တက္ကစီဖြင့် ခရီးသွားခိုက် တက္ကစီသမားက သူက ခရစ်ယာန်ဘာသာဝင်ဖြစ်ကြောင်း မိတ်ဆက်စကားဆို၏။ ကိစ္စမရှိ၊ ခရစ်ယာန်ဘာသာဝင်မောင်းသော တက္ကစီ ဗုဒ္ဓဘာသာရဟန်းမစီးရဟူသော ပညတ်ချက်မရှိ။ သူက ဝမ်းမီလျံတန်သော မေးခွန်းကို မေး၏။ ဗုဒ္ဓဘာသာ၏ အရိုးရှင်းဆုံးနှင့် အဓိကအကျဆုံးအဆုံးအမက ဘာနည်း ဟူသောမေးခွန်းဖြစ်၏။
စာဖတ်သူများကူ၍ စဉ်းစားပေးစေလို၏။ အလွန်ခက်သော မေးခွန်းပါတည်း။ အဓိကပြဿနာက “အရိုးရှင်းဆုံး” ဟူသော ဝိသေသနဖြစ်၏။ ထိုစကားမပါလျှင် သစ္စာလေးပါးဟု ကောက်ပြောလို့ရ၏။ သစ္စာလေးပါးက မရိုးရှင်းလှ။ ဒုက္ခဖြင့်စ၏။ ပဋိစ္စသမုပ္ပါဒ်လား၊ ပို၍ဝေးသွား၏။ ကမ္မဝါဒ၊ တစ်ချို့က ပြက်ရယ်ပင်ပြုချင်ကြ၏။ သံသရာဝါဒ၊ ငြင်းခုံကြဆဲဖြစ်၏။ အပြေးအလွှား စဉ်းစားမိ၏။ မရ။
ကံကောင်းသည်။ သူကပင် သဲလွန်စလေးပေးလိုက်သည်။
“သူတော်ကောင်း ဖြစ်ဖို့လား”
ထိုအခါကျမှ ဘုရားရှင်၏ ပေါ်ပြူလာအဖြစ်ဆုံး ဂါထာလေးခေါင်းထဲရောက်လာ၏။ လူတိုင်းသိကြ၏။ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူသောစကားဖြစ်၏။ ထို့ကြောင့်-
“မဟုတ်၊ ဗုဒ္ဓဘာသာ၏ အရေးအကြီးဆုံး နံပါတ်တစ်သည် လူယုတ်မာ မဖြစ်ရေး” ဖြစ်သည်ဟု ဖြေလိုက်မိ၏။
မှန်သည်ဟု ထင်၏။ မကောင်းမှုရှောင်ခြင်းသည် လူယုတ်မာမဖြစ်ရေးအတွက် ကျားကန်ထားခြင်းဖြစ်၏။ ထိုမှနောက် “ ကောင်းမှုဆောင်” ဖြင့် သူတော်ကောင်းလမ်းစဉ်ကို တက်လှမ်းရ၏။
ရှောင်ဟူသည် မကောင်းမှုမှသာ ရှောင်လို့ရ၏။
ဆောင်ဟူသည် ကောင်းမှုကိုသာ ဆောင်ရ၏။
အင်္ဂလိပ်စကားဖြင့်ပြောလျှင် Don’t နှင့် Do တို့ ဖြစ်ကြ၏။ ကိုယ်ကျင့်တရားရေးရာ၌ Don’t ပြီးမှ Do တာက လမ်းစဉ်ကျ၏။ မဒုန့်ပဲ ဒူးလျှင်ကော မရဘူးလားဟု မေးရန်ရှိ၏။ ရတော့ ရလိမ့်မည်ထင်သည်။ ဒေသနာကတော့ ဤသို့မဆို။
စာသင်ခန်းထဲ၌ဖြစ်စေ၊ Dhamma Talk များ၌ဖြစ်စေ၊ ဤမေးခွန်းကို မကြာမကြာမေးမိ၏။ အဖြေများ ကွဲပြား၏။
“ငါးပါးသီလလုံလျှင် သူတော်ကောင်းဖြစ်ပြီလား”
ငါးပါးသီလလုံကာမျှဖြင့် သူတော်ကောင်းဖြစ်ပြီဟု ပြောရန်ခက်၏။ သေချာသည်က သူယုတ်မာတော့ မဟုတ်ကြတော့။ ငါးပါးသီလသည် “မကောင်းမှုရှောင်” ဟူသော ပထမစကားတော်တွင်သာပါ၏။ ဆိုလိုသည်မှာ မသတ်ရုံမျှဖြင့်တော့ သူတော်ကောင်းမဟုတ်၊ ကယ်လိုက်မှ သူတော်ကောင်းဖြစ်သွား၏။ မခိုးရုံမျှဖြင့် သူတော်ကောင်းမဟုတ်၊ ပေးလိုက်မှ သူတော်ကောင်းဖြစ်သွား၏။ ကယ်ခြင်းနှင့် ပေးခြင်းသည် ဒူး (Do) များ ဖြစ်သွားကြသည်။ ဒုတိယစကားတော်ဖြစ်သည့် “ကောင်းမှုဆောင်” တွင် အကျုံးဝင်သွားကြတော့၏။
ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလတို့သည် ဒုန့် (Don’t) များဖြစ်ကြသည်။ အခြားအခြားသော ဒုန့်(Don’t) များလည်း ရှိနိုင်ပါသည်။ သို့ဖြစ်လျှင် ဒူး (Do) များက အဘယ်နည်း။ ကျယ်ပြောလွန်းလှ၏။ မင်္ဂလသုတ် တစ်သုတ်လုံးလိုလိုသည် ဒူး (Do) များဖြစ်ကြသည်။ အသေဝနာစ ဗာလာနံက (Don’t) ဒုန့်ဖြစ်သည်။ အာရတီ၊ ဝိရတီ ပါပါက (Don’t) ဒုန့်ဖြစ်သည်။ ဤသုံးပါးမှလွဲလျှင် ဒူး (Do) များဖြစ်ကြသည်။ မေတ္တာသုတ်က တစ်သုတ်လုံး ဒူး (Do) ဖြစ်သည်။ မဟာသတိပဋ္ဌာနသုတ်တစ်သုတ်လုံးက ဒူး (Do) များဖြစ်ကြသည်။ ဒူးကားများလှ၏။
ထိုအဆုံးအမတို့ကို ကောက်ချက်ဆွဲရသော်-
၁။ လူယုတ်မာ မဖြစ်ရေးက လွယ်၏( ငါးပါးမျှ ရှောင်လျှင်ပင်မဆိုး)
၂။ သူတော်ကောင်းဖြစ်ရေးက များစွာပိုခက်၏ (အရေအတွက် များလှ၏)
သို့ဖြစ်လျှင် ရှောင်ပြီမှ ဆောင်ရမှာလားဟု မေးရန်ရှိ၏။ မဟုတ်ပေ။ ဤနှစ်လမ်းသည် ခွဲလျှောက်ရမည့် လမ်းများမဟုတ်။ ပူးတွဲလျှောက်၍ ရနိုင်သည်။ ပူးတွဲလျှောက်လျှင် ပို၍ခရီးရောက်လိမ့်မည်ထင်သည်။ တစ်ခါတစ်ခါ ရှောင်လိုက်ကာမျှဖြင့် ဆောင်ပြီးသားလည်း ဖြစ်သွားတတ်၏။ ဆိုလိုသည်မှာ အသားရှောင်လိုက်ကာမျှဖြင့် မေတ္တာ၊ ကရုဏာတို့ကို ဆောင်လိုက်မိလျက်သား ဖြစ်သွားခြင်းမျိုးတည်း။ ( သတ်သတ်လွတ်ဝါဒကို ဆွေးနွေးနေသည်မဟုတ်ပါ)
ဗုဒ္ဓဘာသာကို အင်္ဂလိပ်လို ခြုံပြောကြရာ၌ “Gradual Practice” ဖွင့်ဆိုကြပြီး ဒါန၊ သီလ၊ ဘာဝနာ (သို့) သတိ၊ သမာဓိ၊ ပညာ- ယင်းအဆုံးအမတို့က “Cannot be practiced separately” ဟုလည်း ဆက်ပြောကြရသည်။ တစ်ဆင့်ခြင်းတက်လမ်းစဉ်ဟုဆိုသော်လည်း လှေကားထစ်များကဲ့သို့ အထက်အောက် တစ်ထစ်ပြီးတစ်ထစ် တက်လို့ကလည်း မရတတ်ပေ။ ခရီးမရောက်ဟု ဆိုလိုသည်။ သီလ ပရိဓောတာ ပညာ၊ ပညာ ပရိဓောတံ သီလ ( သီလဖြင့် ပညာကိုဆေး၊ ပညာဖြင့် သီလကိုဆေး) ဟု မိန့်ခဲ့သည်မဟုတ်ပါလား။
နောက်ဆုံး “ဖြူအောင် စိတ်ကိုထား” ကား ဘာဝနာကိစ္စများ ပါဝင်နေသဖြင့် ဖွင့်ဆိုရန် အလွန်ပင်လေးလံသွားတော့၏။
သာမန် အရပ်စကားဖြင့်ဆိုလျှင် စိတ်ထဲမှာ ဘာမှထွေထွေထူးထူး မရှိသဖြင့် ဘာမှမခံစားရခြင်းပင်ဖြစ်သည်။ ငယ်စဉ်က လက်ဝှေ့ပွဲကြည့်နေစဉ် နောက်က (၇) နှစ်သားခန့်ကလေးက ခေါင်းကို တဖြန်းဖြန်းရိုက်တာ ခံခဲ့ရဖူးသည်။ လက်ဝှေ့ပွဲကလည်းကောင်း၊ ဆိုင်းသံဗုံသံကလည်း ဆူညံ၊ ထိုကလေးက ထိုဆိုင်းသံများစည်းချက်အတိုင်း စီးမျောကာ ခေါင်းကိုစည်းဝါးမိမိ ရိုက်နေခြင်းဖြစ်သည်။ စိတ်တိုတိုဖြင့် လှည့်ကြည့်မိသောအခါ သူ့ကိုလှည့်ကြည့်သည်လည်းမသိ၊ သူက သူများခေါင်းကို ရိုက်နေသည်လည်းမသိသော ထိုကလေး၏ အပြစ်ကင်းသော မျက်နှာလေးကို တွေ့လိုက်ရသည်။ ထိုအခါ-
၁။ သူ့ကို (ထိုကလေးကို) လက်တုံ့ပြန်နေစရာမလို (ရှောင်)
၂။ သူ့ကိုပင် (သို့) သူနှင့်ပင်ရော၍ ပျော်သလိုလို ခံစားလိုက်ရ၊ မုဒိတာပွါးလိုက်ရသည် (ဆောင်)
၃။ စိတ်ထဲမှာ ရှင်းသွားသဖြင့် လက်တုံ့မပြန်လိုက်ရလေခြင်းဟူသော ဒေါသ၊ အာဃာတလည်း ကင်းသွား၏။ ငြိမ်းအေးသွား၏။ (ဖြူအောင် စိတ်ကိုထား)
ရှောင်ဟူသည် ဝါရိတ္တ သီလတည်း။ (to be avoided)
ဆောင်ဟူသည် စာရိတ္တ သီလတည်း။ (to be fulfilled)
ဖြူအောင် စိတ်ထားခြင်းသည် ရှောင်လိုက်ရ၊ ဆောင်လိုက်ရသည့်အတွက် စိတ်ထဲမှာ စနိုးစနောင့် မဖြစ်ခြင်းတည်း။ (to be purified)
မနိုင်သဖြင့် ငုံ့ခံရသောအခါ ဝါရိတ္တသီလဖြစ်၏။ စိတ်ထဲမှာ ဒေါသရှိ၏။ မကောင်းတတ်၍ ပေးလိုက်ရသောအခါ(သို့) ကြောက်၍ အရိုအသေပေးလိုက်ရသောအခါ စာရိတ္တသီလဖြစ်၏။ စိတ်ထဲမှာ အာဃာတရှိ၏။ ထိုအခါ ရှောင်ခြင်း၊ ဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်ဆင်းရဲရ၏။ ဤသည်မှာ တတိယ ဒေသနာကို(ဖြူအောင် စိတ်ကိုထားကို) မနိုင်နင်းခြင်းပင် ဖြစ်၏။ ထိုတတိယဒေသနာကို မနိုင်နင်းလျှင် သီလရှိသော်လည်း စိတ်ညစ်ရတတ်၏။ သီလဟူသည် ကာယကံကိစ္စ၊ ဝစီကံကိစ္စတည်း။ တတိယဒေသနာကား သမာဓိ၊ ပညာကိစ္စတည်း။
ရိုက်ချင်ရင် စိတ်ထဲက ရိုက်၊ ဆဲချင်ရင် စိတ်ထဲက ဆဲ၊ သီလမကျိုးဟု ပြောသောအခါ လူငယ်တော်တော်များများက ရယ်ကြ၏။ အမှန်မူ ဤစကားက မှန်၏။ သို့သော် ရိုက်ချင်စိတ်၊ ဆဲချင်စိတ်ပေါက်ခြင်းက မကောင်း။ မကောင်းသော်လည်း သမာဓိ၊ ပညာကို မနိုင်လျှင် ရိုက်ချင်စိတ်၊ ဆဲချင်စိတ်က ချိုးနှိမ်၍ မရသေး။ ထို့ကြောင့် “Buddhist teaching is a gradual practice” ဟူသော စကားလေးကို ကြိုက်မိ၏။ ထို့အတူ “It cannot be practiced separately” ဟူသော စကားကို ပို၍လေးစားမိ၏။
ထိုမှနောက် (၂၁) ရာစုလူသားနှင့်ကိုက်ညီသော အိုင်တီဝေါဟာရလေးကိုငှားပြီး ဘာသာပြန်ကြည့်၏။
၁။ သဗ္ဗ ပါပဿ အကာရဏံ၊
မကောင်းမှုရှောင်
Don’t be a troublemaker,
၂။ ကုသလဿူ ပ သမ္ပဒါ
ကောင်းမှုဆောင်
Be a troubleshooter,
၃။ သ စိတ္တ ပရိယော ဒါပနံ၊
ဖြူအောင် စိတ်ကိုထား
Delete all unnecessary files and data!
၎။ ဧ တံ ဗုဒ္ဓါန သာသနံ။
အဲဒါ ဘုရားရှင်တိုင်းရဲ့ အမှာစကား-
How to keep your PC quick and clear.
ဤဆောင်းပါးအတွက် ထိုတက္ကစီဆရာကို ကျေးဇူးစကားပြောလိုက်မိ၏။