သူ့ရင်ဘတ်သူ ချိန်တဲ့ မြား
ခြေလှမ်းမှားတဲ့ စိတ်ပညာ နဲ့
ဖြတ်တိုက်လာတဲ့ တောခရေ အပြုံးလေး တစ်ပွင့်။ ။
(ဒီလို တိုက်ဆိုင်မှု အကြောင်းကို မဂ္ဂဇင်း အယ်ဒီတာတွေ တော်တော်ပြောတတ်ကြပါတယ်။ တကယ်က ဘယ်လို စီစဉ်ထားတာမှ မရှိဘူး။ ကြိုက်လို့ ရွေးထားမိပြီး မဂ္ဂဇင်းပေါ် တင်လိုက်မှ စာမူတွေဟာ တစ်ပုဒ်နဲ့ တစ်ပုဒ် သွားပြီး ဆက်စပ်မိနေလျက်သား ဖြစ်တတ်တာ။ ဒီ အကြောင်းကို ကိုလတ် (အင်းဝ ) လည်း မကြာ မကြာ ပြောတယ်။ အခု ပိတောက် ပွင့်သစ်ကို ပြန်ဖတ်ရင်း တစ်ပုဒ်နဲ့ တစ်ပုဒ် ဆရာတွေရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ချိတ်မိနေတာလေးတွေ တွေ့ရလို့ ပြန်ကူးပြီး တင်လိုက်တာပါ။ )
ကျွန်တော် ကြည့်ဖူးသည့် ရုပ်ရှင်ကား တစ်ကားကို သွား သတိရမိသည် အမည်တော့ မမှတ်မိတော့ ပေ။ ဇာတ်လမ်းက ဆေးဆရာကြီးတစ်ဦးဟာ ဟိုး နန်းတော်ကြီးနဲ့ အလွန်ဝေးတဲ့ ရွာလေး တစ်ရွာမှာ ဆေးကု တရားကျင့်ကြံရင်း ဆေးဆိုင်ဖွင့်ပြီး မိသားစုနဲ့ ရိုးကုတ်စွာ လုပ်ကိုင် စားသောက်နေတယ်။ အဲဒီအခါ ဘုရင့်ထံပါးမှာ ခစားနေတဲ့ နန်းတွင်း သမားတော်လေးဟာ အဲဒီ ဆေးဆရာကြီးရဲ့ တပည့် နှစ်ဦးထဲက တစ်ဦး ဖြစ်နေသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ထဲ ကြီးထွားသော ဝမ်းတွင်း အနာ ရောဂါကြီး စွဲကပ်လာသတဲ့။ နန်းတွင်း သမားတော်လေး ကုလို့ မပျောက်တဲ့ ရောဂါကို သူ့ဆရာ ဆေးဆရာကြီးမှာ ကုထုံးရှိသတဲ့။
ဒါကြောင့် နန်းတွင်း သမားတော်လေး နဲ့ အတူ ရဲမက် ရမ်းကားတွေက ဆေးဆရာကြီးရဲ့ မျက်နှာကို အဝတ်နက် စည်းပြီး ချုပ်နှောင် ဖမ်းဆည်း ခေါ်ဆောင် သွားကြသတဲ့။ လျှို့ဝှက် ချုပ်နှောင်ထားတဲ့ နေရာရောက်တော့ ဘုရင်ကြီးရဲ့ ရောဂါ လက္ခဏာ နဲ့ ပျောက်အောင်ကုနိုင်တဲ့ ကုထုံးကို မေးသတဲ့။ မဖြေတော့ ရိုက်နှက် စစ်ဆေး သတဲ့။
ဆရာကြီးက မျက်နှာစည်းထားပေမယ့် သူ့ တပည့်ရဲ့ အသံကို မှတ်မိတာကြောင့်
"မင်းမှာ ဆေးဆရာတစ်ယောက် ရှိအပ်တဲ့ ကိုယ့် ကိုယ်ကျင့်တရား၊ ကျေးဇူးသစ္စာ စောင့်သိမှု၊ လိုက်နာရမည့် စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်။ စိတ်ဆိုး စိတ်ယုတ် ရှိသူဖြစ်တယ်၊ မင်းဟာ လောကကို လောဘနဲ့ တည်ဆောက်သူ ဖြစ်တယ်။ ငါ့ဆီမှာ ဒီဘုရင်ကြီးရဲ့ ရောဂါကို ကုနိုင်တဲ့ ကုထုံး ရှိလျက်နဲ့ မင်းကိုတော့ ဘယ်တော့မှ သင်မပေးတော့ဘူး လို့ "
သူ့ တပည့် အသံလာရာကို စေ့စေ့ကြည့်တယ်။ စကားတွေ တစ်လုံးချင် တဖြည်းဖြည်းချင်း ပြောချလိုက်တယ်။
" ငါ့ တစ်သက်မှာ အမှား နှစ်ခုပဲ ပြုဖူးတယ်၊ ပထမ အမှား တစ်ခု က ငါ ဆေးဆရာဖြစ်စ ငါ့ အမေရဲ့ မျက်စိ ကြည်စေဖို့ ဆေးတစ်မျိးကို စမ်းသပ်ထည့်ပေးမိတယ်။ ငါ့ ဆေးထည့်ပြီး အမေ့ မျက်လုံး စုန်းစုန်း ကွယ်ခဲ့ရတဲ့ အမှား တစ်ခု ။ နောက်ထပ် အမှား တစ်ခုက မင်းလို တပည့်မျိုး ငါ မွေးဖွားပေးခဲ့မိတဲ့ အမှား။ ငါ့ကိုယ်ငါ နောင်တ ရ လို့ မဆုံးဘူး။ ကဲ မင်းလည်း ငါ့ ကို သတ်လို့ ရပြီ "
"တရံရော အခါက စိတ်ပညာရှင်ကြီး တစ်ဦးသည် ရိုင်း မြစ်ကမ်းပါး၌ထိုင်၍ မှိုင်နေသော လူငယ် တစ်ယောက်ကို သွား၍တွေ့သည်။ စိတ်ပညာရှင်ဆရာကြီးက လူငယ်၏ အမူ အယာကို ကြည့်ရခြင်းအားဖြင့် အကြီးအကျယ် စိတ်ပျက် အားငယ်နေကြောင်း တွေ့ရသည်။ လူငယ်အား စတင် စကားပြောမိသော အခါ ဆရာကြီး၏ ခန့်မှန်းချက် မလွဲပါပေ။
"ဟုတ်တယ် ကျွန်တော် ဒီ ရိုင်းမြစ်ကြီးထဲ ခုန်ဆင်းသေဖို့ စဉ်းစားနေတာပဲ ။ ကျွန်တော့မှာ အလုပ်လည်း မရှိဘူး၊ စားစရာလည်း မရှိဘူး။ မှီခို တွယ်တာစရာလည်း မရှိဘူး။ အဒီတော့ ကျွန်တော့လို လူမျိုး သေတာဘဲ ကောင်းတယ် မဟုတ်လား"
ဟု လူငယ်က ဟုတ်တိုင်းမှန်ရာ ဖွင့်ဟ ဝန်ခံရှာလေသည်။
ဒီတော့ ဆရာကြီးက လူ့ဘဝမှာ ရခဲကြောင်း၊ ရခဲလှသော လူ့ဘဝကို စွန့်လွှတ်ရသည်ထက် ပို၍ ဆုံးရှုံးမှု ဟူသည်က မရှိတော့ကြောင်း၊ ယနေ့ သေချင်စိတ်ကို ဖျောက်၍ တစ်စုံတစ်ရာကို ဇွဲ ကောင်းကောင်းနှင့် ကြိုးပမ်းကြည့်စေလိုကြောင်း၊ အလဟဿ အသေခံမည့် အစား ကြိုးပမ်းရင်း သေသွားတာက ပို၍ မွန်မြတ်မည် ဖြစ်ကြောင်း စသဖြင့် လူငယ် စိတပြောင်းလာအောင် ဖျောင်းဖျောင်း ဖျဖျ တရားပြသည်။
လူငယ်ကလည်း စိတ်ပြောင်းလာကာ အချီးအနှီး သေမည့်အစား အောင်မြင်ခြင်း အထွတ်အထိပ် တစ်ခုခုကို ဖန်တီးယူရင်း အသေခံသွားရသည်က မြတ်သေးသည် ဟု သဘောပေါက် သွားတော့သည်။ နောင် နှစ်ပေါင်း အစိတ် ကြာသော အခါ မြစ်တွင်းသို ခုန်ဆင်းသေကြောင်းကြံသော လူငယ်အား တရားဓမ္မပြကာ ကယ်တင်ခဲ့သော စိတ်ပညာရှင်ကြီး မှာ သူ့ကိုယ်သူ သတ်သေချင်စိတ် ပေါက်လောက်အောင် အကြီးအကျယ် စိတ်ငြစ် သွားရတော့သည်။
အကြောင်းမူကား သူ ကယ်ဆယ်လိုက်၍ မသေဖြစ်သူမှာ တစ်ကမ္ဘာလုံးအား မီးလောင်တိုက် သွင်းခဲ့သော ဂျာမနီ အာဏာရှင် ဟစ်တလာ ဖြစ်သောကြောင့်ပင်တည်း ဟူသော စာပိုဒ်ကလေးပင် ဖြစ်သည်"
(တိမ်တွေကို ငေးနေတဲ့အခါ။ ကိုကိုအောင် (ရုက္ခ) ၎င်း မဂ္ဂဇင်း၊ နှာ ၁၆၃၊၁၆၄ )
"ကျွန်မတို့ မြန်မာနိုင်ငံက မသန်းအေး ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဟီလာရီ ကလင်တန် နဲ့ အတူတူပါပဲ"
ပြောလိုက်ရင် ဟီလာရီ ကိုယ်တိုင်က မနာတောင် ကမ္ဘာက အခြား နိုင်ငံသားတွေ၊ အမေရိကန်၊ အင်္ဂလိပ်၊ ဥရောပသားတွေ၊ အာရှတိုက် သားတွေလည်း နာကြမယ် ထင်ပါတယ်။ ဘယ့်နှယ့် မနှိုင်းစရာ မနှိုင်းသာလား။ ဟီလာရီမှာ ဥပဒေ ထိပ်တန်း ပညာရှင်၊ အိုဗားမားနဲ့ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သူ၊ မဲ အနည်းငယ်နဲ့ ရှုံးနိမ့်သော်လည်း လောလောဆယ် အိမ်ဖြူတော်မှာ အရေါးတဲ့ စက္ကထယ်ရီ လုပ်ပြီး အိုဗားမားကို အထောက်အကူ ပြုနေသူ။ ဒီနောက် နိုင်ငံခြားရေး ဝန်ကြီး၊ နောက်ဆုံး ပြောရမှာက အမေရိကန် သမ္မတဟောင်း ကလ်တန်ရဲ့ တော် ငါးဝ ဝင် သမ္မတကတော်ဟောင်း၊ ဂျက်ကလင်း ကနေဒီ နဲ့ စရိုက်ချင်း ကွာခြားသူ၊ ကွယ်လွန်မှ နှိုင်းရတော့ ဂျက်ကလင်းကို အားနာပါတယ်။
မှန်ရာကို သစ္စာဆိုပါတယ်။ မသန်းအေးက ကျွန်မနဲ့ သူ့ မိတ်ဆွေတွေကို အင်မတန် မိတ်ဆက်ပေးချင် ဂုဏ်တင်ချင်တာ။
"ပြီးတော့ ဆရာမက ကျုပ်ကိုပြောသေးတာ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဟစ်တလာ နဲ့ တူသတဲ့ "
သင်္ကန်း လက်ကတော့ ထိုးနေတဲ့ ဆရာတော်ရဲ့ မျက်ခုံး နှစ်ဖက်စလုံး ပင့်လိုက်တယ်။
"ဟဲ့ မသန်းအေး" အာမေဋိတ်သံ ပြုလို့ ကျွန်မလည်း ပျာပျာသလဲ ဖြစ်သွားမိတယ်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မသန်းအေး 'အမှတ် ' လွဲနေတာ "
ပြောပြောဆိုဆို ရယ်မိတယ်၊ ကျွန်မ သူ့ လုပ်ရပ်လေးတွေ သဒ္ဓါကောင်းတာတွေကို အကဲခတ်ရင်း မသန်းအေးကို ဟီလာရီစာအုပ် စကားဦးစာညွှန်း အဓိပ္ပါယ် ပြောခဲ့မိတာ ကြာပါပြီ။ ကျွန်မ နိုင်ငံရပ်ခြား မသွားခင်က ဟီလာရီရဲ့စာအုပ် "ရှင်သန်တဲ့ နိုင်ငံ သမိုင်း" စိတ် နှလုံးကောင်း ရှိသူများ သို့။ မသန်းအေး နားထွေးသွားမှာ စိုးလို့ ရှည်ရှည် ဝေးဝေး ဘာမှပြောတာ မဟုတ်ဘူး။ "စိတ် နှလုံးကောင်း ရှိသူများ သို့" ဆိုတာလေးပဲ။ အဲဒါ ဟီလာရီ နာမည်နဲ့ ဟစ်တလာနာမည် လူပုံလည် မှားပြောတော့တာ။
၁။ " ဝေဖန်ရေးစာပေ ဟူသည်နှင့် အရိုးအား ထပ်မံစစ်ဆေးသူ မောင်ယုပိုင် အား ဆန်းစစ်ခြင်း " နရီ ( မြိတ် ) ပိတောက်ပွင့်သစ်၊ အမှတ် ၃၅၊)
၂ ။ " တိမ်တွေကို ငေးနေတဲ့အခါ " ကိုကိုအောင် (ရုက္ခ ) ၎င်း မဂ္ဂဇင်း၊ နှာ ၁၆၃၊၁၆၄)
၃ ။ " နှလုံးကောင်းတဲ့ ကောင်မလေးရယ် " ခင်ဆွေဦး။ ၎င်း မဂ္ဂဇင်း။ နှာ၂၀၀၊ ၂၀၃။