=> Myanmar got talents <=

ဦးသန့် လိုလူ ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဦးနေဝင်းက ဦးသန့်ထက် ပိုတော်တယ် လို့ သူ့ကိုယ်သူ ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်လို လေဒီကို ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဗိုလ်ချုပ်ကြီးကတော်တိုင်းက ဒေါ်စုလောက်တော့ သူ တို့လည်း စွမ်း သတဲ့။

Myanmar got talents => ဂက်စ်တွေ၊ ရေနံတွေ အလျှံပယ်ရှိတယ်။
ဒါပေမယ့် လူထုကို အမှောင်ထဲမှာ နေနိုင်အောင် စွမ်းဆောင် ပေးနိုင်တယ်။

Myanmar got talents => ရေကောင်းရေသန့် မြစ်ကြီးလေးသွယ် ရှိတယ်။
ဒါပေမယ့် လူထုကို ရေ ရှားပါးအောင် စွမ်းဆောင် ပေးနိုင်တယ်။

Myanmar got talents => It held election.
But it locked the winners up and the losers still manage to hold the key.

Myanmar got talents => .........

Myanmar got talents => .........


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

ပြုံးမိတဲ့ သတင်း သုံးပုဒ်

၁။ မဇ္ဈိမဒေသက ယောဂ ဆရာ Baba Ramdev
ကွန်ဂရက်ပြောင်းလဲဖို့ လူစု လူဝေး နဲ့ ဆန္ဒပြတာ ခွင့်ပြုချက် မရဘဲ ပြလို့ ဒီတစ်ခါ အဖမ်းခံရတယ်။ ကွန်ဂရက်ခေါင်းဆောင်က ဂုရု စွတ်ထားတဲ့ မျက်နှာဖုံး ကွာကျသွားပြီ။ သူ တကယ်စိတ်ဝင်စားတာက နိုင်ငံရေး၊ ယောဂ က အယောင်ဆောင်ထားတာ တဲ့။ ယောဂ ဆရာက ဒါတင်မကဘူး၊ ပြည်တွင်းဖြစ်ကို အားပေးကြဖို့လည်း လှူံ့ဆော်ဖူးတယ်။ ပြုံးမိတာက အဲဒါပါ။ မီဒီယာက ဝင်ထောက်တယ်။ ပြည်တွင်းဖြစ်ကို အားပေးကြဖို့သာ ပြောတယ်။ သူကတော့ အမေရိကန်ဖြစ် ပရိုက်ဘိတ် ဂျက်လေယဉ်ကို စီးတာ တဲ့။

၂။ အိုလံပစ်လည်းပြီးရော မယ်မယ်ရရ ဆုမရ လိုက်တဲ့ အိန္ဒိယ
တိုင်းမ် သတင်းစာက ဖွင့်ချလိုက်တယ်။ စားပွဲတင်းနစ် မှာ အားကစားသမား ၁၇၃ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့တယ်။ ၅၅ ယောက်က တရုတ်သွေး။ ၄၅ ယောက်က တရုတ်ပြည် မွေး။ ဘရာဇီးက Lin Gui ၊ အမေရိက ကိုယ်စားပြုတဲ့ Ariel Hsing ၊ လူဇင်ဘတ်က Xia Liam Ni ၊ တူရကီက Bora Wong ။ အားလုံး တရုတ်တွေ။ ၂၃ နိုင်ငံ ခွဲပြီး ပြိုင်နေကြတာ။ အဲဒါ အင်တာနေရှင်နယ် အားကစား လား တဲ့။ မဆိုးဘူး။ ခရစ်ကက်ထက်တော့ ကြည့်လို့ ပိုကောင်းတယ် ထင်တာပဲ။

၃။ အာဆင်နယ် ဘောလုံးသမားအသစ် ဂျာမနီက ပိုဒေါစကီး
ဂိုးသွင်းတော့ အာဆင်နယ် ပရိဿတ်တွေက ဂုဏ်ပြုရင်း အော်ကြတယ်။ "Lukas Podoski scores goals when he wants" တဲ့။ နောက်တာမှတ်နေတာ။ တကယ်ရယ်။ မြန်မာလိုတော့ သရော် နေသလိုပဲ။ သူဂိုးသွင်းချင်စိတ်ပေါက်ရင် ဂိုသွင်းတယ် ရယ်လို့။ ဒါနဲ့ မိုက်တိုင်ဆန် ကလည်း သူ့ One-man ရှိုးမှာ ကတိပေးထားခဲ့တယ်။ ကျနော် ကတိပေးပါတယ်။ ပရိသတ်တွေ အားလုံး နားရွက် နှစ်ဖက်နဲ့ အိမ်ပြန်ရပါစေမယ် တဲ့။ ကိုယ့်နားရွက်ကို သူပြောမှ ပြန် စမ်းမိတယ်။



ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

စတူးဒင့်တွေ အပေါ်တူ နတီးတွေ ရတော့မယ်

ဟဲမင်ဝေး တို့ အုပ်စုက အင်္ဂလိပ်စာ၊ စကား မဟုတ် အမယ်ရကန် လင်းဂွေ့ တဲ့၊
ဟုတ်တယ်၊ ဒီကောင်တွေက " ယ " သံတွေ အကုန်ဖြုတ်တာ။

ဘယ်ကလာ စကျူးဒင့် ရမှာတုန်း။ တီယူ = တူ ပေါ့။ စတူးဒင့်၊ အပေါ်တူ နတီ။
မနက်ပိုင်း သတင်းဆို နယူးစ် ကနေ နူးစ် ပြောင်းတယ်။ နျူးကလီးယား မဟုတ် နူး ခလျား။
တစ်ခုခု မှာဖို့ ( Menu ) မင်နျူး ကြည့်စရာ မလို မဲန် နူး ဆို ရပြီ။

ဗရိတိရှ် က အသံထွက် မငြိမ်ဘူး။
Sch တွေကို စကူး လုပ်လိုလုပ်၊ ရှက်ဒျူး လို့ ထွက်လိုထွက်။ အမယ်ရကန် လင်းဂွေ့က စကူးလ်၊ စကက် ဒူးလ် တဲ့။
မယုံရင်ကြည့် school စကူးလ်၊ schedule ရှက်ဒျူး လ် တဲ့။ ဘယ်ကလာ၊ စကူးလ်၊ စကက် ဒူးလ်။
တာဝန် ရှိတယ်၊( duty )ဒူးတီ ပေါ့၊ ဘယ်လိုလုပ် ဂျူတီမှာတုန်း။ ဒီယူ ဒူ။ လူတိုင်းသိ။

ဒီကောင်တွေက အို သံတွေ တစ်ဝက် ဖျေက်တယ်။ ဟဲမင်ဝေး ပြောတယ်၊ ပျင်း လို့ တဲ့။
ဟော့ ဒေါ့တ် လား၊ ဘယ်ကလာ၊ ဟာ့ ဒါ့ဂ်။
ဆေးရုံဆိုလို့များဟော်စပီတယ် မနေနဲ့ ဟာ့ စပဒယ်။
ဟက်ဗ်တူတွေ မလိုဘူး၊ got to go ဂါ့ တာ့ ဂိုး ဆို ရနေပြီ။ အိုင် ဂါ့ဒါ့ဂါ့ ဆို နားလည်ပြီ။

ဟဲမင်ဝေး ပြောတာကို သဘောတူတယ်။
သူတို့ အသံမှာ " တ " ကနေ " ဒ " ကို ပြောင်း၊ " ဒ " ကနေ " န " ကို ပြောင်းတယ်။
ဝေါထား ( water )ကနေ ဝေါဒါး၊ ဝန့် တူ( want to )ကနေ ဝန္န ( wanna )၊ အိုင် ဝန္န ဂါ့တ် အ ခပ် ပါ့ဖ် ဝေါးဒါး။

တူရှင် ( ကျူရှင် မဟုတ် ) ဆရာတွေ ပြောသလို အော့ဖင်း ( often ) မှ မှန်တယ်ဆိုရင်တော့ သွားပြီ။
အော့ဖတင် လည်း မှန်တာ ပဲ။ ဘီဘီစီ ကို မေးကြည့်၊ ဗွိုက် စ် ဖ် မာ့ရိက ( The Vice of America ) ကို နားထောင်ကြည့်။

" ယ " သံတွေကို ဖျက်၊ " အို " သံတွေ ကို တစ်ဝက်ပေမယ့် " ရ် " သံကျတော့ သယ်လာခဲ့ကြပြန်ရော၊
မက်တာရ် ( matter ) တဲ့၊ မိုဟာမက် ဆင်း လောက်တော့ ရှည်စရာ မလိုဘူး။
မက်တာရ် တစ်လုံးထဲဆို ရ် သံက မသိမသာ၊ နောက်မှာ သရ ရှိရင် မက်တာ ရော ဖ်( matter of )၊
စတား ရောဖ် ( star of ) တွေ ဖြစ်ပြန်ရော၊အီးသား ကိုတော့ ပျင်းလို့ မပြောဒေါ့ဘူး။

ဂျဲပဲ န်တို့ ခိုရီးယားတို့ ( ခိုးရယား၊ ပိုပြန်တဲ့ အခါ) လိုပဲ
တို့ စတူးဒင့်တွေလည်း အပေါ် တူနတီတွေ ရဒေါ့မယ်။
ဆီးယား လိတ် ဒါ။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

သက်သာတဲ့ ကျောင်းဆရာဘဝ (တဲ့လား)

ကျွန်တော့်မိတ်ဆွေတွေထဲက အလုပ်လက်မဲ့ဖြစ်နေတဲ့ စီးပွါးရေးသမားတစ်ယောက်က ဘဏ်ကနေအနားယူပြီး ကျောင်းဆရာပြောင်းလုပ်ဖို့ စိတ်ကူးရှိတဲ့အကြောင်း ပြောတယ်။

“ဘဏ်မှာလုပ်ရတာနဲ့စာရင် စိတ်ဖိစီးမှုအများကြီး သက်သာစေပါလိမ့်မယ်” လို့ သူက ပြောတယ်။
“ပြီးတော့ အလုပ်သွားချိန်ကလည်း မနက်သုံးနာရီ မဟုတ်တော့ပဲ ညနေသုံးနာရီမှသွားလို့ ရနိုင်တာပဲလေ” လို့ သူ့ဇနီးက ဝင်ထောက်ခံပေးပြန်တယ်။

သူသာမကဘူး၊ စီးပွါးရေးနယ်ပယ်က သူ့လုပ်ဖော်ကိုင်ဖက်တွေ တော်တော်များများကလည်း ဇာတ်တူသားစားနေရတဲ့ စီးပွါးရေးလောကကိုစွန့်ပြီး ဝင်ငွေလည်းကောင်း၊ လစာနဲ့ ခွင့်ရက်ရှည်ရှည်လည်း ရနိုင်တဲ့ ပညာရေးဘက်ကို ဦးလှည့်ကြဖို့ အစီအစဉ်ရှိနေကြောင်း သူ မကြာမကြာ ပြောတတ်တယ်။

သိပ်ကောင်းတဲ့ အကြံဉာဏ်ပါပဲ။ ဒါပေမယ့် အဲဒီလူတော်ကြီး (Smart Guys) တွေ ကျောင်းဆရာလစာမယူခင် ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာကိုတော့ အသိပေးထားသင့်ပါတယ်။

လွယ်လွယ်ကူကူလည်းဖြစ်အောင် Reality Show ဖြစ်တဲ့ “Survivor” ထဲကအတိုင်း သူတို့ကို ခိုင်းကြည့်ဖို့ စိတ်ကူးပေါက်မိတယ်။ ဒီအစီအစဉ်တွေက ပညာရေးနဲ့တော့ ဆက်စပ်နေရမှာပေါ့။

ကျွန်တော့်အကြံက ဒီလိုပါ။
စီးပွါးရေးလောကထဲက လူ (၁၂) ယောက်ကို စာသင်ကျောင်းတစ်ကျောင်းစီမှာ လေယာဉ်ပေါ်ကနေ ချထားပေးမယ်။
အဲဒီမှာ မိုဘိုင်းဖုန်းမရှိ၊
အတွင်းရေးမှူးမရှိ၊
ဘလက်ဘယ်ရီမရှိ၊
စတားဘတ် (ကော်ဖီ) မရှိ။ ဒိတ်အောက်ပြီး ရေးလို့မရတော့တဲ့ ဆော့ပင်တွေရှိမယ်။
သူတို့အသံမထွက်တတ်တဲ့ ကျောင်းသားတွေရဲ့ နာမည်စာရင်းတွေရှိမယ်။
လစာ (၈၀) ရာခိုင်နှုန်းဖြတ်တာ ခံရမယ်။

ကျောင်းဆရာတိုင်းကို ကျောင်းသားလေးဆယ်စီရှိတဲ့ စာသင်ခန်းထဲမှာ သော့ခတ်ထားမယ်။ ကျောင်းသားလေးဆယ်ထဲမှာ ဟိုက်ပါအက်တစ်ဖြစ်တဲ့ ကျောင်းသားငါးယောက်၊ ဆွံ့အနေတဲ့ ကျောင်းသားလေးယောက်၊ အင်္ဂလိပ်စကားလုံးဝ မပြောတတ်တဲ့ ကျောင်းသားခြောက်ယောက်၊ ဘီဟေးဗီးယားပြဿနာနဲ့ ကျောင်းသားခုနှစ်ယောက်၊ သုံးယောက်က လုံးဝစိတ်မနှံ့ရှာဘူး။

ပညာသင်ကြားရေး အထောက်အကူတစ်ယောက်တော့ ရှိမယ်။ သူမကတော့ သူမရဲ့လုံခြုံရေးအတွက် ဝတ်စုံထူထူချုပ်နေရတာနဲ့ ဘာမှအကူအညီ မပေးနိုင်ဘူး။

လုပ်ဆောင်ရန်- တစ်။
ကျောင်းရဲ့ခေါင်မိုးတွေကို လုံးဝမထိစေဘဲ အမိုးတွေ ကျောင်းသားလေးတွေရဲ့ခေါင်းပေါ်၊ ထိုင်ခုံပေါ် ကျလာအောင် လုပ်ရမယ်။

လုပ်ဆောင်ရန်- နှစ်။
ငိုနေတဲ့ကျောင်းသားတွေကို မအော်၊ မငေါက်ဘဲ အငိုတိတ်အောင် ကြိုးစားရမယ်။

လုပ်ဆောင်ရန်- သုံး။
ကိုယ်စီမှာပါတဲ့ ဘာလက်နက်ကိုမှ အသုံးမပြုဘဲ ကျောင်းသားတွေဆီက သေနတ်၊ ဓား၊ ထရန်စမစ်တာနဲ့ အခြားပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေရအောင် သိမ်းယူရမယ်။

ဒါတွေအားလုံးကို ကျွမ်းကျင်ပြီဆိုရင် ကျောင်းဆရာလောင်းတွေအားလုံး တကယ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ပါပြီ။ ကျောင်းဆရာတိုင်းကို ကျောင်းသား (၄၀) ကို သင်ကြားရေးနဲ့ပတ်သက်လို့ လိုအပ်တဲ့သင်ရိုးညွှန်းတမ်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ပေးစေပါမယ်။ အမှန်တကယ်ဖြစ်စဉ်တွေနဲ့ ကိုက်ညီဖို့ သင်ရိုးညွှန်းတမ်းကတော့ နှစ်ပတ်တစ်ခါ အသစ်ရေးဆွဲပါမယ်။

နေ့ခင်းမှာ နေ့လည်စာစားချိန် တစ်နာရီစီ ရပါမယ်။ ဒါပေမယ့် ကစားကွင်းထဲမှာ ကြီးကြပ်ရမယ့်တာဝန်၊ ချက်(စ်) ကစားရာမှာ စောင့်ကြည့်ပေးရမယ့် တာဝန်တွေကြောင့် ထမင်းတော့ ဖြောင့်ဖြောင့်စားရမှာ မဟုတ်ပါဘူး။

အချိန်ပြည့်သင်ကြားရေးတာဝန်ကို ယူရပြီဆိုတာနဲ့ ယှဉ်ပြိုင်သူအားလုံးဟာ ဒါတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

နေ့တိုင်း ဘာသာရပ်ဆိုင်ရာ အစည်းအဝေးသုံးကြိမ် တက်ရမယ်။ သင်ကြားရေးနည်းပညာသင်တန်း တက်ရမယ်။ ကျောင်းသားမိဘတွေနဲ့ မိနစ်(၂၀) စကားပြောရမယ်။ ကျောင်းသားတစ်ထောင့်သုံးရာထဲက ကျောင်းသားဆိုးတစ်ယောက်ကို ခွဲခြားသိနိုင်တယ်လို့ ခပ်တည်တည် ဟန်ဆောင်တတ်ရမယ်။ ကောလိပ်ဝင်ခွင့် စာခြောက်စောင် ရေးရမယ်။ ရံပုံငွေရှာဖွေရေး အစီအစဉ်တစ်ခု ရေးဆွဲရမယ်။ ဖောင် (၁၇) ခု ဖြည့်ရမယ်။ စာမျက်နှာ ငါးမျက်နှာရှိ ကျောင်းသားတိုင်းရဲ့ ရီပို့(ထ်) ရေးရမယ်။ ကျောင်းသားတိုင်းရဲ့ ဆိုရာမှာ သူတို့တစ်ခါမှ မမြင်ဖူးသေးတဲ့ ကျောင်းသားကိုးယောက်လည်း ပါဝင်ပါတယ်။ နောက်ဆုံးပညာရပ်ဆိုင်ရာ မာစတာဒီဂရီ ယူရမယ်။

ညတိုင်း ကျောင်းသားတွေရဲ့ အက်ဆေးလေးဆယ်ကို အိမ်ယူသွားရမယ်။ အက်ဆေးတွေက စာလုံးပေါင်းအမှားတွေနဲ့ဖြစ်တယ်။ မှင်နီကို လက်ကမချပဲ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း အမှားတွေကိုပြင်ပြီး အမှန်ပြန်ရေးပေးရမယ်။

တနင်္ဂနွေနေ့တိုင်းမှာတော့ အားကစားနဲ့ပတ်သက်တဲ့တာဝန်ကို တိုးပြီးယူရမယ်။ မိမိဖက်လှည့်ပြီး တခွီးခွီးနှာချေနေတဲ့ ကျောင်းသားတွေနဲ့အတူ ကစားကွင်းကို ပြင်ဆင်ရင်း နည်းပြပေးရမယ်။

ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဆရာတွေဟာ ဘဏ်တွေက ပိတ်ပေးတဲ့ပိတ်ရက်မှာပဲ ဘရိတ်ရပါမယ်။ ဒါပေမယ့် အခြားကျောင်းတွေနဲ့ ကျောင်းပိတ်ရက်ခြင်းကတူနေတော့ အပန်းဖြေအနားယူလို့ရတဲ့ နေရာတိုင်းမှာ ဘွတ်ကင်လုပ်ဖို့က အမြဲတမ်းနောက်ကျနေပြီး တစ်ယောက်ယောက်က ဘွက်ကင်လုပ်ပြီးသား ဖြစ်နေရမယ်။

ဒါပါပဲ။ ကျောင်းဆရာ “Survivor” ပြိုင်ပွဲ ပြီးပါပြီ။
ဘဏ်ကမိတ်ဆွေလူတော်များ ကျောင်းဆရာလုပ်ဖို့ အခုပဲ စာရင်းပေးခဲ့ကြတော့မလား။
နည်းနည်းထပ်ပြီး စဉ်းစားကြဦးမလား။

By Nury Vittachi
( မစ္စတာ ဂျင်း (မ်) က ဘဏ်အရာရှိတွေကို သရော်ရုံသာမက ပညာရေးဝန်ကြီးဌာနနဲ့ ကျောင်းသားမိဘတွေကိုပါ ခပ်ပါးပါး သရော်ထားတဲ့ ဆောင်းပါးမို့ သဘောကျလို့…….)


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

စင်္ကာပူနိုင်ငံလုံးဆိုင်ရာ ကျောင်းပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

စင်္ကာပူနိုင်ငံလုံးဆိုင်ရာ
ကျောင်းပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ


Invitation

ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျာ
ကျွန်တော်၊ ကျွန်မတို့ အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)မှ ကြီးမှူးကမကထပြု၍ စင်္ကာပူနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်မြတ်များအား စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကျွန်တော်၊ ကျွန်မတို့နှင့်အတူ ပါဝင်ကုသိုလ်ယူ လှူဒါန်းဆက်ကပ်နိုင်ကြစေရန်အလို့ငှာ နိဗ္ဗာန်ကိုအကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျင်းပမည့်နေရာ...
မင်္ဂလ၀ိဟာရ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
30 Jalan Eunos, Singapore 419495
ကျင်းပမည့်နေ့ရက်...
၂၀၁၂၊ သြဂုတ်လ ၁၉ ရက်၊ တနင်္ဂနွေနေ့။ ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း (၂) ရက်။
ကျင်းပမည့်အချိန်...
ညနေ ၄း၀၀ မှ ၆း၃၀ နာရီအထိ
နတ်လမ်းညွှန်
Nearest MRT Station : Eunos MRT
Bus: 21, 60, 63, 93, 854

***လှူဖွယ်ဝတ္တုများကို အောက်ဖော်ပြပါ အဘိဓမ္မာအသင်းသူ၊ အသင်းသား အကျိုးတော်ဆောင် လူငယ်များထံတွင် ကြိုတင်စာရင်းပေးသွင်း လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း၊ အခမ်းအနားတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆက်ကပ် လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ကုသိုလ်ယူပူဇော်နိုင်ကြပါသည်။
၁။ ပရိက္ခရာရှစ်ပါးတစ်စုံလျှင် ဒေါ်လာ ၅၀ (S$ 50) ။
၂။ သင်္ကန်းတစ်စုံလျှင် ဒေါ်လာ ၃၀ (S$ 30) ။
၃။ ထီး၊ ဖိနပ်၊ ယပ်၊ နီသီဒိုင်(တစ်မျိုးလျှင်) ဒေါ်လာ ၁၀ (S$ 10) ။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ဦးမြင့်သိန်း-၈၁၅၉၃၉၈၉၊ ကိုစည်သူအေးကို-၉၁၀၈၃၆၇၈၊ ကိုဇော်မျိုးမင်း-၉၀၄၇၉၃၇၄၊ မခင်စန်းယု-၈၂၉၈၆၂၉၇၊ မခင်စန္ဒာ-၉၆၇၅ ၈၉၂၂၊ မဖြူမွန်သန့်-၈၅၁၁၀၁၈၇၊ မသန်းလဲ့ခိုင် - ၉၂၇၇၀၂၄၉

အသင်းသူ၊ အသင်းသားများ
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.