ရပ်သတင်း ရွာသတင်း


မနေ့ ညကတော့ သတင်းထူးတစ်ပုဒ်ကို ဖြစ်စေခဲ့တယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝီဂန်က မန်စီးတီးကို တစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အက်ဖ်အေဖလား ယူသွားတယ်။
ဒီနေ့မနက် စထရိတ်တိုင်းမှာတော့ ပထမဆုံး မြန်မာအမျိုးသား အိမ်ဖော် တစ်ယောက် စင်္ကာပူရောက်လာတဲ့အကြောင်း တခန်းတနား ဖော်ပြ ထား တာ တွေ့ရပြန်တယ်။
လစာက ဆင်းဒေါ်လာ ၅၀၀ တဲ့။ တလောလေးကပဲ "စင်္ကာပူက ဖွင့်လာ မယ့် တံခါး" ဆောင်းပါး ရေးခဲ့မိတယ်။ အခု တကယ်ပဲ ဖွင့်လာလေပြီ။

ပြည်တွင်းမှာကလည်း လမ်းတွေမှာ ကားတွေကြပ်နေသလို အလုပ်အကိုင်နဲ့ စားဝတ်နေရေးကလည်း ကြပ်နေကြတယ်။
အကျင့်ပျက် လာဘ်စားမှုကလည်း ပုံစံတမျိုးနဲ့ ဖြစ်တည်နေတယ်ဆိုတာ ခပ် ပါးပါး လေ့လာမိတယ်။
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ဆက်တိုက် အရှုံးပြနေပေမဲ့( သန်း ၆၀ လူဦးရေမှာ သတင်းစာ သိန်းဂဏန်းမရှိသေး) ဒေါ်စုမျက်နှာဖုံး နဲ့စာအုပ်ေ တွ ရောင်းအားလိုက်နေတယ်။
စာအုပ်တွေကလည်း တစ်ခါ နှစ်ခါကိုင်ဖတ်လိုက်တာနဲ့ စာရွက်တွေ ဖောင် လိုက်ပြုတ်ကျလာတယ်။
လူငယ်တွေ စာဖတ်အားနည်းလို့ဆိုပြီး စည်းရုံးလှုံ့ဆော်ပွဲတွေ လုပ်နေကြပေ မဲ့ ဒီပွဲတွေကို တက်ရောက်လာတာက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ။
အွန်လိုင်းမှာတော့ စာဖတ်အားကောင်းတယ်လို့ ထင်မိပါတယ်။
နောက်မှ အကျယ် ရေးရဦးမယ်။


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( နေကျော်တဲ့ ပဲကြီးလှော်မှ)


"ဒီပွဲကို ဒီဇင်ဘာလကတည်းက စလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကျွန်တော် ဒီမလာခင်မှာ ဖတ်ရတဲ့ ဦးဇင်ဝေသော် ရေးထားတဲ့အထဲမှာ "ဦးအောင်မင်းက တရုတ်ကို ကြောက်နေရတယ်" လို့ ပြောတဲ့အတွက် အ စည်းအဝေးကို ရွှေ့ရတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီအထဲမှာ ဘာ ပါလဲဆိုတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်"
ဆိုတဲ့ စားသားလေးကို ဖတ်လိုက်ရတဲ့အခါမှာ ကျွန်တော် စိတ်မကောင်း ဖြစ် ရပါတယ်။ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်ဟာ တရုတ်ကို ကြောက် တဲ့သူ မဟုတ်ပါဘူး။ တရုတ်က ကျောထောက်နောက်ခံပြုထားတဲ့ ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲမှာ ကျွန်တော် သူရဲကောင်းမှတ်တမ်းဝင် ရခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။"
(ဦးအောင်မင်း)

ဒီတစ်ခါ ပြန်ရမယ့် ကွန်မင့်က ဝန်ကြီးကိုယ်တိုင်ဖြစ်တော့ နည်းနည်း တာဝန် ကြီးတယ်။
"ဒါပေမဲ့ "တရုတ်ကို ကြောက်နေရတယ်" စကားနဲ့ ဦးအောင်မင်းက ပြည်သူ့ အ သည်းကို ခွဲလိုက်တော့ ဘာနဲ့ ကုစားရမှန်းမသိဖြစ်ပြီး ဒီပွဲကို ရက်ရွှေ့ လိုက် ရတယ်"
ဆိုတာ ကျနော်ရေးခဲ့တဲ့ဝါကျပါ။

ဒါက ဦးအောင်မင်းပါးစပ်ထဲမှာကျတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်" လို့ဖြစ်သွားတယ်။
သူ တရုတ်ကို မကြောက်ဘူးဆိုတာ သက်သေထူသွားပုံကလည်း ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲဖြစ်နေပြန်တယ်။ တရုတ်က ကျောထောက်နောက်ခံပြုထားတယ် ဆိုပေမဲ့ တကယ် တိုက် ခိုက်နေရတာက တိုင်းရင်းသားတွေပါ။ တရုတ်မဟုတ်ပါဘူး။
ဝန်ကြီးတစ်ယောက်နဲ့ စကားအချေအတင်ပြောရတဲ့ကိစ္စက မမိုက်လှပါဘူး။

ဒီမှာ ရွှေရောင်အနားကွတ်လေး တွေ့လိုက်ရတာက လူကြီးတွေ ပြည်သူ့ အသံကို တကယ် နားထောင်လာပြီ၊ မှားနေတယ်ထင်ရင် ရှင်းပြလာပြီ ဆို တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကဆို လုံးဝမျှော်လင့်လို့မရတဲ့ ကိစ္စပါ။

ဒါနဲ့ မဆိုင်လှပေမဲ့ သတိရလို့ ပြောချင်မိတယ်။ ဆရာမောင်စိမ်းနီရယ်၊ ဆရာ သစ္စာနီရယ် ကားပေါ်မှာရိုနေစဉ် ဆရာမောင်စိမ်းနီက
" ဒီ အစိုးရက လုပ်တော့ လုပ်ရှာတယ်" လို့ သူ့ဘာသာသူ ပြောနေရင်း တော်တော်ကြာတော့မှ သူ့ဝါကျသူ အဆုံးသပ် တယ်။
"တလွဲတွေ" တဲ့။

သူပြောတာကို ရယ်မိကြရင်း ကားမောင်းနေတဲ့ မင်းမင်းသန့်က
"နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်" ဆိုတဲ့ သီချင်းလေးကို ကောက်ဆိုလိုက်တယ်။




 ဇင်ဝေသော်

၂၁-ရာစု ငါးသုံးကောင်ပုံပြင် (နယူးဗားရှင်း)




ညီမလေး…ရေ
(၂၁) ရာစု ငါးသုံးကောင်ဟာ တံငါသည်ရဲ့ မြှုံးထဲမှာ မိနေကြသတဲ့။ အဲဒီငါးသုံးကောင်ကလည်း ပုံပြင်ဟောင်းထဲမှာပါတဲ့ ငါးတွေပါဘဲ။ 

ပညာတတ်ဘွဲ့ရ ငါးရယ်။
ဝီရိယကောင်းတဲ့ ငါးရယ်။
အေးဆေးလွန်းပြီး ထုံပေပေဖြစ်နေတဲ့ငါးရယ်။ 


 ပညာတတ်ငါးကတော့ မျက်မှန်ပါဝါထူထူနဲ့တဲ့။ သူက ပုံပြင်ဟောင်းကိုလည်း ဖတ်ဖူးထားတော့ သူ့အတွက် လွတ်မြောက်ဖို့လမ်းပဲ ရှာနေတာပေါ့။ ခပ်တည်တည်ပေါ့လေ။ ပညာတတ်ကိုး။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သူကြောက်တာက ပညာရှိငါးပဲ။ လွတ်စရာရှိ ဒီကောင်ပဲလွတ်သွားမှာ။ ဒါတင်မကဘူး ပြဿနာရှာရင် ဒီပညာရှိရှာတာက ပိုရှင်းရခက်တယ်ဆိုပြီး မျက်မှန်ပါဝါထူထူနဲ့ ဘွဲ့ရပညာတတ်ငါးကို အရင်ဆုံး ထုသတ်လိုက်သတဲ့ကွယ်။ အန္တရယ်ရှိတာကိုး ခေတ်သစ်ငါးသုံးကောင်ပုံပြင်မှာတော့ နံပါတ်တစ် ကံဆိုးသူက ပညာတတ်ငါးတဲ့ကွယ်။ 


 ဝီရိယကောင်းတဲ့ ငါးကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သိပ်ပြီး ထထကြွကြွတော့ မလုပ်ဘူးတဲ့ကွယ်။ ဝါသနာက မဖျောက်နိုင်တော့ ခိုးကြောင်ခိုးဝှက်တော့ လုပ်နေတာပဲ ။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးတော့ ဘယ်ကောင်ကဝီရိယကောင်းတဲ့ ငါးဖြစ်မလည်းလို့ အကဲခတ်နေသတဲ့။ သူကသာ မျက်လုံးလေး ကလယ်ကလယ်နဲ့။ အမြီးလေး တနန့်နန့်နဲ့ လူမသိဘူးထင်ပြီး လုပ်နေတာ။ တံငါသည်က သဘောက်ပေါက်ပြီး တစ်ခုခုဆို ဒီလိုကောင်မျိုးတွေက ရှေ့ကထွက်ထွက်လာတာဆိုပြီး ထုရိုက်လိုက်ပြန်ရောတဲ့ကွယ် ။ 
 

ဘေးပတ်ဝန်းကျင်မှာ ဘာတွေပဲ ဘယ်လိုဖြစ်ဖြစ် သူအိပ်ရေးပျက်မှာပဲ စိုးရိမ်နေတဲ့ ငါးပျင်းကတော့ တုတ်တုတ်ကို မလှုပ်ဘူးတဲ့။ စာဖတ်ရမှာအထိပျင်းတော့ ဒီငါးက ပုံပြင်ဟောင်းလေးကိုတောင် မဖတ်ဖူးဘူးတဲ့။ ဒါကြောင့် သူကတော့ ထုံပေပေနဲ့ပဲ မှိန်းနေတယ် ။ 

တံငါသည်ကတော့ ပုံပြင်ကိုဖတ်ဖူးထားတဲ့အတွက် ငါးပျင်းကတော့ ခါးပိုက်ထဲက ဖားဆိုပြီး အေးအေးဆေးဆေးပဲနေသတဲ့။ 


ဖြစ်ချင်တော့ နောက်ထပ် ကွန်ပစ်ဖို့ ကွန်အချမှာ တံငါသည် ခြေချော်ပြီး လှေမှောက်သွားပါရောတဲ့။ အဲဒီမှာ ပျင်းလို့အိပ်နေတဲ့ ငါးလည်း အိပ်ရာကလန့်နိုးပြီး ထွက်ပြေးသွားပါလေရောတဲ့။ 

အဲဒီပုံပြင်ကြားရပြီးတဲ့နောက် ပျင်းတဲ့ငါး အသက်ရှည်ဆိုပြီး လူတွေဟာ ထုံပေပေနဲ့ပဲ နေကြတော့သတဲ့။  ပညာတတ်မလုပ်ရဲသလို ရှုပ်ရှုပ်ယှက်ယှက်လည်း မလုပ်ကြတော့ဘူးတဲ့။ အသက်တိုတတ်ကိုးကွဲ့ ။ 

ဒါပါဘဲ ...ညီမလေးရယ်။



ဇင်ဝေသော်













 Copyright © 2011 ကမ်းလက်. All rights reserved.

ငါဘုရားတောင် ကျောကော့တော်မူရတယ်


တစ်ခါက ဘုရားရူးရူးနေတဲ့ စိတ်မနှံ့ရှာတဲ့ ကိုရင်ကြီး တစ်ပါးရှိသတဲ့။ ဦးဏှောက်က သိပ်မပြည့်ရှာပေမယ့် စိတ်ရင်းကောင်းတဲ့အတွက် ကိုရင်ကြီး ကိုရင်လေးတွေ ကျောင်းသားတွေက လေးစားကြပါတယ်။ 

တစ်နေ့ သူ့ရောဂါ ဗုဒ္ဓမနေးယား ထလာတော့ ကိုရင်ငါးပါးကိုခေါ်၊ သူ့ဘေးမှာ အထိုင်ခိုင်းပြီး ဓမ္မစကြာဟောတမ်း ကစားတယ်။ သူက ဘုရား၊ ကိုရင်ငါးပါးကတော့ ပဉ္စဝဂ္ဂီတွေပေါ့။ နာမည် တွေတောင် သေသေချာချာပေးတာ။ ဘယ်သူက ကောဏ္ဍည၊ ဘယ်သူက ဝပ္ပ စသဖြင့်ပေါ့။

ဒါကို ဆရာတော်မြင်သွားတော့ တော်တော်စိတ်ဆိုးသတဲ့။ ဒီပြင့် ကစားနည်းတွေ အများကြီးရှိတာပဲ။ ကစားပါတော့လား။ ခုတော့ ဘုရားလုပ်တမ်းများ ကစားရတယ်လို့ ဆိုပြီး ကိုရင်ကြီး ( ဘုရား ) နဲ့ ကိုရင်ငယ်ငါးပါး ( ပဉ္စဝဂ္ဂီ ) တို့ကို ကြိမ်နဲ့ ရိုက်သတဲ့။ ကိုရင်ကြီးကိုတော့ ငါးချက်၊ ကိုရင်ငယ်ငါးပါးကိုတော့ တစ်ချက်စီ။

ကျောင်းအောက်ပြန်ရောက်လို့ ကိုရင်ကြီး ပြောလိုက်တဲ့ စကားကိုကြားလိုက်ရတဲ့ အခါမှာတော့ နောက်ဆိုမရိုက်တော့ပါဘူးကွာလို့ ဆရာတော်က တိုးတိုးလေး ရွတ်လိုက်သတဲ့။ ကိုရင်ကြီးပြောလိုက်တာက

သာဝကတို့… ဒုက္ခသစ္စာကို သိကြပြီနော်။ ဆရာတော်က လက်သံပြင်းသကွဲ့။ သာဝကတို့က တော်ပါသေး သကွယ်။ ဒုက္ခတစ်ချက်စီပဲရလိုက်တယ်။ ငါဘုရားရှင်မှာတော့ ဒုက္ခ ငါးချက်မို့ ကျောကော့အောင်ခံစားတော်မူလိုက်ရသကွဲ့“ ။
(ကြားဖူးနားဝပုံပြင်)


ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                                          

ဘ၀ဟူသည် ယား၏

ဘ၀ဟူသည် အလွန်ယားယံသော ကိစ္စတစ်ခုဖြစ်ပါသည်။ ဤအကြောင်းကို ငယ်စဉ် ကတည်း ကပင် လေ့လာခဲ့ရသည်။ တစ်နေ့... အဖေက ဘ၀အကြောင်း သိရအောင်ဆိုပြီး စပါးရိတ်ရာ လယ်တောသို့ အစ်မများနှင့်အတူ လိုက်သွားရန် စေခိုင်းသည်။ ထိုအချိန်မှစ၍ ဘ၀အကြောင်းကို မသိချင်တော့ပါ။ "အလွန်ယားယံလှပါသည်။"

အသက်အရွယ် အတန်ရလာပြီး "ဆုထားမျက်ချယ်" ဆိုသည့် ကောင်မလေးနှင့် ပေါင်းသင်း ဆက်ဆံရသည့်အခါ ထိုအယူအဆသည်ပို၍ပင် ခိုင်မာလာခဲ့လေသည်။ "ဆုထားမျက်ချယ်" သည်မဖြစ်ညစ်ကျယ် အလွန်နိုင်သောကောင် မလေး ဖြစ်သည်။ ဧပြီလ ကတည်းက "ရန်ကုန်ပြန်မည်"ဟု သူမကို ပြောသောအခါ ချမ်းရင် ၀တ်ဖို့ဆိုပြီး သိုးမွှေး ဆွယ်တာကြီး တစ်ထည် လက်ဆောင်ပေးသည်။

ထိုသိုးမွှေးဆွယ်တာကလည်း ၀ယ်လာတာဟုတ်ဟန်မတူပါ။ သူမဘာသာသူမ သိုးမွှေးထိုးကျင့်ရင်း ဆွယ်တာလို့ လည်းပြောမရ၊ သိုးမွှေးတဘက်လိုလည်း အနားသတ်မညီ၊ အူချာပေါက်နေသည့် သိုးမွှေးချည်လုံးကြီး မျှသာဖြစ်သည်။ ဥပမာနှိုင်းပြရလျှင် ဆိတ်ပုဆိုးကြမ်းနှင့် ခပ်ဆင်ဆင် တူနေသည်ဟု ထင်ရပါသည်။

မှတ်မှတ်ရရ မနှစ်ကသူမ လက်ဖက် တစ်ခါ သုတ်ကျွေးဖူးသည်။ ထို့နောက် သူမ လက်ဖက်သုတ် ကို ကောင်းကောင်း သုတ်တတ်ကြောင်း၊ ကျွန်တော့်ကိုလက်ဖက်သုတ် ကျွေးမည်ဖြစ်ကြောင်း ပြောသည်မှာ (၆၈)ကြိမ်ရှိပြီဖြစ်ပါ သည်။ ကျွန်တော့်ကို ပြောသည်မှာ ပြသနာမဟုတ်ပါ။ ဒီစကားကို တွေ့တဲ့လူတိုင်းကို ပြောနေတတ်သည်။ လူအရေအတွက် တိတိကျကျ မဖော်ပြနိုင်သည် ကို တောင်းပန်ပါ၏။

ကျွန်တော် မဂ္ဂဇင်းတစ်စောင်မှာ အယ်ဒီတာလုပ်စဉ်က သူမ နားပူနားဆာ လုပ်သည်ကို မခံနိုင်တော့ သဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး သူမဆောင်းပါးလေးတစ်ပုဒ် မဂ္ဂဇင်းမှာ ထည့်ပေးခဲ့ဖူးသည်။ တကယ်ဆိုလျှင် သူမ ရေးသည့်ဆောင်းပါး ကို တည်းဖြတ်ရတာထက်ကိုယ်တိုင် ကောက်ရေးလိုက်ရတာကမှ လွယ်ကူပါလိမ့်ဦးမည်။ သူမရေးတာအစစ်ဟူ၍ "ဆုထားမျက်ချယ်" တစ်ခုတည်းသာ ကျန်အောင် တည်းဖြတ်ပစ်လိုက်သည်။

သူမကစိတ်မဆိုးပါ။ စိတ်မဆိုးသည့်အပြင် သူမဆောင်းပါး မဂ္ဂဇင်းမှာ ပါပြီး ကတည်းက "ဆရာမတို့ စာရေးဆရာ တွေဆိုတာကလေ" ဆိုတာကို နားကြားပြင်းကတ်အောင် ထပ်တလဲလဲ သုံးစွဲပါတော့သည်။ ဤမျှဆိုလျှင် ကျွန်တော့်ဘ၀သည် မည်မျှ ယားယံကြောင်း သင်တို့ အထိုက် အလျောက် သဘောပေါက်ပြီဟု ထင်ပါသည်။

ကျွန်တော့်ဘ၀ထဲသို့ ယားယံမှုတွေ သယ်ဆောင်လာသူ နောက်တစ်ယောက် (တစ်ပါး)ကတော့ ဆရာတော်ဦးစိတ္တရ ဖြစ်သည်။ ဒီအရှင်ဘုရားကလည်း ကမ္မဋ္ဌာန်းပြရင်း "ဖာဂူဆန်"ဆီ ရောက်သွားတတ်သလို ပဋ္ဌာန်းကနေလည်း "ပို့(စ်)မော်ဒန်"ဆီ ရောက်သွား တတ်ပြန်သည်။

အရှင်ဘုရားက လိုက်ခဲ့ပါဟု   ပြောသဖြင့် တလောလေးက မလေးရှားကို လိုက်ခဲ့ ရပါသည်။ ခြင် အလွန်ပေါသော   ဒေသဖြစ်သည်။ ခြင်တစ်ကောင်က ကျွန်တော့်ကို ကိုက်နေတုန်း ကျွန်တော်လည်း ရိုက်သတ်လိုက်မိသည်။ ဒါကို မျက်စိရှင် နားပါး အရှင်ဘုရားက တွေ့ဖြစ်အောင် တွေ့လိုက်သည်။

"ဟဲ့...ဇင်ဝေသော်၊ ခြင်က   နင့်သွေးလေးတစ်ပေါက်ကိုပဲ သောက်တာ၊ နင်က သူ့အသက် တစ်ချောင်း လုံး ပြန်ယူ လိုက်တော့ ဘယ်တရားမလဲ" ဟု ပြောပါသည်။ စိတ်ကောင်း ၀င်ခိုက်မို့ဖြစ်မည်။ ဤတစ်ခါတော့ အရှင်ဘုရား စကားက မှန်လည်းမှန်၊ ချိုလည်း ချိုသာ၊ ကျိုးကြောင်းညီညွတ်သည်ဟု သုံးသပ်ကာ မှတ်ယူထားလိုက်မိသည်။ (ဤစကားသည် သူမိန့်သမျှထဲ အချိုသာဆုံးဖြစ်သည်။)

မှတ်ထားလိုက်မိသည်ဆိုခါမှ ရှိရှိသမျှ ခြင်တွေက ကျွန်တော့်ကို ၀ိုင်းဖဲ့ ကြပါတော့သည်။ အမှန်ဆိုလျှင် ခြင်ကိုက်စရာ လူခြောက်ယောက်ရှိပါသည်။ ကျန်တဲ့ ငါးယောက်ကို မကိုက်ဘဲ ကျွန်တော့်ကိုသာ ၀ိုင်းကိုက်နေကြခြင်း ဖြစ်သည်။ မိတ်ဆွေ အသိတစ်ယောက်က သွေးချိုလို့ ကိုက်တာဟုသူ ကြားဖူးတာကို ပြောသည်။ ကျွန်တော် မကြိုက်ပါ။ ဒီလိုဆိုလျှင် သွေးချိုတာထက် ဆီးချိုတာကမှ တော်လိမ့်ဦးမည်ဟုလည်း မဆီမဆိုင် တွေးနေမိသည်။

ဦးစိတ္တရက ဆရာမကြီးတစ်ယောက်က သူ့ကို လျှောက်ဖူးသည့်အကြောင်းကို မိန့်သည်။

"ဆရာမကြီးတစ်ယောက် ပြောဖူး     တယ်ကွ။ ခြင်ဆိုတာ ကိုက်စရာ လူအများကြီး ရှိရင် ပညာရှိတဲ့ လူကို ရွေးကိုက် တာတဲ့။ ဒါကလည်း သိပ္ပံနည်းကျ စမ်းသပ်ပြီးတွေ့ရှိတာ။ လူတွေအများ ကြီးတောထဲကို လွှတ် လိုက်ရင် ပညာတတ်တွေ၊ ပရော်ဖက်ဆာတွေပဲ ခြင်ကိုက်                  ခံရသတဲ့။ ပညာမတတ်၊ သာမန်လူတွေ ကတော့ ခြင်ကိုက်မခံရ ဘူး   တဲ့ကွ။ ခြင်လည်း ပညာတတ်ကို ကြိုက်တယ်။ တို့ခြောက်ယောက်ထဲမှာ မင်းက ပညာအရှိဆုံး၊ ဒါကြောင့် မင်းကို ၀ိုင်းကိုက်ကြတာ"ဟု ပြောသည်။

အမှန်ပြောရလျှင် ဒီအဖြေကို ကျွန်တော် သဘောကျပါသည်။ သိပ္ပံနည်းကျပြီး ယုတ္တိလည်းရှိသည်ဟု ရိုးရိုးသားသား ထင်မိပါသည်။ ထိုမျှမကပါ ဦးစိတ္တရတို့၊ ဒေါက်တာ အရှင်အာစာရတို့ ရှိနေပါလျှက် ကျွန်တော့်ကို ၀ိုင်းကိုက်နေကြသည့် ခြင်များကို ဒေါသ မထားမိသည့်အပြင် ကျေးဇူးပင် တင်နေမိပါတော့သည်။ သိပ္ပံနည်းကျ တွေ့ရှိမှုအရ ထိုခြောက်ယောက်တွင် ကျွန်တော်သည် ပညာဥာဏ် အကြီးဆုံး ဖြစ်နေသည်မဟုတ်ပါလား။ ကိုက်ကြ။ သူတို့ ကိုက်လေ ကျွန်တော် ဥာဏ်ကြီးလေဖြစ်၏။

တကယ်တော့ ပညာရှိလုပ်ရသည့် အလုပ်သည် မလွယ်ပါ။ အလွန် ယားယံ လှပါသည်။ မလေးရှားကနေ အိမ်ပြန်ရောက်တော့မှ ယားယံမှုအဓိပ္ပါယ်ပို၍လေးနက် လာပါသည်။ ကျွန်တော့်ဘ၀ထဲ ၀င်လာသော ယားယံမှုများတွင် ဦးစိတ္တရပေးခဲ့သည့် ယားယံမှုသည် အဆိုးဝါးဆုံး၊ အချိုမြိန်ဆုံးသော ယားယံမှုတစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် ဘ၀ဟူသည် "ယား"၏ဟု ဆိုခြင်းဖြစ်ပါသည်။

ဤအဆိုကို မယုံကြည်သူရှိလျှင် ရေမချိုး၊ ခေါင်းမလျှော်ပဲ တစ်ပတ်ခန့် နေကြည့် စေချင်ပါသည်။ သို့မဟုတ် "ဆုထားမျက်ချယ်"ဆိုသည့် ကောင်မလေးနှင့် သော်လည်းကောင်း၊ "ဆရာတော်ဦးစိတ္တရ"နှင့်သော်လည်းကောင်း မိတ်ဆက်ပေး ချင်ပါသည်။ ထိုအခါ ဘ၀သည် ယားယံကြောင်း ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မည်။

"ဘ၀သည် ယား၏ "

ဆရာတော်ဦးစိတ္တရ နှင့် ဆုထားမျက်ချယ် တို့ကို ကျေးဇူးတင်ပါသည်။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.