ကာလဒါန နဲ့ တေ့လွဲ ရွာပြန်ချိန်

ကာလဒါနဆိုတာအရေးကြီးတယ်၊ ဟုတ်မယ်၊ ဟုတ်တယ်။
တက္ကစီတွေကျောင်းဘေးမှာ ဥဒဟိုပြေးနေကြတယ်၊ စီးမလို့လည်းရပ်လိုက်ရော တက္ကစီတွေမလာတော့ဘူး။
လာတယ်၊မအားဘူး။ ခုမှတော့ ရှက်မနေတော့ပါဘူး။

နွမ်းပါးတဲ့သာမဏေဘဝ၊ အိပ်ကပ်နွမ်းနွမ်းထဲက ငွေစက္ကူခပ်နွမ်းနွမ်းသေးသေးလေးများ။
အိပ်ထောင်ပြားပြားကပြောတယ်၊ သား..အားမငယ် နဲ့။
စာမူခ တစ်ချို့၊ ဆွမ်းစားကွမ်းစားတစ်ချို့နဲ့ ဝမ်းစိုမလို့အားယူတုန်း အဖေအိုက လက်ပြနှုတ်ဆက်၊
စားရကံ မကြုံတဲ့အဖေ။ အဖြစ်မရှိတဲ့သား။ နှစ်ယောက်စလုံးကာလဒါန အားနည်းခဲ့ကြ။


ဘဝမှာ ထိုးကျွေးသင့်ရင် တစ်ချို့ ထိုးကျွေးထားခဲ့ရတတ်တယ်။ သိဒ္ဓတ္ထမင်းသားပြတဲ့လမ်း။
သူ(ဒီ အရှင်) ခြောက်နှစ်လုံးလုံး ထိုးကျွေးပြီး ခရီးဆက်တယ်။


ဖြစ်နိုင်ရင် ၂ နှစ်လောက်ကံကြမ္မာနဲ့ စာချုပ် ချုပ်ချင်ရဲ့။
ထိုးကျွေးရမယ့်အထဲ အမေအို ပါသွားမယ်လို့ မစဉ်းစားခဲ့။
သေခြင်းတရားကို လျှော့တွက်ခဲ့။ အောင်မြင်မှု တစ်ချို့တစ်ဝက်။
အစိမ်းရောင် ငွေစက္ကူ တစ်ချို့တစ်ဝက်။ စရဏတစ်ချို့တစ်ဝက်။
သမ္မာအာဇီဝ နဲ့ရရင် ရဟန်းလည်း မိဘကို ကျွေးကောင်းတယ်။

ရွာအဝင် ရင်ကိုဆီးကန်တဲ့သတင်းက အမေအို နေညိုခဲ့ ပြီကော တဲ့။
စားရကံ မကြုံတဲ့အမေ၊အဖြစ်မရှိတဲ့ ရဟန်း။ ငွေစက္ကူနွမ်းနွမ်း အကြွေးဆပ်ခွင့် လွဲရပြန်ရော။
ရဟန်းမယ်တော်ဆိုတဲ့ ပီတိကလွဲလို့ ဘာမှ မရလိုက်တဲ့ အမေ။

ကာလဒါန ဆိုတာ အရေးကြီးတယ်၊ အကျိုပေးမှုတွေ အချိန်ကိုက်ဖြစ်နေရမယ်။
ဝါဆိုသင်္ကန်းလှူမှ၊ ကထိန်သင်္ကန်းလှူမှ ဆိုပြီး တစ်နှစ် နှစ်ကြိမ် စောင့်နေစရာ မလိုဘူး။
ကြုံရင် ကြုံသလို လှူ၊ ပေး၊ တကယ်လိုနေရင်ပေါ့၊ အဲဒါ ကာလ ဒါန အစစ်။

လူတွေလည်းအတူတူပဲ။ ပညာသင်ဖို့ အချိန်တွေ တေ့လွဲ၊
အိမ်ထောင်ပြုဖို့ အချိန်တွေ တေ့လွဲ။ သား သမီးရဖို့ အချိန်တွေ တေ့လွဲ။

ဘုန်ကြီးတွေရော....
ဆရာတစ်ယောက် ပြောဖူးတယ်၊
တို့ဟူးကို ပြတ်အောင် မကိုက်နိုင်တော့ဘူးဆိုရင် စားပွဲပေါ်မှာ ဟင်းလျာအပြည့်တဲ့။

ကိုယ်နဲ့ မဆိုင်တဲ့ရထား အချိန်စောရောက်နေတာထက် ကိုယ်စီးမဲ့ရထား အချိန်ကိုက်ရောက်လာဖို့ပဲ အရေးကြီးတယ်။
စာပေမသိ၊မညှိဘူး။အကျိုးပေးချိန်တွေ တေ့လွဲ လွဲနေရင် ကာလဒါန ချို့တဲ့ခဲ့လို့ လို့ပဲ မှတ်ထားမိတယ်။

တကယ်တော့
ဘယ်သူမှ နောက်မကျပါဘူး
နေဝင်ချိန်ကကို စောလွန်းသွားတာပါ။(တာရာမင်းဝေ)


ကာလဒါန ချို့တဲ့ကြသူများ ကိုယ်စား။



သီဟနာဒ








Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment