(ထိုင်းနိုင်ငံ၊ The Nation သတင်းစာက လက်ထောက်အယ်ဒီတာဖြစ်သူရဲ့ လက်ရာပါ။ အကောင်းဖက်က မြင်တာ နည်းနည်းများ သွားသလားလို့ ထင်မိပေမယ့် ကိုယ့်နိုင်ငံအကြောင်း အကောင်းရေးထားတာဆိုတော့ - ဘာသာပြန်လိုက်မိတာပါ။ ထိုင်းဆိုတော့ မြန်မာ ကိုအထင်ကြီးတာတော့ မဆန်းလှပါဘူး။ သမိုင်းစာအုပ်ကို ပြန်ကြည့်ရင်ပေါ့။)
ထိုင်းနဲ့ မြန်မာဟာ ရာစုဝက်လောက်အတွင်းမှာ မတူညီတဲ့ ဇာတ်အိမ်တွေနဲ့  တည်ဆောက် ထားခဲ့ကြတယ်။ ထိုင်းကတော့ ဒီမိုကရေစီရဲ့ အခွင့်ထူး၊ စီးပွားရေးအနာဂတ် အလားအလာတွေနဲ့  အရှေ့ တောင်အာရှမှာ အတောက်ပဆုံးကြယ်တစ်ပွင့်လိုဖြစ်နေခဲ့ပြီ။ မြန်မာကတော့ ကမ္ဘာ့  တံခါးရွက်တွေပိတ် အထီးကျန်ဆန်လှတဲ့ ဆင်းရဲသားတဲကုတ်လေးလို ရှိခဲ့တယ်။
အခု အားလုံးပြောင်းလဲလာနေတယ်။ အခုဆိုရင် မြန်မာမှာ ပိုကောင်းတဲ့ဇာတ်လမ်းတွေ ပြောလာနိုင်မယ့် အနေအထားမှာရှိနေတယ်။
သမ္မတဟောင်းသက်ဆင်ရဲ့ ကံကြမ္မာနဲ့  ဆက်နွယ်ပြီး မငြိမ်သက်တဲ့ နိုင်ငံရေးဆူညံမှုတွေ ဆက်ရှိနေပြီး မြန်မာကတော့ ပွင့်လာတဲ့ တံခါးတွေနဲ့ အတူ လှမ်းမြင်နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေ အတော်ခရီးပေါက်နေပါပြီ။
သူတို့ ပြောင်းလဲမှု အမြန်နှုန်းကများလွန်းတော့ ကမ္ဘာ့ အဖွဲ့ အစည်းတွေကတောင် အံ့သြတကြီးဖြစ်နေကြရတယ်။ လတ်တလောလေး တင်မှာပဲ သမ္မတဦးသိန်းစိန်က နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီး အာရုံစိုက်လာမိအောင် စီးပွားရေးအတူတူပူးပေါင်းဆောင်ရွက်ဖို့  ထပ်ပြီး တပ်လှန့် ခဲ့ပြန်တယ်။ စီးပွားရေးနဲ့  အုပ်ချုပ်ရေးနယ်ပယ်တွေမှာ အားနည်းချက်တွေ ရှိနေဆဲ ဆိုတာတောင် ဒီအချက်က ပြည်ပရင်းနှီးမြှပ်နှံလိုသူတွေကို မဟန့် တားနိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း ထိုင်းနိုင်ငံကတော့ အသိအမှတ်ပြုလောက်တဲ့ နိုင်ငံရေးမူဝါဒ တိတိကျကျမရှိဘဲ ပြည်တွင်း မငြိမ်သက်မှုနွံ ထဲမှာ နစ်နေခဲ့တယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ Pheu Thai ပါတီနဲ့ နိုင်ငံတော်တရားရုံး ချုပ်တို့ အကြား ဖြစ်ပွား ခဲ့တဲ့ပြဿနာဟာ ချက်ချင်းပြေလည်ဖို့  လမ်းစမမြင်သေးတာကြောင့် နိုင်ငံရေးတည်ငြိမ်ဖို့ နဲ့  စီးပွားရေးယုံကြည်မှုတွေရဖို့  ဆိုတာ အလှမ်းကွာဝေးနေဆဲပါပဲ။ ဒီကာလဟာ နှစ်အထိမကြာဘူးဆိုရင်တောင် လပေါင်းများစွာ ကြာနေဦးမယ့်သဘောပါ။ အဲ့ဒီအားနည်းချက်ကြောင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးအရှိန်အဟုန်ကို နှောင့်နှေးစေခဲ့ပြီး အနာဂတ်စီးပွားရေးကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့တယ်။ ဒီအချက်က ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကစီးပွားရေးကိုပါ လာရောက်ထိခိုက်နေတယ်။
အမှန်တကယ်ပြောရရင် ပုဂ္ဂလိကစီးပွားရေးသမားတွေဟာ အခုမြန်မာပြည်မှာ ရင်းနှီးမြှပ်နှံဖို့  အကြောင်းတွေပြောလာနေကြ ပါပြီ။ နိုင်ငံရေးသာတည်ငြိမ်နေမယ်ဆိုရင် ထိုင်းမှာ ရင်းနှီးမြှပ်နှံမယ့် အပြည်ပြည်ဆိုင်ရာစီးပွားရေးသမားဟာ ထိုင်းနိုင်ငံကိုကျော်ပြီး ကီလိုမီတာ ၂၀၀၄ သာကွာတဲ့ မြန်မာပြည်ထဲမှာ ရင်းနှီးမြှပ်နှံကြမှာပါ။
ထိုင်းနိုင်ငံနဲ့ မတူဘဲ မြန်မာကတော့ ပါတီနှစ်ခုရဲ့ ခြားနားချက်တွေကို စုပေါင်းအကောင်အထည် ဖော်နေပုံဟာ တော်တော်ကောင်းတယ်လို့  ဆိုရပါလိမ့်မယ်။ ဒီအချက်က ကမ္ဘာရဲ့ယုံကြည်မှုကိုရစေပါတယ်။ သမ္မတဦးသိန်းစိန် နဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ အတူပူးပေါင်းပြီး ပါတီနှစ်ခုကို ဦးဆောင်နေတာဟာ ထင်ရှားတဲ့သာဓကပါပဲ။
ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံရေးထဲမှာ တက်တက်ကြွကြွပါဝင်နေမယ်၊ နေပြည်တော်နဲ့ လည်း နားလည်မှုမျှနေမယ်ဆို ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာရဲ့အဓိကမောင်းနှင်အားတစ်ခုဖြစ်လိမ့်မယ်။ သူမကပဲ မြန်မာနဲ့ ကမ္ဘာကိုဆက်စပ်ပေးပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့  ဈေးကွက်လက်ဦးအောင် ရရှိမှု တို့ ကို ဖန်တီးပေးပါလိမ့်မယ်။
ဝေးကွယ်ပျောက်သွားတဲ့ “Roads to Socialism” နိုင်ငံရေးဆောင်ပုဒ်နေရာကို “All Roads lead to Burma” ကအစားထိုး လိုက်နိုင် ပါပြီ။ မြို့ ကြီးတွေဆီကနေ မြန်မာပြည်ကိုပျံသန်းတဲ့ လေယာဉ်တိုင်းဟာ ခုံအပြည့်ချည်းပါပဲ။
ဒီနှုန်းထားကိုသာထိန်းထားနိုင်ရင် အရှေ့တောင်အာရှရဲ့ နိုင်ငံရေးနဲ့  နည်းဗျူဟာအချက်အချာဟာ မြန်မာဆီကို အမြန်ရွေ့ လျားတော့ မယ့်သဘော ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကတည်းက မမြင်ရတော့တဲ့ အမေရိကန်နဲ့  အနောက်ဥရော ပနိုင်ငံသားတွေ မြန်မာပြည် ထဲမှာတွေ့ ကြရပါတော့မယ်။
လမ်းညွှန်ချက်အသစ်ကို ကြည့်ရတာကတော့ တုန့် နှေးမှုတစ်ချို့ရှိနေတယ်ဆိုရင်တောင် အရှေ့တောင်အာရှ ရဲ့ပွဲစဉ် အဖြေကို ပြောင်း လဲတော့မယ့်သဘောကို မြင်တွေ့ နေကြရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံရဲ့ ရပ်တည်ရာနေရာပါ။ မြန်မာဟာ တရုတ်နဲ့ အိန္ဒိယကြားမှာရှိနေပြီး ဘင်္ဂလားပင်လယ်အော်ကိုလည်းအပေါ်စီးက လှမ်းကြည့်နေနိုင်တယ်။ အဲ့ဒီအချက် ဟာ နိုင်ငံ ရဲ့ ခေတ်သစ်သမိုင်းကိုရေးဖို့  အကောင်းဆုံးအားသာချက်ပါ။
နောက်ပြီး မြန်မာဟာ ကမ္ဘာရဲ့အကြီးအကျယ်ဒဏ်ခတ်မှုကနေ အသက်မသေရှင်သန်နိုင်ခဲ့တယ်။ မြန်မာဟာ ဆယ်စုနှစ်များစွာ အထီးကျန်ခြင်း၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ ခြင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး တရုတ်နိုင်ငံတစ်နိုင်ငံထဲကိုပဲ မှီခိုအားကိုးနေ ခဲ့ရတယ်။ နေပြည်တော်ဟာ အဲ့ဒီတံခါးပေါက်သေးသေးဝါဒကို အမြန်ပဲရိုက်ချိုးခဲ့တယ်။ ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိတဲ့ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို ရပ်တန့် ထားတာ၊ မြန်မာနဲ့ အမေရိကတို့ ရဲ့ဆက်ဆံရေး ရုတ်တရက်ပြောင်းလဲတာ မြန်မာရဲ့ ဦးတည်ချက်တိကျမှုနဲ့  သည်းခံမှုကိုပြနေပါတယ်။ တရုတ်ပြည်ကိုဒီလိုဆက်ဆံရဲမှုဆိုတာဟာ ဒေသတွင်းမှာ တွေ့ ရခဲပါတယ်။ ဒီအချက်ကလည်း မြန်မာရဲ့ ရဲဝံ့မှုနဲ့  ရည်ရွယ်ချက်ရှင်းရှင်းလင်းလင်းရှိမှုကို ထင်ဟပ်စေပါတယ်။ မြန်မာကိုလွှမ်းမိုးထားတဲ့ တရုတ်ရဲ့ပါ ဝါတွေကို ငြင်းဆိုရဲတာဟာ မြန်မာနိုင်ငံရဲ့ မြင်ကွင်းသစ် တစ်ခုပါ။ နိုင်ငံရေးပုံမှန်ပြန်ရောက်ပြီး ပိုပြီးကျယ်ပြန့် တဲ့ဈေးကွက်ထဲကို သူတို့  တိုးဝင်လာခဲ့ကြပါတယ်။
အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရာမှာလည်း ရှုပ်ရှုပ်ထွေးထွေးမရှိလှပါဘူး။
မြန်မာဟာ ၂၀၁၁ ခု အာဆီယံအစည်းအဝေးကို လက်ခံကျင်းပဖို့ စိုင်းပြင်းနေတယ်။ ဒီအစည်းအဝေးမှာ သူတို့ ပါဝင်လာမယ့် အခန်းကဏ္ဏကိုလျှော့တွက်လို့  လုံးဝမရပါဘူး။ နေပြည်တော်ဟာ အိမ်နီးချင်းတွေနဲ့  ရှိနေခဲ့တဲ့ တင်းမာမှုတွေကို အများကြီးလျှော့ ချရင်းပျော့ပြောင်းလာနေပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖီလစ်ပိုင်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး လူ့ အခွင့်အရေးအဖွဲ့ ကို ဖွဲ့  စည်းခဲ့တယ်။ ဧပြီလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဆီယနိုင်ငံတွေကို လာရောက်လေ့လာဖို့  ဖိတ်ကြားခဲ့တာဟာလည်း အရှေ့တောင်အာရှမှာ မြန်မာဟာ ပထမဆုံးနိုင်ငံပါ။
အကြီးမားဆုံးပြောင်းလဲမှုကတော့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ပြုလိုက်တယ်ဆိုတဲ့ အချက်ပါပဲ။သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေးနဲ့  လူထုဆက်ဆံရေးဒါရိုက်တာ ဦးရဲထွန်းက ၁၉၆၂ ခုက ပြဌာန်းထားတဲ့ သတင်းတည်းဖြတ်မှုဆိုင်ရာဥပဒေ ဟာ အရင်လကုန်ကတည်းက တရားမဝင်တော့ဘူးလို့  ကြေငြာခဲ့ပါတယ်။ လတ်တလောမှာတော့ ပရော်ဖက်ရှင်ဆန်ဆန် အလုပ်လုပ်သွားဖို့တည်ဆောက်သွားပါလိမ့်မယ်လို့  သူကဆိုပါတယ်။
ဒီလိုပြောင်းလဲမှုတွေ ဆက်လက်လုပ်နေရင်း လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ပါပြုလိုက်မယ်ဆိုရင် မြန်မာရဲ့သိက္ခာဟာ တက်လာ မှာဖြစ် ပါတယ်။ အရင်နှစ် မတ်လကစလို့  မြန်မာရဲ့တိုး တက်လာနေတဲ့နှုန်းဟာ အာဆီယံအဖွဲ့ ဝင်အသစ်လေးနိုင်ငံထဲမှာ အား အကောင်း ဆုံးပါ။ အာဆီယံရဲ့ ဥက္ကဌအနေနဲ့  မြန်မာဟာ လူအခွင့်အရေးဆိုင်ရာအခြေခံမူကို ချပြပြီး အလှည့်ကျလာမယ့်ငါးနှစ် အတွင်း မှာ စောင့်ကြည့်ရင်း သုံးသပ်ဖို့  ခြေလှမ်းစလာပါလိမ့်မယ်။
မြန်မာက လတ်တလော သတင်းခေါင်းကြီးပိုင်းမှာ နေရာယူနေစဉ် ထိုင်းနဲ့ မြန်မာတို့ ရဲ့ နှစ်နိုင်ငံ ပူးတွဲသဘောတူမှုကတော့ အရှုပ်အထွေး တစ်ခု ဖြစ်လာနိုင်စရာရှိနေပြန်ပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင် လာရောက်နေထိုင်နေတဲ့ သုံးမီလီယံရှိမြန်မာ အလုပ်သမားတွေ နဲ့  မြန်မာပြည်တွင်းကနေ ထွက်ပြေးလာတဲ့ တိုင်းရင်းသားတွေဟာ ထိုင်းနဲ့ မြန်မာ အနာဂတ်ပူးပေါင်းလုပ်ဆောင်ရေးကို အတားအဆီး သဖွယ် ဖြစ်နေပါလိမ့်မယ်။ ဒါတောင်မှ တင်းကြပ်မှုမရှိတဲ့ နိုင်ငံခြားစည်းနဲ့ လူအရောင်းအဝယ်ကိစ္စကို ထည့်သွင်းစဉ်းစားမထားရသေးပါဘူး။
ဒေါ်အာင်ဆန်းစုကြည်ရဲ့ လတ်တလော ဘန်ကောက်ခရီးစဉ်မှာ ဒီအလုပ်သမားတွေနဲ့  တိုင်းရင်းသားတွေ အတွက် လောလော ဆယ်မှာတော့ ထိုင်းအစိုးရက ပိုပြီးသင့်မြတ်အောင် ကိုင်တွယ် ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်ရှိနေပါတယ်လို့  သူမကပြောသွားခဲ့တယ်။
ဒါတင်မကပါဘူး။ နိုင်ငံရေး တည်ငြိမ်မှုရဖို့  နေပြည်တော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  တွေနဲ့  ပင်လယ်ထဲမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာလည်း ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကို ထိပါးစေပါလိမ့်မယ်။
ထားဝယ်မြို့ မှာ တည်ဆောက်မယ့်ဒေါ်လာ ၈.၆ ဘီလီယံတန်ဖိုးရှိ ပင်လယ်ကမ်းခြေတည်ဆောက်ရေး ပရောဂျက်ကလွဲရင် ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းမှုဆိုတာ မရှိသလောက်ပါ။ ပြုပြင်ပြောင်းလဲရေးကာလမှာ ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြား ဝင်ဖြေရှင်းပေးနိုင်မယ့် အမေရိကလို၊ ဂျပန်လို တတိယနိုင်ငံတွေဟာ အရေးကြီးလှပါတယ်။ မဲခေါင်မြစ်ဝှမ်းနဲ့  ပတ်သက်တဲ့ ပရောဂျက် အတွက် အမေရိက က ဦးဆောင်ခဲ့တယ်။ မြန်မာကိုလည်း ပါဝင်ဖို့  ဖိတ်ကြားခဲ့ကြတယ်။ ဒီမြစ်နဲ့ ဆက်စပ်နေ တဲ့ နိုင်ငံတိုင်း မြစ်ရေ ကိုအတူတကွ ထိန်းသိမ်းစောင့်ရှောက်ကြဖို့  စတင်ခဲ့ကြတာပါ။
အိမ်နီးချင်းအာဆီယံနိုင်ငံတွေရဲ့ အားနည်းချက်တွေကို အမိအရယူပြီး မြန်မာဟာ ဒေသတွင်းမှာ အဓိကကျတဲ့ ကစားသမား အဖြစ် နေရာယူနေပြီ ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ လွှမ်းမိုးမှုကို မလိုလားတဲ့ အခြားစူပါပါဝါကြီးတွေပါ ပါဝင်လာကြပြီး ပိုမိုကျယ်ပြန့်  လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့  မဟာဗျူဟာဆိုင်ရာအချက်တွေကလည်း ပိုပြီးအားကောင်းလာဖွယ် ရှိနေပါတော့တယ်။