“ ငါ့ကို ဆရာတော်ကြီးတစ်ပါးက သြဝါဒပေးဖူးတယ်ကွ၊ မှန်လေးတစ်ချပ် အမြဲတမ်းဆောင်ထားရတယ်-တဲ့။ ဘာလုပ်ဖို့လဲဆိုတော့ ဒေါသဖြစ်နေပြီဆိုရင် ကုဋီထဲကို ချက်ချင်းဝင်သွားပြီး ဒေါသဖြစ်နေတဲ့ ကိုယ့်မျက်နှာကို ကိုယ်ပြန်ကြည့်ရတယ်။ တော်တော်အရုပ်ဆိုးတာပဲတဲ့။ ကိုယ့်မျက်နှာကိုတောင် မကြည့်ချင်လောက်အောင် အရုပ်ဆိုးတာ၊ သူများတွေအတွက်တော့ ပြောမနေနဲ့တော့” ဟု ဒေါသဖြစ်နေသည့်အခါ သိပ်မတွေ့ရသည့် ဆရာတော်တစ်ပါးက အမိန့်ရှိလေသည်။
မဟာဂန္ဓာရုံဆရာတော်ကြီး၏ သံဃာကို ရုပ်သေးပွဲလို အဝေးကဖူးရတယ်ဆိုသည် သြဝါဒကား ဤဆရာသမားနှင့် သိပ်မဆိုင်တော့ပေ။ ဤဆရာကား အနီးကပ်လေ၊ ကြည်ညိုဖွယ်ကောင်းလေ ဖြစ်လေသည်။
ဘထဲ၌ အနီးကပ်လေလေ၊ ကြည်ညိုစရာကောင်းလေလေ ဆရာတော်နှစ်ပါးနှင့် နှစ်အတော်ကြာ နေခဲ့ရဖူးလေသည်။ တစ်ပါးကား ဒေးဝန်းဆရာတော်ကြီးပင် ဖြစ်သည်။ ဝိနည်းလေးစားခြင်းက လူသိအများဆုံး၊ ရဟန်းသိအများဆုံး ဂုဏ်ပုဒ်ဖြစ်လေသည်။ ဝိနည်းကျင့်ဝတ်၌ အသေးအမွှားလေးကအစ အစွန်းအထင်းမခံပေ။ သာမဏေဘဝက ဆရာတော်၏ ဝိနည်းကြောင့် အခြာကျောင်း(ဓမ္မိက) ပေါ်သို့ သွားရောက်အိပ်စက်ရသည့်အကြိမ် အတော်ကြုံခဲ့ရဖူးသည်။
ငါးနှစ်ကျော်ကျော်နေခဲ့သော်လည်း ဆရာတော်၏ ဝိနည်းကား ဘုရားလက်ထက်က ရဟန်းတော်တစ်ပါးနှယ် ကျင့်သုံးနေသည်ကိုသာ ဖူးတွေ့ခဲ့ရသည်။ မစိုးရိမ်ဆရာတော်ကြီး စင်ကာပူကိုကြွခိုက် “ မင်းက ဒေးဝန်းဆရာတော်ကြီးနဲ့ ဘယ်လောက်ကြာအောင် နေခဲ့ရဖူးသလဲ” ဟု မေးတော်မူ၏။
ဆရာတော်၏အမေးက ဝိနည်းဥပနိဿယကို ရည်ရွယ်၍မေးကြောင်း ခပ်ရှက်ရှက်သဘောပေါက်ခဲ့ရသည်။
“ သာသနာ့တက္ကသိုလ်မတက်ခင်အထိ ငါးနှစ်ကျော်ကျော်အတူနေ၊ ဝေယျာဝစ္စတချို့လုပ်ပေး၊ အထူးအားဖြင့် ဆရာတော်ကြီးကို သိထိုက်တဲ့သတင်းတစ်ချို့ သတင်းစာထဲမှဖတ်ပြရတဲ့ အလုပ်တွေလုပ်ပေးခဲ့ရပါတယ်ဘုရား” ဟု စပ်မိစပ်ရာပြောရင်း ဖြေကြားမိသည်။
“ ဒါဆို ဆရာတော်ကြီးရဲ့ ဝိနည်းဆိုင်ရာဥပနိဿယတွေလည်း မင်းရခဲ့မှာပေါ့” ဟု မစိုးရိမ်ဆရာတော်ကြီးက ဆက်မိန့်ရာ “ မှန်ပါ” ဟုပင် မယုတ်မလွန် ဖြေခဲ့ရသည်။ ဆရာနှင့်တပည့်ကား အလှမ်းဝေးလှချည်သေးရဲ့ဟုပင် တွေးမိသေးတော့သည်။
နောက်တစ်ပါးက ရွာမှ၊ ကျောင်းမှဆရာများနှင့် ရင်းနှီးနေရကား ငယ်ဆရာကဲ့သို့ပင် ချစ်ခင်လေးစားရသော မန္တလေးသာသနာ့တက္ကသိုလ် နာယကချုပ်ဟောင်းဆရာတော် ဦးသုစာရိန္ဒာလင်္ကာရပင် ဖြစ်သည်။
ဤဆရာ၏ကြည်ညိုဖွယ်ကား ရိုးသားခြင်းနှင့် ဟန်ဆောင်မှုကင်းခြင်းတို့ပင် ဖြစ်သည်။ အထက်ပါ “မှန်” ကိစ္စကိုမိန့်သော ဆရာတော်ကား ပါချုပ်ဟောင်းဆရာတော်ပင်ဖြစ်သည်။
တစ်ခါက အပြစ်တစ်ခုကိုကျူးလွန်သော ရဟန်းခြောက်ပါးကိုခေါ်၍ သြဝါဒပေး၏။ သြဝါဒထဲ၌ “မင်းတို့ နိုင်ငံခြားပို့တဲ့အထဲ မပါတော့ဘူး” ဟု ခပ်ပြုံးပြုံးကြီး မိန့်သောစကားလည်းပါဝင်လေသည်။ ရဟန်းငယ်ခြောက်ပါးက (ပြုံး၍ မသင့်တော်သဖြင့်) ခပ်တည်တည်ဖြင့်သာ “မှန်ပါဘုရား” ဟု လျှောက်ကြရလေသည်။ ရဟန်းငါးပါးပြန်ကြွသွားမှ “မင်းတို့က တော်တော်ဆိုးတဲ့ ကောင်တွေ” ဟု သီဟနာဒကို တစ်ပါးတည်းဆက်မိန့်သည်။ သို့သော် ထိုဆရာကား ဒေါသဖြစ်နေသည့်အခါကို သိပ်မတွေ့ရပေ။
“ နိုင်ငံခြားပို့တဲ့အထဲ မပါတော့ဘူး” ဆိုသည် သြဝါဒကို ရွဲ့လိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုဆရာမျိုးကို မရွဲ့ရဲပါ။ သုံးလေးနှစ်ကြာမှပြန်ဖြစ်ပြီး အလှူလုပ်သည်ပွဲမှာတော့ ဆရာသမားများနှင့်အတူ ပျော်ပျော်ပါးပါး ရွာကိုသွားချင်သည်။ ရွာဟူသည် မန္တလေးမှပင် ကားတတန်၊ လှည်းတတန် ဖုံတစ်ထောင်းထောင်းထနေသော ခရီးတည်း။
သီတင်းသုံးဖော်ရဟန်းများကပင် ရွာကို “ အနာဂါမ်” ရွာဟု ဆိုကြသည်။ အနာဂါမ်ဟူသည် နောက်တစ်ကြိမ်မရှိတော့၊ ထပ်မလာတော့ဆိုသော အဓိပ္ပါယ်ပင်ဖြစ်သည်။ မှန်၏။ ရွာကိုရောက်ဖူးသောရဟန်းများက ထပ်ခေါ်၍မရတော့၊ မရောက်ဖူးသေးသောသူများကိုသာ အချိုသပ်၍ ခေါ်ရသည်။
ထိုဆရာက အနာဂါမ်ရွာကို ကြွဖို့လက်ခံသည်။
စင်္ကာပူမှအဖွဲ့နှင့်အတူ ဘတ်(စ်) ကားနှစ်စီးဖြင့် ရွာကို သွားကြ၏။ ပျော်ပျော်ပါးပါး အလှူလုပ်ကြ၏။ အားလုံးပမ်းသော်လည်း ပျော်ရွှင်နေကြရ၏။
ပြဿနာကား အပြန်ခရီးမှာဖြစ်၏။ ဘတ်(စ်) ကားကြီးများ ဝင်မရသောလမ်းကို ဒိုင်နာများဖြင့် (စလုံးတွေက လော်ရီလို့ခေါ်ကြတယ်) ခရီးဆက်ခဲ့ရ၏။ ဆရာတော်များကို ခေါင်းခန်းမှာ သီတင်းသုံးဖို့ စီစဉ်လို့ရ၏။
ဥက္ကဋ္ဌက နေပူပူ၊ ဖုန်တစ်ထောင်းထောင်းထဲ၌ ရှိသမျှကလေးများကို နို့အေးချောင်းဝေကျွေးရင်း ဘာဖြစ်သည်မသိ မေ့မျောသွားသလို ဖြစ်တော့သည်။ ခရီးဒဏ်၊ ရောဂါအခြေခံ၊ အသက်ရှူမဝ အားလုံးစုံသွားပုံရပါသည်။ မလှုပ်နိုင်တော့ပေ။ ထို့ကြောင့် ဒိုင်နာတစ်စီး၏ ခေါင်းခန်းကို သူ့ပေးလိုက်ရတော့သည်။
ထိုအခါ ပင့်လာခဲ့သော ကသာမြောက်ကျောင်းဆရာတော် ဦအဂ္ဂ၊ ဒေးဝန်းကျောင်းဆရာတော် ဦးသုမန(ဆရာကြီး) နှင့် ဘုန်းကြီး ဦးသုစာရိန္ဒာလင်္ကာရတို့အထဲမှ တစ်ပါးပါး အနစ်နာခံရပေတော့မည်။ အနစ်နာခံဟူသည် တောလမ်းတစ်လျှောက်လုံး (မုံရွာ၊ မန္တလေးကားလမ်း မရောက်မီ) မော်တော်ဆိုင်ကယ်ဖြင့် ကြွရခြင်းပင်တည်း။
ဘာမှ မလျှောက်ရသေးပဲ ဗော်လန်တီယာတာဝန်ယူပြီး မော်တော်ဆိုင်ကယ်ဖြင့်ကြွရန် စာရင်းပေးသူကား ယင်းဆရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဆရာတော် ဦးသုစာရိန္ဒာလင်္ကာရပင် ဖြစ်ပေတော့သည်။ ဤဆရာကို မန္တလေးတက္ကသိုလ်ထွက် ရဟန်းများ မေ့မရကြသည်က ဤသို့သောကိစ္စများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သိပ်တော့ သဟဇာတမဖြစ်၊ ပါချုပ်ဟောင်းနှင့် မော်တော်ဆိုင်ကယ်။ ဂရုစိုက်မောင်းရန်သာ ရွာသားကို မှာရတော့၏။
ရွာသားကို မှာနေစဉ် ထိုဆရာက အတိတ်ကိုဆွ၏။ ဒီရဟန်းငယ် ဒေါသကြီးသည်ဟု သိထားသောကြောင့်လားတော့ မသိ။
“ မင်း ငါပြောတဲ့ မှန်ကိစ္စကို လုပ်ဖြစ်သလား၊ အကျိုးရှိတယ်နော်”
“ ဘုန်းကြီးဘုရား၊ စင်္ကာပူမှာက ကုဋီထဲမှာကိုပဲ မှန်တွေရှိပါတယ်။ ဆောင်စရာ မလိုပါဘူး။ မှန်ကလည်း အကြီးကြီးပါ၊ ဒေါသဖြစ်နေတဲ့မျက်နှာကို ကြည့်ချင်ရင် အချိန်မရွေး ကြည့်လို့ရပါတယ်”
“ ဒါဆို မင်း မှန်နဲ့ ဒေါသလျှော့လို့ ရပြီလား”
“ မှန်တွေက ကြီးနေလို့လားတော့ မသိဘူး၊ တပည့်တော်ဒေါသက အရင်ကထက်တောင် ပိုကြီိးလာပါတယ်ဘုရား” ဟု စိတ်ထဲမှ လျှောက်မိသည်။
အပြင်မှာမူ-
“ အလုပ်ဖြစ်ပါတယ်ဘုရား၊ ကြိုးစားနေပါတယ်” ဟုသာ။
ထိုဆရာကား မော်တော်ဆိုင်ကယ်ဖြင့် မန္တလေးကို ပြန်ကြွသွားလေတော့သည်။ ဖုန်များထနေသဖြင့် သိပ်မဝေးမီ ဆရာသမား၏ မော်တော်ဆိုင်ကယ်လေးလည်း ဝေဝါးသွားလေတော့၏။
ပြဿနာကား ဆရာတော်ကြည့်သောမှန်နှင့် မိမိကြည့်သောမှန်တို့ အမျိုးအစားမတူသဖြင့် ဒေါသလည်း…………….။
(ဘုန်းကြီး ဦးအဂ္ဂ၊ ဆရာသမား ဦးသုမနနှင့် ပါချုပ်ဆရာတော်တို့ကို ဦးညွှတ်လိုက်ပါ၏။)

Copyright © 2012 ကမ်းလက်. All rights reserved.
Post a Comment