၂၁-ရာစု ငါးသုံးကောင်ပုံပြင် (နယူးဗားရှင်း)




ညီမလေး…ရေ
(၂၁) ရာစု ငါးသုံးကောင်ဟာ တံငါသည်ရဲ့ မြှုံးထဲမှာ မိနေကြသတဲ့။ အဲဒီငါးသုံးကောင်ကလည်း ပုံပြင်ဟောင်းထဲမှာပါတဲ့ ငါးတွေပါဘဲ။ 

ပညာတတ်ဘွဲ့ရ ငါးရယ်။
ဝီရိယကောင်းတဲ့ ငါးရယ်။
အေးဆေးလွန်းပြီး ထုံပေပေဖြစ်နေတဲ့ငါးရယ်။ 


 ပညာတတ်ငါးကတော့ မျက်မှန်ပါဝါထူထူနဲ့တဲ့။ သူက ပုံပြင်ဟောင်းကိုလည်း ဖတ်ဖူးထားတော့ သူ့အတွက် လွတ်မြောက်ဖို့လမ်းပဲ ရှာနေတာပေါ့။ ခပ်တည်တည်ပေါ့လေ။ ပညာတတ်ကိုး။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သူကြောက်တာက ပညာရှိငါးပဲ။ လွတ်စရာရှိ ဒီကောင်ပဲလွတ်သွားမှာ။ ဒါတင်မကဘူး ပြဿနာရှာရင် ဒီပညာရှိရှာတာက ပိုရှင်းရခက်တယ်ဆိုပြီး မျက်မှန်ပါဝါထူထူနဲ့ ဘွဲ့ရပညာတတ်ငါးကို အရင်ဆုံး ထုသတ်လိုက်သတဲ့ကွယ်။ အန္တရယ်ရှိတာကိုး ခေတ်သစ်ငါးသုံးကောင်ပုံပြင်မှာတော့ နံပါတ်တစ် ကံဆိုးသူက ပညာတတ်ငါးတဲ့ကွယ်။ 


 ဝီရိယကောင်းတဲ့ ငါးကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သိပ်ပြီး ထထကြွကြွတော့ မလုပ်ဘူးတဲ့ကွယ်။ ဝါသနာက မဖျောက်နိုင်တော့ ခိုးကြောင်ခိုးဝှက်တော့ လုပ်နေတာပဲ ။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးတော့ ဘယ်ကောင်ကဝီရိယကောင်းတဲ့ ငါးဖြစ်မလည်းလို့ အကဲခတ်နေသတဲ့။ သူကသာ မျက်လုံးလေး ကလယ်ကလယ်နဲ့။ အမြီးလေး တနန့်နန့်နဲ့ လူမသိဘူးထင်ပြီး လုပ်နေတာ။ တံငါသည်က သဘောက်ပေါက်ပြီး တစ်ခုခုဆို ဒီလိုကောင်မျိုးတွေက ရှေ့ကထွက်ထွက်လာတာဆိုပြီး ထုရိုက်လိုက်ပြန်ရောတဲ့ကွယ် ။ 
 

ဘေးပတ်ဝန်းကျင်မှာ ဘာတွေပဲ ဘယ်လိုဖြစ်ဖြစ် သူအိပ်ရေးပျက်မှာပဲ စိုးရိမ်နေတဲ့ ငါးပျင်းကတော့ တုတ်တုတ်ကို မလှုပ်ဘူးတဲ့။ စာဖတ်ရမှာအထိပျင်းတော့ ဒီငါးက ပုံပြင်ဟောင်းလေးကိုတောင် မဖတ်ဖူးဘူးတဲ့။ ဒါကြောင့် သူကတော့ ထုံပေပေနဲ့ပဲ မှိန်းနေတယ် ။ 

တံငါသည်ကတော့ ပုံပြင်ကိုဖတ်ဖူးထားတဲ့အတွက် ငါးပျင်းကတော့ ခါးပိုက်ထဲက ဖားဆိုပြီး အေးအေးဆေးဆေးပဲနေသတဲ့။ 


ဖြစ်ချင်တော့ နောက်ထပ် ကွန်ပစ်ဖို့ ကွန်အချမှာ တံငါသည် ခြေချော်ပြီး လှေမှောက်သွားပါရောတဲ့။ အဲဒီမှာ ပျင်းလို့အိပ်နေတဲ့ ငါးလည်း အိပ်ရာကလန့်နိုးပြီး ထွက်ပြေးသွားပါလေရောတဲ့။ 

အဲဒီပုံပြင်ကြားရပြီးတဲ့နောက် ပျင်းတဲ့ငါး အသက်ရှည်ဆိုပြီး လူတွေဟာ ထုံပေပေနဲ့ပဲ နေကြတော့သတဲ့။  ပညာတတ်မလုပ်ရဲသလို ရှုပ်ရှုပ်ယှက်ယှက်လည်း မလုပ်ကြတော့ဘူးတဲ့။ အသက်တိုတတ်ကိုးကွဲ့ ။ 

ဒါပါဘဲ ...ညီမလေးရယ်။



ဇင်ဝေသော်













 Copyright © 2011 ကမ်းလက်. All rights reserved.