မေး။ ။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းနှစ်တွေကစလို့ တရုတ်ပြည် ရုတ်တရက်ကြီးပြောင်းလဲလာတာကို မစ္စတာလီ တွေ့မြင်ခဲ့ရတယ်။ ပြောပြရခက်လောက်အောင် ပြောင်းလဲလာတဲ့တရုတ်ပြည်ရဲ့ စီးပွားရေးမှာဘယ်အကြောင်း အရာတွေက အခရာကျသလဲဆိုတာ အကြမ်းဖျင်းပြောပြနိုင်မလား။
ဖြေ။ ။ ပထမဆုံးအချက်ကတော့ တိန့်ရှောင်ဖိန်က သူတို့ပေါ်လစီတွေကို စတင်ပြောင်းလဲလိုက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ထင်တယ်။ အဲဒီအချိန်တုန်းက တရုတ်ပြည်ဟာ တကယ့်အထီးကျန်နိုင်ငံပဲ။ သူ စင်္ကပူရောက်လာပြီး ဘာမှသယံဇာတမရှိတဲ့ ငါတို့နိုင်ငံဟာ ပြည်ပကုန်သွယ်ရင်းနှီးမြှုပ် နှံမှုသက်သက်နဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကို သူ လေ့လာသွားတယ်။ အရင်ဆုံး စပါယ်ရှယ်စီးပွားရေးဇုန်တစ်ခု စတင်ဖွင့်လှစ်တယ်။ အဆင်ပြေသွားတော့ နောက်ထပ် စီးပွားရေးဇုန်တွေ ဆက်လက်ဖွင့်တယ်။ ကျုရောင်းကျီ(Zhu Rongji) စီးပွားရေးဇုန်ဟာ တရုတ်ပြည် ကမ္ဘာ့ကုန်သွယ်ရေးသမဂ္ဂ(WTO)ထဲ သွင်းပေးခဲ့တာပဲ။ အခုဆိုရင် ဒီနယ်မြေက လွတ်လပ်စွာ ရင်းနှီးမြှုပ် နှံခွင့်ရှိတဲ့ နယ်မြေတစ်ခုအနေနဲ့ ပါဝင်နေပြီ။ လုပ်အားခဈေးချို၊ အရည်အချင်းရှိတဲ့ လုပ်အားတွေလည်းရှိ၊ ပညာရှင်တွေလည်းရှိနေသေးသမျှ တန်ဖိုးနည်းပို့ကုန်ပစ္စည်းတွေထုတ်ဖို့ တရုတ်ပြည်က ကမ္ဘာကို ဆွဲဆောင်ထားနိုင်ဦးမှာပဲ။ တစ်ချိန်တည်းမှာပဲ ချမ်းသာလာကြတာနဲ့အမျှ သူတို့ရဲ့ ၀ယ်ယူသုံးစွဲမှုအားကလည်း ကောင်းလာခဲ့တယ်။
မေး။ ။ ဒီလိုဆိုရင် အာရှရဲ့ ကျားတစ်ကောင်ထပ်တိုးလာခြင်းမျိုးလား။ ကိုးရီးယား တံခါးဖွင့်၊ ဟောင်ကောင် တံခါးဖွင့်၊ စင်္ကာပူလည်း တံခါးဖွင့်။
ဖြေ။ ။ မဟုတ်ဘူး။ အခုစကေးက ပိုကျယ်ပြန့်သလို တူလည်းမတူဘူး။ အာရှရဲ့ ကျုားလေးကောင်စလုံး တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုတည်းမှာ စုပြုံထည့်ထားလိုက်လို့ရတယ်။ သူတို့စကေးက သိပ်ကြီးလွန်းတော့ သူတို့စီးပွားရေး တံခါးဖွင့်လိုက်ခြင်းဟာနှစ်ပေါင်း၂၀၊ ၃၀၊ ၄၀ ကြာအောင်တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားနိုင်တယ်။ ဆိုလိုတာက အခု ယူရိုဒုက္ခရောက်နေတာပဲကြည့်။ ၀င်ကျားပေါင်က ဥရောပကို ခရီးသွားခဲ့တယ်။ ဒါနဲ့ အိန်ဂျလာမာ့ခယ်လ် (Angela Merkel-ဂျာမနီဝန်ကြီးချုပ်) က တရုတ်ပြည်ခရီးစဉ်ကို အပြန်အလှန်အားဖြင့် ထွက်လာခဲ့ရတယ်။ ၀င်ကျားပေါင်ဆီမှာ ၃.၂ ထရီလီယံတန်ဖိုးရှိတဲ့ မတို့မထိရသေးတဲ့ အရင်းအမြစ်တွေ ရှိနေလို့။ ဒါဟာ စီးပွားရေးချိန်ခွင်လျှာ ဘယ်လိုပြောင်းသွားရသလဲဆိုတာရဲ့ အဖြေပဲ။ တရုတ်တွေကလည်း ၃.၂ ထရီလီယံကို ဖြုန်းတီးပစ်လိမ့်မယ်လို့ မထင်မိဘူး။ ဈေးချိုချိုနဲ့ရတဲ့ ယူရိုစာချုပ်တွေကို ရင်းနှီးမှုအနေနဲ့ သူတို့ ၀ယ်ယူချုပ်ဆိုကြလိမ့်မယ်။ ဒါက လွှင့်ပစ်တာမျိုးမှမဟုတ်ဘဲ။ တရုတ်တွေ အခုထိ ယုံကြည်ထားတာက ဥရောပဟာ ပြိုလဲသွားမှာ မဟုတ်ဘူး။ ဥရောပကို ပစ္စည်းတင်ပို့တာလည်း ဆုံးရှုံးစရာမရှိဘူးဆိုတာပဲ။
မေး။ ။ ဒီလိုရုတ်တရက်ကြီး စီးပွားရေးတိုးတက်လာတဲ့အတွက် တရုတ်ပြည် ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေက ဘာတွေဖြစ်နိုင်မလဲ။
ဖြေ။ ။ သူတို့အားနည်းချက်တွေကို နယ်ပယ်နှစ်ခုမှာ တွေ့မိတယ်။ ပထမအနေနဲ့ သူတို့ကလူနဲ့မူ မကွဲဘူး။ အခြားပုဂ္ဂိုလ် တစ်ယောက်က တကယ်ရာထူးယူထားတဲ့ လူတစ်ယောက်ထက် အာဏာပိုရှိနေတတ် တယ်။ ဒုတိယအနေနဲ့ သူတို့မှာ တရားဥပဒေစိုးမိုးမှု မရှိဘူး။ ဥပဒေက အာဏာရှိသူရဲ့ ပါးစပ်ကထွက်တဲ့စကား အပေါ်မှာမူတည်နေတယ်။ ဒီတော့ခေါင်းဆောင်တစ်ယောက်ပြောင်းတိုင်း ဥပဒေတွေရော၊ထိပ်တန်းအရာရှိတွေ ရောအပြောင်းအလဲတွေ အများကြီးရှိမယ်။ ဒါက မတည်မငြိမ်ဖြစ်စေတဲ့ အချက်တွေပဲ။
မေး။ ။ ဒီအားနည်းချက်နှစ်ခုကို သူတို့ ပြင်ဆင်ယူနိုင်ပါ့မလား။
ဖြေ။ ။ မလွယ်လှဘူး။ ဒါက သူတို့နိုင်ငံရဲ့ အစဉ်အလာပဲ။ ပြီးတော့ ဒါက ကွန်မြူနစ်ပါတီရဲ့ သူများနဲ့ မတူတဲ့မူဝါဒကဖန်တီးယူတဲ့ ဆန္ဒပဲ။ သူတို့နိုင်ငံကို တကယ်ရော ထိန်းထားနိုင်မလား။ ဒါတော့ ငါလည်းမသိဘူး။ သူတို့ ပြောင်းလဲလိုတဲ့ဆန္ဒရှိတယ်လို့ မထင်မိပါဘူး။
မေး။ ။ အကြောင်းတရားတစ်ရပ်ရပ်က မပြောင်းပြောင်းအောင်ဖိအားပေးလာတာမျိုးလည်း ရှိနိုင်တာ ပဲ မဟုတ်ဘူးလား။ ဆိုပါတော့။ လာမယ့် ၁၅ နှစ်၊ နှစ် ၂၀ အတွင်းမှာပေါ့။
ဖြေ။ ။ ဘယ်လိုပြဿနာတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာကတော့ ငါလည်း မသိဘူး။ ဘယ်လိုပြဿနာပဲကြုံရကြုံရ၊ ဒီပြဿနာက အနောက်တိုင်းဖြေရှင်းနည်းဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ အစိုးရအင်စတီကျူးရှင်းနဲ့ ပြောင်းတဲ့ဆီအထိ ပို့ဆောင်ပေးနိုင်မယ်လို့ မထင်ပါဘူး။ သူတို့ကြုံရမယ့်ပြဿနာကို သူတို့နည်း သူတို့ဟန်နဲ့ပဲ ဖြေရှင်းကြလိမ့်မယ်လို့ပဲထင်တယ်။
မေး။ ။ တရားဥပဒေစိုးမိုးမှု အားနည်းနေတော့ ပညာရပ်ဆိုင်ရာအခွင့်အရေးတွေကို ကာကွယ်မှု၊ လေးစားမှုတွေ မရှိနိုင်တော့ဘူး။ ဒါဆိုရင် ဆန်းစစ်တီထွင်မှုတွေကိုလည်း အဟန့်အတားဖြစ်သွားနိုင်တယ်လို့ မထင်မြင်မိဘူးလား။
ဖြေ။ ။ ဒီအချက်ကို သူတို့ သတိပြုမိမှာဖြစ်ပြီး တစ်ခုခုလည်းလုပ်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ တရုတ်လူမျိုးတွေရဲ့ ပညာရပ်ဆိုင်ရာ ပိုင်ဆိုင်မှုတွေ အလုံအလောက်ရှိပြီဆိုတော့မှ သူတို့ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ စတင်အကောင်အထည်ဖော်ကြလိမ့်မယ်။ သူတို့ ဒီအဆင့်ကို မရောက်သေးဘူး။ လက်ရှိ သူတို့ အစဉ်အလာက တီထွင်ဆန်းသစ်မှုနဲ့ ကုန်ပစ္စည်းမှတ်ပုံတင်မှုတွေကို အဟန့်အတားဖြစ်စေတာတော့ အမှန်ပဲ။ စီးပွားရေးမောင်းနှင်အားတွေ ဒီထက်ပိုကောင်းလာပြီး ပရောဂျက်အသစ်တွေ ထပ်မံအကောင်အထည်ဖော်ဖို့ လိုလာပြီဆိုရင်တော့ ဒီအစဉ်အလာကို သူတို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာရတော့မှာပါ။
Youtube : video |
မေး။ ။ အခုလက်ရှိတရုတ်ပြည်မှာ အပြည်ပြည်ဆိုင်ရာက စီးပွားရေးတွေ ပိုမိုဝင်ရောက်လာပြီး နိုင်ငံခြားကုမ္ပဏီကြီးတွေကလည်း တရုတ်ပြည်နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်လိုလာကြတယ်။ ဒီလိုဆိုရင် လက်ရှိမူဝါဒကို သဘောတူလက်မှတ်ရေးထိုးမှု၊ ပညာရပ်ဆိုင်ရာပိုင်ဆိုင်မှု စတာတွေနဲ့ ပတ်သက်လို့ပေါ့။
ဖြေ။ ။ ဒီအတွက် နှစ်ဦးသဘောတူညှိနှိုင်းဆွေးနွေးကြဖို့ ကဏ္ဍတွေ အဆင့်လိုက် သူတို့ဆီရှိနေပြီး ဖြစ်မှာပါ။ ဒါကလည်း တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်လိမ့်မယ်။ နိုင်ငံတစ်ဝှမ်းလုံး မဖြစ်နိုင်ဘူး။ ၀ူကန်အရေးအခင်းလိုဟာမျိုးက ဗဟိုအစိုးရနဲ့ပြည်သူ ညှိနှိုင်းယူတဲ့အထိ မရောက်လာနိုင်ဘူးလို့ထင်တယ်။ တစ်ခုခုဆို သူတို့က အင်အားသုံးပြီး ဖြေရှင်းမှာပဲ။ လုံလောက်တဲ့ အကြောင်းမရှိဘဲ တရုတ်ပြည်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်မလာနိုင်ဘူး။ သူတို့က အနောက်တိုင်းမူဝါဒကို လေ့လာနေတာမဟုတ်သလို သူတို့စနစ်တိုးတက်ကောင်းမွန်လာဖို့ ဘယ်လိုလုပ်ရရင်ကောင်းမလဲလို့လည်း (အနောက်နိုင်ငံတွေကို) မေးနေတာမဟုတ်ဘူး။ ပြဿနာတွေ ကြုံကြုံလာတော့မှ ကြုံလာတဲ့ပြဿနာကို အခြေခံပြီး သူတို့မူဝါဒကို ညှိနှိုင်းပြင်ဆင်ယူသွားကြလိမ့်မယ်။
မေး။ ။ တရုတ်ပြည်က အနောက်ဆီကနေ ဘာမှမလေ့လာခဲ့ဘူးလား။ တကယ်တော့ မာခ်စ်ဝါဒကလည်း အနောက်ကလာခဲ့တာပဲ။
ဖြေ။ ။ မဟုတ်ဘူး။ အခုပြဿနာက မာခ်စ်ဝါဒနဲ့မဆိုင်ဘူး။ သူတို့ မာခ်စ်ဝါဒကို ယုံကြည်တယ်လို့လည်း ငါမထင်မိပါဘူး။ အဲဒါက သူတို့ ဆိုဗီယက်ပြည်ထောင်စုနောက်ကို လိုက်နေတုန်းကပါ။ ဒါကလည်း အမည်ခံသဘောလောက်ပါ။ ဥပမာအနေနဲ့ ဒီမိုကရေစီဆိုတာကြည့်။တရုတ်တွေပြောနေတဲ့ ဒီမိုကရေစီဆိုတာ အမေရိကန်တို့၊ ဗြိတိန်တို့၊ ငါတို့ပြောနေတဲ့ဒီမိုကရေစီမျိုးမဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အခြေခံဥပဒေက တောင်းဆိုတဲ့ တကယ့်စစ်တမ်းမျိုးကို သူတို့လုပ်ရဲမလား။ ဆိုလိုတာက တရုတ်အစိုးရကို မဲနဲ့ရွေးချယ်တင်မြှောက်လို့ရသလား။ ဒါပဲလေ။ ငါတို့ပါတီ အာဏာတည်မြဲနေဖို့ ငါတို့ဘာတွေလုပ်နေသလဲ ဆိုတာ သူတို့က လေ့လာနေလို့လား။ ငါတို့မှာ ထောက်ခံမဲတွေရှိတယ်။ မဲဆန္ဒနယ်တစ်ခုခု ရှုံးသွားပြီဆိုရင်တောင် နောက်တစ်ချီမှာ ဒီနယ်ကိုပြန်ရဖို့ ငါတို့ ကြိုတင်ပြင်ဆင်ကြရတယ်။ ဒီလိုပြင်ဆင်ရင်းနဲ့ ထပ်ပြီးရှုံးသွားမယ်ဆိုရင်လည်း ရှုံးသွားနိုင်တယ်။ ရှုံးသွားတာ ပြန်ပြီးအနိုင်ရလိုက်တာမျိုးတွေလည်း ရှိနိုင်တာပဲ။ တစ်နည်းပြောရရင် လူထုရဲ့ထောက်ခံမှုမဲတွေနဲ့ အစိုးရကို ပြောင်းလဲပစ်နိုင်တယ်။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဟာရိုးလာစကီ(Harold Laski)က သမိုင်းဝင်စကားတစ်ခွန်းပြောခဲ့ဖူးတယ်။” တော်လှန်ရေးဆိုတာ စိတ်ဓာတ်တော်လှန်ရေးလုပ်၊ဒါမှမဟုတ်ရင်အကြမ်းဖက်တော်လှန်ဖြစ်သွားတယ်”တဲ့။ သူတို့ပြုပြင်ပြောင်းလဲရေး ကိုပြည်သူ့မဲနဲ့ လုပ်မှာမဟုတ်သလိုပြဿနာရဲ့ အဖြေကို ရှာရာမှာလည်း လူထုထောက်ခံမှုတွေယူနေကြ မှာမဟုတ်ဘူးလို့ ထင်တယ်။
မေး။ ။ ဟူးကော် (Hukou) ဥပဒေနဲ့ ပတ်သတ်လို့ တရုတ်ပြည်တွင်းမှာ အကြီးအကျယ်အငြင်းပွား မှုတွေ ရှိခဲ့ဖူးတယ်။ တောင်းဆိုမှုတိုင်းလည်း ပယ်ချတာခံခဲ့ရတာချည်းပဲ။ ဒီဥပဒေကိုတရုတ်အစိုးရက ပြောင်းလဲ ပေးလိမ့်မယ်လို့ထင်ပါသလား။ နေ့ချင်းညချင်းကြီးတော့ မဟုတ်ဘူးပေါ့။ တဖြည်းဖြည်းနဲ့များ မြို့ပြတွေပေါ် တက်ရောက်နေထိုင်ခြင်းကို မသိမသာလက်ခံလာနိုင်စရာ၊ ပြောင်းလဲလာနိုင်စရာရှိမလား။
(Hukou- စစ်စတန်က ဒီပြည်နယ်မှာနေသူက အခြားပြည်နယ်ကို သွားရောက်အခြေချနေထိုင်ခွင့်ကို တားမြစ်ထားတဲ့စနစ်ပါ။ ပြောင်းရွှေ့သွားတဲ့ပြည်နယ်အသစ်က ပြောင်းရွှေ့လာတဲ့လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ အကူအညီတွေမပေးပါဘူး။ ဂျပန်မှာလည်း ဒီဥဒေမျိုးရှိတယ်လို့သိရပါတယ်)။
ဖြေ။ ။ ပြောင်းလဲကောင်းပြောင်းလဲမှာပေါ့ ငါဆိုရင်လည်း ပြောင်းရွှေ့လာတဲ့လူတွေရဲ့တာဝန်ကိုယူဖို့ မြို့ကြီးတွေနဲ့ မြို့ကြီးတွေမှာရှိတဲ့ အရာရှိတွေကို အမိန့်ထုတ်ထားရလိမ့်မယ်။ အစိုးရကလက်ရှိဘက်ဂျက်ထက် ပိုပြီးချမပေးရင် ဒီတာဝန်တွေအတွက် ကုန်ကျစရိတ်တွေကို ဘယ်လိုဖြေရှင်းကြမလဲ။
မေး။ ။ စီးပွားရေးနဲ့ပတ်သက်လို့အခြေခံအရေးတကြီး အချက်တွေညှိနှိုင်းပြင်ဆင်မှု မလုပ်နိုင်ဘူးဆို ရင် တရုတ်စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကတော့ သတိပေးထားပါတယ်။ ဒါကအစိုးရပိုင်စီးပွားရေးတွေကို ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးဖို့ ရည်ညွှန်းထားတာပါလား။
ဖြေ။ ။ သူတို့နည်းက သိပ်ပြီးမထိရောက်တဲ့နည်းပါ။ နိုင်ငံပိုင်စီးပွားရေးကုမ္ပဏီတစ်ခုရဲ့မန်နေဂျာက ပုဂ္ဂလိကပိုင်စီးပွားရေးမန်နေဂျာနဲ့ စိတ်ဓာတ်ချင်းလုံးဝမတူနိုင်ဘူး။ သူတို့ကလမ်းညွှန်ချက်တွေတော့ ပေးထား တယ်။ အလုပ်ကြိုးစား၊ အကျိုးရှိရှိလုပ်ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့သူတိုလုပ်နေတာ အကျိုးများများ မများများ လစာကပုံမှန်ရနေတော့ ဒီအတိုင်းပဲနေမှာပဲ။ အဲဒီမန်နေဂျာတွေကိုယ်တိုင် သူတို့ကိုယ်ပိုင်၊ ရှယ်ယာပိုင်ဖြစ်သွား တော့မှသူတို့စိတ်လည်းပြောင်းသွားမှာ။ ဒါဆိုရင်တော့တစ်ရက်မှာ (၂၄)နာရီလုံးလုံးတွေးတောစဉ်းစားအဖြေ ထုတ်နေကြမှာ။ တရုတ်အစိုရက ပုဂ္ဂလိကပိုင်တွေအဖြစ်လွှဲပေးဖို့ ပြင်ဆင်နေပြီလား။ ရုရှားပုဂ္ဂလိကပိုင်တွေ အဖြစ် လွှဲပြောင်းပေးလိုက်တော့ သူဌေးကြီးတွေက စီးပွားရေးယန္တရားရဲ့ အကြီးဆုံးအစိတ်အပိုင်းတွေကို ရသွား ကြတယ်။ သူတို့ကိုယ်ပိုင်လည်းဖြစ်သွားရော သူတို့လည်းတကယ်အားစိုက် အလုပ်လုပ်ကြတော့တာပဲ။
မေး။ ။ တရုတ်ပြည်ရော ဒီလိုလုပ်လာမယ်လို့ထင်ပါသလား။
ဖြေ။ ။ တရားမျှတတဲ့လွှဲပြောင်းပေးမှုဖြစ်အောင် သူတို့ဘယ်လိုလုပ်ကြမလဲ။ဘယ်သူ့ကိုလွှဲပြောင်းပေးကြမှာလဲ။
မေး။ ။ အထက်လူကြီးတွေကို ကပ်မှရတာရယ်၊ အထက်လူကြီးတွေရဲ့ ထောက်ပံ့မှု(အကပ်ရှိမှ)ရမှ ဖြစ်နိုင်တာရယ် စတဲ့အချက်တွေ ထောက်ဆကြည့်ရင် ဒီစနစ်က တရုတ်ပြည်ထဲမှာ အံဝင်ခွင်ကျရော ရှိနိုင်ပါ့မလား။
ဖြေ။ ။ ဒီအတိုင်းသာ ပုဂ္ဂလိကပိုင်လွှဲပေးလိုက်လို့ကတော့ အစိုးရထိပ်သီးပိုင်းမှာ အာဏာလုမှုတွေ ဖြစ်လာမှာပဲ။ ဆိုဗီယက်တုန်းကတော့ နိုင်ငံပြိုကွဲသွားတယ်။ ဒီလိုတွေလည်း ဖြစ်လာရော ဆိုဗီယက်တွေလည်း ခေါင်းတွေခြောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး။
မေး။ ။ အကျိုးသက်ရောက်မှု သိပ်မရှိလှတဲ့ နိုင်ငံတော်ပိုင်စီးပွားရေးလည်ပတ်မှုကိုလည်း သူတို့ သိမြင်ကြုံတွေ့လာရပြီ။ ဒါဆိုရင် ဒီအကြောင်းတရားတွေက ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးဖို့ တွန်းအားတွေ ဖြစ်မလာနိုင်ဘူးလား။
ဖြေ။ ။ ဒါတော့ ငါလည်း မပြောတတ်ဘူး။ စီးပွားရေးနှေးကွေးမှု အကြီးအကျယ်ရင်ဆိုင်လာပြီ ဆိုရင်တော့ လက်ရှိမန်နေဂျာတွေကို ဘယ်လိုစိတ်ဓာတ် မြှင့်တင်ပေးမလဲ။ ဒါမှမဟုတ် ဒီမန်နေဂျာတွေကိုဖြုတ် ၊ သူတို့ထက် စီးပွားရေးအမြင်ပိုရှိတဲ့ မန်နေဂျာတွေနဲ့ အစားထိုး၊ ဒါမျိုးတွေ လုပ်လိမ့်မယ်လို့ထင်တယ်။ လုပ်တာကဟုတ်ပါပြီ။ ဘယ်လိုလုပ်ကြမှာလဲ။ နီးစပ်တဲ့မိတ်ဆွေတွေ၊ ပါတီထဲကလုပ်ဖော်ကိုင်ဖက်တွေကိုရာထူး ခန့်၊ ဒီလိုလား။ တကယ်လို့လက်ရှိအသေးစားနဲ့ အလတ်စားစီးပွားရေးသမားတွေကိုသာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ကိုင်ခွင့်ပေးလိုက်၊ ဒီကုမ္ပဏီတွေက တဖြည်းဖြည်း ကြီးထွားလာလိမ့်မယ်။ နောက်ဆုံး သူတို့ကပဲ အစိုးးရစီးပွားရေးကုမ္ပဏီကြီးတွေကို လက်လွှဲယူနိုင်လိမ့်မယ်။ သူတို့ကကိုယ်ပိုင်စီးပွားရေးနဲ့တက်လာတဲ့ သူတွေဖြစ်ပြီး စီးပွားရေးနဲ့ ဈေးကွက်သဘောကိုလည်း သူတို့ပဲ ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်တယ်။
မေး။ ။ အသေးစားစီးပွားရေးတွေကို အကြီးစားစီးပွားရေးတွေဖြစ်လာအောင် လုပ်ပေးနိုင်ရင်တော့ ဒါက ဖြစ်နိုင်တဲ့ကိစ္စပေါ့။
ဖြေ။ ။ ဒါပေမယ့် သူတို့မှာ (အသေးစားစီးပွားရေးသမားတွေမှာ) အရင်းအနှီး အလုံအလောက် မရှိကြဘူး။ ဘတ်ဂျက်တွေအားလုံးက အစိုးရပိုင်စီးပွားရေးကုမ္ပ ဏီတွေထဲပဲ ရောက်သွားတယ်။ သူတို့သာ တကယ်ဆန္ဒရှိရင် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို အရင်းအနှီးထုတ်ပေး၊ ပြီးရင် စီးပွားရေးပညာရှင်မျုားအဖွဲ့ဆိုပြီးဖွဲ့စည်း၊ ဒါဆိုရင်ဒီအဖွဲ့တွေက အစိုးရစီးပွားရေးတွေကို လက်လွှဲယူနိုင်တဲ့အထိ အားကောင်းလာလိမ့်မယ်။ ငါတော့ ဒီနည်းတစ်နည်းပဲ မြင်မိတယ်။
မေး။ ။ လက်ရှိတရုတ်အစိုးရ စီးပွားရေးလုပ်နေပုံ၊တီထွင်ဖန်တီးမှုမှာ ထိပ်ဆုံးအထိရောက်နိုင်ဖို့ဆိုပြီး နိုင်ငံရေးအရစည်းရုံးနေပုံတွေကို လေ့လာကြည့်ရင်သူတို့ဟာ အမေရိကန်တွေလို ထိပ်ဆုံးအထိရောက်လာ နိုင်မယ်လို့ မြင်မိပါသလား။
ဖြေ။ ။ ဒါပဲလေ။ ဒါကြောင့်လည်းသူတို့(တရုတ်) တစ်တွေအိုင်ပက်တွေ၊ အိုင်ဖုန်းတွေ မလုပ်နိုင် တာပေါ့။ ဘယ်မလဲ စတိ(ဗ်)ဂျော့(ဂ်ျ)၊ စတိဗ်က တီထွင်သူ၊ ဒီပစ္စည်းရောင်းချခွင့်လိုင်စင်ရသူ၊ သူလည်း မီလျံပေါင်းများစွာ ချမ်းသာသွားရော။
မေး။ ။ ဒါဆိုရင် တရုတ်ပြည်ရဲ့ အနာဂတ်အတွက် ရင်ဆိုင်ရမယ့်ပြဿနာက ဘာဖြစ်မလဲ။ ထိပ်သီးပိုင်းမှာ အမေရိကန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဘယ်အရာတွေက အဟန့်အတားတွေ ဖြစ်နေမလဲ။
ဖြေ။ ။ ပြဿနာတွေက အခုကတင်စတက်နေပြီ။ ကမ္ဘာမှာတီထွင်ထားတဲ့ ပစ္စည်းတိုင်းကိုလိုက်ကြည့်။ အိုင်ဖုန်း၊အိုင်ပက်၊အင်တာနက်၊တရုတ်တွေကဘာဖြစ်လို့ ဒါတွေ မတီထွင် နိုင်တာလဲ။ ဒါက အရည်အချင်းမရှိလို့ မဟုတ်ဘူး။ တစ်ခုခုမှားနေလို့။
မေး။ ။ ဥပမာအားဖြင့် အခုဆိုရင် တရုတ်ကျောင်းသားတွေ အမေရိကန်တက္ကသိုလ်ကြီးတွေမှာ ပညာသင်နေကြတယ်။ အဲဒီအထဲက အတော်ဆုံးကျောင်းသားတွေ တရုတ်ပြည်ထဲကို ပြန်ဝင်လာ။ ပြီးတော့…
ဖြေ။ ။ စစ်စတန်ကိုပြောင်း၊ ဒီလိုလား။
မေး။ ။ အနည်းဆုံး နည်းပညာရပ်ဆိုင်ရာမှာပေါ့။
ဖြေ။ ။ သူတို့ တရုတ်ပြည်ထဲပြန်ရောက်တော့ အလယ်အလတ်အဆင့်ရာထူးတွေ ရကြမှာပေါ့။ သူတို့ ထိပ်ရောက်သွားပြီလည်းဆိုရော မင်းတို့ပြောတဲ့ လူငယ်တွေကိုယ်တိုင် ရှေ့ကအရာရှိကြီးတွေ လျှောက်ခဲ့တဲ့လမ်းကို မွေးမြူလျှောက်လှမ်းမိလျက်သား ဖြစ်သွားရော။ အဲဒါ တရုတ်ပြည်ရဲ့ ပြဿနာပဲ။ ငါဆိုလိုတာက စီမံခန့်ခွဲမှု အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတွေကို အမေရိကန်ကိုလွှတ်၊ ပညာအသင်ခိုင်းပြီးတော့ သူတို့ကိုလက်ရှိစနစ်နဲ့ မတူစေဘဲ သူတို့စိတ်ကြိုက်စီးပွားရေး လည်ပတ်ခိုင်းလိုက်၊ ဒါဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ငါထင်တယ်။ ဒါပေမယ့် ဒီလိုလုပ်လိုက်ရင် သူတို့အာဏာလည်း လက်လွတ်ခံရလိမ့်မယ်။ ဒီတော့ ဒီလမ်းကို သူတို့လိုက်မယ်လို့ မထင်မိပြန်ဘူး။ သူတို့ လုံးဝလုပ်မှာမဟုတ်ဘူး။ လုပ်လိုက်ပါပြီတဲ့၊ ဒါပြီးရင် သူတို့ ဘာဆက်လုပ်ကြမှာလဲ။
မေး။ ။ဒီလိုအတွင်းရေးပြဿနာတွေရှိနေတော့တရုတ်ရဲ့ စီးပွားရေးဟာကမ္ဘာ့ဘဏ်ကခန့်မှန်းထား သလို နှေးကွေးသွားနိုင်မယ့်သဘောရှိသလား။
ဖြေ။ ။ အေးပေါ့၊ နှေးကွေးမှာ။ ဈေးချိုချိုနဲ့ရတဲ့ လုပ်အားတွေ ကုန်သွားရင် သူတို့စီးပွားရေးကျသွားမှာ။
မေး။ ။ လာမယ့်(၁၅)နှစ်၊ အနှစ်(၂၀)အတွင်းမှာ တရုတ်ယွမ်ငွေဟာ (အမေရိကန်ဒေါ်လာလို) လွတ်လွတ်လပ်လပ်လွှဲပြောင်းသုံးစွဲလို့ရတဲ့ ငွေကြေးဖြစ်လာမလား။
ဖြေ။ ။ ဒီအတွက် သူတို့ကြိုးစားနေကြတယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် ပြောင်းလွှဲလို့ ရတယ်ဆိုတိုင်း လဲလှယ်မှုနှုန်းမျှမျှတတရှိမယ်လို့တော့ မဆိုနိုင်ဘူး။ ကိုယ့်ရဲ့ပြည်ပပို့ကုန်ကိုမြှင့်တင်ချင်လို့ ကိုယ့်ငွေကိုဈေးလျှော့ချလိုက်တာမျိုးတော့ လုပ်လို့ရတယ်။ တဖြည်းဖြည်းနဲ့မှ ပြန်မြှင့်ယူမှာပေါ့။ သူတို့က ကုန်ကျမှုအနည်းဆုံးပို့ကုန်ပစ္စည်းတွေပို့နိုင်ဖို့ ဆန္ဒရှိတယ်။ တကယ်တော့လည်း တရုတ်စီးပွားရေးက နိုင်ငံခြားပို့ကုန်တွေနဲ့ စီးပွားရေးတက်လာတာ။ အမေရိကန်တွေလို ပြည်တွင်းဝယ်ယူစားသုံးမှုအားနဲ့ တက်လာတာမဟုတ်ဘူး။ အမေရိကန်တွေကလည်း တရုတ်တွေ ဒီလိုဖြစ်လာဖို့ ဆန္ဒရှိကြတယ်။
တဖြည်းဖြည်းနဲ့တော့ ဒီစနစ်ကိုပြောင်းယူဖို့ သူတို့လည်း ဖိအားတွေရှိလာနိုင်တယ်လို့ထင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ လူလတ်တန်းစားတွေရဲ့ စိတ်ဓာတ်တွေကို အရင်ပြောင်းလဲလာဖို့လိုမယ်။ လူလတ်တန်းစားတွေကို စုပဲမနေဘဲ သုံးဖို့စွဲဖို့လည်း အားပေးမှရမယ်။ သေချာတာတစ်ခုကတော့ တရုတ်ပြည်ရဲ့စီးပွားရေး ပုံမှန်တိုးတက်လာနေဖို့ ပြည်တွင်းဝယ်ယူသုံးစွဲမှုအားကို မြှင့်တင်မှရမယ်ဆိုတာပါပဲ။ ဒီလိုဖြစ်လာဖို့ဆိုပြန်တော့လည်း တိုးတက်လာတဲ့ စီးပွားရေးဝေစုကိုလည်း ကုန်းမြေပေါ်ကပြည်နယ်ထဲ ရှိလူထုကိုလည်း ပုံစံတစ်မျိုးမျိုးနဲ့ ပြန်လည်မျှဝေပေးမှရမယ်။ မဟုတ်ရင် သူတို့မှာ သုံးစွဲမှုအား မရှိဘူး။ ရေတကယ်မြင့်လာရင် ရေထဲကသင်္ဘောတွေအားလုံးလည်း မြင့်လာရမယ်လေ။
မေး။ ။ ဒီတော့ လက်ရှိမြင်ကွင်းကိုကြည့်ပြီး မစ္စတာလီကောက်ချက်ချတာက တရုတ်ဗဟိုအစိုးရဟာ အထင်ကရပြောင်းလဲမှုတွေလုပ်ယူမှ ရတော့မယ်။ လူမှုရေးစစ်စတန်တွေ ပြောင်းယူရမယ်။ ပညာရေးနဲ့ လေ့ကျင့်သင်ကြားပေးရေးတွေ လူတန်းစားအစုံဆီရောက်သွားအောင်လုပ်ယူရမယ်။ ဒါမှလည်းမစ္စလီပြော သလို သင်္ဘောအားလုံးမြင့်တက်လာမယ်။ စီးပွားရေးပုံမှန်အင်အားကောင်းနေဖို့ လူထုရဲ့စိတ်ဓာတ်ကိုပါ ပြောင်းလဲယူရမယ်။ ဒီလိုလား။
ဖြေ။ ။ အေးလေ၊ မင်းပြောသလိုပဲပေါ့ ဒီလိုသူတို့မလုပ်နိုင်ရင် သူတို့စီးပွားရေးလည်း တန့်သွားမှာပဲ။ စီးပွားရေးတန့်သွားတာကို သူတို့မလိုချင်တော့ သူတို့ပြောင်းလဲရတော့မှာပေါ့။
- ပြီး -