အမှာ။ ။ ဤဆောင်းပါးကို ဘာသာပြန်ရန် ကာလအတန်ကြာကတည်းက ဆန္ဒရှိခဲ့သည်။ သဘောတူသည်၊ မတူသည်ကို အပထား ရဲတင်းသော မတူညီသော အမြင်တို့ကို တွေ့ရသည်။ ဟုတ်ပါသည်၊ မှန်ပါသည်ဟု ဝန်ခံရန်လက်တွန့်နေတတ်သော်လည်း မဟုတ်မမှန်ဟု ငြင်းဆိုရန်လည်းခက်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာနှင့်တော့ အငြင်းပွါးဖွယ် ကွန်ထရိုဗာရှယ် ဖြစ်နိုင်၏။ သို့သော် 3-D ဟူသော ခေါင်းစဉ်အောက်၌ကား ချန်ထားခဲ့သင့်သည်ဟု မယုံကြည်သဖြင့် ဖော်ပြလိုက်သည်။ ယောနိသော မနသိကာယ (သို့မဟုတ်) Open-minded ဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်ခံလို၏။ (သီဟနာဒ)
အိမ်ယာတည်ထောင်နေထိုင်သော လူသားတို့ဘဝကို ဃရာဝါသဟု ခေါ်၏။ ပိဋကတ်သုံးပုံ၌ ဃရာဝါသဖြစ်သော လူသားတို့ဘဝနှင့် ဃရာဝါသမဟုတ်သော ရဟန်းသီလရှင်တို့၏ ဘဝခြားနားချက်ကို ခပ်ရှင်းရှင်း ဖော်ပြသည်ကို မကြာမကြာတွေ့ရသည်။
ပထမဖြစ်သော လူသားတို့ဘဝကို ရာဂပထ ရာဂလမ်း( dusty and confining) ဟု ဖော်ပြပြီး ရဟန်းတို့ဘဝကို အဗ္ဘောကာသ လွင်တီးကောင်ရပ်ဝန်း(free as the breeze) ဟု ဖော်ပြသည်။ (D-1,63)
လူ့ ဂျင်နရေးရှင်းအဆက်ဆက်ကို ဆက်စပ်ကြည့်မယ်ဆိုလျှင် အလွန်ရိုးရှင်းလှသော အဆိုအမိန့်ဟု ယူဆရန်ရှိသည်။ ဘုရားရှင်လက်ထက်တော်အခါက ရဟန်း၊ သီလရှင်တို့ဘဝသည် လွတ်လပ်၏။ သို့သော် အခက်အခဲပေါင်း များစွာရှိ၏။ အများစုသည် အတည်တကျ နေရာထိုင်ခင်းမရှိသဖြင့် အချမ်း၊ အပူ၊ ဆာလောင်မှု၊ မွတ်သိပ်မှု၊ မှက်၊ ခြင်၊ ယင် ကိုက်ခဲမှု၊ လ၊ နေတို့၏ နှိပ်စက်မှုစသည်တို့ကို ခံစားကြရသည်။ (M-1, 10)
ဝိနယပိဋကတ်တော်လာ အဖြစ်အပျက်တို့ကိုကြည့်လျှင် ဘုန်းတော်ကြီးကျောင်းများ အတွင်းမှာပင် ပုဂ္ဂလိကရေးရာ ပြဿနာများ၊ မနာလိုဝန်တိုမှုများ၊ သဘောထားမတိုက်ဆိုင်မှုများ တွေ့ရသည်။ (M-1,321)
ထိုမှ ဆန့်ကျင်စွာ လူသား၏ဘဝ၌ “ အမိုးအကာလုံခြုံသော အိမ်အောက်၌ ခိုင်ခံ့သောတံခါး၊ ပြတင်းတို့ဖြင့်ကာရံ၍ စားပွဲ၊ ကုလားထိုင်တို့ကို ကောင်းစွာဖုံးအုပ်ထားလျက်၊ အလှအပ ခြုံစောင်တို့ဖြင့် စည်းစိမ်ခံစားနိုင်၏……..A-1, 137) ” ဟု ဖော်ပြထားလေသည်။
ဤမျှ စည်းစိမ်အပြည့်ရှိနေသော်လည်း လူသားတို့ဘဝမှာ အားနည်းချက်ကား ရှိနေ၏။ ရှေးဟောင်းအိန္ဒိယ လူ့ယဉ်ကျေးမှုစနစ်အရ ထိုလူသားသည် ဇာတ်ခွဲခြားမှုကို အခြေခံသော မိဘများ၊ လူ့အဖွဲ့အစည်းများထံမှ ကန့်သတ်မှုများစွာ ရှိနေဆဲပင်ဖြစ်၏။ အမျိုးသမီးများအတွက် ပို၍ဆိုးဝါး၏။ သူမ၏ခင်ပွန်း၌ ယောက္ခမတို့အပေါ် တာဝန်ဝတ္တရားများ များစွာရှိ၏။ ကိုယ်ဝန်ထိန်းချုပ်မှုဟူသည်ကလည်း ကြားပင်မကြားဖူးသေးချေ။ ထို့ကြောင့် ပဋိသန္ဓေနှင့်စပ်သော ဒုက္ခများ ကြိမ်ဖန်များစွာ ခံစားကြရရှာသည်။ မိသားစုတိုးပွားလာခြင်းကြောင့် ခံစားမှုနှင့်စပ်သော ကျေနပ်ရမှု၊ ကြည်နူးရမှုများရှိနိုင်သော်လည်း တစ်ယောက်နှင့်တစ်ယောက်အကြား ပုဂ္ဂိုလ်ရေး ပြဿနာများ၊ လွတ်လပ်မှုမရရှိခြင်း ပြဿနာများ များစွာရှိခဲ့သည်။
ထိုသို့သော ဒုက္ခ၊ သုက္ခများကြား တရားမမေ့ကြရန် “ စီးပွါးရေး ခရီးထွက်သောအခါ၌ဖြစ်စေ၊ မိသားစုနှင့် အိမ်မှာရှိနေသောအခါ၌ဖြစ်စေ” ဟု ဆုံးမတော်မူခဲ့သည်။ (A-V, 333) အချို့သော လူသာဝကများ တရားထူးများ ရရှိသွားကြပြီး ထောင်သောင်းမကသော သာဝကများလည်း လမ်းစဉ်မှန်ပေါ်သို့ ရောက်ရှိခဲ့ကြသည်။ (M-1.491, 912)
ဘီစီငါးရာစု လူသား၏ဘဝသည် တရားထူးရရန် အလွန်အလှမ်းကွာဝေးနေသေးသည်ဟု ယူဆနိုင်သည်။ သို့သော် ယနေ့လူ့အဖွဲ့အစည်းနှင့် မိသားစုတည်ဆောက်မှု ပုံသဏ္ဍာန်သည် ထိုခေတ်နှင့်များစွာ ခြားနားနေပြီဖြစ်သည်။ အထူးသဖြင့် အနောက်တိုင်းနိုင်ငံများမှ လူသားဘဝသည်( အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) လွတ်လပ်မှု၊ ကိုယ်ပိုင်အခွင့်အရေး၊ စာပေကို လေ့လာကျင့်သုံးရန် အချိန်များစွာရှိနေကြသည်။ ထို့ကြောင့် ဓမ္မကို လူ့ဘဝဖြင့် ပြည့်စုံအောင်ကျင့်သုံး၍ မရနိုင်ဆိုသော စကားအတွက် အဓိပ္ပါယ်သိပ်မရှိတော့ပေ။
လူသားများဘဝက ဘုရားရှင်လက်ထက်ကနှင့်မတူ ပြောင်းလဲသွားသလို၊ ရဟန်း၊ သီလရှင်များ၏ ဘဝကလည်း ထို့ထက်ပင်ပို၍ ပြောင်းလဲနေပေသည်။ ယနေ့ခေတ် ရဟန်းတော်အများစုသည် မဆုံးနိုင်သော တာဝန်ဝတ္တရားတို့ဖြင့် လည်ပတ်နေကြသည်။ အခမ်းအနားများ၌ ဆုပေး၊ ရေစက်ချ၊ တရားဓမ္မဟောဖို့ပြင်ဆင်၊ သာရေးနာရေးဆောင်ရွက်၊ ပြဿနာများကို လက်ခံဖြေရှင်း၊ ဆွေးနွေး၊ ဘာသာရေးစာမေးပွဲများအတွက် လေ့လာကျက်မှတ်၊ ရာသီပွဲတော်များ လက်ခံကျင်းပ စသည်တို့ဖြစ်သည်။
ကျောင်းထိုင်ဆရာတော် အများစုသည် ကျောင်းတိုက်တာ ဆောက်လုပ်နိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက် အလှူငွေရအောင် ကြံဆောင်ရခြင်း၊ နောက်တစ်လအတွက် ရေ၊ မီးအခွန်များရအောင် ကြံဆောင်ရခြင်း စသည်တို့ဖြင့် အချိန်များများ ကုန်နေကြရသည်။
လူတော်တော်များများ စရဏကျင့်စဉ်အဆင့် မတက်နိုင်ကြခြင်းသည် သူတို့ကိုယ်တိုင် ရဟန်းဘဝကို မခံယူနိုင်ခြင်းမဟုတ်၊ ရဟန်းမဝတ်ဘဲ ဒီအကျင့်တွေကို ကျင့်လို့မရဟူသော အယူအဆအစွဲသာဖြစ်သည်။ ဤအတွေးက သူတို့ကို ဓမ္မမကျင့်သုံးဖို့ ဟန့်တားနေခြင်းဖြစ်သည်။
အမှန်တကယ်မူ လူသားဘဝမှာလည်း စိတ်ဓာတ်ရင့်ကျက်ရေး လေ့ကျင့်ရန် အခွင့်အလမ်းများစွာရှိသည်။ ရဟန်းဘဝနှင့် သိပ်မခြားနားတော့ပေ။
သို့ဖြစ်လျှင် ကာမဂုဏ်ဆက်စပ်မှုကိစ္စ၊ ကလေးတွေကို မွေးမြူထိမ်းကျောင်းရသည့် တာဝန်များကရော ဘယ်သွားထားမလဲဟု မေးရန်ရှိသည်။ ကာမဂုဏ်ဆက်စပ်လိုမှုသည် စိတ်အညစ်အကြေးတစ်ခုဖြစ်သည်။ သို့သော် သင်္ကန်းဝတ်လိုက်ကာမျှဖြင့် ထိုဆန္ဒက ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။ လူသားများမှာပင် ဤဆန္ဒက အိမ်ထောင်ပြုစနှစ်များ၌ အရေးတကြီးဟု ထင်နေကြရသော်လည်း ကာလအတန်ကြာသောအခါ လျော့ပါးသွားကြသည်။ အချို့ (လက်ထပ်၊ လက်မထပ်သော) ပုဂ္ဂိုလ်အချို့သည် ရှစ်ပါးသီလ ဗြဟ္မစရိယကို မည်သူ့ကိုမျှ ကတိမပြုပဲ ကျင့်သုံးနေကြသည်။
မှန်၏။ ကလေးများကို မွေးမြူထိန်းကျောင်းရသော တာဝန်ကားမလွယ်ပေ။ သို့သော် ကလေးများ၊ ဇနီးခင်ပွန်းများနှင့်အတူနေရင်းလည်း စိတ်အရေအသွေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကျင့်ကြံရန် အခွင့်ထူးများစွာ ရနိုင်သည်။ မိဘဖြစ်ရခြင်း၊ ဇနီး(သို့) လင်သားဖြစ်လာရခြင်းကြောင့် မိမိဆန္ဒကို အလျှော့ပေးပြီး တစ်ဖက်သားကို ဦးစားပေးရတာတွေ ရှိလာသည်။ ဤသည်မှာ အကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း ပါရမီပင်ဖြစ်သည်။ ထိုမှတဆင့် နိက္ခမကို သွားရောက်နိုင်သည်။ ဤသို့ဖြစ်လာရန် သည်းခံမှု(Patience)၊ ရက်ရောမှု (Generosity)၊ ခွင့်လွှတ်မှု(Forgiveness) နှင့် အနစ်နာခံမှု(Self-sacrifice) တို့လိုအပ်သည်။ မိဘ၊ သားသမီးတို့က တစ်ယောက်ကိုတစ်ယောက်က မေတ္တာ၊ ကရုဏာ၊ နူးညံ့သိမ်မွေ့မှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုတို့ကို တိုးပွါးစေသည်။ ဤဂုဏ်ရည်တို့က စိတ်ပညာရှုထောင့်အရ အလွန်အရေးပါသော အရည်အသွေးတို့ဖြစ်သည်။
အဆုံးစွန်အားဖြင့်ဆိုရလျှင် လူသားနှစ်ဦးကြား ခြားနားမှုထားရှိမှရမည်ဆိုလျှင် ထိုအရာသည် ဝတ်ဆင်သော အဝတ်အစား၏ အရောင်အသွေးမဟုတ်ပဲ ယင်းလူသား၏ စိတ်သာလျှင်ဖြစ်သည်။
ဘုရားရှင်က မိန့်တော်မူသည်-
“ကောင်းမွန်သော အဝတ်အစားတို့ဖြင့် တန်ဆာဆင်ထားသော်လည်း ထိုအမျိုးကောင်းသားသည် ငြိမ်းချမ်းမှ၊ ထိန်းသိမ်းမှ၊ အရိယာလမ်းစဉ်ကို ဖြည့်ဆည်းမှ၊ သတ္တဝါများအပေါ် သနားကြင်နာမှသာ အကြင်သူသည် သူတော်စဉ်ဖြစ်၏” ဟု ဖြစ်သည်။(Dph-142)
အခါတစ်ပါး လောဟိတမထေရ်က လောကကြီးအဆုံးကို ရှာဖွေနေသည်စသဖြင့် လျှောက်ထားသည်။ လောကအဆုံး နိဗ္ဗာန်ကို ဒီနည်းဖြင့် ဘယ်တော့မှ မရနိုင်၊ မရောက်နိုင်ဟု ဖြေတော်မူပြီး-
“လောက၏အဆုံးဟူသည် အခြားပြင်ပလောကထဲ၌ ရှာနေခြင်းဖြင့် မတွေ့နိုင်။ သင့်ကိုယ်တွင်းမှာရှာမှ တွေ့နိုင်သည်” ဟု ဆက်လက်မိန့်တော်မူ၏။
မိမိကိုယ်ကို ပြန်ကြည့်ခြင်းဟူသည် အိမ်ထဲမှာနေရင်းဖြစ်စေ၊ ကျောင်းထဲမှာနေရင်းဖြစ်စေ၊ သင်္ကန်းဝတ်လျက်ဖြစ်စေ၊ လူအဝတ်ဝတ်လျက်ဖြစ်စေ ကြည့်ရှုနိုင်ပေသည်။
-ဝါကျသုံးကြောင်းခန့် ပြန်ဆိုရန်မသင့်သဖြင့် ချန်ထားခဲ့သည်။ ကြည့်ရှုလိုသူများ-
A Guide To Buddhism_ A to Z စာမျက်နှာ 125,6,7,8 ကို ညွှန်းလိုပါ၏။