Why Buddhism and not Christianity

ဒီနေ့မနက် FB မှာထိုင်းလူမျိုးတစ်ယောက်က မေး ခွန်းနှစ်ခုမေးတယ်၊ အီစတာပွဲကိုမြင်ပြီး စိတ်ဝင်စားတာရယ် ခရစ်ယန်အသိုင်းအဝိုင်းထဲက အနောက်တိုင်းသားတစ်ယောက် ဗုဒ္ဓဘာသာရဟန်းဖြစ်နေတာရယ်ကြောင့်ပါ။

သူသိချင်တာက ဘုန်းကြီးဘာကြောင့် ရဟန်းဝတ်ရတာလဲ နဲ့ ခရစ်ယန်နဲ့ ဗုဒ္ဓဘာသာ တို့ရဲ့ ခြားနားချက်ကဘာလဲ ဆိုတာပါ။ ဘုန်းကြီးကမဂ္ဂဇင်းကနေပဲ ဖြေဖို့ဆုံးဖြတ်ပါတယ်၊ ဒီအဖြေက FB ကွန်မင့်မှာသိပ်ရှည်လျားသွားမှာမို့ပါ။ ပြီးတော့ ဒီအဖြေကိုလူတိုင်းဖတ်လို့ရတာလည်း ဖြစ်စေချင်တယ်။ ဒါကိုဖတ်ပြီး လူတိုင်းကွန်မင့်ပေးလို့လည်းရသွားတာပေါ့။ ဒီစာက ဘယ်သူ့ကိုမှအတိုက်အခံမဖြစ်စေချင်သလိုအားလုံးဖက်ကလည်း ဒီလိုပဲလို့မျှော်လင့်ပါတယ်။

ပထမမေးခွန်းကိုဖြေဖို့အတွက် ဒုတိယမေးခွန်းကို အရင်ဖြေတာက ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။

ဒါက ဂျီးဇက်နဲ့ ဗုဒ္ဓ တို့ အဆုံးအမတွေရဲ့ အဓိက ခြားနားချက်က ဘာလဲ ဆိုတာပါ။ အခြေခံအားဖြင့် ဘာသာတွေအားလုံး အတူတူပဲဆိုတာ ဒီနေ့ တော်တော်များများပြောနေကြတယ်။ တစ်ချို့မှန်ပါတယ်။ လူသားတိုင်းအတွက် လူတော်လူကောင်းတွေဖြစ်အောင်လုပ်ရမယ်ဆိုတာ ဘာသာတိုင်း သင်ကြားကြပါတယ်။ ဒီအထိသဘောတူပါတယ်။ အခုပြောမှာတွေကလည်း ကိုယ့်ဘာသာ ပြန့်ပွားရေးအတွက် သူများဘာသာကို ထိခိုက်စေဆိုတဲ့ ဘာသာရေး တစ်ယူသန်ကိစ္စအကြောင်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘာသာတရားတွေမှာ လုံးဝ ညှိလို့မရတဲ့ ကွဲလွဲမှုတွေရှိပါတယ်။ ဒါကြောင့် သူတို့ကို မုန်တီးဖို့ မလိုသလို သူတို့တည်ရှိနေခြင်းကိုလည်း ငြင်းဆန်နေစရာမလိုပါဘူး။

စရစ်ယန်ကပြောပြီး ဗုဒ္ဓဘာသာက မပြောခဲ့တာတွေက..
  • ၁။         ခရစ်ယန်ဘာသာက ဖန်ဆင်းရှင်အကြောင်းကို ဆုံးမတယ်၊ ဗုဒ္ဓဘာသာကဖန်ဆင်းရှင်အကြောင်းမပြောဘူး။

  • ၂။         ခရစ်ယန်ဘာသာက ဂျီးဇက်ဟာ ထာဝရုရားရှင်ရဲ့ သားလို့ဆိုပြီး ၊ဗုဒ္ဓဘာသာကတော့ ဗုဒ္ဓဟာလူသားတစ်ယောက်ဖြစ်ပြီး သစ္စာတရားကိုလည်း ကိုယ်တိုင်ကြိုးစားပြီးမှသိခဲ့ရတာလို့ဆိုပါတယ်။ ဗုဒ္ဓဟာ နတ်မဟုတ်၊ နတ်ရဲ့သားမဟုတ်၊နတ်ရဲ့မက်ဆေ့ဂ်ျကိုသယ်လာသူလည်းမဟုတ်ပါဘူး။

  • ၃။         ခရစ်ယန်ဘာသာက ထာဝရ ဝိဉာဉ်ရှိတယ်လို့ဆိုတယ်၊ ဗုဒ္ဓဘာသာက ဒါကိုငြင်းတယ်၊ အရာခပ်သိမ်းဟာ ဖြစ် ပျက်ပဲရှိတယ်။

  • ၄။         ခရစ်ယန်ဘာသာက အားလုံးတစ်ဘဝပဲရှိတယ်၊ ဒီဘဝပြီးရင် ကယ်တင်ရှင်ကို ယုံရင်ယုံသလို မယုံရင်မယုံသလို ထာဝရကောင်းကင်ဘုံနဲ့ ထာဝရငရဲမှာ စံရ ခံရမယ်လို့ဆိုတယ်။ ဗုဒ္ဓဘာသာက ရေတွက်လို့မရတဲ အတိတ်ဘဝတွေ ဘုံဘဝအသီးသီးမှာရှိခဲ့ပြီးပြီ၊ ကိလေသာကုန်ခမ်းပြီးရဟန္တာဖြစ်သည်အထိ ဒီသံသရာကဆက်လည်နေဦးမယ်လို့ဆိုတယ်။ ကျွန်ုပ်တို့ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုခွင့်လွှတ်ပြီး လာရောက်ကယ်တင်ပေးဖို့ တောင်းခံစရာ ပြင်ပ တန်ခိုးရှင်လည်းမရှိပါဘူး။

  • ၅။         ခရစ်ယန်ဘာသာ ယုံကြည်တာက တိရစ္ဆာန်တွေဟာ ဝိဉာဉ်မရှိလို့ လူသားတွေပဲ ကယ်တင်ခြင်းကိုခံရမယ် လို့ဆိုတယ်။ ဗုဒ္ဓဘာသာကတော့ သတ္တဝါအားလုံးဟာ ခံစားမှုရှိတယ်၊ဒါကြောင့် အားလုံးဟာဒုက္ခမှလွတ်မြောက်သင့်တယ်လို့ ဆိုပါတယ်။

  • ၆။         ခရစ်ယန်ဘာသာ ယုံကြည်တာက ကျွန်ုပ်တို့မှာ ဆွေ(၇)ဆက်က အကုသိုလ်တွေအတွက် တာဝန်ရှိတယ်လို့ဆိုတယ်။ ဗုဒ္ဓဘာသာက ပြောတာကတော့ ဘုန်းကြီးကံနဲ့ဘုန်းကြီးပဲ၊ဘုန်းကြီးက ဘယ်သူ့ကံကိုမှတာဝန်ယူစရာမလိုဘူး လို့ဆိုပါတယ်။

ဒီတော့ ပထမမေးခွန်းကိုဖြေဖို့ ခရစ်ယန်ဘာသာနဲ့ဗုဒ္ဓဘာသာကြားခြားနားချက် သဲလွန်စ တစ်ချို့ရခဲ့ပါတယ်။

ဘာကြောင့် ဗုဒ္ဓဘာသာရန်းတော်တစ်ပါးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။ အနောက်မှာကြီးပြင်းခဲ့ရသူပီပီ ပုံစံအမျိုးမျိုးနဲ့ ခရစ်ယန်နဲ့ပဲ ထိစပ်နေခဲ့ပါတယ်။ ဒါပေမယ့် စွဲယူဖို့ခက်ခဲတဲ့ ခရစ်ယန်ဘာသာ ယုံကြည်မှုတွေရှိခဲ့ပါတယ်။


  • ၁။         ဘုန်းကြီးကြားသိခဲ့ရတာက လူတစ်ယောက်သေအံ့ဆဲဆဲမှာ အပြစ်တွေကိုခွင့်လွှတ်ပြီးကယ်တင်ဖို့ ဂျီးဇက်ဆီမှာတောင်းခံခွင့်ရရင် ထာဝရကောင်းကင်ဘုံမှာ ခံစားရပြီး မွေကင်းစကလေးတစ်ယောက်ဟာ ဂျီးဇက်ဆီမှာ ဒီလိုတောင်းခံမှုမျိုးမပြလုပ်ရဘဲ သေဆုံးခဲ့မယ်ဆိုရင် ထာဝရငရဲဘုံမှာ ခံစားသွားရမယ် ဆိုတာပါ။

  • ၂။         ဂျီးဇက်မပေါ်မှီမွေးဖွားသေဆုံးသွားကြသူတိုင်းဟာ ဂျီးဇက်ကို ကယ်တင်ရှင်အဖြစ် တောင်းခံခွင့်မရခဲ့ကြတဲ့အတွက်ထာဝရငရဲဘုံမှာ ခံစားသွားရမယ်လို့ ကြားခဲ့ရဖူးပြန်ပါတယ်။

  • ၃။         နောက်တစ်ခုက အဖေရဲ့အပြစ်တွေ သားကအစားခံယူရမယ်ဆိုရင် အဲဒီသားဟာထာဝရကောင်းကင်ဘုံရောက်ဖို့ အခွင့်အလမ်းရှိပါဦးမလား။ တကယ်လို့ ကိုယ်ပြုတဲ့ကံက အဲသလိုစီမံပြီးသားဆိုရင် ကိုယ်ကြိုက်တာတွေလုပ်လိုက်ရုံပါပဲ။

  • ၄။        နောက်ထပ်ပြဿနာတစ်ခု နောက်ဆုံး ဘိုက်ဘယ်စာအုပ်ထဲမှာဖော်ပြထားတာက လူပေါင်း ၁၄၄ ၀၀၀ သာ ကယ်တင်ခြင်းခံရမယ် တဲ့။ ဒါဆို လူတွေ အများကြီး အမှောင်ကမ္ဘာကြီးထဲ ကျန်နေခဲ့ရလိမ့်မယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကအိန္ဒိယမှာ ဒလိုင်းလားမားရဲ့ တရားနာဖို့ အခွင့်ကြုံခဲ့ပါတယ်။ သူက ဗုဒ္ဓဘာသာရဲ့ အခြေခံဖြစ်တဲ့ ကံ၊သံသရာအကြောင်းကိုဟောသွားခဲ့တယ်၊ နက်နက်နဲနဲရှိလှပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က ထေရဝါဒဖက်ကို ပိုနွှယ်နေတော့ ထိုင်းနိုင်ငံက ကျောင်းတွေမှာ အနေများပြီး ဝိပဿနာတရား ကိုပဲ အားထုတ်ဖြစ်ခဲ့တယ်။ နှစ်အတော်ကြာတော့ ရဟန်းဝတ်ဖို့ စဉ်းစားမိသေးတယ်၊ ဒါပေမယ့် တစ်ခုခုက အမြဲ ဆွဲထားသလိုပါ။

မနှစ်ကတော့ ချင်းမိုင်က အိမ်မှာ ကိတ်မုန့်စားနေရင်း မုန့်အပဲ့လေးတွေ ကျမ်းပြင်ပေါ်ကျသွားတယ်။ မကြာပါဘူး ပုရွက်ဆိတ်တွေ အတန်ကြီးလိုက်ရောက်ာပြီး မုန့်အပဲ့လေးတွေ ချီပြီးပြန်သွားကြတယ်။

သူတို့ကိုကြည့်ရင်း ငါ ဘယ်လောက်ကံကောင်းလိုသလဲ၊ လူဖြစ်လာပြီး ဘုရားရှင်ရဲ့ တရားတော်တွေကို နာခွင့်ရနေတယ် လို့စဉ်းစားမိတယ်။ အရွယ်လည်းရှိ စိတ်ဓာတ်လည်းပြင်းပြနေတုန်း အိမ်ကိုအပ်နှံပြီး ဒီကိစ္စကိုအထမြောက်အောင်ကြိုးစားခဲ့ပါတယ်။ မနှစ်ကပဲ ရဟန်းဖြစ်ပြီး ဝိဿနာတရားပြဖို့ ဒီကျောင်းက ပင့်လျှောက်တာနဲ့ အခု ဒီရောက်နေတာပါ။

ဘုန်ကြီးက နယူးဇီလန်မှာမွေးခဲ့တော့ ပတ်ဝန်းကျင်အမှားထဲရောက်နေရသလို ငယ်စဉ်ကခံစားခဲ့ရတယ်။ လမ်းသူရဲတွေနဲ့အတူနေပြီး ရန်ဖြစ်တဲ့အထဲတွေအထိ ပါဝင်လာခဲ့တယ်။ ဒီအပြစ်တွေကိုမြင်လာတာနဲ့ မွေးရပ်နိုင်ငံကနေ ခရီးထွက်ဖြစ်ခဲ့တယ်။ ခရီးထွက်ရင်းနဲ့ ကိုယ့်ထက်ပျော်စရာကောင်းတဲဘဝမှာ နေကြတဲ့လူတွေကိုတွေ့လာတယ်။ ဒါနဲ့ တရားတွေ စ နာဖြစ်ခဲ့တာပါ။

ပထမဆုံး တရားနာရတဲ့ အခိုက်မှာ ကိုယ့်အိမ်ပြန်ရောက်သွားသလို စိတ်ထဲမှာ ခံစားနေရတယ်။ ပထမ တိဗက်နည်းနဲ့ တရားထိုင်ခဲ့တယ်၊နောက်မှ ဝိပဿနာတရားရိပ်သာကို ရောက်တာပါ။ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်က ဆရာတော် That Doi ဆီ ချဉ်းကပ်ပြီး တရားအားထုတ်ဖြစ်ခဲပါတယ်။

အဲဒီနောက် ဆရာဖြစ် သင်တန်းပြီးသည်အထိ အားထုတ်ခဲ့တယ်။၂၀၀၆ မှာ ကမ္မဌာန်းပြခွင့်ရပါတယ်။ ၂၀၁၀ ခုမှာ မလေးရှားနိုင်ငံ Buddhist Hermitage ကိုရောက်ပြီး ရဟန်းဘဝကိုရောက်ခဲ့ပါတော့တယ်။ ဒီကျောင်းမှာ မနက်လေးနာရီကနေ ည ကိုးနာရီအထိ တရားအားထုတ်ကြတယ်။ ဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က မြန်မာပြည်မှာ ဗုဒ္ဓဘာသာလေ့လာခဲ့ပြီး မဟာစည်နည်းနဲ့ တရားမှတ်ပါတယ်။ ဘုန်းကြီးကတော အခု Wat Sri Boen Ruang မှာသီတင်းသုံးပြီး ကိုယ်တိုင် ကျင့်သုံးရင်းနဲ့ စိတ်ဝင်စားသူတွေကို တရားပြပေးလျက်ရှိပါတယ်။


Original version >> Why Buddhism and not Christianity
 
ဆုထားမျက်ချယ်











Copyright © 2012 ကမ်းလက်. All rights reserved.

ခန္ဓာဝန် နှင့် ချစ်သူခေါ်သံ

ခန္ဓာဝန် ရှင်သန်ရေး
ဓာတုဆေးဝါး ကျားကန်ရင်း
ရင်ထဲဝင်ရောက်ကူးစက်တဲ့
ပြင်ပဇီဝ ပိုးမွှားကြောင့်
(ခင်မောင်တိုး၊မဇ္ဈိမလှိုင်း၊ခန္ဓာဝန်၊တေးရေးကိုရဲလွင်)

မဇ္ဈိမလှိုင်းတို့က လွှတ်လိုက်လျှင် ပေါ့ရွှတ်ရွှတ်လုံးဝမရှိ၊
၉၆ ပါး၊ ၉၈ ပါးသောဝေဒနာအစု၊ ခန္ဓဘာရော အတိဘာရော။
ရင်ခုန်ချင်စရာလုံးဝမရှိသည့်ကိစ္စကို သီချင်းစပ်ဆိုရဲကြသည်။

ကျန်းမာရေးမကောင်းခိုက် ကိုရင်ဘဝက စာကျက်ရတာငြီးငွေ့တိုင်း
နားထောင်ဖြစ်ခဲ့သည့် ထိုသီချင်းက ငယ်မူငယ်သွေးပြန်ဝင်လာသည်။

စ လုံးဒေါက်တာက အင်တီဘိုင်အောတစ်မပေးသဖြင့် ရောဂါက(ပြင်ပဇီဝ ပိုးမွှားက)
ပျင်းတောင်ပျင်းသေး လုပ်နေသဖြင့် တစ်လနီးပါး ကျားကန်လိုက်ရသည်။
အာရုံထွေကာ ဟို ဒီ လွင့်စင်နေတုန်း
နှိုးလှုပ်သူ ချစ်သူ့ခေါ်သံ
အော် ခေါ်နေသံရယ်
မိုးခြိမ်းသည့်နှယ်။

ကျန်းမာရေး၊ပြင်ပဇီဝ ပိုးမွှားကြောင့်  အားနည်းသလိုလိုရှိသော်လည်း
ချစ်သူခေါ်သံများကိုကား ကျယ်လောငစွာကြားလိုက်ရသည်။

၁။ပြည်တွင်းကချစ်သူများ အောင်ပွဲခေါ်သံ။
၂။ပြည်ပမှာလည်း ပထမဦးဆုံး အဘိဓမ္မာစာဖြေဌာန အောင်ပွဲခေါ်သံ

ဒါတွေလောက် အရေးမကြီးသော်လည်း သရဲနီ(မန်ယူ)က
နွိုက်ဇီးနေဗား(ပူညံပူညံ အိမ်နီးချင်း) မန်စီးတီးကို ၆ ပွဲအလို ၈ မှတ်ဖြတ်လိုက်သည်။
သီဟနာဒ












Copyright © 2012 ကမ်းလက်. All rights reserved.

ခြူသံစွဲအလင်္ကာ

အလင်္ကာတွေထဲမှာ “မည်သံစွဲ အလင်္ကာ” ဆိုတာ ရှိတယ်လို့ သိရပေမယ့် ခြူသံစွဲအလင်္ကာ ရှိ၊ မရှိဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ ဒီကိစ္စကို အလင်္ကာ၊ ဒေါသပါရဂူတွေ ဆုံးဖြတ်ဖို့ ချန်ထားခဲ့ရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် (၂၁) ရာစု မျက်ခွက်ဘွတ်အုပ်ခေတ်မှာတော့ ကိုယ်သုံးချင်တဲ့ အလင်္ကာ ကိုယ်သုံးလို့ ရပါပြီ။

    ခြူသံစွဲဆိုတာက ဒီလိုပါ။


    “နွားပျောက် ခလောက်သံကြား” ဆိုတဲ့ စကားပုံ ရှိပါတယ်။ ခလောက်က ခြူတွေ မပေါ်ခင်က သုံးတာလို့ ထင်ရပေမယ့် ခြူတွေ ပေါ်လာတဲ့အထိလည်း သုံးနေကြတုန်းပါ။ သစ်သားကို ထွင်းထုထားတာချင်း အတူတူမို့ ခလောက်သံခြင်း တူနေမယ်ထင်ရင် မှားပါလိမ့်မယ်။ နွားပိုင်ရှင်ဟာ သူ့နွားရဲ့ ခလောက်သံကို မှတ်မိနေတတ်ပါတယ်။ အရောင်တူ၊ ဆိုက်တူ၊ တံဆိပ်တူ ဖိနပ်တွေထဲမှာ ကိုယ့်ဖိနပ်ကို မှတ်မိနေသလိုမျိုးလို့ ထင်ပါတယ်။ ခြူသံကျတော့ သိပ်ခွဲခြားလို့ မရတော့ပါဘူး။ ဒါ့ကြောင့် တောအုပ်ထူထူထဲက တောင်သူကြီးတွေ ခလောက်ကို ဆက်သုံးနေတာနေမှာလို့ စဉ်းစားစရာ ရှိပါတယ်။

    အားလုံး သိကြမယ် ထင်ပါတယ်။ ယာထွန်ဖြုတ်ပြီဆိုရင် နွားတွေကို တောထဲလွှတ်ပေးလိုက်ကြတယ်။ သူစားချင်ရာ လျောက်စားပေါ့။ ညနေစောင်းတော့မှ နွားပိုင်ရှင်က ခလောက်သံကို နားထောင်၊ သူ့နွားရှိတဲ့ နေရာကိုသွားပြီး ဆွဲခေါ်လာခဲ့တော့တာပါ။ ဆိုလိုတာကတော့ ခလောက်သံနဲ့ဆိုရင် နွား ဘယ်ရောက်နေတယ်ဆိုတာ သိလို့ရပါတယ်။ ဒါပါပဲ။

    နွားနဲ့ အကျွမ်းတဝင်ရှိခဲ့တော့ တစ်ခါတစ်ခါ အခက်ကြုံရပါတယ်။ သူများကတော့ မသိပါဘူး၊ ကိုယ့်ဘာသာကိုယ် ကြုံရတာပါ။ တစ်နေ့က ကောင်မလေးတစ်ယောက် ခြေထောက်မှာ ခြူတွေ ဆင်ထားတာ တွေ့ရတယ်။ ပြုံးမိတယ်။ မတတ်နိုင်ဘူး။ ဒုက္ခဆိုတာ အဲ့ဒါပါ။ သူမကို အားနာပါတယ်။ ခြေထောက်မှာ ခြူဆွဲထားတော့ သူမ ဘယ်သွားသွား သိနေရတယ်။

    ဂလိုဘယ်ခေတ်ကြီးထဲမှာတော့ လူလည်း ခြူဆွဲတော့တာပါပဲ။ နွားက လည်ပင်းမှာ ဆွဲပြီး လူကတော့ ခြေချင်းဝတ်မှာ ဆွဲတာပေါ့။ တော်ပါသေးတယ်။ ခြူဆွဲတဲ့နေရာ မတူလို့။

    အခုမှ ကျနော်ပြောချင်ရာ ရောက်ပါတော့တယ်။

    “ခြူသံစွဲ” အလင်္ကာဆိုတာ လူတစ်ယောက် ဘယ်ကို ရောက်နေတယ်ဆိုတာ သိနိုင်တဲ့ အလင်္ကာပါ။ (ကျနော်ကိုယ်တိုင်ပေးတဲ့ အလင်္ကာမို့ စာအုပ်ထဲမှာ မရှာကြဖို့ မေတ္တာရပ်ခံပါတယ်။)
    ဒီနေ့ မျက်ခွက်ဘွတ်အုပ်လို့ခေါ်တဲ့ F.B. ဟာ ခြူသံစွဲအလင်္ကာပါ။ အနည်းဆုံး အကြောင်းနှစ်ချက် ရှိပါတယ်။

    ၁။ မျက်ခွက်ဘွတ်အုပ်ကို ကြည့်လိုက်ရင် အဲ့ဒိဘွတ်အုပ်ပိုင်ရှင် ဘယ်ရောက်နေတယ်ဆိုတာ သိလို့ ရပါတယ်။
    ၂။ မျက်ခွက်ဘွတ်အုပ်ကို ကြည့်ရင်း သူဘာလဲဆိုတာလည်း သိလို့ ရပါတယ်။





    ဆိုရှယ်ကွန်ယက်ကြီးကို F.B. ခြူသံနဲ့ ဆက်သွယ်ပေးထားတော့ မိတ်တွေဟောင်း၊ မိတ်ဆွေသစ်တွေ ဘယ်ရောက်နေကြတယ်၊ ဘာတွေ လုပ်နေကြတယ်ဆိုတာ သိခွင့် ရနေကြရပါတယ်။ ဆိုရှယ်အတွက် အတော်ထိရောက်တယ်လို့ ပြောရင် မလိုအပ်ဘဲ စကားဖောင်းပွတာပါပဲ။

    မိတ်ဆွေတစ်ချို့ဆို မိနစ်ပိုင်းအတွင်းမှာ သူတို့ ဘယ်ရောက်နေကြောင်း ကြေငြာပြီး ဖြစ်နေတယ်။

    တစ်ခါတစ်ခါမှာ အဲ့ဒီ မျက်ခွက်ဘွတ်အုပ်ကနေပဲ ကိုယ်ဘာလဲ၊ ဘယ်လိုလူလည်းဆိုတာ ပြောမိလျက်သားလည်း ဖြစ်နေတတ်ပြန်ပါတယ်။ ဒါကိုတော့ ခြူသံစွဲအလင်္ကာသာမက မည်သံစွဲအလင်္ကာလို့လဲ ခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ အဲ့ဒီလူဟာ ဓာတ်ပုံဝါသနာပါသူလား၊ ပန်းချီဝါသနာပါသူလား၊ အားကစားဝါသနာပါသူလား၊ နိုင်ငံရေးလား၊ စာပေလား၊ ကွန်မင့်ရေးတာ၊ ကိုယ့်ကို ကွန်မင့်ပြန်တာကို ကြိုက်သူလား စတာတွေကိုလည်း သိနိုင်ပါတယ်။

    ဆက်ပြောဖို့ ရှိတာက တစ်ချိန်ကတော့ ခြူဆိုတာ နွားဘယ်မှာရှိတယ်ဆိုတာ သိရုံနဲ့ တူပါတယ်။ နောက်ပိုင်းကျတော့ ခြူဆွဲထားခြင်းကပင် နွားရဲ့ တန်ဆာတစ်ခု ဖြစ်နေပါတော့တယ်။ လှတဲ့နွား၊ ကောင်းတဲ့နွားတွေဆိုရင် ခြူသံတစ်ချွင်ချွင်နဲ့ပါ။ မစွံတဲ့နွားကို ခြူတတ်မိပြန်တော့ ကိုယ့်နွား မစွံတာကို ပြနေသလို ဖြစ်တတ်ပြန်ပါရော။

    မှားရင်တော့ တောင်းပန်ရမှာပါပဲ။

    အဲ့သလိုပါပဲ။ ခံစားချက်တွေရေးရင်း၊ ပေါက်ကွဲရင်းနဲ့ ကိုယ့် F.B. က ကိုယ်မစွံကြောင်း၊ အတင်းပြောတတ်ကြောင်း၊ သူများကိစ္စတွေ ဝင်စွက်တတ်ကြောင်း ပြောပြနေတတ်ပြန်ရော။

    တစ်ခုရှိတာက နွားပိုင်ရှင်တွေက နွားကို ခြူဆွဲပေးတတ်ပေမယ့် ကြောင်ပိုင်ရှင်တွေကတော့ ကြောင်ကို ခြူဆွဲပေးတယ်လို့ မကြားဖူးပြန်ဘူး။ ပုံပြင်ထဲမှာတော့ ကြောင်ကို ခြူဆွဲပေးဖို့ ကြွက်ကလေးတွေ တိုင်ပင်နေကြတာ ဖတ်ဖူးတယ်။ ပုံပြင်က ရှည်တော့ ပြီးအောင် မဖတ်လိုက်မိဘူး။ သူတို့ အကြံအစည် အထမြောက်၊ မမြောက် မသိခဲ့ရဘူး။

    တစ်ချို့ မျက်ခွက်ဘွတ်အုပ်တွေကျတော့ ကြောင်နဲ့ တူပြန်ရော။ ခြူမပါတော့ ဘယ်သူရေးမှန်း မသိ၊ ရေးသူ ဘယ်သွားမှန်းလည်း မသိ၊ တောရောက်လား၊ မြို့ရောက်လား မသိ၊ ဘွဲ့ရလား၊ ဘွဲ့မရလား မသိ၊ ဘာဆို ဘာမှ မသိ။

    ကြောင်ကိုတော့ ခြူဆွဲပေးလို့ မရဘူး။
    သူက ကြွက်ခုတ်ရဦးမှာ မဟုတ်လား။

    ခြူသံမြိုင်မြိုင်နဲ့ တောက လှည်းယဉ်ကျော့လေးတွေကို သတိရရင်း မဆိုင်ရာတွေကို နှိုင်းမိပြန်ပါရော။

    ဖေ့(စ်)ဘုတ် (သို့) ခြူသံစွဲအလင်္ကာ

ဇင်ဝေသော်








(စကားနည်းနည်း ရိုင်းသွားသလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ဘုရားရှင်ကိုတောင် နွားလားဥသဘနဲ့ နှိုင်းတာ၊ ဘုရားရှင်ရဲ့ အနွယ်တော်ကလည်း ဂေါတမ (နွားတကာထက် မြတ်သောနွား) ဆိုတာကို တွေးမိရင်း လိပ်ပြာသန့်လို့ လွှတ်လိုက်မိပါတယ်။)

Copyright © 2012 ကမ်းလက်. All rights reserved.

ရဲအရာရှိငှားရန်ရှိသည်


ပါဆင်နယ်ရဲအရာရှိ အစောင့်အရှောက် လိုအပ်ပါသလား။
ယနေ့ ရဲအရာရှိ တစ်ယောက်ကို တစ်နာရီ ပေါင် ၃၀ နဲ့ငှားရမ်းနိုင်ကြပါပြီ။

ငွေကြေးအကျပ်အတည်းနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့
ဂရိအစိုးရက ရဲအရာရှိတွေကို နာရီနဲ့ငှားပြီး ရံပုံငွေရှာဖို့ ကြိုးစားနေပါတယ်။

ရဲကားပါလိုချင်ရင်တော့ ၁၀ ပေါင်ထပ်ပေးရပါလိမ့်မယ်။
ရလာတဲ့ငွေကို ရဲဌာနတွေအတွက်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေအတွက် သုံးစွဲမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ဆိုပါတယ်။

ဒါပေမယ့် ရဲအရာရှိ အစောင့်အရှောက်ငှားတဲ့နေရာမှာ အကန့်အသတ်တော့ရှိပါတယ်။
အရေးကြီးတဲ့ပစ္စည်းတွေအတွက် ဒါမှမဟုတ် အနုပညာနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ ပို့ဆောင်ပေးရတဲ့ကိစ္စမျိုးသာဖြစ်ရပါမယ်။

တစ်ချိန်ကတော့ ဒီကိစ္စမျိုးတွေအတွက် အလကားဆောင်ရွက်ပေးခဲ့ပါသတဲ့။
အခုတော့ ကင်းလှည့်ရေယာဉ်အတွက် ပေါင် ၂၀၀၊
ဟယ်လီကော်ပတာအတွက် ပေါင် ၁၅၀၀ သတ်မှတ်ထားပါတယ်။
ဒါကလည်း ပြည်ထဲရေးတာဝန်ကိုမထိခိုက်မှ ပါ လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဂရိနိုင်ငံဟာ အကြွေးပေးရန် ပေါင် ၃၅၀ ဘီလီယံရှိပါတယ်။
ဒေဝါလီမခံရဖို့ အီးယူနဲ့ အပြည်ပြည်ဆိုင်ရာရံပုံငွေအဖွဲ့ တွေကနေ ချေးငှားထားရတာဖြစ်ပါတယ်။
ဒီကိစ္စကြောင့်ဆန္ဒပြမှုတွေများလွန်းလို့ ရဲဌာနတွေလည်း တော်တော် အလုပ်ရှုပ်နေကြရပတယ်။(ဒီကြားထဲက ငှားရတာပါ၊)

လူငါးယောက်မှာ တစ်ယောက် တော်တော်အခြေအနေဆိုးနေပါတယ်၊
ကိုယ့်ကိုယ်ကို သတ်သေမှုတွေကလည်း မနှစ်က လေးဆယ်ရာခိုင်နှုန်း
မြင့်တက်လာကြောင်း သိရပါတယ်။

(သံရုံးမြေ ပိုင်းရောင်းတာတောင် သတင်းမဟုတ်တော့သလိုလို၊ စာပြန်သူ)
AGENCE FRANCE-PRESS

ဦးကိုမောင်





















Copyright © 2011 ကမ်းလက်. All rights reserved.

အနိစ္စအိုးကွဲ

အမှန်မူ တောင်တန်းသာသနာပြုကာလသည် (၂) နှစ်မျှသာဖြစ်သည်။ သို့သော် ဒေသခံများကို စာနာမိခြင်း၊ ကိုယ့်ရည်ရွယ်ချက်လည်း အထမြောက်ပြီဟု မဆိုနိုင်ခြင်းကြောင့် အနည်းဆုံးတစ်နှစ်တော့ ထပ်နေမည်ဟု ဗော်လန်တီယာ တာဝန်ယူပြီး ငှက်ဖျားပိုး၊ ဝမ်းပျက်ဝမ်လျောပိုးတို့ ပျော်မွေ့ရာ ထိုဒေသသို့ ခရီးတစ်ခေါက်ပြန်ဆန့်ခဲ့ရတော့သည်။

နံပါတ်တစ်ပြုလုပ်ရမည့်ကိစ္စက ဟုမ္မလင်းမြို့နယ် ဥက္ကဋ္ဌ (မ.ယ.က) ၏ အထံမှ ကျောင်းဆောက်ခွင့် ပါမစ်ရရှိရေးနှင့် မြို့နယ်မှ ထိုက်သင့်သော ပံ့ပိုးကူညီမှုပေးရေးပင် ဖြစ်သည်။ မယက ဥက္ကဋ္ဌကလည်း ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ကြောင်း သိရသည်။ မိမိတို့ဖြစ်ပျက်ခဲ့သောကိစ္စက ဟုမ္မလင်းမြို့နယ် ထဲမှာဖြစ်သဖြင့် ဥက္ကဋ္ဌကလည်း တော်တော်အကြိမ်းအမောင်း ခံလိုက်ရရှာသည်ဟု ကြားသိရသည်၊ စိတ်မကောင်းစရာပါ။ သူလည်း ဘာမှတော့ မတတ်နိုင်ရှာပါ။

ထို့ကြောင့် ဟုမ္မလင်းကိုသွားရန် လူပုဂ္ဂိုလ်သာသနာပြုတစ်ယောက်ကို ခေါ်ရ၏။ သူ့နာမည်က ဦးအနူစီးတည်း။ စခန်းမှူး၏အကူအညီဖြင့် စက်လှေတစ်စီးကို မေတ္တာရပ်ကာ (စခန်းမှူးပါ ပါဝင်နေသဖြင့် မေတ္တာရပ်ဟူသောစကား မှန်၊ မမှန်တော့ မသိပေ၊ မေတ္တာတော့ ရပ်ခဲ့ပါ၏။) ဟုမ္မလင်းသို့လိုက်လိုကြောင်းပြောရာ လိုက်နိုင်ကြောင်း သူတို့ကပြန်ပြောကြ၏။

စက်လှေကသေးသဖြင့် မြန်လိမ့်မည်ဟုထင်ပြီး ရွေးချယ်မိကာမှ ရွေးမိသောစက်လှေက ဈေးသည်လှေဖြစ်နေသဖြင့် လုံးဝမှားယွင်းသွားကြောင်း နောက်ကျစွာ သိခဲ့ရတော့သည်။

ထိုဈေးစက်လှေများသည် ချင်းတွင်းမြစ်တစ်လျှောက် ဆန်တက်ရင်း ပစ္စည်းဝယ်လိုသော ရွာများသို့ကပ်ကာ ကုန်ပစ္စည်းများ ချပေးခဲ့ကြ၏။ ပစ္စည်းတန်ဖိုးငွေကို ခန္တီးမှ သူတို့ပြန်ဆုံဆင်းလာတော့မှသာ တောင်းကြ၏။  ဤသည်မှာ ချင်းတွင်းဝဲယာမှ လူတို့၏ ယဉ်ကျေးမှုဖြစ်သည်။

စီးလာသောစက်လှေသည် အသွားက ပစ္စည်းချပေးခဲ့သောရွာတိုင်းကို ဆိုက်ကပ်ကာ ဈေးဖိုးတောင်းလေတော့သည်။ ဆွမ်းစားအမီ ဟုမ္မလင်းရောက်ဖို့ နေနေသာသာ ဈေးဖိုးတောင်းတာနှင့်ပင် ဆွမ်းစားချိန်ရောက်လေတော့သည်။

သို့ဖြင့် ဦးအနူစီး ပြင်ဆင်ကပ်သော ဆွမ်းကို စက်လှေပေါ်မှာ စားလိုက်ရတော့သည်။ ပြီးမှ ဦးအနူစီးကို ပေးလိုက်သည်။ ခရီးစဉ်ဖင့်နှေးသည်မှတပါး ချောမွေ့သောခရီးစဉ်တစ်ခုပင် ဖြစ်လေသည်။

ဈေးဖိုးတောင်းသော စက်လှေကမူမပျက်သော်လည်း အတန်ကြာသောအခါ ဦးအနူစီး မူပျက်လေတော့သည်။ ဝမ်းတွေ စတင်လျှောတော့သည်။ တစ်နာရီခန့်ကြာသော် ဝမ်းသွားတာ ငါးကြိမ်ထက်မနည်းတော့ဟု သိရသည်။ ထိုအခါ စိုးရိမ်စပြုလာရတော့သည်။ ထိုတလောက ချင်းတွင်းဝဲယာ၌ ဝမ်းလျောရောဂါဖြင့်သေဆုံးသူ တော်တော်များများကြားရသည်။ စိုးရိမ်မယ်သာစိုးရိမ်ရသည် ကိုယ်လည်းဘာမှတော့မတတ်နိုင်။ စက်လှေသမားတွေကိုလည်း ဦးအနူစီးဝမ်းလျောနေပါသည်ဟုပြော၍မရ၊ သူတို့အပေါ် မတရားသလိုတော့ ဖြစ်သည်။ အဖြစ်မှန်ကို မပြောမိ။ ပြောမိပါကလည်း ဝမ်းလျောနေသူ တစ်ယောက်ကို လှေပေါ်ဆက်တင်ထားလောက်အောင် သူတို့သဘောမကောင်းလောက်ပေ။

ဆယ်ကြိမ်မျှ ဝမ်းသွားပြီးသောအခါ ဝမ်းလျောရုံသာမက အန်ပါ အန်လာသည်။ သိသမျှဗဟုသုတလေးအရ အခြေအနေတော်တော် ဆိုးနေပြီဆိုတာ သဘောပေါက်လိုက်ရသည်။ ထို့ကြောင့် သူ့ကို ဘာမှမပူရန် အားပေးရသည်။ ကောယားမောင်းခန်းကိုရောက်လျှင် ဤစက်လှေမဆင်းပြီး စက်လှေတစ်စင်းအပြတ်ငှားကာ ဟုမ္မလင်းကို အမြန်ရောက်အောင်သွားပြီး ဆေးကုပေးမည်ဟု ပြောရသည်။ ခပ်နဲ့နဲ့သာကျန်နေရှာသော ဦးအနူစီးက သူဘာမှမဖြစ်ကြောင်း ပြောနေဆဲသာတည်း။

မပြောသော်လည်း အတန်ကြာသောအခါ စက်လှေသမားတို့ သိသွားကြတော့သည်။ ထို့ကြောင့် သူတို့စက်လှေပေါ်မှာ ဆက်လက်မထားနိုင်တော့ကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောလာကြတော့သည်။ မတတ်နိုင်ပေ၊ ဤရောဂါသည် နာရီပိုင်းအတွင်း လူကိုသေစေနိုင်သော ရောဂါဖြစ်ကြောင်း သူတို့လည်း သိကြသည်။ ထို့ကြောင့် ကောယားမောင်းခန်းကို အမြန်မောင်းပေးစေလိုကြောင်း ထိုရောက်ပါက ချပေးပါဟု မေတ္တာရပ်ခံရသည်။ သူတို့လည်း သဘောတူကြပါသည်။

ကေားယားသို့ရောက်သောအခါ ဦးအနူစီးက လမ်းပင်မလျှောက်နိုင်တော့ပေ။ မကြောကတတ်သော စက်လှေသမားတစ်ယောက် အကူအညီဖြင့် သူ့ကိုတွဲချကြရသည်။ ဦးအနူစီးလည်း ကောယားသောင်ပေါ်ရောက်ရော ထိုစက်လှေသည်လည်း ဝန်ထုပ်ကြီးတစ်ခုချထားခဲ့ရသည့်အလား ပေါ့ပါးလွတ်လပ်စွာ တရှိန်ထိုး ထွက်ခွါသွားလေတော့သည်။

ထိုအခါ ကောယားခေါ်သည့် ရှမ်းရွာကြီး၏ သဲသောင်ပေါ်၌ တောင်တန်းသာသနာပြုရဟန်းတစ်ပါးနှင့် ဝမ်းလျှောရောဂါဖြင့် သတိရတချက် မရတချက် နာဂအမျိုးသားကြီး ဦးအနူစီးသာ ကျန်ခဲ့လေတော့သည်။ သူကား သဲသောင်မှာ ခွေခွေလေး လဲလျောင်းလျက်။

            ဘာဆက်လုပ်ရမလဲ။ စဉ်းစားရသည်၊ အချိန်မရှိ။

ဦးအနူစီးခေါင်းအောက်သို့ ခရီးဆောင်အိတ်ကလေး ထိုးပေးကာ မှိန်းအနေခိုင်းပြီး ကောယားရွာကြီးထဲသို့ အမြန်သုတ်ခြေတင်လိုက်သည်။ တစ်ယောက်ယောက်အကူအညီဖြင့် စက်လှေတစ်စီး ရှာပေးရန် ထိုစက်လှေဖြင့် ဟုမ္မလင်းသို့ အမြန်စုံရန်ပင်ဖြစ်သည်။ ကောယား၊ မောင်းခန်းတို့ကား ရှမ်းရွာကြီးများဖြစ်ပြီး ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းကြသော ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။ ထို့ကြောင့် ဤကိစ္စကိုပြောသောအခါ ဒါဆို ဥက္ကဋ္ဌနှင့်ပြောမှ အဆင်ပြေမည်ဟုဆိုကာ ဥက္ကဋ္ဌအိမ်ကို လိုက်ပို့ကြ၏။ ဥက္ကဋ္ဌဆိုသူနှင့်တွေ့ပြီး ဤကိစ္စကိုပြောကာ အကူအညီတောင်းရ၏။ လူနာက ဘယ်မှာလည်းဟု မေးရာ မြစ်ဘေးကသဲသောင်ပေါ်မှာဟု ဖြေရ၏။ ထိုအခါ စက်လှေငှားဖို့နောက်ထား လူနာကို အရင်သွားကြည့်ရအောင်ဟုဆိုကာ လူတစ်ချို့နှင့်အတူ သောင်ပြင်ပေါ် ထွက်ခဲ့ကြ၏။

ထိုလူစုထဲ၌ ရှမ်းတိုင်းရင်းဆေးကို နားလည်သော ဒကာကြီးတစ်ယောက်လည်းပါသည်။ သူက ဦးအနူစီးကို စစ်ဆေးကြည့်သောအခါ မရတော့၊ လူနာက ဆုံးတော့မည်။ ထွက်သက်သာရှိပြီး ဝင်သက်မရှိတော့ဟု ဆိုလေသည်။

မိမိက လက်မခံ၊ ဘာသက်ပဲရှိရှိ ဟုမ္မလင်းကိုတော့ ရောက်မှဖြစ်မည်။ ဆေးရုံတင်မည်။ စက်လှေငှားဖို့သာ ကူညီကြပါဟု ဇွတ်အတင်းပြောမိ၏။ မှန်သည်၊ ဘာမှမလုပ်ရပဲ ရဲဘော်ရဲဘက်ကြီးတစ်ယောက် အသက်ထွက်တာကို ထိုင်ကြည့်မနေနိုင်၊ ကြိုးစားလျှက်မရသည်ကတော့ ကံပေါ့။ ဤသဘောမျိုးရှိနေခဲ့သည်။

ထိုအခါ ယင်းဒကာကြီးက “အရှင်ဘုရား၊ တပည့်တော်က စေတနာပါ။ လူနာက တပည့်တော်တို့ လှေရှာနေတုန်းမှာကိုပဲ ဆုံးနှင့်နေမှာ၊ သူ့အသက်က မိနစ်ပိုင်းလေးပဲကျန်တယ်။ ဒီမှာဆုံးရင် တပည့်တော်တို့ရွာက သုသာန်မှာ မီးသဂြိုဟ်လို့ရတယ်။ ဥက္ကဋ္ဌကြီးနဲ့ တပည့်တော်တို့ ရပ်မိ၊ရပ်ဖတွေလည်း ကူညီလို့ရတယ်။ အရှင်ဘုရားရဲ့လူနာက ဟုမ္မလင်းအထိ အသက်ခံကို မခံဘူး။ မြစ်အလယ်မှာ လူနာအသက်ထွက်ရင် အရှင်ဘုရား ဒုက္ခကောင်းကောင်း ရောက်မယ်။ ဘယ်သူမှလည်း အကူအညီပေးလို့မရဘူး။ စဉ်းစားပါဘုရား” ဟုလျှောက်ထားတော့မှ သူပြောတာက သဘာဝကျနေ၍ လက်ခံရသည်။ သို့သော် စက်လှေရရေးကိုမူ တောင်းဆိုဆဲပင်တည်း။

သူပြောတာ မှန်သည်။ နှာခေါင်းဝကို လက်ကပ်ကြည့်တော့ ထွက်လေသဲ့သဲ့သာ တိုးထွက်လာပြီး ဝင်လေက မရှိတော့ပေ။

မကြာပါ၊ ၅ မိနစ်ခန့်ကြာသောအခါ အကြောအချဉ်များ တွန့်ဆိုင်းလာပြီး ဦးအနူစီးလည်း အသက်ထွက်သွားလေတော့သည်။

အနိစ္စကား မှန်၏။ အနိစ္စတရားချဉ်းကပ်ပုံကား ရက်စက်လွန်းလှသည်။ တစ်လှေထဲစီး၊ တစ်ခရီးထဲ သွား၊ ခရီးလမ်းခုလတ်ပင် မရောက်လိုက်။ ရိုးသားသော၊ အားကိုးရသော၊ ဘုန်းဘုန်းကို ရန်ရှာချင်ရင် တပည့်တော်ကိုသတ်ပြီးမှ ရန်ရှာလို့ရမယ်ဟု အားပေးခဲ့သော နာဂအမျိုးသားကြီး ဦးအနူစီး၏ သုသာန်က ကောယားဆိုသည့် ရှမ်းရွာကြီးဘေးက ချင်းတွင်းမြစ်သဲသောင်ခုံပေါ်မှာဆိုသည်ကို မည်သူမှ ကြိုတင်မသိခဲ့ကြပေ

            မှန်သောစကားကိုဆိုရမူ ဖခင်သေဆုံးစဉ်ကပင် ကိုယ့်လက်ပေါ်မှာ မဟုတ်ခဲ့သည့်အတွက် ဒီလောက်မတုန်လှုပ်ခဲ့ရပေ။

ဦးအနူစီး၏ ရုပ်အလောင်းက ဝမ်းလျှောပြီးဆုံးတာဖြစ်သဖြင့် လူတော်တော်များများက မကိုင်လိုကြ၊ သူတို့ကိုလည်း အပြစ်တင်လို့မရ။ သို့သော် သူနှင့်သိသူဟူ၍ကလည်း တောင်တန်းသာသနာပြုရဟန်းသာ။ နောက်ပြီး နာဂအမျိုးသားပင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာ သာသနာပြုတစ်ယောက်ဟူသော သံယောဇဉ်ကြောင့် ကူညီသူတစ်ချို့တော့ရှိခဲ့သည်။ ရွာတွင်းသို့ မဝင်တော့ပဲ သုသာန်သို့သွားကာ ချက်ချင်း မီးသဂြိုဟ်ကြသည်။

            ဦးအနူစီးဘဝက ဆုံးသွားပေပြီ။

            သို့ဖြင့် တစ်ပါးတည်း ဟုမ္မလင်းကို သွားခဲ့ရသည်။

            သူ့မိသားစုကို ဘယ်လိုရှင်းပြရမည်ပင် မစဉ်းစားတတ်။

            ထို့ကြောင့် ဟုမ္မလင်းတပ်မှနေပြီး ထမံသီတပ်သို့ သံကြိုးအရင် ပို့ထားလိုက်သည်။

ကျောင်းအတွက် အထိုက်အလျှောက် အကျိုးရှိသည်ကား မှန်ပါ၏။ သို့သော် ထိုဟုမ္မလင်းခရီးက ရဲဘော်ကြီး တစ်ယောက်ကို ချွေယူသွားခဲ့သည်။ ရင်နာရပါ၏။

ထမံသီသို့ ပြန်ရောက်သောအခါ ထိုသတင်းကို အားလုံးရထားကြပြီးဖြစ်၍ ထပ်မံရှင်းပြစရာ အထွေအထူးမလိုတော့။ သို့သော် တိတ်ဆိတ်စွာ ဝမ်းနည်းနေကြရသည်ကိုကား မည်သူမှ ဖုံးဖိဖို့မကြိုးစားကြ။ ဤရဟန်းကိုယ်တိုင်ပင် မျက်ရည်တစ်ချို့ဖြင့် စက်လှေပေါ်မှ ဆင်းခဲ့ရသည်။

ကျောင်းဖြစ်မြောက်ဖို့သွားခဲ့တဲ့ခရီးမှာ ဆုံးပါးခဲ့ရလို့ ဗိမာန်ကျယ်ကျယ်နဲ့ နတ်သားတစ်ပါးဖြစ်စေဖို့တော့ တောင့်တမိသည်။


            သူတောင့်တခဲ့တဲ့ သာသနာပြုကျောင်း…..။
            သူဖြစ်စေချင်တဲ့ ပရဟိတကျောင်း…….။
            သူမြင်ချင်တဲ့ ဒညင်းသီးခြံ……။
            ကျန်ရစ်သူတို့မှာလည်း တာဝန်ဖြင့်………….။


သီဟနာဒ












Copyright © 2011 ကမ်းလက်. All rights reserved.