ကမ္ဘာဦး လူမှုရေးဆက်ထုံး

ယောက္ခမ၊ ချွေးမ၊ ခမည်းခမက်ဇာတ်လမ်းတွေက မြန်မာတွေကြားမှာတော်တော်များများ ရှိသလို အမှန်တ ကယ်လည်း ဒါတွေက ဖြစ်နေတတ်တဲ့ သဘော ရှိပုံရပါတယ်။ ဒါပေမယ့် ဒီပြဿနာက မြန်မာတွေ မှာ တင် ဖြစ် တတ်တာမဟုတ်ပဲ ဂလိုဘယ်ဖြစ်နေတဲ့သဘောလည်း ရှိပါတယ်။ သူတို့ ဟာသလေးတွေ တစ် ချို့ ကို ဖတ်ကြည့်ပါ။

“ယောက္ခမနဲ့ စကားမပြောဖြစ်တာ (၁၈) လ ရှိပါပြီ။ သူပြောနေတာတွေ အနှောက်အယှက်ဖြစ်သွားမှာ စိုး လို့ ဝင်မပြော
တာပါ”

“အလွန်ပျော်စရာကောင်းတဲ့ ခရီးတစ်ခုကနေ ပြန်လာတာပါ။ အဲဒါ ကတော့ ယောက္ခမ ကို လေဆိပ် လိုက် ပို့တာပါပဲ”

ကျွန်မယောက္ခမကပြောတယ်။ “နင်သေရင် နင့်အုတ်ဂူပေါ် တက်ကမယ်” တဲ့။
ဒါနဲ့ ကျွန်မကလည်း “ မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့် ကျွန်မသေရင် ပင်လယ်ထဲမှာမြှုပ်ဖို့ ဆုံးဖြတ်ထား တယ်” လို့။

“ကျွန်မယောက္ခမနဲ့ ကျွန်မနဲ့ဆိုရင် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး ဘာပြဿနာမှ မရှိပဲပျော်ပျော် ရွှင်ရွှင်နေနိုင် ခဲ့ကြပါတယ်။ အဲ အနှစ်နှစ်ဆယ်ကျော်မှ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြ တာလေ။

အိမ်ထောင်ရေး ပြဿနာလို့ သုံးစွဲဖို့တော့ အားနာစရာ နည်းနည်းကောင်းပါ လိမ့်မယ်။ ဒါပေမယ့် ဇနီးမောင်နှံတွေရဲ့ အိမ်ထောင်ရေး ကတော့ယောက္ခမတွေကြောင့် အကျိုးသက် ရောက်မှု အများကြီး ရှိနေတယ် ဆိုတာ တွေ့ကြရပါတယ်။

ပထမဆုံးကတော့ အီတလီပါ။ အီတလီက အမျိုးသားတွေဟာ (ma ma’s boys-မေမေ့ သားလေး) လို့တင်စားခေါ်ကြပြီး မိခင် ရဲ့လွှမ်းမိုးမှု လည်းတော်တော်ရှိဟန် တူပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး မပြေလည် မှုတွေထဲကယောက္ခမကြောင့်ဖြစ်ရတာက ၃၀ရာခိုင်နှုန်းတောင် ရှိပါသတဲ့။ ကမ္ဘာ့အမြင့်ဆုံးလို့ ယူဆရမှာပါ။

မလေးရှား မှာလည်း MIL (Mother In Law) Syndrome လို့ ယောက္ခမတွေကို တင်စား ခေါ်ဝေါ်ကြ ပါ တယ်။ ရာခိုင်နှုန်းတွနဲ့ အတိ အကျဆိုမထားပေမယ့် ယောက္ခမတွေ ကြား ဝင်လို့ အိမ်ထောင်ရေး ပြိုကွဲ မှုက ရာခိုင်နှုန်းအတော်များတယ်လို့ သိရပြန်ပါတယ်။

၂၀၀၈- ခုနှစ်က အိုဆာကာ တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ ယောက္ခမတွေနဲ့အတူတူနေ ရ တဲ့ ချွေးမတွေ ဟာ နှလုံးရော ဂါဖြစ်ပွါးနှုန်းပိုများတယ်ဆိုတာကို တွေ့ရှိကြရပါ သတဲ့။ ဒါပေမယ့် ၂၀၁၀- ခုရောက်တော့ ချွေးမတွေလည်း လက်စားချေတာကို ခံလိုက်ရပြန်ပါ တယ်။ ၂၀၁၀- ခု သုတေသနအရ သား၊ ချွေးမတွေနဲ့ အတူနေရ တဲ့ ယောက္ခမတွေဟာ သမီး၊ သမက်နဲ့ အတူနေရ တဲ့ ယောက္ခမတွေထက် အသက်ပိုတိုကြတယ် လို့တွေ့လာ ရပြန်ပါတယ်။

ဒီနေရာမှာ ထူးခြားမှုဖြစ်နေတာ တစ်ခုက ချွေးမရဲ့ စောင့်ရှောက် ကူညီ မှုနဲ့ နေကြရ တဲ့ ယောက္ခထီးကြီးတွေကတော့ သူတို့ ဇနီး ကိုယ်တိုင်စောင့်ရှောက်မှုအောက်မှာ နေရတာ ထက် အသက်ပို ရှည် တတ်တာ တွေ့ကြရပြန်ပါသတဲ့။ ဒါကြောင့် ချွေးမနဲ့ ယောက္ခမက ပနံ မရဖြစ်တတ်ပေမယ့် ချွေးမနဲ့ယောက္ခ ထီးတွေရဲ့ ဆက်ဆံရေးကတော့ အဲသလို မဟုတ်ပြန် ဘူးဆိုတာ တွေ့လာရပြန်ပါတယ်။ ဒီ ထက်ပိုပြီး ထူးခြား တာက ဒီသုတေသန တွေထဲမှာ သားမက်နဲ့အ တူနေရ တဲ့ ယောက္ခမ ၊ ယောက္ခထီးတွေ အကြောင်း ထူးထူးခြားခြားပြောထား တာမရှိခြင်းပါ။ သားမက်ကြောင့် အသက်တို၊ ရှည်၊ နှလုံးရောဂါ ရ၊ မရ ဆိုတာတွေ မတွေ့ ရပါဘူး။ သား မက်ကတော့ ဘာသိဘာသာ ပဲ နေ ကြပုံရပါတယ်။

လူမှုရေးဥပဒေတွေ ဘယ်လောက်ပြောင်းပြောင်း၊ လူမှုရေး အသိစိတ်နဲ့ သက်ဆိုင်တဲ့စာအုပ်တွေ၊ ပညာပေး ကဏ္ဍတွေ ဘယ်လောက်ပဲ လုပ်လုပ် ယောက္ခမ၊ ချွေးမဇာတ် လမ်း တွေ ကတော့ နိုင်ငံ ဆင်းရဲချမ်းသာ မရွေး ရှိနေတတ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်းပါးမှာလည်း ပညာရှင်တွေက ထပ်ပြီးလမ်းညွှန်ထားတာတွေ တွေ့ရ ပါတယ်။ သိပ်တော့ မထူးခြားလှပါဘူး။

၁။ သား (သို့) သမီးအိမ်ထောင်ပြုသွားတာနဲ့ မိမိရဲ့ မိခင်ဘဝကဆုံး ပါးသွားတာမဟုတ် ပါဘူး။ ဒါကို အံဝင်ခွင်ကျဖြစ် သွားအောင် နေတတ် သွားဖို့ပဲ လိုပါတယ်လို့ ပညာရှင် Anne Hollands က ယောက္ခမတွေကို လှမ်းတို့လိုက်ပါတယ်။ ဒါကြောင့် သိပ် မထူးခြားလှဘူး လို့ ပြောတာပါ။
မြန်မာတွေမှာလည်း သား(သို့) သမီး အိမ်ထောင်ပြုတာကြောင့် သား(သို့) သမီးဆုံးရှုံးမ သွားဘူး။ မဆုံးရှုံရုံတင်မက သမီး (သို့) သားတစ်ယောက်ပါအဆစ်ရလိုက် တယ် လို့ဆို တတ်ကြပါတယ်။

၂။ ယောက္ခမက ဘယ်လောက်ပဲဆိုးဆိုး ကိုယ့်ဖက်က ရိုရိုသေသေ နဲ့လေးလေး စားစား ဆက်ဆံတတ်ဖို့ လိုပါတယ်လို့ သူမ ကပဲ ချွေးမတွေကို လက်တို့ခဲ့ပြန်ပါတယ်။ ချွေးမအတွက် ဆုံးမစကားနဲ့ ပတ်သက်လို့ ကတော့ မြန်မာတွေဆီမှာ ပိုများပါတယ်။ဝိသာခါ ကို ဆုံးမလိုက်တဲ့ သူမဖခင်ရဲ့ဆုံးမစကား ဆယ်ခွန်း က တော်တော် လေး ပြည့်စုံပါတယ်။

၃။ ပြဿနာတစ်ခုခုဖြစ်ရင် ရေရှည်အတွက် စဉ်းစားပြီး ဆုံးဖြတ်ပါလို့လည်း ပြောခဲ့ပါတယ်။ ဒါကလည်း သိပ်တော့ မထူးခြားလှပါဘူး။

ဒါတွေထဲမှာ ထူးထူးခြားခြားရှိတာကတော့ ကိန်းဘရစ်ခ်ျတက္ကသိုလ်စိတ်ပညာပါမောက္ခ ဒေါက်တာ Terri Apter ရဲ့ သုံးသပ် ချက်ပါ။ သူမပြောတာက “ယောက္ခမရော ချွေးမပါ သူ တို့ အသားမကျသေးတဲ့ ဘဝတွေကို အခုမှ နဖူးတွေ့ ဒူးတွေ့ ရင် ဆိုင်ကြ ရ တာဆိုတော့ ပြဿနာ တစ်ချို့ ရှိလာတတ်တာပါ။ အဓိကအားဖြင့် မတူတဲ့မိသားစုတွေရဲ့ခံယူချက်၊ သိက္ခာ၊ မာနစတာတွေကြောင့် အလျှော့မပေးလို စိတ်တွေ ဖြစ် လာတတ်ရာကစတင်တတ် တယ်” လို့ ဆိုပါတယ်။

တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အိမ်မှာလည်းသန့်ရှင်း ရေးလုပ်၊ ထမင်းချက်၊ ဟင်းချက် လုပ် ကြ မှာပါ။ ဒါပေမယ့် ယောက္ခမကခိုင်းရင်တော့ ဒီပြင် လူတွေမခိုင်းပဲ ငါ့ကိုယ်မှ ရွေးခိုင်းတယ်ဆိုတဲ့အတွေးမျိုး ရောက်သွားနိုင်ပါတယ်။ သူ့အိမ်မှာ ဘာမှမလုပ်ခဲ့ရတဲ့ မိန်း ကလေးဆိုရင်တော့ ဒီကိစ္စက ကြည့်ကောင်းမယ့် ပွဲတောင်ဖြစ်သွား နိုင်ပါတယ်။

Terri Apter ကတော့ သိပ်မလိုအပ်လှတဲ့ “သိက္ခာ” ဆိုတာကြောင့် ဒီ လူမှုရေးပြဿနာ က ဖြစ်လာ တတ် တာဖြစ်ပြီး ဒါကိုကျော် လွှားနိုင် ရင် အဆင်ပြေသွားတဲ့ ယောက္ခမ၊ ချွေးမတွေ အများကြီးရှိပါတယ် လို့ ဆို ထားပါတယ်။ ဟုတ်ပါတယ်။ တချို့ဆိုရင် ချွေးမကသမီးလိုဖြစ်ပြီးသားကပင်
ားမက်လိုဖြစ်နေတတ်တာ တွေပင်ရှိနေတတ်ပါတယ်။

ဘာပဲပြောပြော ဒီလူမှုရေးဆက်ထုံးကလည်း ကမ္ဘာဦးကစလို့ နောင်လည်းရှိနေဦးမည့် သဘောပါပဲ။

Ref: Reader’s Digest, October, 2012.
How to tame your mother in law.



ဇင်ဝေသော်

ဓာတ်တူ သဘောတူ ပညာရှင်


1 ) ဓာတ်တူ

" ဖူးစာ ဆိုတာ ကောင်းကင်ဘုံပေါ်က တခါတည်း ဖန်တည်းပေးထားတာလို့ ဆိုကြတယ်၊ ဒါကို ဘယ်လို သဘောရပါသလဲ "
"  အများကြီး ဖြစ်နိုင်ပါတယ်၊ လျှပ်စီးတွေ၊ မိုးခြိမ်းသံတွေ၊ မိုးကြိုးတွေလည်း  ကောင်းကင်က ကျလာတာပဲလေ "

2 ) သဘောတူ

" မြေးတွေ၊ အဘိုး အဖွားတွေရဲ့ ဆက်ဆံရေးက တော်တော် ကောင်းတတ်ကြတယ် နော် "
" ဟုတ်တယ်ဗျ၊ သူတို့မှာ ဘုံ ရန်သူ ရှိပုံရပါတယ် "

3 ) သမိုင်း ပညာရှင်

" အမေရိကန် သမိုင်းကို တော်တော် နှံ့နှံ့စပ်စပ် သိသလား "
" သိတာပေါ့၊  မေးလ် ဂစ်ဘ်ဆင် ( Mel Gibson ) ရဲ့ လက်ထက်မှာ ပြည်တွင်း တော်လှန်ရေး စစ်ပွဲ နိုင်ခဲ့တယ်။
တွန် ဟင့် ( Tom Hanks ) ရဲ့ လက်ထက်မှာလည်း ဒုတိယ ကမ္ဘာစစ် နိုင်ခဲ့ပြန်တယ်။
ဟို အဖြစ်မရှိတဲ့ ချာလီ ရှီးန်း ( Charlie Sheen )  ရဲ့ လက်ထက်ရောက်မှ ဗီယက်နမ် စစ်ပွဲ ရှုံးခဲ့ရတယ် "

3  3 ) A TV show, Family Guy.


ဇင်ဝေသော် 

မန်းကို လွမ်းလို့ တမ်းတဲ့စာ ( ၃ )


သာသနာ့ တက္ကသိုလ်ထဲက ခွေးကြီး တစ်ကောင်အကြောင်း။

၁၉၉၀ ခုနှစ်များက သာသနာ့ တက္ကသိုလ် မြောက်ဖက်ခြမ်း၌ အများနှင့်မတူ ဝဖြိုးနေသော ခွေးကြီး တစ်ကောင်ကို တွေ့နိုင်သည်။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုလျင် အိုဗာဝိတ် ဖြစ်နေသော ခွေးကြီးဟု ဆိုကောင်း ဆိုပေလိမ့်မည်။ ဆီးချို သွေးချိုဖြစ်ဖို့ အလားအလာ ရှိသည် ဟုလည်း ဆိုကောင်းဆိုပေလိမ့်မည်။ ထို ခွေးကြီး ကတော့ ဘာရောဂါမှ မရှိ ကျန်းကျန်းမာမာပင် ဖြစ်သည်။ ထို ခွေးကြီးသည် ဆွမ်းစားကြောင်းသွားရာ တန်ဆောင်းအောက်၌လည်းကောင်း၊ အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြားမှာလည်းကောင်း အနေများလေသည်။

ထို ခွေးကြီးအကြောင်းကို ပြောပြချင်သည်။ ဘာ့ကြောင့် ထို ခွေးကြီးက ထူးထူးခြားခြား ဝ နေရသနည်းက အဓိကအကြောင်းဖြစ်သည်။
ည ည အခါ တစ်ခါတရံ နာယက ဆရာတော်တို့က စာသင်သား သံဃာငယ်များ သီတင်းသုံးရာ အဆောင်များကို စစ်တတ်ကြသည်။ ထိုအခါ ရဟန်းပင် ဖြစ်သော်ငြား စာသင်သားသံဃာငယ်များ ဖြစ်သည်အားလျော်စွာ ဆရာတို့ မမြင်အပ်သည်တို့ တခါတရံ တွေ့ရှိတတ်သည်။ ဥပမာ ကက်စက် ဖွင့်နေခြင်း၊ ရေဒီယိုအသံ အနည်းငယ် ကျယ်နေခြင်း စသည် တို့ ဖြစ်လေသည်။ ထို အခါမျိုးတွင် ရိုးသားသော ဆရာတော်ကြီး တစ်ပါးက ရေဒီယိုကက်စက် ဂျက်ပင်များ သိမ်းဆည်းသွားတတ်သည်၊ ဤသို့ သိမ်းဆည်းခြင်းမှာ ဂျက်ပင်မရှိလျင် ရေဒီယိုကက်စက် ဖွင့်မရတော့ဟု ဆရာတော်က ယုံကြည်ထားသောကြောင့် ဖြစ်သည်။ မှန်၏။ ရေဒီယိုကက်စက်ဝယ်ရာ၌ ဂျက်ပင် တစ်ချောင်းသာပါ၏၊ အပိုမပါ။

ထို ပြဿနာက မကြာမီ ပြေလည်သွားတော့သည်။ အကြောင်းက အထက်ဖော်ပြပါ ခွေးကြီးက ထို ဆရာတော် အဆောင်မှ ထွက်လာလျင် ဟောင်တတ်သောကြောင့် ဖြစ်လေသည်။ ထူးတော့ ထူးခြားသည်၊ သူဟောင်ပုံက ယင်း ဆရာတော်ကြီးကို မုန်း၍ ဟောင်ခြင်းမျိုး မဟုတ်ဘဲ စာသင်သား သံဃာငယ်များကိုသတိပေးသော ဟောင်ခြင်းမျိုး ဖြစ်နေခြင်း ဖြစ်လေသည်။
" ဝေါင်း၊ ဝေါင်း၊ ဝေါင်း "
ဤ အဓိပ္ပါယ်က
" သတိရှိကြလော့၊ နာယက ဆရာတော်များ အဆောင်တွေ စစ်တော့မည် " ဟု ဖြစ်သည်။

ထို အခါ အချင်းချင်း စကားပြောနေကြလျှငရပ်။ ကိုယ့်အခန်းကိုပြန်၊ ကက်စက်ဖွင့်ထားလျှင် ပိတ်၊ စာအုပ် ထူထူ ကောက်လှန်၊ သည်းသည်း မည်းမည်း စာကြည့်ဟန် ပြုနေလိုက်ရုံပင်။ လှ၏၊ သမဏ သာရုပ္ပဖြစ်၏။

အစပိုင်းတော့ သတိမထားမိကြ၊ တဖြည်းဖြည်းကြာလာမှသာ ထို ခွေးကြီး၏ ဟောင်သံကို သတိထားမိကြသည်။ ထို ခွေးကြီးကိုစာသင်သား သံဃာငယ်များ အလွန် ချစ်ကြသည်ဟု ဆိုဖွယ် မလိုတော့ဟု ထင်သည်။ ထိုနောက် တစ်ခါ ဟောင်တိုင်း ထို ခွေးကြီးကို ထန်းလျက် ကျွေးကြသည်။ ကြာလာတော့ ခွေးကြီးကလည်းသဘော ပေါက်လာသည်။  ဆရာတော်ကြီးကို ဟောင်လျင် ထန်းလျက် စားရသည်။

ကောင်းတော့ မကောင်းလှ၊ ထိုမှနောက်ထိုဆရာတော်ကြီးကို တွေ့သည့်နေရာ ဟောင်လေတော့သည်။
ဟောင်ပြီးလျင် အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား လာပြီး မြင်သည့် ရဟန်းတစ်ပါးပါဆီ သွားလေတော့သည်။
ဆိုလိုသည်က
" ငါ့ရှင်တို့ လိုသော ဆားဗစ်ကို ငါ ပရိုဗိုက်လုပ်ခဲ့ပြီ၊ ငါ ရသင့်သော ပရောဖစ်ကို ပေးပါတော့ " ဟု ဖြစ်သည်။
ရွာပြန်လျင်ပင် မိဘ၊ ဆရာ ကန်တော့ရန် ဘာမှ ယူသွားလေ့ မရှိကြသော၊ မန္တလေး ပြန်လာလျင်လည်း ဒကာ၊ ဒကာမတို့အားပေးရန် ဘာလက်ဆောင်မှ ယူ မလာတတ်သော ရဟန်းတော်များကပင် ထို ခွေးကြီးအတွက် ထန်းလျက် နှစ် ပိဿာ သုံး ပိဿာ ယူလာရန် ဝန်မလေးကြတော့ပေ။
ဤသို့ဖြင့် ထို ခွေးကြီးသည်အလွန်ဝ၊ လှသော ခွေးကြီးဖြစ်လာလေတော့သည်။
အကြံ တစ်ချက်ကောင်းလျှင် ခွေးလည်း ကောင်းစားလေတော့သည်။ အချက် ပိုင်ဖို့သာ အရေးကြီး၏။

အစပိုင်းမှာတော့ ထို ခွေးကြီးက သူဟောင်ချင်၍ ဟောင်ခြင်း တနည်း လူမှား၍ ဟောင်ခြင်းဖြစ်သည်။ သို့သော် ဟောင်သဖြင့် ထန်းလျက်စားရမှန်း သိသောအခါ ထန်းလျက်ကျွေးသဖြင့် ဟောင်ခြင်းဖြစ်သွားလေတော့သည်။ ကိုယ့်ဆရာကို ဟောင်သောခွေးကို ထန်းလျက်ကျွေးသော ရဟန်းများ ဟူ၍လည်း ဤ ဘုရား သာသနာမှာတော့ မိမိတို့ကလွဲလျင် မရှိဟု ထင်သည်၊ စာပေမှာ မတွေ့မိ။ နောက် ဘုရား သာသနာမှာတော့ မပြောတတ်ပေ။

မည်သို့ဖြစ်စေ လူရှင်းလှသော၊ သင်တန်းများပိတ်ထားသော ဒေပါဗလီ ပတ်ဘလစ် ဟောလီးဒေး၌ ထို ခွေးကြီးကို ထူးထူး ခြားခြား သတိရလွမ်း
ဆွတ်မိသဖြင့် ဤစာကို ရေးမိသည်။
( ထို ဆရာတော်ကြီးကိုလည်း ဤမှ ထပ်မံ တောင်းပန်ပါ၏ )

အထူး အမှာ။   ။ ဤစာသည် မန်းကို လွမ်းလို့ တမ်းတဲ့စာ ဟူသည့်အတိုင်း လွမ်း၍ တမ်းသောစာသာဖြစ်သည်၊ တောင်တောင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ မတွေးကြရန် မေ့နေသူတို့ကို သတိပေးချင်ပါသည်၊ သတိပေးလိုက်ပါမှ တောင်တေင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ တွေးနေကြလျှင် သီဟနာဒ နှင့်မဆိုင်၊ စာဖတ်သူများနှင့်သာ ဆိုင်၏။




သီဟနာဒ

ကုန်းဘောင် ငလျင် နဲ့ မှတ်စုတို


မန္တလေး၊ ရွှေဘို၊ မုံရွာ၊ မိုးကုတ် စတဲ့ မြန်မာပြည် အလယ်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် အသက်ဆုံးပါးရရှာသူ၊ ပျက်စီးဆုံးရှုံးမှုများအတွက် မိသားစု များနဲ့ အတူ ဝမ်းနည်းပါတယ်။
( ကမ်းလက် )

ဒါနဲ့ ဆက်စပ်ပြီး သတင်းစာ ဆောင်းပါးတစ်ပုဒ်ထဲကနေ ရေးကူးထားမိတဲ့ မှတ်စု အတိုလေးကို မျှဝေချင်ပါတယ်။ ကြာပါပြီ၊ ခုနှစ် မှတ်မထားလိုက်မိပါ။

" ၇.၆ စကေး ရှိတဲ့ ငလျင် ကာလီဖိုးနီးယားမှာ လှုပ်တော့ လူ
ူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
  ၇.၆ စကေးပဲ ရှိတဲ့ ငလျင် ကက်ရှမီးယားမှာ လှုပ်တော့ လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါတွေကိုကြည့်ရင် သဘာဝဘေးခြင်း တူနေရင်တောင်ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဆပေါင်း များစွာ ပိုသေတယ် ဆိုတာ တွေ့ရှိရပါတယ် " တဲ့။
အဆောက်အဦတွေ အဆင့် မမီ ခြင်း ၊ လူဦးရေ ထူထပ်ခြင်း၊ သတင်း အချက် အလက် နောက်ကျခြင်း ( သို့ ) မှားယွင်းခြင်း၊ ကယ်ဆယ်ရေး မရှိ ( သို့ ) နှေးကွေးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဒီတာဝန်က ကျန်ရစ်သူတွေရဲ့ တာဝန်သိ ပခုံးတွေပေါ်မှာ..............
စာနာစွာဖြင့်


ဇင်ဝေသော်

သူတို့ချန်ထားခဲ့သည့် ပုံရိပ်များ


တစ်ခါက ကမ္ဘာသိ ဆရာတော်ကြီးတစ်ပါး တနင်္ဂနွေနေ့ တရားဟောရန် ကြွရောက်လာခဲ့သည်။ ထိုဆရာတော်ကြီးကား K. Sri Dhammananda ဆိုသည့် ကွာလာလမ်ပူ အခြေစိုက် သီရိလင်္ကာ ဆရာတော်ကြီးပင် ဖြစ်သည်။ ဆရာတော်ကြီး၏ “What Buddhists Believe” သည် မာစတာပိစ်ဟု ခေါ်ရလောက်အောင် ကောင်းလည်းကောင်း၍ အုပ်ရေပေါင်း များစွာလည်း ကမ္ဘာပြန်နှံ့ခဲ့သည်။
ထိုဆရာတော်ကြီးသည် ကျော်သည်နှင့်အညီ အလွန်လည်း တော်သည်ဟု ထင်သည်
။ ကျောင်း ရောက်လာခိုက်
“ဦးဇင်းက ဗမာလား” “Are you a Burmese?”
“မှန်ပါတယ်ဘုရား” ဟု ပြန်လျှောက်စဉ်
“မင်္ဂလာပါ” ဟု အရင်ဆုံး ဗမာလို နှုတ်ဆက်သည်။
ထို့နောက်
“ဒီကျောင်းကို တရားဟောဖို့ ရောက်တော့ ရောက်ဖူးပါတယ်။ ဒါပေမယ့်မေ့ကုန်ပြီ။ ဒီကျောင်းအတွင်းတရားဟောရာမှာ ဆောင်ရ ရှောင်ရမယ့် အချက်တွေရှိရင် ဦးပဉ္စင်းက ကြိုတင်လျှောက်ထား အသိပေးပါဦး” ဟု အင်္ဂလိပ်လို ဆက် မိန့် လာသည်။

ရိုးသားစွာ ဆိုပါအံ့။ ဤစကားမျိုး မကြားခဲ့ဖူးရိုး အမှန်ပင် ဖြစ်ပါသည်။ ကမ္ဘာသိ ဆရာတော်တစ်ပါးထဲမှ မဆိုထားလင့်၊ မြန်မာသိ ဆရာတော် များထံမှပင် မိမိတို့ တရားဟောမည့် ကျောင်း (နေရာ၏) ဆောင်သင့်၊ ရှောင်သင့်သော အချက်တို့ကို ကြိုတင်မေးတာ မဖြေခဲ့ရဖူးပေ။ ကမ္ဘာကျော်သည့် ဆရာတော်တို့သည် ကမ္ဘာ့စံညွှန်းနှင့်လည်း ညီညွှတ်ပေ၏ဟုသာ သဘော ပေါက်လိုက်ရသည်။ ကမ္ဘာ့စံညွှန်းဟု ဆိုလိုက်သဖြင့် ဗုဒ္ဓဘာသာအဆုံးအမတို့ကို ကျော်ခွရာ ရောက်ပေလိမ့်မည်။ အမှန်မူ ဤကိစ္စတို့သည် ကျောင်းနေရဟန်း (အာဝါသိက) နှင့် ဧည့်သည် ရဟန်း (အာဂန္တုက) တို့ ရှိသင့်သည့် အပြန်အလှန် ဝတ္တရားတို့သာ ဖြစ်ကြပါသည်။

ထိုဆရာတော်ကြီးက
“တို့ကို တရားချီးမြှင့်ဖို့ ပင့်ထားတာကတော့ (၁၀) နာရီကနေ (၁၁) နာရီအထိကွ၊ (၁၁) နာရီမှာ မင်းတို့ ဘုရားဆွမ်းကပ်ရှိတယ် မဟုတ်လား။ ဒါဆို ပြင်ဖို့ဆင်ဖို့ အချိန်ရအောင် တရားပွဲကို (၁၀း၅၀) နာရီလောက်မှာတော့ ရပ်မှ ကောင်းမယ် ထင်တယ်” ဟု သူ့ဘာသာ ဆက်လက်မိန့်သည်။

“မှန်လှပါ။ (၁၀) မိနစ်ဆိုရင် အချိန် လုံလောက်ပါတယ်ဘုရား” ဟု ကျေးဇူးတင်စွာ ပြန်လျှောက်ထားမိသည်။ ဆက်ဟောနေမည်ဆိုလည်း ဤသို့သော ဆရာတော်ကြီးမျိုးကို ဘာမှ လျှောက်ကြတော့မည် မဟုတ်ပါ။ သို့သော် လူမှုရေး ကျမ်းကျေသော ထိုဆရာတော်ကြီးက တရားကို မိနစ် (၅၀) ဖြင့် ပြောချင်တာ ခြုံငုံမိအောင် ပြောဟောခဲ့ပြီး (၁၀) နာရီ၊ မိနစ် (၅၀) တွင် တရားပွဲ သိမ်းလိုက်တော့သည်။

သူတစ်ပါးတို့၏ အချိန်ဇယားကို တန်ဖိုးထားသော ထိုဆရာတော်မျိုးအတွက် နာမည်ကြီးတာကပင် နည်းနေသေးသည်ဟု တွေးလိုက်မိတော့သည်။ ကမ္ဘာ့လူထုထဲဝင်ရန် ကမ္ဘာ့စံညွှန်းလို၏။ ငါ ဟောချင်သလောက်ဟော၊ ငါ အဆုံးသတ်ချင်တဲ့ အချိန်သတ် လုပ်၍မရ။ အခြား အခြားသော အက်တီဗီတီများ ကမောက်ကမ ဖြစ်သွားနိုင်သည်။

နောက်ထပ် ကြုံတွေ့ရသော ဆရာတော်ကြီးကား မဟာယာန ဆရာတော် တစ်ပါးဖြစ်သည့် မြန်မာတို့နှင့် အကျွမ်းတဝင်ရှိသော စင်္ကာပူ ရွှေကျောင်းဆရာတော် ချီပါစောပင် ဖြစ်သည်။ မဟာယာနဟု ဆိုသော်လည်း ထိုဆရာတော်က ထေရဝါဒရဟန်းတော်များနှင့် ပို၍ နီးနီးကပ်ကပ် ရှိသည်ဟု ထင်သည်။ မြန်မာပြည်မှာ လှူသလို ထိုင်း၊ သီရိလင်္ကာတို့မှာလည်း တော်တော် လှူဒါန်းသည်။ သူအများဆုံး လှူသောနေရာမှာ သီရိလင်္ကာဟု ထင်သည်။

ထိုဆရာတော်နှင့် ပတ်သက်၍လည်း အထင်တကြီး တော်တော် ဖြစ်ခဲ့ရသည်။
အခမ်းအနားတစ်ခုမှာ သူက တရုတ်လို မိန့်ပြီး သူ့တပည့် ရဟန်းတော်ကို အခြားဘာသာဖြင့် ဘာသာပြန်ပေးဖို့ ခေါ်လာခဲ့သည်။ သို့သော် အရေးထဲ အရာပေါ်ဆိုသလို လူ့ရှေ့ရောက်ပါမှ ဘာသာပြန်ဖို့ ခေါ်လာခဲ့သော ရဟန်းက အိုးနင်းခွက်နင်း ဖြစ်နေလေတော့သည်။ မိမိတို့ ကြုံတွေ့နေကျ မြင်ကွင်းက ဤသို့ဖြစ်လျှင် ဆရာက တပည့်ကို ဆူပူငေါက်ငမ်းခြင်းတို့ ဖြစ်သည်။ အချို့ဆိုလျှင် ကြမ်းရှသော စကားများပင် ပါလာတတ်သေးသည်။ ပရိသတ်လည်း စိတ်ညစ်ရ၊ တပည့်လည်း သိက္ခာကျ၊ ဆရာကိုယ်တိုင်လည်း သိက္ခာကျ ဖြစ်ရသည်။

ချီပါစောကား ဤသို့ မဟုတ်။ အေးငြိမ်းသော မျက်နှာအသွင်အပြင် လုံးဝ မပျက်၊ တပည့်ကို ကြိုးစားကြည့်ဖို့သာ ချိုချိုသာသာ အားပေးနေသည်။ မတတ်နိုင်တော့သည့် နောက်ဆုံး နောက်တစ်ခါဆိုရင် ဒီထက် ပိုကောင်းအောင် ပြင်ဆင်ခဲ့ပေါ့ဟုသာ ပြုံးပြုံးဖြင့် မိန့်လိုက်တော့သည်။

ချီပါစော လူရှေ့တွင် ပြသွားသော ပုံရိပ်က တော်တော်လှသည်။ သူ့လိုဆရာတော်ကြီး တစ်ပါးက ဒေါသတကြီးဖြင့် တပည့်ကို ငေါက်ငမ်းနေလျှင် ကမ္ဘာ့ပရိသတ်အလယ်မှာ လွန်စွာ အရုပ်ဆိုးသွားနိုင်သည်။ ယခုမူ ပြင်ဆင်မှု အားနည်းခဲ့သော တပည့်ကို အပြုံးဖြင့် ခွင့်လွှတ်ပြသွားခဲ့သည်။  ချီပါစော ဆရာတော် ဒေါသနည်းခြင်းလား။ ပရိသတ်ရှေ့မှာ ရှိနေသင့်သော ပုံရိပ်ကို စနစ်တကျ လေ့ကျင့်ထားခြင်းလား။ မသိပါ။ နှစ်ခုစလုံး ဖြစ်နိုင်ပါသည်။ အဆိုးမြင်ဝါဒဖြင့်အဆုံးစွန်အထိ တွေးကြည့်မည်ဆိုလျှင် လူ့ရှေ့မှာ ပြုံးပြုံးဖြင့် ခွှင့်လွှတ်ခဲ့ပြီး လူကွယ်ရာရောက်မှ ငါ့ကို အရှက်ခွဲတဲ့ကောင်ဆိုပြီး ခပ်နာနာ ဒဏ်ခတ်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤသို့အထိတော့ မထင်ပါ။ ရှိပါစေတော့။

မည်သို့ဆိုစေ။ ဒေါသမကင်းသော ပုထုဇဉ် ရဟန်းတစ်ပါးအနေနှင့် အရုပ်ဆိုးလှသော ဒေါသပုံရိပ်ကြီး လူထုရှေ့ ချမပြခြင်းကပင်အထင်ကြီးစရာ ကောင်းလွန်းလှပေသည်။ ကမ္ဘာကျော်သည်ဟုမဆိုနိုင်စေ၊ ရွှေကျောင်းဆရာတော်လည်း အာရှတော့ ကျော်ပါသည်။ ကျော်သင့်သော Public Image လည်း သူ့မှာ ရှိနေသည်။ အထင်ကြီးလေးစား ကြည်ညိုမိ၏။

နောက် တစ်ခုကား ၂၀၀၀၊ ၂၀၀၁ ခန့် မဟာသန္တိသုခကျောင်းတော်ကြီး အာဏာ အသိမ်း မခံရခင်က ဖြစ်သည်။ ရဟန်းတော် ၂၁ ပါး၊ ဆရာလေး ၅ ပါးတို့ သင်တန်းတက်နေသည့် ပထမပတ် သင်တန်း တစ်ဝက်လောက်ဟု ထင်သည်။ ဆရာလေး ၅ ပါးတွင် မဟာယာန ဘိက္ခုနီ တစ်ပါးလည်း ပါဝင်သည်။ တစ်နေ့ ထို မဟာယာန ဘိက္ခုနီ၏ အသိ ထိုင်ဝမ်မှ မဟာယာန ရဟန်းငယ်တစ်ပါး အလည်ကြွရောက်လာခဲ့ပြီး မိမိတို့ အင်္ဂလိပ်စာလေ့လာ နေပုံကို အကဲဖြတ်ပြီး မြန်မာ ရဟန်း၊ ဆရာလေးများ အင်္ဂလိပ်စာ သင်ကြားရာ ကိုယ်တိုင် လေ့လာဖို့ အထောက် အကူ ရေဒီယို ကက်စက်ပင် အများအားဖြင့် မရှိကြသည်ကို တွေ့ရှိသွားလေတော့သည်။
ထိုအခါ အားလုံးအတွက် သူ လှူချင်သည်ဟုဆိုကာ သူ၏ ဓမ္မမိတ်ဆွေ မဟာယာန ဘိက္ခုနီ၊ ကျောင်းထိုင်ဆရာတော်နှင့် တိုင်ပင်လေတော့သည်။ အားလုံးအတွက် လှူမည်ဆိုသဖြင့် ခပ်ပေါပေါ တရုတ်ဖြစ် ရေဒီယို ကက်စက်သာ ဖြစ်လိမ့်မည်ဟု ထင်နေမိသည်။ မဟုတ်ပေ၊ ဂျပန်ဖြစ်၊ စီဒီပါ ဖွင့်လို့ရသည့် ဈေးအကြီးဆုံး ရေဒီယို ကက်စက်များ အလုံး ၂၈ လုံး ( သံဃာစေ့ အပြင် ဆရာသုံး၊ ကျောင်းသုံးဖို့ အတွက်ပါ ) ချက်ချင်း သွားဝယ်ပြီး လှူဒါန်းလေတော့သည်။ ထိုစဉ်ကပင် ၂ သောင်းကျော် တန်သည်ဟု သိရသည်။ ငမွဲ သီဟနာဒကား ထိုအခါရောက်မှ ဂျပန်ဖြစ်ကို သုံးဖူးသဖြင့် ကျေးဇူးလည်း တင်မဆုံး၊ ဂျပန် ပစ္စည်းကိုလည်း ချီးမွမ်းမဆုံး ဖြစ်ခဲ့ရသည်။

ဤမျှ ငယ်ရွယ်သော ရဟန်းက ဤမျှ လှူဒါန်းနိုင်သလား ဟုလည်း သူ့ငွေ၊ သူ့ စေတနာကို အံ့ဩမဆုံးဖြစ်မိသည်။ နောက်မှ သိရသည်မှာ အဖွဲ့က တစ်နှစ်အတွက် သုံးစွဲရန် ခွင့်ပြု ထားသော ဝတ္ထုငွေ ပမာဏ ရှိသည်။ ထို အတိုင်အတာ အတွင်း သူ သုံးစွဲခွင့်ရှိသည် ဟု ဖြစ်လေသည်။
ခွင့်ပြုငွေ အားလုံး ဤမှာ သုံးလိုက်လျှင် သူ့အတွက် အနည်းငယ် ကျပ်တည်းသွားလိမ့်မည် ဟူသော သသခါင်္ရိက စိတ်တွန့်၊ စိတ်ရွံ့ သူ့မှာ မရှိ။ သူက ပိုက်ဆံ ချမ်းသာတာကိုး ဟု အချို့က တွေးကောင်း တွေးနိုင်၏။ ပိုက်ဆံ ရှိခြင်းနှင့် လှူခြင်းက တိုက်ရိုက် မဆက်စပ်ပါ။ ပိုက်ဆံ ရှိ၍ လှူသည် မဟုတ်၊ စေတနာ သဒ္ဓါ ရှိ၍သာ လှူခြင်းဖြစ်သည်။

ကိုယ်တိုင် အလှူခံသူများတွင် ပါဝင်နေ၍ ပြောခြင်း မဟုတ်ပါ။ ဘာအတွက် ညာအတွက် စသည် အလှူခံပြီး ပြန်လည်လှူဒါန်းတတ်ကြသည်ကိုသာ အတွေ့များပြီး မိမိအတွက် အလှူငွေကို ဤလို ရက်ရက် ရောရော လှူသည်က ကြုံရခဲ၏။ မရှိဟု မဆိုလို။

ထိုမှနောက် လူတစ်ယောက်၏ တန်ဖိုးသည် အမည်နာမတွေနဲ့ ( ထေရဝါဒ၊ မဟာယာန စသည် ) မဆိုင်၊ သင်္ကန်း အရောင် အသွေးနဲ့ ( အညို၊ အဝါ၊ မီးခိုးရောင် စသည် )လည်း မဆိုင် ရဲဝံ့စွန့်လွှတ်ခြင်း၊ အသင်္ခါရိက ဆန်ခြင်းသာ ဖြစ်သည်ဟု သဘောပေါက်မိသည်။ ထိုရဟန်းငယ် ပေးခဲ့သော ပုံရိပ်က ယနေ့ မိမိဘဝ အတွက် အတောက် အပ ရှိနေသလို အထောက် အပံ့လည်း များစွာ ရှိနေဆဲဖြစ်၏။ ထို ရဟန်းငယ်က မိမိတို့အောက် များစွာ ငယ်၏။

သင့်မှာ ခွင့်ပြုငွေ တစ်နှစ်လျှင် ဒေါ်လာ ၅ ထောင်ရှိ၏။ ဒေါ်လာ ၄ ထောင် လှူပြီး ၁ ထောင်ဖြင့် ကျပ်ကျပ် တည်းတည်း မျှတ နိုင်ပါ၏ လား ဟု ကိုယ်တိုင် မေးမိသောအခါ ( အများအားဖြင့် ) သသင်္ခါရိက ဆင်ခြေများ တက် တက် လာတတ်၏။

ဘာမှ ထူးထူးခြားခြား မရည်ရွယ်ပါ။ ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရသော ဤအဖြစ်အပျက် တို့သည် လူထုအမြင်မှာ တော်တော်ကောင်းသော Public Image များ ဖြစ်သည်ဟု ခံစားမိ၍သာ ရေးသားမိခြင်း ဖြစ်ပါသည်။

မြန်မာရဟန်းတစ်ပါး ဖြစ်သဖြင့် အားနည်းချက်များ ကိုယ့်ဆီမှာလည်း ရှိကြောင်း ဝန်ခံပါသည်။ သို့သော် ဝိုင်း၍ မကူကြ၊ မပြောကြလျှင် မိမိတို့ ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ခံစားမိ၍သာ (စကား ရိုင်းရိုင်းဆိုရလျှင်) ပက်လက်လှန်၍ တံတွေး ထွေးခြင်း ဖြစ်သည်။ ကိုယ့်အပေါ် ပြန်ကျဖို့ ရာခိုင်နှုန်းတော့ များပါ၏။
အတွင်းကောင်းဖို့ လိုသလို အပြင်လှဖို့လည်း လိုလာပါသည်။




သီဟနာဒ