ဦးဝေရောစနကြောင့် စိတ်နဲ့ ပြန်လျှောက်မိတဲ့ ခရီး

         ထို ခရီးက ကြမ်း၏၊ မိုင် ၄၀ ခန့်ရှည်၏။ မိမိတို့လို မြေပြန့်သားများအ တွက် နှစ်ညအိပ် သုံးရက် သွားရသည်။ ထို ခရီးကား နာဂတောင်တန်း က လေရှီးမြို့ပင်ဖြစ်သည်။ ပိန်သေးသေးရဟန်းငယ်ကိုကြည့်ကာ လာ ကြိုနှင့်သော လူပုဂ္ဂိုလ်သာသနာပြုတို့က အရှင်ဘုရား၊ တက်နိုင်ပါ့မလား ဟုပင် မေးကြသည်။ ကြိုးစားပြီးတက်မယ်ဟု မယုတ်မလွန် ဖြေမိသည်။

         ယခုရေးလိုသည်က ခရီးကြမ်းအကြောင်းမဟုတ်၊ ပထမဆုံးတွေ့ ကြုံလိုက် ရသည့် လေရှီးမြို့ ပန္နက်ချထားပုံဖြစ်သည်။ ထိုစဉ်က လေရှီးမြို့သည် အိမ်ခြေ နှစ်ရာပင် မပြည့်။ ထိုမြို့ကို ပန္နက်ချသွားသူတို့က ဗြိတိသျှတို့ဖြစ် သည်။ အံ့ဩချီးမွမ်းစရာကောင်းသည်က မြို့တည်သည်ဆိုကတည်းက ဗြိတိသျှတို့မူအရ
၁။ ဆေးရုံ
၂။ ရဲစခန်း နှင့်
၃။ စာသင်ကျောင်း
တို့ကို ပထမဆုံး အခိုင်အမာတည်ဆောက်ကြသည်။ ယနေ့ အထိ ပြည်မထဲ မှာ ဤအခြေခံအဆောက်အဦများ လုံလုံလောက်လောက် မရှိသေးခြင်းကို ကြည့်လျှင် ဗြိတိသျှတို့ ဘယ်လောက် စနစ်ကြီးသည်၊ လူ၏ အခြေခံ လိုအပ် ချက်ကို ဘယ်လောက် အလေးထားနိုင်သည်ဆိုတာကို သဘောပေါက်နိုင် သည်။ ယနေ့ ဘူးသီးတောင် မောင်းတောကိစ္စက ထိမ်းမရ၊ သိမ်းမရဖြစ်နေသည်။

         မြန်မာအစိုးရက ထိုဒေသကို မြန်မာတိုင်းရင်းသားများ သွားရောက်နေ ထိုင်စေလိုသဖြင့် စီမံကိန်းချခဲ့သည်။ လူပုဂ္ဂိုလ်များသားမက ရဟန်း သာသနာပြုများကိုလည်း လွှတ်ခဲ့သည်။ သို့သော် စနစ် မကျ သဖြင့် ရေရှည်မခံခဲ့။ အားလုံး ပြန်ပြေးလာကြသည်။ အရာရှိတို့က မနေနိုင်သူတို့ကို အပြစ်တင်၏။ သို့သော် သူတို့က ဗြိတိသျှတို့လောက် ခေါင်းမရှိ၊ စိတ်ကောင်းမရှိ၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမပေးခဲ့။ စစ်တိုက်ခိုင်း၏၊ လက်နက် မပေးလိုက်။

         လေရှီးမှာ မြို့နှင့်တူတာဆို၍ ထို အဆောက်အဦ သုံးခုသာရှိသည်ဟုဆိုလျှင် ရနိုင်သည်။ ဗြိတိသျှတို့ လုပ်မပေးနိုင်ခဲ့သဖြင့် ယနေ့တိုင် အဆုံးမသတ်နိုင် သည့် ကိစ္စက လမ်းပမ်းဆက်သွယ်ရေးဖြစ်သည်။ ငွေကုန်ပြီး ခရီးမပေါက်။ ရယ်ဖွယ်ပင် ဖြစ်နေသေးတော့သည်။ မိုးကုန်ပြီဆိုသည်နှင့် စက်ကြီးများသုံး ကာ လမ်းခင်း၊ လမ်းပြင်တော့သည်။ ဆောင်းရာသီတစ်ခု ဂျစ်ကားများ၊ စစ်ကားများတက်လို့ရသည်။ မိုးရွာပြီဆိုသည်နှင့် တောင်ကျရေတိုက်စားပြီး ထိုလမ်းလည်း ပျက်လေတော့သည်။ နောက်နှစ်ရောက်လည်း ဤအတိုင်း ထပ်ခင်း၊ ဤအတိုင်း ထပ်ပျက် သံသရာဖြင့် နိုင်ငံ့ဘဏ္ဍာကို လူစား၊ ရေကျွေး လုပ်နေကြသည်။ အလွန် ဦးနှောက်နည်းသည့် ခန့်ခွဲမှု၊ အုပ်ချုပ်မှုဖြစ်သည်။
သွားလာရေး မလွယ်ကူခြင်းကြောင့် အချင်းချင်း ဆက်ဆံမှု သိပ်မရှိကြ၊ ထို့ကြောင့် တစ်ရွာ နှင့်တစ်ရွာ၊ တစ်အုပ်စုနှင့် တစ်အုပ် ဘာသာစကားလည်း မတူကြ။ တစ်ရွာထဲသာ နားလည်သော ဘာသာစကားများရှိသည်။ ကမ္ဘာက ရွာဖြစ်ချိန် ထို နာဂရွာတို့က ကမ္ဘာခြားနေကြဆဲပင်။


Novices in Red by Aung Kyaw Htet
Source: www.dhammaweb.net

         ကိုယ်တိုင်လည်း နာဂတောင်ပေါ်မှာ တစ်သက်လုံး မနေနိုင် ဆိုသည်ကို သဘောပေါက်မိပြီး ငါ ဘာလုပ်ပေးခဲ့ရမလဲဟု အကြိမ်ကြိမ် စဉ်းစားမိခဲ့ဖူး သည်။ ကိုယ်မှလည်းမဟုတ်၊ ၉၀ ရာခိုင်နှုန်းသော မြေပြန့် ရဟန်းတော်များ အတွက် ဝေးလံသီခေါင်လှသော၊ ငှက်ဖျားရောဂါ ထူပြောလှသော ထိုဒေသ တို့၌ တစ်သက်လုံးနေရန်က ခက်ခဲလှ၏။ ထို့ကြောင့် နာဂ စစ်စစ် လူ တစ်ယောက်နှင့် နာဂရောက် မြန်မာလေးတစ်ယောက်ကို ရဟန်းခံ၊ ရှင်ပြုေ ပးပြီး ရန်ကုန်ကို ပို့ပေးခဲ့သည်။ သူ့လူမျိုးနှင့်သူ သာသနာပြုနိုင်အောင် စီစဉ်ပေးမှ ရေရှည်တည်မည်ဟု ယုံကြည်မိသည်။ ကိုရင်ကို စာသင်တိုက်၊ ရဟန်းကိုတော့ မဟာစည်ရိပ်သာထဲ အဝင်ခိုင်းလိုက်သည်။ သူတို့ကို တာဝန်ယူ ပို့ပေးခဲ့သော်လည်း ကိုယ်တိုင်က ခြေသလုံး အိမ်တိုင် ( ခြေသလုံး ကျောင်းတိုင် ဆို ပိုသင့်မည်) ဖြစ်နေသည့်အတွက် အရပ်က ရန်ကုန်ရှိ နောင်တော် ရဟန်းကို အပူကပ်ရသည်၊ ကူညီစောင့်မ ရန်လျှောက်ထားရ၏။ ကိုရင်ကိုတော့ အမတွေက ရဟန်းခံပေးထားသည်။

         ရေစက်ဆိုတာ ရှိ၏။ဝမ်းမြောက်ဖွယ် ကြုံဆုံမှုလေးတစ်ခု ဖြစ်ပေသည် ။ မေလက ရန်ကုန်ပြန်တော့ ကိုယ့်အလုပ်နဲ့ကိုမို့ မည်သူ့ကိုမှ အသိမပေးမိ။ တည်းခိုနေသည့် ကျောင်းမှာပင် လုပ်စရာရှိတာလေးတွေ လုပ်နေမိသည်။

         ထိုအခိုက် ဦးဝေရောစန ရောက်လာသည်။ နာဂတောင်မှ ကလေးတွေ ရန်ကုန်ပို့ရင်း ဆင်းလာခြင်းဖြစ်သည်ဟုဆိုသည်။ သူပင် ရဟန်း ၁၄ ဝါ ရနေပေပြီ။ တော်တော်ကြီး ဝမ်းသာမိသည်။ လူချင်းမတွေ့တာ ၁၀ နှစ်ေ ကျာ်နေပြီ။ ယခု သူက ကျောင်းထိုင်ဘုန်းကြီးသင်တန်းပင် ပြီးလို့ ရွာမှာ လက်ထောက်ကျောင်းထိုင်ပင် ဖြစ်နေပြီဟု ဆိုသည်။
           "ဦးဝေရောစန၊ ဘာလိုသေးလဲ" ဆိုတော့
          " ဖြစ်နိုင်ရင် ခရီးစရိတ်ကုန်ကျ တာပေးခဲ့ပါ (စုစုပေါင်း ၇ သောင်း ဟုဆိုသည်) ပြီးတော့ ဆက်သွယ်ရေးအတွက် ဟန်းဖုန်းလည်း ရရင်ကောင်းမယ်" ဟုဆိုသည်။     
         ပြုံးလိုက်မိ၏။ ယနေ့ခေတ်က နာဂရဟန်းလည်း ဟန်းဖုန်းလိုသည်။ ဂလို ဘယ်ကမ္ဘာက နာဂရွာလေးကို ချန်မထားခဲ့။
သို့သော် ဒီလူ ဒီမူနဲ့ဆိုလျင် လေရှီးကားလမ်းကတော့ ?????