေးလေ...သူရှေ့ကဆရာကြီးတွေက ရေငုံနှုတ်ပိတ်၊ Noble Silence နည်းနဲ့ ဘုရားအလိုတော်ကျ အုပ်ချုပ်(အုပ်ပြီးချုပ်)သွားလေတော့ သူစကားစပြောတော့ ထူးဆန်းသွားကြလို့နေမှာပေါ့။

ဦးကိုမောင် တို့ကတော့ ပထမဆုံးစကားစပြောတဲ့ သမ္မတကြီးသက်တော်ရာကျော်ရှည်စေဖို့ အမြဲဆုတောင်းနေမယ်။ ဦးစောမောင်ကြီး စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့စကားက နောက်ဆုံးကြားလိုက်ရတဲ့ နိုင်ငံခေါင်းဆောင်ရဲ့အသံ။

ကြာလှ၊ လွမ်းလှပေါ့၊ နိုင်ငံခေါင်းဆောင်ရဲ့စကားပြောတဲ့အသံ။
ဆင်းရဲတာက ချမ်းသာအောင်လုပ်လို့ရတယ်။
စကားမပြောတာက ဘာမှန်းလည်းမသိ၊ဘာမှလည်း လုပ်မရ။

ဦးကိုမောင်




















Copyright © 2011 ကမ်းလက်. All rights reserved.

အလှူငွေသုံးသောင်း သာဓုသုံးကြိမ်

အဖြစ်အပျက်တို့အားလုံး ဦးမောင်မောင်သိန်းဆိုသည့် ခရစ်ယန် ဓမ္မတက္ကသိုလ်ဆင်း သိက္ခာရ ဆရာကြီး ဗုဒ္ဓဘာသာကူးပြောင်းရာကနေ စတင်ခဲ့ကြသည်။ ထိုသတင်းက လေရှီး၊ လဟယ် နာဂတောင်တန်းတစ်ခုလုံးကို (အထူးသဖြင့်တော့ လေရှီးပေါ့) ရိုက်ခတ်လွင့်ပျံ့စေခဲ့သည်။ သူတို့ပြောစကားများအရ လေရှီးမြို့နယ်၌ ဘာသာရေးအရ လက်ထပ်ထိမ်းမြားပေးနိုင်စသည့် (ဆော်လမ်နိုက်ဇေးရှင်း) နှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေသည်။

ကံကောင်းသည်ဟုဆိုရမလား ၊ ကံဆိုးသည်ဟု ဆိုရမလား မသိပေ။ ထိုဦးမောင်မောင်သိန်း အပါအ၀င် လူသာသနာပြူ ပုဂ္ဂိုလ်လေးဦးတို့နှင့်အတူ အဓိကကျသော ထမံသီနာဂရွာသစ်သို့ သွားရောက်သာသနာပြုရန် ကူကီးရွာမှတစ်ဆင့် ပြောင်းရွှေ့ပေးခဲ့ကြသည်။ လမ်းပမ်းဆက်သွယ်ရေး ပိုအဆင်ပြေသောနေရာ ဖြစ်သဖြင့် ကောင်းသည်ဟုဆိုရသော်လည်း ပို၍ခက်ခဲသော တာဝန်တစ်ခုဟုတော့ ခံယူမိသည်။

ဘာသာရေးအယူအဆခြင်း မတူသော်လည်း ပြဿနာအသွင်တော့ မဆောင်စေချင်၊ ထို့ကြောင့်ဦးမောင်မောင်သိန်း အကူအညီဖြင့် ဒေသခံဘုရားရှိခိုးကျောင်းများသို့လည်ပတ်ခြင်း၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံခြင်း၊ တရားဟောသင်းအုပ်ဆရာများနှင့်တွေ့ဆုံခြင်း စသည်တို့ပြုလုပ်ခဲ့သည်။ အဆင်ပြေချောမွေ့ခဲ့သည်။ မည်သို့ဖြစ်စေ မကြိုက်သူ၊ ကြည့်မရသူများလည်း ရှိနေဆဲပင် ဖြစ်ပေလိမ့်မည်။

ခြောက်လခန့်ကြာသော အခါ တစ်ချိန်က တောင်တွင်းကြီး ဘ/က သင်တန်းကျောင်းကို တက်ဖူးသော်လည်း ထိုအခါက သင်းအုပ်ဆရာ ဖြစ်နေသော လူတစ်ယောက်ကို တွေ့ခဲ့ရသည်။ သူနှင့် စကားပြောသည့်အခါ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိခြင်းနှင့် ဘုန်းကြီးမရှိခြင်းကြောင့် သင်းအုပ်ဆရာလုပ်နေရသည်ဟုဆိုသည်။ ထို့ကြောင့် အခုကျောင်းလည်းရှိ၊ ဘုန်းကြီးလည်းရှိပြီပဲ ၊ ဗုဒ္ဓဘာသာပြန်လုပ်ပေါ့ဟုဆိုရာ သူကလည်း လုပ်မည်၊ သို့သော် သင်းအုပ်ဆရာလုပ်လျှင် လစားလည်းရစသည်၊ ဆန်ဝေစုလည်းရသည်။ ဗုဒ္ဓဘာသာလုပ်လိုက်လျှင် သူ့မိသားစု စားဝတ်နေရေးအတွက် ပူပန်ရသည်ဟု သူ့အခက်အခဲကို တင်ပြလာသည်။

မှန်ပေသည်။ သူ့အခက်အခဲများကို မျက်ကွယ်ပြု၍ မရ။ သူ့သင်းအုပ်လစာပေးပြီး ဗုဒ္ဓဘာသာ အလုပ်ခိုင်းရမလို ရှိနေသည်။

ထို့ကြောင့်ဖြေရှင်းချက်ကိုရှာတော့ ကျောင်းအိပ်ကျောင်းစား ကပ္ပိယလုပ်ရန်၊ ကပ္ပိယလုပ်နေစဉ် မိသားစုအတွက် အထိုက်အလျောက် အထောက်အပံ့ရစေရန် လစာသဘောမျိုးပေးမည် ဟုဆိုရာ သူကသဘောတူသည်။ ငွေကြေးမည်မျှမှန်း မမှတ်မိသော်လည်း ရှမ်းဗုဒ္ဓဘာသာတစ်ချို့အကူအညီ၊ လူသာသနာပြုတစ်ချို့ အကူအညီ၊ တစ်ချို့အိပ်ထဲကစိုက်ကာ သင်းအုပ်တစ်ယောက်ကို ကပ္ပိယအလုပ်ခိုင်းလိုက်သည်။ ဤကား အဖြစ်အပျက်များ၏ ဒုတိယ အကြောင်းတရားဖြစ်တော့သည်။

ထို့နောက်နာဂလေးနှစ်ယောက်၊ မြန်မာတစ်ယောက် ၊ရှမ်းလေးနှစ်ယောက်ကို ကိုရင်ဝတ်ပေးလိုက်သည်။ တစ်နှစ်အတွင်း အတန်ငယ် မြိုင်မြိုင်ဆိုင်ဆိုင်တော့ရှိလာသည်။ သို့သော် ကျောင်းက၀ါးကျောင်းမျှသာ ဖြစ်သဖြင့် တိုင်များ  ၀ါးကပ်များကိုလည်း " ခြ " များကစတင်ကိုက်စားနေကြပြီဖြစ်သည်။ စဉ်းစားရပြန်၏။ ကိုယ့်ငွေနှင့်ကိုယ် ရပ်တည်နိုင်သော ကျောင်းတစ်ကျောင်းဖြစ်ရန် ဖြစ်သည်။

ရေတိုစီမံကိန်းအရ ငှက်ပျောပင်များစိုက်မည်။ ရောင်းချ ရန်ပုံငွေရှာမည်။ မြေက သိပ်မကောင်းသည့်အတွက် ငှက်ပျောက သိပ်မဖြစ်။ နောက်ဆုံး သူတို့နှင့်တိုင်ပင်ကာ ရေရှည်ဖြစ်သည့် ဒညင်းပင်စိုက်ရန်သာ ဆုံးဖြတ်ရတော့သည်။ ဒညင်းကား နှစ်ရှည်ပင် ဖြစ်သည့်အတွက် မြေသိပ်မကောင်းလျှင်ပင် အလုပ်ဖြစ်သည်။ အသီးသီးရန်ကား အစောဆုံး (၅) နှစ်မှ (၇)နှစ်အထိစောင့်ရမည်။

ဒညင်းပင် မစိုက်မီ ကျောင်းဝင်းကို မြေညှိရဦးမည်။ မြေထိုးစက်ကြီးများကိုကိုင်သော ရွှေဘိုသား ကိုခင်ဇော်ကို အကူအညီတောင်းတော့ ကူညီမည်ဟုဆိုသည်။ မြေထိုးပြီးလျှင် ကိုယ်စိုက်လိုရာ စိုက်ပျိုးနိုင်ပြီဖြစ်သည်။  မြေထိုးစက်ကို သူက ကူညီသော်လည်း လိုအပ်သော ဓါတ်ဆီ စသည်ကိုတော့ ကိုယ်က စိုက်မှကောင်းမည်။  သို့နှင့် ရင်းနှီးရာလူတစ်ချို့ကို အကူအညီတောင်း ၊ ကိုယ့်ရှိတာလေးနှင့်ပေါင်းတော့ ၀တ္ထုငွေ နှစ်သောင်းခန့်တော့ရသွားသည်။ မဆိုးလှ၊ လောက်သလောက် ရှိသွားပေပြီ ။

ပြဿနာကား ဤငွေနှစ်သောင်းမှစသည်။

လသာသောညတစ်ညဖြစ်သည်။ ကိုရင်လေးများကို ပုံပြော ၊ ကပြင်မှာ အိပ်ကြရန်ပြောပြီး အခန်းထဲ
အိပ်ရန်ပြင်သည်။ ဘာ့ကြောင့်မှန်းမသိ၊ ထိုညက အိပ်မရဖြစ်နေသည်။

အတန်ကြာသောအခါ မီးတင်းကုပ်ထဲမှ အသံတစ်ခုခု ကြားလိုက်ရသည်။ ဘာအသံလည်း ပြောလို့မရ၊ သို့ဖြင့် ကိုရင်လေးများကို ကြည်တော့ အားလုံးအိပ်နေကြပြီဖြစ်သည်။ အသံလိုလို ၊ ဘာလိုက ရှိနေဆဲ၊ အနည်းဆုံး စိတ်ထဲမှာတော့ တစ်ခုခု ခံစားနေရတာတော့ အမှန်ပင်။ ထို့ကြောင့် မီးတင်းကုပ်ထဲသို့ဝင်လိုက်ရာ နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်သည်။

လူနှစ်ယောက်က မိမိလက်နှင့် ပခုံးကို ချူပ်ကိုင်ထားလိုက်ကြသည်။

ဘာအတွက် ဒီလိုလုပ်တာလဲ - ဟုမေးရာ  ရှိနေတဲ့ ငွေနှစ်သောင်း သူတို့ကိုပေးပါ။ ပြီးရင်အောက်မြန်မာပြည်ကို ပြန်သွားပါဟု စကားသံဝဲ၀ဲဖြင့် ပြောသည်။

ကိစ္စမရှိပါ။ ပေးပါမည်ဟုဆိုကာ ထိုငွေနှစ်သောင်းကိုပေးလိုက်သည်။ နာရီလေးတစ်လုံးလည်း ဘေးမှာရှိနေသည်။ နာရီကိုလည်း ယူချင်ယူသွားလေဟု ဆိုသောအခါ နာရီကို မလိုချင် ၊ ရဲတိုင်တာ စစ်တပ်တိုင်တာတွေ မလုပ်ဖို့ သတိပေး (ခြောက်လှန့်) စကားပြောပြီး ထိုလူနှစ်ယောက် ထွက်သွားကြလေတော့သည်။ ငွေနှစ်သောင်းတော့ ပါသွားပေပြီ ၊ လူကိုဘာမှ မလုပ်ခဲ့တာပင် ကံကောင်း ဟု ဆိုရပေတော့မည်။

ဘာ့ကြောင့်ဒီကိစ္စဖြစ်ရသနည်း ဟူသော အတွေးက ရပ်တန့်မရ။ ရွာသစ်ဘုန်းကြီးနှင့် ဦးမောင်မောင်သိန်းကို နာဂသူပုန်တစ်ချို့က ကြည့်မရ၊ ဤကိစ္စကို သိနေတာတော့ကြာပြီဖြစ်သည်။ ထို့ပြင် သင်းအုပ်ဆရာလေးကပ္ပိယဖြစ်သွားပြန်သောအခါ သူတို့မခံမရပ်နိုင် ဖြစ်သွားသည် ထင်၏ - ဟုသာစဉ်းစားစရာ ရှိလေသည်။

ထိုကိစ္စကို အရေးအကြီးဆုံးနှင့် အယုံကြည်ရဆုံး ဒကာကြီး (ရှမ်း) ဦးအဲကျင်နှင့်တိုင်ပင်ရတော့သည်။ ဦးအဲကျင်က စိတ်ပြတ် ၊ မဟုတ်မခံ ရှမ်းလူမျိုးကြီးဖြစ်သည်။ သူ့သဘောက ဒီကိစ္စ ငြိမ်နေ၍မရ ၊ ငြိမ်နေလျင် ပိုစိုးလာမည်ဟု ဖြစ်သည်။ ဆရာတော်က ရဲကိုအကြောင်းမကြားရအောင် ကြောက်နေလို့လားဟုပင်မေးသေးသည်။ ကြောက်မည်ဆိုက ကြောက်စရာတော့ အေ့ကြာင်းအလုံအလောက်ရှိသည်။  ကျောင်းကပင် လေဟာပြင်ကျောင်းဖြစ်သည်။ တံခါးမရှိ၊ တံခါးပိတ်မရ ၊ အန္တရာယ်ပြုလိုက အချိန်မရွေးလာပြုနိုင်သည်။ ကြောက်စိတ်တော့ မရှိပါ။

ထို့ကြောင့် ထမံသီရွာသို့ဆင်းကာ ရဲစခန်းမှူး ၊ ထမံသီအခြေစိုက် စစ်တပ်သို့ သတင်းပို့လိုက်ကြသည်။ ရှိပါစေတော့ဟုထားသောသတင်းက ခုတော့ အားလုံးပြန့်သွားတော့၏။ ခန္တီးအခြေစိုက် ဗျူဟာမှူးဆီသို့ရောက်ကာ တရားခံမတွေ့တွေ့အောင်ရှာဟု အမိန့်ချလေတော့သည်။

စိတ်မကောင်းပါ။ ထိုငွေနှစ်သောင်းလာတောင်းသွားသူကို စိတ်ထဲမှာ သိနေသလိုလိုရှိသည်။ ထိုပုဂ္ဂိုလ်ကလည်း သူ့ကိုသိသည် ဆိုတာကို ရိပ်မိပုံရပါသည်။ နှစ်ဦးနှစ်ဖက် နားလည်ကြသည်။ သူ့ကိုခွင့်လွှတ်သည့် အမူအရာလည်းပြထားတော့ ထိုထိုပုဂ္ဂိုလ်နှင့် ဆက်ဆံရေးက အရင်အတိုင်း ကောင်းကောင်းမွန်မွန်သာ ရှိနေခဲ့ပါသည်။

ထိုသတင်း ခန္တီးမှတစ်ဆင့် ရန်ကုန် ကမ္ဘာအေးသို့ပင် ရောက်ရှိသွားတော့သည်။ မိမိကို သနားသူ တော်တော်များများရှိခဲ့သည်။ (သနားတာမကြိုက် ၊ သနားတာ သိပ်မခံရဖူးသော ဘ၀မို့ အနည်းငယ်တော့ ကိသိကအောက်နိုင်သည်။ )

တောင်တန်းသာသနာပြု နှစ်နှစ်ကာလ ကုန်ဆုံးသွား၏ ။ ကိုယ်လုပ်ချင်သော အလုပ်များက မပြီးသေး ။ ကျောင်းဆောက်ခွင့်ကျအောင် လုပ်ရမည်။ ကျောင်းဆောက်ဖို့ ရန်ပုံငွေရအောင် ရှာရမည်။ ရေရှည်အတွက် ဒညင်းပင် (၅၀) မှ တစ်ရာအထိ စိုက်ထားခဲ့ချင်သည်။ ဒညင်းတစ်ပင်၏ ၀င်ငွေသည် ထိုအချိန်ကပင် သုံးသောင်းနှင့် ငါးသောင်းကြားမှာရှိသည်။  ရန်ပုံငွေ သိပ်မပူရတော့ပေ။ တွက်ရေးကတော့ စက်သူဌေးဖြစ်သည်။

နှစ်နှစ်ပြည့်၍ ရန်ကုန်ပြန်လာခဲ့၏။

သာသနာရေးဌာန အရာရှိကို သွားတွေ့၏။ ဘွဲ့ကိုပြောသောအခါ အရှင်ဘုရားသတင်းတွေ ကြားရပါတယ်ဘုရား ။ တပည့်တော်တို့ သာဓုခေါ်နေကြပါတယ်ဘုရား ၊ နာဂ ရဟန်းတစ်ပါးလည်း ရထားပြီးပြီလို့ကြားရပါတယ်ဘုရား ဟု သူက လျှောက်သည်။

ထိုအခါ ဒီပလိုမက်တစ်ကို စနစ်တကျ မသုံးတတ်သောဤရဟန်းက "ဒကာကြီး - သာဓုလည်းခေါ်ပါ၊ ဦးဇင်းလိုနေတာက အလှူငွေ သုံးသောင်းပါ ၊ အလှူငွေ သုံးသောင်းက သာဓုသုံးကြိမ်ထက် ပိုအရေးကြီးနေလို့ပါ"  ဟုပြောသောအခါ -

အရှင်ဘုရားရေ ၊စာနဲ့ဘာနဲ့မှ အထက်က ခွင့်ပြုမှ ပေးလို့ရတာပါဘုရား ၊ အရှင်ဘုရားကိုလည်း စာရေးဖို့ဘာဖို့တွေ လျှောက်မနေတော့ပါဘူး ၊ စာရေးဖို့မလိုတဲ့ တပည့်တော်အိပ်ထဲကပဲ ထုတ်လှူလိုက်ပါတော့မယ် -" ဟုဆိုကာ ၀တ္ထုငွေ သုံးသောင်း လှူလိုက်ရှာလေတော့သည်။

မှန်၏ ။ ထိုအချိန်က သာဓုသုံးကြိမ်ထက် ၀တ္ထုငွေသုံးသောင်းက ပိုအရေးကြီးနေခဲ့သည်။ စကားတစ်ခွန်းတည်းနှင့် အလှူငွေ သုံးသောင်းရလိုက်သဖြင့် မဆိုးလှဟု ဆိုရမည်ဖြစ်သည်။

အမှန်ပင် သူ့စေတနာကို သာဓုခေါ်မိ၏ ။ သုံးကြိမ်တိတိ ၊ မပို ၊ မလို။
(သီဟနာဒ)


(အမှာ - သာသနာရေးဌာန အရာရှိအမည်ကို မဖော်ပြတာကလွဲ၍ နာမည်များအားလုံးသည် အမည်မှန်များ ဖြစ်ကြပါသည်။ နာမည်လွှဲထားခြင်းမရှိပါကြောင်း ပြောခဲ့ချင်ပါသည်.။
"အနိစ္စ အိုးကွဲ " ဆောင်းပါး ဆက်ကို ဆက်ရေးပါမည်။

သီဟနာဒ











Copyright © 2011 ကမ်းလက်. All rights reserved.

ရီယယ်လတီ ချက် (Reality check)

သတိရတာခြင်းတူရင်
အရင်ဖုန်းဆက်တဲ့သူက
ပိုချွဲလို့ကောင်းတာပေါ့။

ဗိုက်ဆာတာခြင်းတူရင်
အငိုသန်တဲ့ ကလေးက
နို့ပိုစို့လို့ရတာပေါ့။

မအားတာခြင်းတူရင်
ဝင်ငွေပိုကောင်းသူက
အလုပ်ပိုရှုပ်လို့ရတာပေါ့။

နစ်နာတာခြင်းတူရင်
လောဘကြီးသူက
ပို အရှုံးများတတ်တာပေါ့။

သဘောမတူတာခြင်းတူရင်
အမြင်ကျဉ်းသူက
ရန်ထောင်တာပိုကျယ်တာပေါ့။

လွမ်းတာခြင်းတူရင်
အိပ်ရေးပျက်သူက
ပိုအိပ်လို့ကောင်းတာပေါ့။



ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

လက်ဝဲ လက်ယာ အမာနဲ့အပျော့

 
အရှင်မြတ်ကြီးတွေက ဘဝါဘဝက မိတ်ဆွေတွေ။
တူတာတွေရှိ၊ မတူတာတွေရှိ၊ မယုံရင် ကြည့်။
အရှင်သာရိပုတ္တ က ကဖြူဖြူ ညက်ညက် အရှင်မဟာမောဂ္ဂလာန်က ညိုညိုမောင်းမောင်း။

အရှင်သာရိပုတ္တ က ဥပမာ၊ဥပမေယျတွေနဲ့ တရားရှည်ရှည်တွေဟောတတ်တယ်။
အရှင်မဟာမောဂ္ဂလာန်ကတော့ တိုတိုပြတ်ပြတ်ပဲ။
နားချစရာရှိရင် အရှင်သာရိပုတ္တ ကရှေ့ထွက်လာတတ်တယ်။
ဒါပေမယ့် နန္ဒောပနန္ဒလိုအရေးအခင်းမျိုးဆို အသားညိုညို အရှင်မြတ်ကြီးဝင်ရှင်းမှကိစ္စပြတ်တယ်။

တစ်ပါးက ပရိတ်သတ်လေး ပါးထဲအနေများ၊ စကားပြော၊ တရားဟော ဝါသနာထုံ၊ စူးစမ်းလေ့လာမှုမှာပိုမွေ့လျော်တယ်။
ဒီလိုနဲ့ ပညာအရာမှာ တော်ချက်က ဘုရားကလွဲ ယှဉ်စရာမရှိ။
နောက်တစ်ပါးက ဂိဇ္ဈဂုတ်လို ရီမုတ်ပလေ့စ်တွေမှာအနေများ၊ တစ်ပါးတည်းကိန်းအောင်း၊ သမာဓိတွေ တစ်ထောင်းထောင်းထ၊သမာဓိကပေးတဲ့ အဘိဉာဉ်တန်ခိုးတွေ။
ဒီလိုနဲ့ ဣဒ္ဓိပါဒ်မှာ ဘုရားကလွဲ ယှဉ်စရာမရှိ။

သုတ္တန် အဘိဓမ္မာတွေမွှေနှောက် လူတစ်ယောက်ခေါင်းငြိတ်အောင် ဖြူဖြူညက်ညက်အရှင်က ဟောနိုင်တယ်။ 
ဒါပေမယ့် ဒုဿီလရဟန်းကို လက်မောင်းက ဆွဲထုတ်လိုက်တာက အသားညိုညိုအရှင်မြတ်ကြီး။
လက်ယာရံ အရှင်က (မယ်တော်ရဲ့) အရှင်မွေးဖွားရာ မီးနေခန်းမှာ အေးဆေးစွာ ပရိနိဗ္ဗာန် စံဝင်နိုင်ခဲ့တယ်။ 
ဒါပေမယ့် လက်ဝဲရံ တို့ အရှင်မြတ်ကြီးမှာတော့..................................။

တစ်ခုရှိသေးရဲ့  တရားဟောကောင်းတဲ့ ဘုရားရှင်နဲ့ အရှင်သာရိပုတ္တတို့ကို စကားနဲ့သာဌေယျများသူတွေလို့ ဒိဋ္ဌိတို့ဆိုကြတယ်။
ဒါပေမယ့် စကားနည်းတဲ့ လက်ဝဲအရှင်ကို ဒီလိုစွပ်စွဲဖို့ အခွင့်မသာပြန်ဘူး။

ရဟန်းတော်တွေက ပထမအရှင်ကို လေးမြတ်ကော်ရော်ကြတယ်။ 
ဒါပေမယ့် ဒုတိယအရှင်ကို နည်းနည်းလေးမှ ချစ်၊ ကြောက်၊ ရိုသေ မလျော့ဘူး။

တရားရှည်ရှည်ဟောတဲ့အရှင်သာရိပုတ္တမှာ သာဌေယျ မပါသလို
ဟောဟောဒိုင်းဒိုင်းလက်ဝဲအရှင်မှာလည်း ဒေါသမရှိပါဘူး။
ရိုးရိုးနဲ့ရဲရဲကြည့်၊ ပိဋကတ်ကိုပဲထောက်။
ဘယ်နည်းနဲ့ ဘုရားရှင် သာသနာပြုခရီးဖောက်ခဲ့သလဲ။

လက်ယာရံနဲ့ လက်ဝဲရံအရှင်တွေကိုကြည့်၊ ကိလေသာကွာတာကလွဲရင် ဒီ အရှင်နှစ်ပါးဟာ တကယ့်ကို အပျော့နဲ့အမာ။
ဒီကြားထဲ အာနန္ဒာအရှင်ရဲ့ P.R (Relationship) နဲ့ ဖွဲ့စပ်လိုက်တော့.....................။

 

သီဟနာဒ














Copyright © 2011 ကမ်းလက်. All rights reserved.