ဘာသာရေးအဆုံးအမများ၌ ယောက်မနှင့်လျှာ ဥပမာသည် တော်တော် ရေးပန်းစား၏။ ဗုဒ္ဓဘာသာရယ်မဟုတ်၊ အခြားဘာသာ အဆုံးအမများ၌လည်း ဤဥပမာကို မကြာမကြာ တွေ့ရသည်။ အဓိပ္ပါယ်ကိုတော့ အားလုံး သိကြပြီးဟု ယူဆ ပါသည်။
သီတင်းသုံးဖော် သီရိလင်္ကာကိုယ်တော်လေးတစ်ပါးက ဆူနာမီဖြစ်ပြီး သတ္တဝါများ သေကြေပျက်စီး ခဲ့ရ သည်ကို တွေ့မြင် ရပြီးတဲ့နောက် အသားမစားတော့ဟု ဆိုသည်။ အမှန်လည်း မစားတော့။ ချီးကျူးစရာ ကောင်းသည်။ ယခင်ကကုန်း သတ္တဝါကို ရှောင်သော်လည်း ဆူနာမီဖြစ်ပြီးနောက် ရေသတ္တဝါကိုပါ ရှောင်ကြဉ်လိုက်ခြင်း ဖြစ်သည်။
သူပြောမှ ကိုယ်တိုင် စဉ်းစားမိသည်။ ငါတို့မှာလည်း နာဂစ်ဖြစ်စ်ခဲ့တာပဲ၊ ငါလည်း သက်သတ်လွတ် ဖြစ်မသွားပါလား - ဟု ဖြစ် သည်။ ထိုမျှမက နာဂစ်ဖြစ်ပြီးနောက် တို့နိုင်ငံမှာ လူဘယ်နှစ်ယောက် သက်သတ်လွတ် ဖြစ်သွားသလဲဟု ဆက်လက် ၍ သေဖော် ပင် ညှိလိုက်မိသေးသည်။ နီးစပ်ရာ ရှာကြည့်မိတော့ မတွေ့ရ။ စာမြဲ၊ စားကြမြဲသာတည်း။
မဃဒေဝမင်းကြီးကလည်း ဆံဖြူတစ်ချောင်း တွေ့ကာမျှဖြင့် တောထွက်ရန် အကြံဖြစ်ခဲ့သည်ဟု ဆိုသည်။ သံဝေဃဉာဏ် အလင်းပွင့်ခိုက် ဆံပင်ဖြူလေး တစ်ချောင်းကပင် တောထွက်ဖို့ မောင်းနှင်အားတစ်ခု ဖြစ်နေတတ်သည်။ သို့ဖြင့် စဉ်းစား မိပြန် သည်။ ဆံပင်တစ်ချောင်း ဖြူကာမျှဖြင့် တောထွက်ကြမည်ဆိုလျှင် မြို့နေလူထုထက် တောထဲက လူတွေက ပိုများစရာ ရှိနေ သည်။
သိဒ္ဓတ္ထမင်းသားလည်း နိမိတ်ကြီးလေးပါးကို တွေ့မြင်ရပြီး တောထွက်ဖို့ အကြံအစည် ကိန်းအောင်း ခဲ့ရပြန်သည်။ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသည် မည်မျှ ထူးခြားသော မြင်ကွင်းမျိုးပါနည်း။ သိပ် မထူးဆန်းလှပါ။ သာမန်ဆိုလျှင် ဘာဆို ဘာမှ မဟုတ်ပါ။ သို့သော် သံဝေဂဉာဏ် အလင်းပွင့်ခိုက် ရဟန်းတစ်ပါးကို မြင်ကာမျှဖြင့်ဘဝထွက်ပေါက်၏ သဲလွန်စကို ရှာဖွေ တွေ့ ရှိ နိုင်သည်။
ထိုမှတဆင့် စဉ်းစားရန် ရှိလာပြန်သည်။
သီရိလင်္ကာရဟန်းတော် ကိုယ်တိုင်အတွက်ပင် ဆူနာမီလို အဖြစ်အပျက်သည် ပထမဦးဆုံးအကြိမ် ဖြစ်နိုင်ပါမည်လား။ လက်ရှိဘဝ တွင်တော့ ဤမျှ ဆိုးဝါးသော အဖြစ်အပျက်သည် ဤရဟန်းငယ်အတွက် ပထမဆုံးအကြိမ် ဖြစ်နိုင်ပါသည်။ သံသရာကိစ္စပါ စဉ်းစားလျှင်တော့ ဤကိစ္စမျိုးသည် ပထမဆုံးအကြိမ် လုံးဝ မဖြစ်နိုင်ပါ။ သို့ဆိုလျှင် အရင်အကြိမ်တွေ ကြုံတွေ့စဉ်က သူရော သက်သတ်လွတ် ဖြစ်ခဲ့သလား။ မသေချာပါ။
မဃဒေဝမင်းကြီးရော ထိုအကြိမ်သည် ပထမဆုံး ဆံပင်ဖြူခြင်းလား။ ပစ္စုပ္ပန်ဘဝမှာ Yes - ဖြစ်နိုင်ပြီး သံသရာမှာတော့ ပထမဆုံး ဆံပင်ဖြူခြင်း လုံးဝ မဖြစ်နိုင်။
ထို့အတူ သိဒ္ဓတ္ထမင်းသားကရော သူအို၊ သူနာ၊ သူသေ၊ ရဟန်းကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းပေလား။ ပစ္စုပ္ပန်ဘဝမှာတော့ ဟုတ်၏။ သံသရာမှာတော့ မဖြစ်နိုင်။ သို့ဖြစ်လျှင် နိမိတ်ကြီးလေးပါးကို မြင်ပြီး ဘုရားအလောင်း ဘယ်နှစ် ကြိမ် တောထွက်ခဲ့ ဖူးပါသလဲ။ ဇာတ်တော်များကို ကြည့်လျှင်တော့ ဘဝအတော်များများမှာ တောထွက်ခဲ့ကြောင်း မှတ်သားရသည်။ သို့သော် ယခုအကြိမ်လောက်တော့ အားကောင်းမောင်းသန် မရှိခဲ့။
ပြောလိုသည်မှာ ခံယူသည့်လူသားနှင့် လောကဓံကိစ္စပင် ဖြစ်ပါသည်။ လောကဓံ (သို့) သဘာဝတရားသည် လူသားကို ပညာပေးနေသော ဆရာဟု ကြီးကြီး ကျယ်ကျယ် ပြောလိုက ပြောနိုင်ပါသည်။ သို့သော် လောကဓံတရားကတော့ လူသားကို ပညာပေးဖို့ ဤသို့ ဖြစ်ပျက်ပေးနေခြင်း မဟုတ်ပေ။
တစ်ခါတစ်ခါ အလွန်ကြီးလေးသော အဖြစ်အပျက် လောကဓံများ ကြုံတွေ့ရသည်။ သို့သော် စိတ်ဓာတ်နှင့် ဘဝယုံကြည်ချက် ပြောင်းလဲရလောက်အောင် အားမကောင်းတတ်ကြပါ။ တစ်ခါတစ်ခါ ဘာမှ မဟုတ်သော အဖြစ်အ ပျက်လေး တစ်ခုက ဘဝကို ပြောင်းလဲပစ်နိုင်ပြန်သည်။ ဤသည်ကိုပင် ဣနြေ္ဒ (သို့) ပါရမီ နုခိုက်၊ ရင့်ခိုက်ဟု ဆိုကောင်း ဆိုနိုင် သည်။ နှလုံးသားကို ထိခိုက်ဖို့ ကြီးလေးသော အဖြစ်အပျက်တစ်ခု ဖြစ်နေဖို့ အမြဲတမ်း မလိုအပ်လှပါ။
အညာက လူများ ဗျောသံကြားလျှင် မျက်ရည်ကျတတ်သည်။ သို့သော် အောက်ပြည်အောက်ရွာက လူတွေကတော့ ဗျောသံကြောင့် ဘာမျှ ထူးခြားပြီး မခံစားရဟု သိရသည်။ ထိုဗျောသံသည် အလှူဗျော ဖြစ်နေမည်၊ ထိုအလှူက လည်း မိမစုံ၊ ဖမစုံ ဖြစ်နေ မည်ဆိုလျှင် အညာမှာတော့ လူတိုင်းလိုလို မျက်ရည်စို့တတ်ကြသည်။ ဤက လူသားနှင့် ကြွမ်းဝင်သော ဝါသနာနှင့် အနုသယကိစ္စ ဖြစ်ပါလိမ့်မည်။
ရဟန်းငယ်ဘဝက ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည်။ သာသနာ့တက္ကသိုလ်ဖြေရင်း ဆယ်တန်းပါ ဖြေဖို့ သူငယ်ချင်းလေးပါး ကြိတ်ပြီး ကြိုးစားခဲ့ကြဖူးသည်။ စာက များလွန်းသောအခါ အိပ်ရေးပျက်လာသည်။ အားနည်းလာသည်။ တစ်ညမှာတော့ အခန်းပေါက်ဝမှာပင် မိုက်ကနဲဖြစ်ပြီး မေ့လဲသွားသည်။ ဘာဆို ဘာမျှ မသိတော့။ အခန်းချင်းကပ်လျက် မိတ်ဆွေရဟန်းက တွေ့ပြီး လှုပ်နှိုးတော့မှ သတိပြန်ရသည်။ (ဝေါက ဦးခေမာစာရဟု ထင်သည်။) ထို့နောက် သေခြင်းတရားကို တော်တော်လေး ဆင်ခြင်မိသည်။ ဒီနေရာမှာ သေမည်ဆိုက သေနိုင်သည်။
သို့သော် ထိုသံဝေဂဉာဏ်က သိပ်ကြာကြာ မခံပါ။ ကျန်းမာရေးကောင်းပြီး ပကတိပြန်ဖြစ်လာတော့ ထိုသေခြင်းတရားကိုပင် ကိုယ်နှင့် မဆိုင်သလိုလို ဖြစ်သွားပြန်သည်။ နီးစပ်ရာ ရဟန်းရှင်လူတို့နှင့် ပြောဆိုကြည့်သောအခါ (စာရေး၊ မရေး မသေချာသော် လည်း) လူတိုင်းလိုလို ဤသို့ ဖြစ်ကြကြောင်း ပြောတတ်ကြသည်။ မှန်သည်ဟု ထင်သည်။ ဤက သာမန်လူ့သဘာဝ ပင် ဖြစ်သည်။
ဘုရားရှင်ကတော့ -
သင်္ခန်းစာက ရလိုက်သလိုလို ရှိသော်လည်း ခက်သည်က ထိုသင်္ခန်းစာက ကြာရှည် သိပ်မခံပဲ ဖြစ်တတ်သည်။
တရားအရသာနှင့် တွေ့သောအခါ လူတစ်ယောက်ထဲကပင် ထိုအရသာကို သိလိုက် (လျှာ) မသိလိုက် (ယောက်မ) ဖြစ်နေ တတ်သည်။
မယုံလျှင် ကြည့်ပါ။ မဃဒေဝမင်းကြီး အရင်ဘဝတွေတုန်းက ဆံပင်ဖြူဖူးသည်။ သိဒ္ဓတ္ထမင်းသား ရှေးရှေးဘဝတွေတုန်းက လူအိုကို တွေ့ဖူးသည်။ ထိုစဉ်က ထိုပါရမီရှင်ကြီးများပင် ယောက်မဆန်ဆန် မွှေရုံသာ မွှေပြီး အရသာကို မသိခဲ့ကြ၊ မဃဒေဝ မင်းဘဝ၊ အထူးသဖြင့် သိဒ္ဓတ္ထမင်းသားဘဝမှာတော့ ဘာမှ မထူးဆန်းလှသည့် မြင်ကွင်းလေးက သဗ္ဗညုတဉာဏ် ခြေတော် ရင်းရောက်အောင် ကောက်ကြောင်း ဆွဲပြလေတော့သည်။
တကယ်မူ လူသည် ယောက်မဖြစ်လိုက်၊ လျှာဖြစ်လိုက်သာ ဖြစ်သည်။
လူ၏ ဘဝနှင့် ယုံကြည်ချက် ပြောင်းလဲဖို့ ကြီးလေးသော အဖြစ်အပျက် အမြဲတမ်း လိုနေသည် မဟုတ်တတ်ပါ။ ဆံပင်ဖြူ တစ်ချောင်းသာ လိုပါသည်။ တစ်ချောင်းထက်ပိုနေလျှင် ဆေးဆိုးလိုက်ရတတ်ပြန်သည်။ ဆေးဖိုး ကုန်သည်။ သံဝေဂ ဉာဏ်က ငွေကုန် သက်သာသည်။ သို့သော် ပိုက်ဆံချမ်းသာသော လူသားက ငွေကုန်မှာ မကြောက်။

(ပုံကို crystal-lovelivelife မှရယူထားပါသည်။ ကျေးဇူးအထူးတင်ပါသည်။)

(၁) သူများမှာ ဖြစ်နေတယ်ဆိုတာ မြင်ရုံ၊ ကြားရုံနဲ့ သင်္ခန်းစာ ယူတတ်သူ (အတော်ဆုံး)၊ဟု သုံးမျိုးခွဲပြသည်။
(၂) ကိုယ်တိုင်ဖြစ် (ကြုံတွေ့)မှ သင်္ခန်းစာယူတတ်သူ (အလယ်အလတ်)
(၃) ကိုယ်တိုင်ဖြစ်ပါလျှက် သင်္ခန်းစာ မရလိုက်သူ။ (အကြံစားဟု)
သင်္ခန်းစာက ရလိုက်သလိုလို ရှိသော်လည်း ခက်သည်က ထိုသင်္ခန်းစာက ကြာရှည် သိပ်မခံပဲ ဖြစ်တတ်သည်။
တရားအရသာနှင့် တွေ့သောအခါ လူတစ်ယောက်ထဲကပင် ထိုအရသာကို သိလိုက် (လျှာ) မသိလိုက် (ယောက်မ) ဖြစ်နေ တတ်သည်။
မယုံလျှင် ကြည့်ပါ။ မဃဒေဝမင်းကြီး အရင်ဘဝတွေတုန်းက ဆံပင်ဖြူဖူးသည်။ သိဒ္ဓတ္ထမင်းသား ရှေးရှေးဘဝတွေတုန်းက လူအိုကို တွေ့ဖူးသည်။ ထိုစဉ်က ထိုပါရမီရှင်ကြီးများပင် ယောက်မဆန်ဆန် မွှေရုံသာ မွှေပြီး အရသာကို မသိခဲ့ကြ၊ မဃဒေဝ မင်းဘဝ၊ အထူးသဖြင့် သိဒ္ဓတ္ထမင်းသားဘဝမှာတော့ ဘာမှ မထူးဆန်းလှသည့် မြင်ကွင်းလေးက သဗ္ဗညုတဉာဏ် ခြေတော် ရင်းရောက်အောင် ကောက်ကြောင်း ဆွဲပြလေတော့သည်။
တကယ်မူ လူသည် ယောက်မဖြစ်လိုက်၊ လျှာဖြစ်လိုက်သာ ဖြစ်သည်။
ယောက်မဖြစ်ခိုက် ဟင်းမတူးရအောင် မွှေပေးခွင့် ရခြင်း၊
လျှာဖြစ်ခိုက် ခံတွင်းပျက်မနေခြင်း _ မဆိုးလှသေးဟုသာ ခပ်ဖော့ဖော့ တွေးရန် ရှိတော့သည်။
လူ၏ ဘဝနှင့် ယုံကြည်ချက် ပြောင်းလဲဖို့ ကြီးလေးသော အဖြစ်အပျက် အမြဲတမ်း လိုနေသည် မဟုတ်တတ်ပါ။ ဆံပင်ဖြူ တစ်ချောင်းသာ လိုပါသည်။ တစ်ချောင်းထက်ပိုနေလျှင် ဆေးဆိုးလိုက်ရတတ်ပြန်သည်။ ဆေးဖိုး ကုန်သည်။ သံဝေဂ ဉာဏ်က ငွေကုန် သက်သာသည်။ သို့သော် ပိုက်ဆံချမ်းသာသော လူသားက ငွေကုန်မှာ မကြောက်။
Copyright © 2012 ကမ်းလက်. All rights reserved.