အရှင် အာနန္ဒာကို အမှာမထားခဲ့သည့်ကိစ္စ

ဤကိစ္စက ဘုရားရှင်၏ ကြွင်းကျန်ရစ်သော မွေတော် ဓာတ်တော် ကိစ္စဖြစ်သည်။ မဟာပရိနိဗ္ဗာနသုတ်၌ အနာဂတ်မှာတမ်းတော်တော် များများ အရှင်အာနန္ဒာထံ ချန်ထားတော်မူခဲ့သော်လည်း  မွေတော် ဓာတ်တော်ကိစ္စကိုမူ လူ ပုဂ္ဂိုလ်များ သဒ္ဓါတရား တိုးပွားစေရုံသာ ဘုရားရှင် ရည်ရွယ်တော်မူခဲ့ဟန်တူသည်။ ထို့ကြောင့် ဓာတ်တော် ဝေငှရာ၌ပင် အရှင် အာနန္ဒာမပါ၊ ဒေါန ပုဏ္ဏားက ဦးဆောင်သွားခဲ့သည်။


ဓာတ်တော်ကို ဖူးမြင်ရပြီး စိတ်ကြည်နူးနေရမည့်အစား ဓာတ်တော်ပိုင်ဆိုင်ခွင့်ရရေး အတွက်ပင် စစ်ဖြစ်မလို ဖြစ်ခဲ့ရသေးသည်။ ဤကိစ္စကလည်း အနည်းငယ် အရုပ်ဆိုးသည်။ ဇာတိမာန်၊ ဂုဏမာန်တွေ များလွန်းသည်။ သံဝေဇနိယ လေးဌာနနှင့် ပတ်သက်၍ မိန့်မှာခဲ့သလို  မွေတော် ဓာတ်တော် ကိစ္စနှင့် ပတ်သက်၍လည်း  မိန့်မှာခဲ့တန်ရာ၏ ဟု စဉ်းစားရန်ရှိသော်လည်း တကယ်တမ်း ရဟန်းတော်များအတွက် အထွေအထူး အမှာ မထားခဲ့ပေ။

ဤ မွေတော် ဓာတ်တော်ကိစ္စက ဗုဒ္ဓဘာသာမှာသာမက အခြားဘာသာများမှာလည်း ပုံစံတစ်မျိုးစီဖြင့် ရှိနေတတ်သည်။ အထူးအဆန်းကို နှစ်ခြိုက်ကြသော လူထု အကြိုက် ထူးဆန်းသော ဓာတ်တော်များလည်း ပေါ်ပေါက်ပေးလာရတော့သည်။

ဓာတ်တော်ကို အလေးတမြတ်ထားသော လူမျိုးတို့တွင် တရုတ်တို့က နံပါတ်တစ်ဟု ထင်သည်။ မြန်မာတို့လည်း ထပ်ချပ်မကွာတော့ ရှိသည်ထင်၏။ ထို့ကြောင့်ဖြစ်မည် တရုတ်ကြွင်း၊ မြန်မာကြွင်း၊ တရုတ်လူမျိုးများရှိရာ ကမ္ဘာအရပ်ရပ်ကြွင်း ဓာတ်တော်များ ယခုခေတ်၌ တော်တော်များများတွေ့လာရသည်။
မည်သို့ဖြစ်စေ သူတော်စင်တို့ ဓာတ်တော်များမှန်လျှင်တော့ လေးမြတ်ကော်ရော်မှုတော့ ထိုက်သည်။ သဒ္ဓါတရား တိုးပွားစေနိုင်သည်။

သို့သော် မဟာပရိနိဗ္ပာနသုတ်မှာ တွေ့ရသည့်အတိုင်း ဓာတ်တော်ကြောင့် စစ်ပင်ဖြစ်ရတော့မလို ဖြစ်ချေသော် ဓာတ်တော်နှင့်  သူတော်ကောင်းဖြစ်ရေးကတော့ တိုက်ရိုက် ပတ်သက်နေဟန်မရှိဟု ယူဆရန်သာရှိပေတော့သည်။ ဘယ်လို ဘယ်ပုံ   မီးသဂြိုဟ်ရန်ပင် မှာထားတော်မူခဲ့ပါလျက်  မွေတော် ဓာတ်တော်များကို ဘယ်လို ဘယ်ပုံ ခွဲဝေရစ်စေဟု အမှာ မထားခဲ့ခြင်းက အနည်းငယ်တော့ ထူးခြားသည်။

အကျင့်လောက် အရေးမပါသောကြောင့်သာ အထွေအထူး အမှာမထားခြင်း ဖြစ်နိုင်ရာ၏ ဟုသာ သုံးသပ်ရန်ရိုပေတော့သည်။

Ref: Relic. A to Z


သီဟနာဒ

စီးပွားရေး ပဉ္စလက် ( ၆ )

မေး ။     ။ ဝင်ငွေကွာဟမှုတွေက ပိုပြီးကျယ်ပြန့် လာတာကြောင့် လစာနည်းတဲ့လူတွေကို ပြန်လည်ဖြန့် ဝေပေးဖို့  စင်္ကာပူအစိုးရမှာ ဖိအားတွေ ကျရောက်နေတာကော မဖြစ်နိုင်ဘူးလား။

ဖြေ။    ။မင်းပြောချင်တာက အောက်ခြေလူတန်းစားတွေကအစိုးရရဲ့ဆန့် ကျင်ရေးသမားတွေလို့ လား။ဒါ့ကြောင့်ငါတို့ ကပြောင်းရမှာလား၊ ဒါမှမဟုတ် "အိုကေ၊ ငါတို့ တော့ ဒီမဲတွေရှုံးဖို့ ရာရှိနေပြီး အထက်ပိုင်းလူတန်းစားတွေ သဘောကျအောင်လုပ်ကြဦးစို့ ” လို့ ပြောရမှာလား။ ဆိုလိုတာက ဒါက နိုင်ငံရေး .. လေ။

တကယ်လို့ အထက်လူလတ်တန်းစားတွေအနိမ့်ပိုင်းလူလတ်တန်းစားတွေထက်ပိုနည်းနေမယ်ဆိုရင်ငါတို့ ကနည်းနည်းလျှော့ပေးဖို့ လိုလိမ့်မယ်။ ဒါတွေကိုစနစ်တကျငါတို့ လေ့လာကြည့်ပါတယ်။ လူဦးရေဘယ်လောက်များများက ကိုယ်ပိုင်အိမ်မှာ နေနိုင်ကြ သလဲ၊ လေးခန်းရှိတဲ့အိမ်မှာနေသူတွေဟာဟိုတုန်းကထက်လူလတ်တန်းစားလို့ယူဆစရာရှိခဲ့ဖူးတယ်။ဒါပေမယ့် လေးခန်းအိမ်ကိုဝယ်ရင်အစိုးရဆီက ငွေပိုပြီးရနိုင်တယ်ဆိုတာသိတော့သုံးခန်းပဲတတ်နိုင်သူတွေကလည်း လေးခန်းတွေဝယ်လာကြတယ်။

ဒီထက်ပိုပြီးတော့ သူတို့ ကိုပေးသင့်တယ်လို့  မထင်မိဘူး။ ပိုပေးမိရင် လူတော်တွေ စီးပွားရေးလုပ်ချင်စိတ် ပျောက်သွားလိမ့်မယ်။ ငါတို့ သူတို့ ကိုပြန်မျှဝေပေးနိုင်တာကလူတိုင်းအိမ်ရရှိရေးပဲ။စင်္ကာပူလူမျိုးတိုင်းအိမ်ရှိရမယ်။အဲ့ဒီအိမ်ကလည်း မြေဈေးထည့်မပေါင်းပဲ ရက်ရက်ရောရောရောင်းပေးထားတာ။ အနှစ်သုံးဆယ်လောက်ကြာပြီး အနားယူပြီဆိုတော့ အိမ်ရဲ့တန်ဖိုးက အများကြီးတက်သွားပြီ။

ဒါပြီးတော့ CPF ။ အစိုးရက CPF ပိုရဖို့ကြိုးစားနေတယ်။ သူတို့ သုံးစွဲပစ်လိုက်မှာစိုးလို့ မဟုတ်ဘူး။ သူတို့ အနားယူပြီးတဲ့နောက်ငွေ ရှိနေရစ်အောင်လို့ ။ကျန်းမာရေး၊ကလေးတွေရဲ့ပညာရေးစတာတွေအတွက်ပေါ့။ ပြီးတော့အပိုငွေထွက်လာမယ်ဆိုရင်စင်္ကာပူဝေစုနဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ရေးဝေစု ဆိုတာတွေ ပေးဖို့ ရှိတယ်။

မေး ။     ။ မစ္စတာလီပြောတာကို နားထောင်ရရင် နိုင်ငံခြားအလုပ်သမားတွေကိုဝင်ခွင့်ပြု၊ အထက်တန်းလွှာတွေ ဝင်ငွေပိုရအောင် လုပ်ပေးနိုင်ရုံတင်မကဘဲ အောက်ခြေလူတန်းစားတွေကိုလည်းသူတို့လိုချင်တဲ့လစာပမာဏရအောင်ပိုပြီးလုပ်ပေးနိုင်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။ အိမ်ရရှိရေးနဲ့ CPF ကိစ္စတွေကတော့ ကောင်းပါတယ်။ ဒီထက်ပိုကောင်းအောင်လုပ်လို့ရဦးမလား။

ဖြေ ။    ။ တို့ မှာ Workfare ရှိတယ်။ (ဝင်ငွေနည်းတဲ့အလုပ်သမားတွေကို ဝင်ငွေဖြည့်ဆည်းပေးတဲ့ စီမံကိန်း)။ ဒါက အစပိုင်းပဲရှိသေးတယ်။ ပြန်ပြီးလေ့လာဆန်းစစ်ကြည့်ရဦးမယ်။ ဒါပေမယ့် အဓိကကျတဲ့အချက်ကတော့ အလုပ်လုပ်မှရမယ်။ အိပ်နေတဲ့လူကိုတော့ မပေးဘူး။ ဒါကိုလုပ်တော့ လုပ်ရမယ်။ သိပ်မြန်မယ်တော့မဟုတ်ဘူး။ဒါကဟိုးလေးတကြော်ဖြစ်သွားနိုင်တယ်။

မေး ။     ။ တကယ်က ဒီ Workfare ကကို မစ္စတာလီ သတိပေးခဲ့တဲ့ အောက်ခြေလူတန်းစားတွေရဲ့ စိတ်ဓာတ်ကို စပြီးယိုယွင်းစေနိုင်င်လိမ့်မယ် မဟုတ်လား။

ဖြေ ။    ။ မထင်မိပါဘူး။ Workfare မရခင် သူကအလုပ်လုပ်နေမှရမှာ။

မေး ။     ။ မှန်ပါတယ်။ ဒီဥပဒေအခြေခံက အသက် ၃၅ နှစ်ရှိတဲ့လူတစ်ယောက်ဟာ တစ်ပတ်မှာ ၂ ရက်၊ ၃ ရက် အလုပ်လုပ်နေရမယ်။ ဒါမှ သူဝင်ငွေစံညွှန်းနဲ့ ပတ်သက်လို့  …

ဖြေ ။    ။ မဟုတ်ဘူး။ အဲဒီတုန်းက စင်္ကာပူမှာ စီးပွားရေးကျဆင်းနေတယ်။ သူတို့ ကို ဆွဲထုတ်ပြီး ကူညီထားကြရတယ်။ Workfare ကိုရဖို့ လူတစ်ယောက်ဟာအလုပ်ရှိကိုရှိနေရမယ်ဆိုတဲ့ ဥပဒေက ပျက်မသွားပါဘူး။


မေး ။     ။ Workfare က တကယ်တော့ စီးပွားရေးကောင်းနေစဉ် ၂၀၀၇ ခုနှစ်မှာ တင်ခဲ့တာပါ။ တစ်ခုခုလုပ်ပြီဆိုရင် ကြိုတင်မမြင်နိုင်တဲ့ကိစ္စတစ်ချို့ ကိုလည်း အရဲစွန့် ပြီးလုပ်ကြည့်ရတတ်ပါတယ်။ သူတို့အလုပ်လုပ်နေဖို့ လိုတယ် ဆိုတာ လူထုကြီးသိနေရန် ပြီးတာပါပဲ။

ဖြေ ။    ။ မထင်မိပါဘူး။တို့ က အများကြီးပေးလိုက်ရင်တော့ လူတွေကအလုပ်လုပ်ချင်စိတ် ရှိမှာမဟုတ်တော့ဘူး။ လုံလောက်ရုံလေးပဲပေးပြီး သူတို့ ကိုလည်း ကြိုးတင်းထားမယ်ဆိုရင် သူတို့ လည်းသဘောပေါက်လာမှာပါ။ ငါ့မှာ အရည်အချင်းပိုရှိလာရင် ဝင်ငွေလည်း ပိုလာမယ် ဆိုတာမျိုးလေ။

ဒါကြောင့် ငါတို့ SPUR ကိစ္စအတွက် တအားကြိုးစားနေကြတာ။ (Skills Programme for Upgrading and Resilience) ပြီးရင် အလုပ်အကိုင်အတွက် လေ့ကျင့်သင်ကြားပေးတာတွေရှိတယ်။ အလုပ်သမားတွေ အလုပ်ဆက်လုပ်ကြဖို့  တို့ က အားပေးတယ်။ ဒါမှ နိုင်ငံစီးပွားရေးတက်မယ်။ နိုင်ငံရဲ့စီးပွားရေးတက်လာရင် သူတို့ ဝင်ငွေလည်းတိုးလာတယ်။ ဒီနေ့ခေတ်ကြီးထဲမှာ မင်းဘယ်လောက်လစာရသင့်သလဲဆိုတာ မင်းမှာ အသိပညာနဲ့အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာနဲ့  သတ်မှတ်တယ်။ ဆိုပါတော့ မင်းက သိပ်တော်တဲ့လူ၊ ဒါပေမယ့် ဈေးကွက်မှာ ရောင်းချစရာပစ္စည်းမရှိဘူး။ ဒါဆိုရင် မင်းဘာရနိုင်ဦးမလဲ။

မေး ။     ။ ဝင်ငွေကွာဟမှုနဲ့  ပတ်သတ်လို့ လူထုခံစားနေရတာကို နားလည်ပြီး .. လစာကွာခြားမှုပမာဏတွေကို စနစ်တကျတွက်ချက်ပြီး ဒါကိုဖြေရှင်းဖို့ ပေါ်လစီချမှတ်ပြီးလုပ်ရရင် အစိုးရအတွက်ပိုကောင်းမယ်လို့  မထင်မိဘူးလား။ ဥပမာ ပြည်သူဝန်ထမ်းတွေဆိုရင် GDP နဲ့ တွဲပြီး ဘောနပ်ရနေကြတယ်။ တချို့အကြံပြုကြတာက တစ်ဦးချင်းဝင်ငွေ မညီမျှမှုကိုလည်း ဒီလိုGDPနဲ့ တွဲပေးထားရင်ကောင်းမယ်။အထူးသဖြင့် အနိမ့်ဆုံးဝင်ငွေ ရှိသူတွေကိုပေါ့။

ဖြေ ။    ။ ပြည်သူ့ ဝန်ထမ်းတွေကိုကျတော့ သူများတွေနဲ့ပြိုင်ပြီး လစာပေးထားမှရတယ်။ ဆိုလိုတာက ပုဂ္ဂလိကစီးပွားရေးတွေကပေးသလို ပေးထားရတယ်။ သမ္မတ ပညာသင်ဆု၊ နိုင်ငံခြားပညာသင်ဆု၊ SAF ၊ ပြည်သူရဲ့ စတာတွေရဲ့ အရေအတွက်ကို တို့ လေ့လာကြည့်ထားကြပြီးသားဖြစ်တယ်။ ဂျူနီယာကောလိပ်ကထွက်လာတဲ့ လူတော်ကျောင်းသားတွေရဲ့အရေအတွက်နဲ့  မဟပ်မိဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ ကကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပညာသင်တာ၊ ပုဂ္ဂလိကထောက်ပံ့တဲ့ ပညာသင်ဆုနဲ့ ပညာဆက်သင်တာတွေရှိနေလို့  နောက်ဆုံးကောက်ချက် ကတော့ အစိုးရက ပုဂ္ဂလိကဆိုတာ စင်္ကာပူထဲမှာတင် မဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို ဆိုလိုတာ။ ဒါကဖြစ်နေတဲ့ အမှန်တရားပဲ။ ရှောင်နေလို့ မရဘူး။ ရင်ဆိုင်ကြရမယ်။

မေး ။     ။ ပြည်သူဝန်ထမ်းတွေအဖို့  ဝင်ငွေကွာဟမှုနည်းသွားအောင်လုပ်နိုင်ရင် သူတို့ လည်း ဘောနပ်ရလာမယ်လို့  ကျွန်တော်စဉ်းစားမိတယ်။

ဖြေ ။    ။ (ရီလျက်) ဝင်ငွေကွာဟမှု ဒီထက်ပိုကျဉ်းသွားအောင်ဆိုရင်တော့ အစိုးရစစ်စတန်ကြီးတစ်ခုလုံး ပေါင်းပေးတာတောင် ရမှာဟုတ်ဘူး။ ဂျပန်တွေကိုကြည့်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေထဲမှာ ဂျပန်တွေဟာ လူသားအချင်းချင်း တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ မူဝါဒကို အားအကောင်းဆုံးလက်ကိုင်ပြုထားတဲ့ လူမျိုးတွေပဲ။ သူတို့ အလုပ်အကြီးအကဲတွေကို ရက်ရက်ရောရောပေးတာ တစ်သက်လုံးအလုပ်ခန့် ထားတာတို့ လေ။ ဂလိုဘယ်လိုက်ဇေးရှင်း ဖိအားအောက်မှာ သူတိုလည်း မခံနိုင်တော့ဘူး။

ဆိုနီနဲ့ နစ်ဆန်ဆိုရင်အခုအနောက်တိုင်းသားတွေကို ငှားနေပြီးလူတော်တွေရဖို့  သူတို့ လည်း ပြိုင်ပွဲထဲ ဝင်လာကြပြီ။ ကမ္ဘာထဲကိုဝင်ယှဉ်ပြိုင်နိုင်ဖို့  သူတို့ မူဝါဒကို ဂရုမစိုက်နိုင်ကြတော့ဘူး။ နိုင်ငံခြားသားတွေ အလုပ်လုပ်တာ ပိုများလာလေလေ သူတို့ စနစ်လည်း ပြောင်းရလေလေ ဖြစ်လာမှာပဲ။

ဟိုတုန်းကဆိုဒါမျိုးတွေဂျပန်မှာမြင်ကိုမမြင်ရတာ။အခုဆိုဆောင်းရာသီမှာတံတားအောက်အိပ်နေတဲ့လူတွေရဲ့ဓာတ်ပုံတွေ တွေ့ လာရပြီ။ သူတို့ စစ်ပွဲတွေဖြစ်တော့ အဆင်းရဲဆုံးလူတန်းစားဖြစ်တဲ့ လယ်သမားတွေက အထိအနာဆုံး၊ သားတွေဆုံး၊ အိမ်တွေဆုံးနဲ့ ၊ ဒါကြောင့်လူထုကြီးတစ်ရပ်လုံးက သူတို့  (ဆင်းရဲသားလယ်သမားတွေကို) ပြန်ပြီးကျေးဇူးဆပ်ရမယ်ဆိုတဲ့ ခံစားချက်တွေ လှိုက်လှိုက်လှဲလှဲကို ရှိကြတယ်။

ဗြိတိသျှတွေလည်း ဒီအတိုင်းပဲ။ အပြစ်မကင်းဘူးဆိုတဲ့ခံစားချက် ရှိကြတယ်။ အသက်အိုးအိမ်တွေ တကယ်ဆုံးရှုံးခဲ့ရတာက Oxbridge က အရာရှိကြီးတွေ မဟုတ်ဘူး။ အရာရှိငယ်တွေ၊ မဖြစ်မနေ စစ်တပ်ထဲဝင်ခဲ့ရတဲ့ စစ်သားတွေပဲ။ ဒီတော့ လူချမ်းသားတွေက လေဘာပါတီရဲ့ ထောက်ခံမှု၊ ကွန်ဆာဗေးတစ်ပါတီရဲ့ မွေးစားကျင့်သုံးမှုနဲ့  မူတစ်ခု ချမှတ်လာကြတယ်။ အထက်တန်းလွှာက လူတွေဟာ ဒီအတွက်အကြွေးတွေ တင်နေကြတုန်းပဲပေါ့။ ဒါနဲ့  ဆင်းရဲသားတွေကို ထောက်ပံ့လာကြတာ။

ဒါ့ကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးကို သူတို့ မစဉ်းစားကြဘူး။ လူတွေအလုပ်လုပ်ချင်စိတ်ပျောက်ပြီး စစ်စတန်တစ်ခုလုံးလည်း အလုပ်မဖြစ်တော့ဘူး။ မာဂရက်သက်ချာက အဲဒီမူကို ပြောင်းပစ်ခဲ့တာ၊ တိုနီဘလဲယားက ဆက်လက်ကျင့်သုံးတာ။ ဂေါ်ဒင်ဘရောင်းက အောက်ခြေလူတန်းစားတွေရဲ့ ထောက်ခံမဲတွေကို လိုချင်တော့ လမ်းဟောင်းဖက်ကို ပြန်ပြီး ဦးလှည့်နေပြန်ရော။

နားလည်ထားဖို့ က တစ်ဦးချင်းဝင်ငွေ “ မျှတမှု ပြဿနာက ဒီအတိုင်းပဲ အမြဲရှိနေမှာတော့ မဟုတ်ဘူး။ ဒါက ဘယ်လောက်ကြာနိုင်မလဲ။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်။ ဟုတ်ပြီ၊ ဒါပြီးတော့ ဘာလာဦးမလဲ။ နည်းပညာတွေ၊ ယှဉ်ပြိုင်လာသူအသစ်တွေ၊ မတူညီတဲ့ အလုပ်လုပ်ပုံတွေ၊ လိုက်(ဖ်)စတိုင်လ်တွေက ငါတို့ အပေါ် ကျရောက်လာဦးမှပဲ..”

မေး ။     ။ စည်းပွားရေးကိစ္စတွေမှာ အစိုးရက ထိန်းချုပ်ထားတာ သိပ်များလွန်းတယ်ဆိုတဲ့အမြင်နဲ့ ပတ်သက်လို့  မစ္စတာလီ ဘာပြောချင်ပါသလဲ။ ကျွန်တော်ထင်တာကတော့ စီးပွားရေးကဏ္ဍတွေကို အစိုးရကပဲ ထိန်းထားသင့်တယ်လို့  သူတို့ ယုံကြည်ထားတဲ့ ရှေးရှေးနှစ်တွေတုန်းက ပြောခဲ့ကြတာ မဟုတ်ပါဘူး။ အခုအထိ အစိုးရ ထိန်းချုပ်ထားတဲ့ စီးပွားရေးကဏ္ဍတွေက တော်တော်ကြီးများနေသေးတယ်။ ဒီကိစ္စ၊ ဒီပြဿနာဟာ ရှေ့ဆက်ဖြစ်နေဦးမယ်လို့  ထင်ပါသလား။

ဖြေ ။    ။ လူတော်တွေက အစိုးရအလုပ်ထဲကို မဝင်ဘဲ ပုဂ္ဂလိကစီးပွားရေးတွေထဲ ပိုပိုပြီးဝင်နေမယ်။ သူတို့ ကိုလည်း နိုင်ငံခြားကုမ္ပဏီတွေဆီမှာ ဆုံးရှုံးလိုက်ရတာမဟုတ်ဘဲ သူတို့ ဒီကိုပြန်လာကြမယ်။ ဒီနောက် ပုဂ္ဂလိကတွေက ကုမ္ပဏီအကြီးစားကြီးတွေကို လည်ပတ်နိုင်လောက်တဲ့ ဦးနှောက်ရှိသူတွေကို ပိုင်ဆိုင်လာမယ်။ ဒါဆိုရင် ဒီကိစ္စက အေးသွားမှာပါ။ ငါပြောခဲ့သားပဲ။ ငါတို့ စီးပွားရေးတချို့ ကို ပုဂ္ဂလိကပိုင်လွှဲပေးချင်တယ်။ တချိန်ထဲမှာပဲ ပြဿနာက ဘယ်သူ့ ကိုလွှဲပေးရမှာတုန်းဆိုတာ ဖြစ်လာပြန်ရော။

DBS နဲ့  OCBC ဘဏ်တွေကိုကြည့်။ သူတို့ နိုင်ငံခြားဦးနှောက်ကိုသုံးထားရတာ။ UOB ကဥက္ကဌ Wee Cho Yaw အပေါ်မှာလုံးဝမှီနေရတာ။ သူ့ နေရာဘယ်သူ့ ကိုအစားထိုးမှာလဲ။ UOB ရဲ့ စီအီးအိုရွေးထုတ်ဖို့  သူတို့ မှာ ဦးနှောက်ကောင်းကောင်းတွေ ဘယ်လောက်ရှိနေလို့ လဲ။ ဒီနေရာကို လျာထားထားတဲ့ Ernest Wong ကလည်း သူ့ အတွက်ဒီနေရာရဖို့  မျှော်လင့်ချက်မရှိဆိုပြီးထွက်သွားပြီ။ Wee Cho Yaw ကအခုသူ့ သားကို အစားထိုးဖို့ လုပ်နေတယ်။

အခုနိုင်ငံခြားကို ပညာသင်ထွက်သွားတဲ့လူတော်တွေ ဘယ်ကပညာသင်ဆုမှမယူဘူး။ နိုင်ငံခြားမှာလည်း အမြဲမနေဘူး။ ဒီကိုပြန်လာကြမယ်။ ဒါဆိုရင်လာမယ့် ၁၀နှစ် ၁၅နှစ်လောက်ကိုပုဂ္ဂလိကစီးပွားရေးတွေမှာရှိတဲ့ ဦးနှောက်က အစိုးရဆီမှာရှိတဲ့ ဦးနှောက်တွေကို ယှဉ်လို့ ရပြီ။ လွန်ခဲ့တဲ့ ၁၅နှစ် အနှစ်၂၀ ကနဲ့ စာရင် ဒီနေ့ အစိုးရရဲ့ ပညာသင်ဆုယူတဲ့ကျောင်းသားနည်းနည်းလာတာတွေ့ ရတယ်။

ဆိုလိုတာက ဝန်ကြီးရဲ့သားဘယ်နှစ်ယောက် စကောလားရှစ်ယူလို့ လဲ။ Lin Hng Kiang ရဲ့သား စကောလားမယူဘူး၊ Teo Chee Hean ရဲ့သားတော့ယူတယ်။

မေး ။     ။ လောလောဆယ်မှာ ဖြေရှင်းချက်က ဘာဖြစ်မလဲ၊ ပုဂ္ဂလိကစီးပွားရေးအားနည်းလာစရာရှိသလား။

ဖြေ ။    ။ မရှိဘူး။ ငါပြောခဲ့ပြီးပြီ။ လူတော်တွေသူတို့ ဆီမှာ အလုပ်လုပ်မလား။ ဒါပဲ။ သင်္ဘောကျင်းကိုကြည့်။ Cheng Wai Koung ကို ငါတို့ ရလိုက်တယ်။ SIA အတွက် စတီဗင်လီကို ရထားတယ်။ DBS အတွက် Koh Boon Hwee ပြီးရင် ဘယ်သူရှိဦးမလဲ။ ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးတွေကို တခြားလူ ငါတို့ကယုံကြည်လို့ ရပါ့မလား။


ဇင်ဝေသော်
Zin Wai Thaw

လူနဲ့ ဝံပုလွေ

၁။
လူက ဝံပုလွေကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးပြီး ယုန်ကလေးနဲ့အတူ တစ်ညသိပ်ကြည့်တယ်။ မနက် မိုးလင်းတော့ ဝံပုလွေနဲ့ယုန်ကလေး အတူတူ ဆော့ကစားနေတာကို တွေ့ရတယ်။
ဝံပုလွေက လူကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးပြီး ယုန်ကလေးနဲ့အတူ တစ်ညသိပ်ကြည့်တယ်။ မနက် မိုးလင်းတော့ ယုန်ကလေးဟာ သွေးအိုင်ထဲမှာ သေဆုံးနေတာကို တွေ့ရတယ်။
( အင်္ဂလိပ် စကားပုံ )

၂ ။

" လူက တော်တော်ဆိုးတာပဲနော် "
" လူက ဝံပုလွေကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးနိုင်ပြီး ဝံပုလွေက လူကို ယဉ်ပါးအောင် ထိန်းကျောင်း မပေးနိုင်လို့၊ ဆရာ ညံ့လို့ လို့ လူတွေက သုံးသပ်ကြပါတယ် "


ဇင်ဝေသော်

ဂျက်လီ နှင့် ဗုဒ္ဓဘာသာအကြောင်းအင်တာဗျူး

Reader's Digest ( Jan, 2003 က ဂျက်လီကို အင်တာဗျူးထားတာတွေထဲက ဘာသာရေးနဲ့ ဆက်နွှယ်နေတာလေးတွေကို ပြန်ထားတာပါ။ အနုပညာသမားတွေထဲမှာ ဟန်မဟုတ် တကယ် ဘာသာရေးကိုင်းရှိုင်းတဲ့ သူတော်ကောင်း မင်းသားလို့ လူသိများလှပါတယ်။ )

မေး ။      ။ ဘယ်တုန်းက ဗုဒ္ဓဘာသာ ဖြစ်ခဲ့တာလဲ။
ဖြေ ။      ။ ဒီဘဝမှာလား။ ဗုဒ္ဓအဆုံးအမကို အမြဲ သဘောကျခဲ့တယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်အထိတော့ တကယ့် ဗုဒ္ဓဘာသာတစ်ယောက်လို မကျင့်နိုင်ခဲ့ဘူး။

မေး ။      ။ အေးချမ်းတဲ့ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ အကြမ်းဖက် ရုပ်ရှင်ဇာတ်ကားတွေကြားမှာ ကိုယ့် ကိုယ်ကိုယ် ဘယ်လို ရပ်တည်ထားမလဲ။
ဖြေ ။      ။ သရုပ်ဆောင်က သရုပ်ဆောင်ပဲ၊ ဒါရိုက်တာတွေ အကြိုက်ကို လွန်ဆန်လို့ မရဘူး၊ ငယ်ငယ်တုန်းက အကြမ်းဖက်ဆိုတာ ကောင်းသလား ဆိုးသလားဆိုတာတောင် မသိခဲ့ဘူး။ အက်ရှင်ပဲသိတယ်။ လူကောင်းက လူဆိုးတွေကို ဖိုက်တယ်၊ ဒါပဲ။ နည်းနည်းကြီးလာတော့မှ လူငယ်တွေအတွက် ငါ ဘာပေးနိုင်မလဲ ဆိုတာကို စဉ်းစားမိတာ။ ဒါကြောင့် ပြဿနာကို တိုက်ခိုက်တဲ့နည်း တစ်ခုတည်းနဲ့သာ ဖြေရှင်းလို့ရတာ မဟုတ်ဘူးလို့ စ တွေးတတ်လာပြီး ပုံစံပြောင်းပြီး ကြိုးစားကြည့်ကြတာ။ ဟီရိုးလို ဇာတ်ကားမျိုးပေါ့။ ဒါပေမယ့် ကျနော်တို့ သိထားတာက ဟီရိုးက ထိုက်ခိုက်ပြီး လူဆိုးတွေကို အနိုင်ယူ ချေမှုန်းတာလေ။ ဒီ အမြင်က ချက်ချင်းပြောင်းလဲလို့ မရဘူး။

မေး ။      ။ မနက်ဖြန် သေရတော့မယ်လို့သိရင် ဒီနေ့ ဝမ်းနည်းမလား။
ဖြေ ။      ။ ဝမ်းမနည်းပါဘူး။ ဗုဒ္ဓအဆုံးအမကို ကျနော် တော်တော်လေ့လာမိပြီးပြီ။ တရုတ်တွေက သေခြင်းအကြောင်း ကြားတောင် မကြားချင်ကြဘူး၊ လာဘ်တိတ်လို့ တဲ့။ ဘယ်လို သေမလဲဆိုတာ ကြိုတင်တွေထားမှ ဘဝမှာ ဘယ်လို ပျော်ပျော်နေမလဲဆိုတာလဲ သိမှာ။ လူတော်တော်များမျာ ပြောတတ်ကြတယ်။ ငါသာ အခု အသက်ထက် ၁၀ နှစ် ပိုငယ်သွားရင် ဘာတွေလုပ်မယ် ညာတွေလုပ်မယ် စသဖြင့်ပေါ့။ ဘာကြောင့်များ အခုလက်ရှိ အချိန်က စပြီး အဓိပ္ပါယ် ရှိရှိတွေ မလုပ်နိုင်ကြတာလဲ။ သိတဲ့ အချိန်ကစပြီး အဓိပ္ပါယ် ရှိတာတွေလုပ်မှ နောင်တ မရမှာ။ သေခြင်းတရား ဆိုတာခန္ဓာပြောင်း ဘဝပြောင်း၊ ဒါပါပဲ၊ ဟော်တယ် ပြောင်း တည်းသလိုပဲ။




မေး ။      ။ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ကမ္ဘာကို ဘာပြောချင်သလဲ။
ဖြေ ။      ။ အရေးအကြီးဆုံးက ကိုယ့် ကိုယ်ကိုယ်နားလည်ဖို့ပဲ။ လွယ်လွယ်လေး၊ ဒါကို လူတွေရှုပ်နေကြတာ။ ဒုက္ခရဲ့ အကြောင်းက ဘာလဲ၊ ဒါကိုသိရင် အားလုံးဟာ ရှင်းနေတာပဲ။

မေး ။      ။ တတ်ထားတဲ့ ကိုယ်ခံပညာတွေ အပြင်လောကမှာ သုံးဖူးသလား။
ဖြေ ။      ။ တစ်ခါမှ မသုံးဖူးဘူး။ ဒီပညာတွေက ရုပ်ရှင်ထဲမှာ ဟီရိုးတွေနေရာကနေ သရုပ်ဆောင်ဖို့ပဲ။ ကျနော်ကိုယ်တိုင်ကတော့ ဟီးရိုး မဟုတ်ဘူး။

မေး ။      ။ ခင်ဗျားကလေးတွေကိုရော ဒီပညာတွေ သင်ခွင့်ပြုထားသလား။
ဖြေ ။      ။ နိုး။


ဇင်ဝေသော်

စီးပွားရေး ပဉ္စလက် ( ၅ )

ငါတို့က ဂျပန်ရဲ့မူကိုယူပြီး နိုင်ငံခြားသား အခြေချလာနေသူတွေကို ပိတ်ပင်၊ နိုင်ငံခြားသား အလုပ်သမားတွေကို လာရောက်အလုပ်လုပ်ခွင့် မပေးဆိုရင် စင်ကာပူ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။

မေး ။     ။ ဆိုလိုတာက ဂျပန်နိုင်ငံရဲ့ပုံစံလို လူတန်းစားဒီထက်ညီနိုင်မယ့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ရောက်အောင်…….။

ဖြေ ။    ။ လူတန်းစားတူ၊ လူ့အခွင့်အရေးတူဘဝကို လိုချင်တယ်ဆိုရင်တော့ ကြေးလင်ပန်းနဲ့ ထမင်းစားတဲ့ခေတ်ကိုသာ ပြန်သွားတော့ပေါ့။ လူတိုင်းအပေါ်မှာ တရားမျှတတဲ့ မူဝါဒကို ငါတို့ချမှတ်ခဲ့တယ်။ အဲဒီမူကတော့ မင်းလုပ်နိုင်ရင် မင်းရမယ်၊ ဒါပဲ။ မင်းလုပ်နိုင်တဲ့စွမ်းရည်ဆိုတာ မင်းပညာရေး၊ မင်းအရည်အချင်းနဲ့ မင်းကိုယ်ရည်ကိုယ်သွေးတွေပဲ။ လူတွေက တန်းတူမဟုတ်ဘဲနဲ့ ငါတို့က အားလုံးဟာတန်းတူပါလုပ်နေလို့ ဒီမူက ဘယ်လိုအလုပ်ဖြစ်ပါတော့မလဲ။

စောစောပိုင်းက ငါ့ရဲ့ရည်ရွယ်ချက်က CPF ရယ်၊ ကျန်းမာရေးစုငွေရယ်အတွက် လူတိုင်းဘဏ်အကောင့်ရှိနေဖို့ပဲ။ မင်းရှာထားတာ မှန်သမျှ မင်းဟာတွေချည်းပဲ။ မင်းမှာ မင်းရဲ့ကိုယ်ပိုင်အကောင့်ရှိနေပြီ၊ အဲဒီအချိန်မှာ တစ်ယောက်ယောက်က အကြံပြုလို့ ဘုံဆိုင်ထဲကို ထည့်လိုက်ပြီဆိုပါတော့ တခြားလူတစ်ယောက်က မင်းငွေတွေကို ယူထုတ်သွားရော။

အခုငါတို့စနစ်က ဒီငွေတွေဟာ မင်းငွေဆိုရင် ဒီငွေတွေကို မင်းမသုံးခဲ့ဘူး။ ဒါဆို မင်းကလေးတွေ၊ မင်းဆွေမျိုးတွေ၊ ဘယ်သူ့ကိုမဆို ပေးထားခဲ့လို့ရတယ်။ မင်းစုထားတာလေးတွေကို လူတိုင်းထုတ်ယူလို့ရတဲ့ ဘုံဆိုင်ငွေထဲ ဘယ်သူက သွားထည့်နေမှာလဲ။ ဒီပြဿနာက အနောက်တိုင်းနိုင်ငံတစ်ချို့မှာ တက်နေတာ။ အဲဒီမူလည်း အခု ပြိုကွဲသွားပြီ။

တိုနီဘလဲလည်း ဗြိတိန်မှာ ပုဂ္ဂလိကစုငွေလုပ်ဖို့ ကြိုးစားသေးတယ်။ သူဒီကိုရောက်လာပြီး တို့ဆီက လေ့လာသွားတာ။ ဒါပေမယ့် သူ့မှာ အတိုက်အခံတွေက အများကြီးဆိုတော့ သူလည်း ညှပ်ပူးညှပ်ပိတ်မိနေတော့တယ်။

မေး ။     ။ ဒီတော့ မစ္စတာလီဆိုလိုတာက ဝင်ငွေညီမျှအောင်ထိန်းဖို့အတွက် နိုင်ငံခြားသားအလုပ်သမား လျှော့ချဖို့ မလိုအပ်ဘူးလို့ ဆိုလိုတာလား။

ဖြေ ။    ။ နိုင်ငံခြားသား အလုပ်သမားတွေကို ဝင်ခွင့်ပြုပြီး အလုပ်လုပ်တာက တွက်ခြေပိုကိုက်သလို ပိုပြီးတော့လည်း ထိရောက်တယ်။ ပြီးရင် ဝင်ငွေနည်းတဲ့ လူတွေဖက်ကို ဖြည့်ဆည်းပေးရင်းနဲ့ ဝင်ငွေကွာဟမှုကို အထိုက်အလျောက် ညီအောင်လုပ်ပေးလို့ရတယ်။ တို့မှာ ဒီအခွင့်အရေးကောင်းကောင်းရှိတယ်။ အလုပ်သမားတွေက အလုပ်ငမ်းငမ်းတက် လိုချင်နေကြတာ။ ငွေအနည်းငယ်ပဲပေးပြီး အလုပ်ဖြစ်တာကို မင်းသဘောမကျဘူးလား။

ဒါဆို ဗြိတိန်ကိုကြည့်။ သူတို့စီးပွါးရေးကို ဘယ်လိုလည်ပတ်နေတယ် ထင်သလဲ။ သူတို့က နိုင်ငံခြားအလုပ်သမားတွေကို ဝင်ခွင့်ပြုတယ်။ ဒီအတွက်ရလဒ်က သူတို့နိုင်ငံဟာ အခုလူမျိုးပေါင်းစုံ အဖွဲ့အစည်းဖြစ်နေတယ်။ အရှေ့ဥရောပသားတွေရှိတယ်။ အရှေ့အာရှသားတွေ၊ မြောက်အမေရိကသားတွေ၊ တောင်ပိုင်းဆာဟာရက အာဖရိကန်တွေ၊ ကာရစ်ဘီယန်ကလူတွေ အားလုံးရှိတယ်။ အဲဒီ နိုင်ငံခြားသားတွေက သူတို့မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးနေကြတာ။

တို့ဆီမှာ အရည်အချင်းတွေ အတားအဆီးမရှိ ဝင်လာနေတယ်။ ဒီလူတွေရဲ့ အရည်အသွေးက တို့စီးပွါးရေးတိုးတက်ဖို့ အကူအညီပေးနေတယ်။ ဒါကို အသိအမှတ်မပြုလို့ မရသလို ရူးချင်ယောင်ဆောင်နေလို့လည်း မရဘူး။ စင်ကာပူလူဦးရေကို စိတ်ထဲမှာတွေးဆပြီး ဒါတွေ လုပ်နေကြတာ။ တခြားနည်းလမ်းတစ်ခုခုက ဒီထက်ပိုကောင်းပြီး အဲဒီနည်းကို တို့က မကျင့်သုံးဘူးဆိုရင်တော့ တို့က အရူးတွေပေါ့။

Work Permit အလုပ်သမားတွေကို ဝင်ခွင့်မပြုဘဲ စင်ကာပူဟာ လက်ရှိအနေအထားကို ရောက်နေလိမ့်မယ်လို့ မင်းထင်သလား။
ဆောက်လုပ်ရေးမှာ HDB တွေဆောက်ဖို့ အပြင်မှာပဲ ကြိုတင်ပုံချယူတဲ့စနစ်ကို သုံးကြည့်တယ်။ ဒါက နိုင်ငံခြားအလုပ်သမားဦးရေကို လျှော့ချနိုင်ဖို့ပဲ။ ဒါပေမယ့်ကွာ တို့လုပ်လို့ရတာက အတိုင်းအတာတစ်ခုအထိပဲ လုပ်လို့ရတာပါ။

မေး ။     ။ နိုင်ငံခြားသားအလုပ်သမားတွေ လျှော့ချခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်တစ်ခုက ပြည်တွင်းအလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုအား တိုးတက်လာနိုင်ခြင်းပါပဲ။ ဆောက်လုပ်ရေးမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ်ပေါ့။ စင်ကာပူနဲ့ ဂျပန်တို့ရဲ့ခြားနားချက်ကို ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ဟာ ဂျပန်မဟုတ်ဘူး။ မှန်ပါတယ်။ ဒါပေမယ့် သူတို့လုပ်သလိုလိုက်ပြီး ကြိုးစားကြည့်ပြီး လူ့အဖွဲ့အစည်းကို ပြန်စုစည်းနိုင်မယ်ဆိုရင် ဝင်ငွေနည်းတဲ့လူတွေရဲ့ ဝင်ငွေလည်း တိုးတက်လာနိုင်စရာရှိပါတယ်။

ဖြေ ။    ။ ဒါဆိုရင် စီးပွါးရေးအဆောက်အဦကြီးတစ်ခုလုံး ဘာတွေဖြစ်သွားမလဲ။ ဆိုလိုတာက နောက်ဆုံးထွက်လာမယ့်ရလာဒ်ကိုကြည့်လို့ ပြောတာပါ။ ဂျပန်ပြည် ပိုကောင်းလာသလား။ ဂျပန်လူမျိုးတွေ ပိုပြီးအဆင်ပြေလာသလား။ ရွေးကောက်ပွဲမှာ ဆိုပါတော့ကွာ၊ နိုင်ငံရေးသမားက ငါတော့ ဒီနည်းလမ်းနဲ့ ရွေးကောက်ပွဲနိုင်အောင် လုပ်လိုက်နိုင်တယ်လို့။ သူရွေးကောက်ပွဲနိုင်တာက ဂျပန်နိုင်ငံရဲ့ အနာဂတ်လား။ ရွေးကောက်ပွဲနိုင်ရုံလောက်နဲ့တော့ ဘာလုပ်မှာတုန်း။ လွှင့်သာပစ်လိုက်တော့။ ငါပြောမယ်၊ ဂျပန်တွေပြောင်းကို ပြောင်းရတော့မယ်။

ငါတို့က ဂျပန်ရဲ့မူကိုယူပြီး နိုင်ငံခြားသား အခြေချလာနေသူတွေကို ပိတ်ပင်၊ နိုင်ငံခြားသား အလုပ်သမားတွေကို လာရောက်အလုပ်လုပ်ခွင့် မပေးဆိုရင် စင်ကာပူ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။

မင်းစိတ်ထဲရှင်းသွားအောင် ငါကိုယ်တိုင် ကြုံတွေ့ရတာလေးကို ပြောပြမယ်။ ငါ့ရှူးဖိနပ်ချုပ်ပေးတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဟားခါးတရုတ်လူမျိုး။ အခု အသက်လေးဆယ်ကျော်ပြီ၊ အဲဒီ ဖိနပ်ချုပ်တဲ့ပညာက သူ့အဖေဆီကနေ အမွေဆက်ခံခဲ့တာ။ ဟုတ်ပြီ။ အဲဒီ ဖိနပ်ချုပ်တဲ့အလုပ်က အခုခေတ်ကုန်နေပြီ။ သူဒီအလုပ်နဲ့ ပိုက်ဆံရှာလို့ မရနိုင်တော့ဘူး။ ရှူးဖိနပ်တစ်ရံအတွက် ငါက ဒေါ်လာ (၃၀၀) ပေးရတယ်။ ဒါကိုရဖို့ ငါ့ခြေထောက်ဆိုဒ်ကအစ သူတိုင်းယူရတယ်။ မကြာမကြာ ငါကသူ့ကိုပြောတယ်။ ဒီထက် သားရေသားကောင်းတဲ့ ရှူးဖိနပ်စသည်လိုချင်တယ်ပေါ့။ ဒါဆိုရင် သူက ငါ့ဆီက ပိုက်ဆံထပ်တောင်းတယ်။ ၃၅၀၊ ၄၀၀ ပေါ့ကွာ။ ပေးလိုက်တာပေါ့။ ဘာတတ်နိုင်မှာလဲ။

သူ့သားက အဲဒီအလုပ်ကို လုပ်ချင်ပါဦးမလား။
မလုပ်ချင်ဘူး။ သူ့သားက တက္ကသိုလ်တက်၊ ဘွဲ့ရပြီး အဲကွန်းခန်းရုံးထဲမှာ အလုပ်လုပ်ချင်တာ။
ဆောက်လုပ်ရေးအလုပ်ကလည်း တို့လူမျိုးတွေအတွက် ခေတ်ကုန်သွားပြီ။ ဆောက်လုပ်ရေးဆိုဒ်တွေထဲက ငြမ်းစင်ပေါ် ဘယ်သူကတက်ချင်မှာလဲ။ ဘယ်သူက သင်္ဘောကျင်းထဲမှာ အလုပ်လုပ်ချင်မှာတဲ့လဲ။ တို့လူမျိုးတွေက ဒါမျိုးအလုပ်တွေလုပ်မယ်လို့ မင်းထင်သလား။ သူတို့ကို လစာတစ်ဆတိုးပေးပြီး ခိုင်း၊ သူတို့က နိုး ပဲ ပြောမှာပဲ။

ဆောက်လုပ်နေဆဲ အဆောက်အဦတွေကို ကြည့်။ အားလုံးဆောက်လုပ်လို့ ပြီးပြီဆိုရင် စင်ကာပူးရီးယန်းတွေ ရောက်လာပြီ။ ဝါယာတွေသွယ်၊ ဒီပြင် ဘာညာဘာညာတွေ လုပ်ကြပေါ့။ အပြင်ပန်းကကြည့်ရင် သူတို့လုပ်သလိုပဲ။ အထဲကို ဝင်ကြည့်တော့မှ အိန္ဒိယန်းတွေ၊ ဘင်္ဂလားဒေ့(ရှ်) လူမျိုးတွေ၊ ပြည်မကြီးက တရုတ်တွေကို တွေ့ရတာ။

စင်ကာပူးရီးယန်းတွေကို ငါတို့ပိုပေးမယ်၊ သူတို့လုပ်မလား။ မလုပ်ဘူး။ သူတို့မှာ ဒီထက်အခွင့်အရေး ကောင်းကောင်းရှိတဲ့အလုပ်တွေ ရွေးချယ်လို့ရတယ်။

သြစတေးလျ ဆောက်လုပ်ရေးဌာနတွေကလည်း အာရှတိုက်သားတွေ ဝင်မလာစေချင်လို့ တအားကြိုးစားပြီး ပိတ်ပင်နေကြတယ်။ သူတို့ကပြောတယ်၊ ဆောက်လုပ်ရေးကုန်ကျငွေကို အများကြီးတိုးပေးမယ်တဲ့။ ကဲ အခု အာရှတိုက်သားတွေ ဝင်လာကြပြီ။ သူတို့ စစ်စတန်ကြီး ပျက်တော့မှာ။ တရုတ်ပြည်မှာတောင် ဒါမျိုးတွေဖြစ်နေပြီ။

တို့ဆီမှာလည်း အိမ်တွင်းအလုပ်သမတွေ ရှိခဲ့ဖူးတယ်။ အခုသူတို့ ပညာတတ်သွားပြီ။ သူတို့က မင်းရဲ့အိမ်စေ လာမလုပ်တော့ဘူး။ စက်ရုံတွေ၊ ဟော်တယ်တွေမှာ သွားလုပ်တော့တာ။

ကမ္ဘာဟာ လူမှုရေးအပြောင်းအလဲကို ဖြတ်ကိုဖြတ်ရမယ်။
မင်းက အင်ဒိုနီးရှန်းတစ်ယောက်၊ ဖိလစ်ပိုင်တစ်ယောက်၊ အိန္ဒိယန်းတစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်တစ်ယောက်ဆိုရင်တော့ ရွေးစရာသိပ်မရှိဘူးပေါ့။ မင်းညီမတွေ၊ ဝမ်းကွဲညီမတွေ အိမ်ဖော်မဖြစ်တာကိုပဲ ကျေးဇူးတင်နေရဦးမယ်။ ဒါပေမယ့် စင်ကာပူလိုနေရာမျိုးမှာ စီမံခန့်ခွဲပုံလွဲသွားပြီဆိုရင်တော့ လူတော်တွေက ထွက်သွားကြမှာပဲ။ သိပ်မတော်၊ သိပ်မတတ်တဲ့လူတွေကတော့ ထွက်သွားမရတော့ ကပ်နေကြမှာပေါ့။ ဆိုလိုတာက အဲဒီ သိပ်မတော်၊ သိပ်မတတ်တာတွေကကို ဖိလစ်ပိုင်တွေ၊ ဘင်္ဂလားဒေ့ရှ်တွေ၊ အင်ဒိုနီးရှန်းတွေ အဆင့်လောက်တော့ ရှိနေတယ်၊ ဒါပဲ။

မေး ။     ။ ဒါပေမယ့်လို့ ဒီအချက်က နိုင်ငံရေးအရှုံးထွက်မှုကို မကာကွယ်နိုင်ဘူး။ အောက်ခြေလူတန်းစားတွေက ဒီစစ်စတန်ဟာ သူတို့အတွက် လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ခံစားနေကြရတယ်။ နိုင်ငံတိုးတက်လာတယ်ဆိုပေမယ့် အဲဒီဝေစုအများစုကို ထိပ်တန်းက လူတွေကပဲ ရသွားကြတယ်- တဲ။ အောက်ခြေလူတန်းစားထဲမှာ အဲဒီဝေဖန်သံက ပိုပြီးဆူညံနေတယ်။ ဒါကို မစ္စတာလီ လက်ခံပါသလား။

ဖြေ ။    ။ လူတွေရဲ့ ဣဿာမစ္ဆရိယဖိအားကတော့ ရှောင်လို့မရနိုင်ဘူးကွာ။ တခြားဖြစ်နိုင်ခြေတစ်ခုကို ကြည့်။ စီးပွါးရေးတိုးတက်မှု နှေးကွေးတယ်ဆိုရင်တောင် ဒီဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ လစာအနည်းအများကိစ္စက ရှိနေမှာပဲ။ ဆင်းဆင်းရဲရဲနဲ့ လစားခြားနားမှုရှိနေမှာပဲ မဟုတ်လား။ နိုင်ငံခြားက ဦးနှောက်တွေ၊ အလုပ်သမားတွေကိုရအောင် မယူနိုင်တော့ တို့အားလုံးဒီထက်ဆင်းရဲနေကြမှာပဲ။ ငါတို့ ဂျီဒီပီလည်း ၂- ရာခိုင်နှုံးကနေ ၂.၅- ရာခိုင်နှုံးလောက်အထိ ထိုးကျသွားမယ်။ အလုပ်သမားတွေနဲ့ သူတို့ကြောင့် ရလာတဲ့ဝင်ငွေကို တွက်ကြည့်လို့ရနေတာပဲ။

စင်ကာပူကုမ္ပဏီတစ်ခုက အောင်မြင်သွားလို့ ကာတာကိုပြောင်းမယ်။ အဲဒီကို ခေါ်သွားမယ့်လူတွေကို ငါတို့ကုမ္ပဏီက သူတို့ပတ်ဝန်းကျင်အနေအထားနဲ့ညီအောင် လစာပေးထားရမယ်။ သူ့ကို အနည်းဆုံးဒီကလစာရဲ့ ၁၅၀- ပါဆင့် ပေးထားရမယ်။ သူ့အိမ်၊ သူ့လူနေမှုစရိတ်၊ သူ့ကလေးတွေရဲ့ ပညာရေး၊ စတာတွေအတွက် အကုန်ပေးရတယ်။ တရုတ်၊ ဗီယက်နမ်တို့ကို သွားမယ်ဆိုရင်လည်း ဒီအတိုင်းပဲ။

ဆိုပါတော့၊ ငါက သာမန်အလုပ်သမား။ ငါ့ရဲ့ စူပါဗိုက်ဆာကတော့ နိုင်ငံခြားဌာနကလိုလို့ သွားရတော့မယ်။ ငါ့ကိုတော့ မခေါ်ဘူး။ ဟိုမှာ ငါလိုအလုပ်သမားမျိုးတွေ ရှိနေပြီးသားမို့။ ဒီတော့ ငါစိတ်နာတယ်။ ဒါကတော့ လုံးဝမတရားဘူးလို့ ငါပြောမယ်။ ဘာတတ်နိုင်မှာတုန်း၊ လောကကြီးကကို တရားမှ မတရားတာ။

မနာလိုတိုရှည်တွေက ဘယ်လိုပဲမဆို ရှိနေမှာဆိုတော့ ဒီတိုးတက်မှုနှုန်းထားကို ရပ်ပစ်ဖို့အကြောင်းတော့ ငါမမြင်မိဘူး။ ဒါအစား တိုးတက်လာတဲ့အထဲက အဆီအနှစ်တွေကိုယူပြီး အောက်ခြေလူတန်းစားကို ဖြည့်ဆည်းပေးဖို့ပဲ လုပ်တော့မယ်။ စိတ်အားထက်သန်မှုကို ဖယ်မပစ်ဘဲနဲ့ သူတို့ကို အဲသလိုနည်းနဲ့ အကူအညီပေးထားနိုင်တယ်။


ဇင်ဝေသော်
Zin Wai Thaw