နှိုင်းယှဉ်လိုက်မိတဲ့အတွက် နှစ်ဖက်စလုံးကိုတောင်းပန်ချင်ပါတယ်။ ဒါပေမဲ့ တူညီမှုကရှိနေတယ်။
၁။ ဂျင်မီကာတာဟာ သာမန်အရည်အချင်းလောက်နဲ့ (သမ္မတမဖြစ်ခင်အထိ သိပ် တော်၊ သိပ် ပေါ်ပြူလာဖြစ်သူမဟုတ်ဘူးလို့ ဆိုလိုပါတယ်) တူတူတန်တန်သမ္မတဖြစ်လာခဲ့တယ်။
၂။ ဂျင်မီကာတာဟာဟာ ပညာရှင်စကားကို နားထောင်တယ်၊ အစိုးရ အဖွဲ့အစည်းကို တောင့်တင်းအောင်ဖွဲ့စည်းနိုင်တယ်။ (ဂျင်မီကာတာအစိုးရကို ကစ်ဆင်းဂျားလို၊ ဟန်တင်တန်လို ပုဂ္ဂိုလ်တွေနဲ့ ကျားကန်ပေးထားတယ်။ ဒါဆို ရပြီပေါ့)
တစ်ကို မဆွေးနွေးတော့ပါဘူး။ မရှင်းရင် ကွင်းစကွင်းပိတ်ကို တစ်ခေါက် ထပ်ဖတ်ပေးဖို့ အကြံပုပါရစေ။ ကျနော်ဟာ သမ္မတဦးသိန်းစိန် (သို့) ငါတို့ရဲ့ဂျင်မီ ကာတာလိုတောင်စိတ်ကူးရိုင်းရိုင်း ယဉ်ကြည့်ခဲ့မိဖူးသူ တစ်ယောက်ပါ။
ဒီလို ယှဉ်ရာမှာလည်း အကြောင်းရှိပါတယ်။ သမ္မတရာထူးကို အရယူပြီး (ရွေးချယ်ခြင်းခံခဲ့ရပြီးလို့ သုံးစွဲရင်လည်း အတိုင်းအတာတစ်ခုအထိမှန်ကောင်း မှန်နိုင်ပါတယ်) ဦးသိန်းစိန်ဟာ ပညာရှင်တွေကို အကြံပေးအနေနဲ့ ခေါ်သွင်း ခဲ့ပါတယ်။
အရေအတွက်အားဖြင့်ကြည့်ရင် သူ့ အကြံပေးအဖွဲ့ဟာ ဂျင်မီ ကာတာနဲ့ ယှဉ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တော်တော်များများရဲ့နောက်မှာ သမ္မတ အကြံပေးဆိုတာတွေ ပါနေတတ်လို့ပါ။ ဒါပေမဲ့ ဒီအထဲမှာ ကစ်ဆင်းဂျားလို၊ ဟန်တင်တန်လိုပုဂ္ဂိုလ်တွေ ပါ၊ မပါ။ ပါခဲ့ရင် သူတို့ရဲ့ ပြောရေးဆိုခွင့် အတိုင်း အတာ ဘယ်လောက်ရှိသလဲ။ ပြောရေးဆိုခွင့်ရှိတယ်၊ သမ္မတကလည်း သဘောတူတယ်။ ဒါဆို အလုပ်စလို့ရပြီလား(ရှင်းရှင်းပြောရရင် သမ္မတမှာ အာဏာဘယ်လောက်ရှိသလဲ စတာတွေကို ကျနော်တို့ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေဟာ သမ္မတဦးသိန်းစိန်နဲ့ ဂျင်မီကာတာတို့ရဲ့ အထင်ကရ ခြားနားချက် ကြီး ဖြစ်နေနိုင်ပါတယ်။
အကြံပေးအချို့ကို မစခင်(ဥပမာ နာမည်ကြီး မဟာသန္တိသုခ (သမ္မတ ကြီး လေသံနဲ့ဆို) ယဉ်ကျေးမှုပွတ်တိုက်ခြင်း။) အစိုးရ အဖွဲ့ကို အရင်ကြည့် မိပါတယ်။ အစိုးရ အဖွဲ့ကိုကြည့်တယ်ဆိုရာမှာလည်း လက်လှမ်းမမီ လှတဲ့ ပြည်တွင်းအဖွဲ့ကိုအသာထားပြီး( အသာထားဆိုပေမဲ့ လူထုဆက် ဆံရေး(ပီအာ)မစွံလှဘူးဆိုတာက ဟိုးလေးတကြော်ကြော် တက်တက်လာ တတ်ပါတယ်) နီးစပ်တဲ့ ပြည်ပအဖွဲ့ကို ကြည့်မိတယ်။ ဒီအထဲမှာ ရွှေတိဂုံ ကိတ်မုန့်ဖြစ်ရတဲ့ ကိစ္စလည်း ပါတာပေါ့။
ထားပါ။ ပြည်တွင်းမှာ လူထုဆက်ဆံရေး အရေးကြီးပြီး ပြည်ပမှာက လူထုဆက်ဆံရေးရော နိုင်ငံတကာဆက်ဆံရေး(အိုင်အာ)ပါ အရေးကြီးလာတယ်။
နိုင်ငံတကာဆက်ဆံရေးအတွက် အနည်းဆုံး ဘာသာစကား ကောင်းနေရမယ်။ ဒီနောက်မှ အရည်အချင်း။
ဦးသိန်းစိန်အစိုးရထဲမှာ ဘယ်သူတော့ ဘယ်ရာထူးရသွားတယ်ဆိုတဲ့ အသံတွေကြာရတိုင်း ကျနော်တော့ သက်ပြင်းချမိတယ်။ သူတို့အတွက် ဝမ်းသာပေမဲ့ နိုင်ငံတော်အတွက် ဝမ်းနည်းတယ်။
ဦးသိန်းစိန်ရဲ့ သံအမတ်အများစုဟာ အင်္ဂလိပ်စကား လေလုံးမကွဲကြဘူး။ ဒါဖြင့် မြန်မာလိုရော။ မေးစရာ။ သိပ်မကွဲကြပြန်ဘူး။ အင်္ဂလိပ် တစ်လုံးမှ မတတ်တဲ့ဆရာတော်ကြီးတွေနဲ့ စကားပြောရင် အိုးနင်းခွက်နင်း အင်္ဂလိပ်ဝေါဟာရတွေ ပါပါလာပြီး အင်္ဂလိပ်ပြောရမယ့် နိုင်ငံခြားသားနဲ့ ကျတော့ မြန်မာစကားတချို့ (ဟို၊ အင်း စတာလောက်ပါ၊ ကျနော်တို့ သမ္မတကြီးကဆိုတဲ့အထိ မရောက်ပါဘူး)ပါလာပြန်ရော။
အဓိက ဘာသာစကားအားနည်းသူဟာ စကားပြောဖို့ တွန့်နေတတ်ပါတယ်(ငါလို သံအမတ်ကြီးရဲ့ စကားကို အဖြစ်မရှိ သတင်းထောက်တွေက နားမှလည်ပါ့မလား မသိ၊ သူတို့ရဲ့ လျှာမထိအာမထိ လူပျင်းအင်္ဂလိပ်နဲ့ ပြန်မေးလာရင် ငါလို သံအမတ်ကြီး နားလည်ပါ့မလား မသိ)။ ဒီတော့ စကားဝင်ပြောဖို ယုံကြည်မှု မရှိတတ်ကြဘူး။ ကြာတော့ မပြောလည်းရတာပဲလေဆိုပြီး ဘာမှကို မပြောကြတာ။ ရေငုံနှုတ်ပိတ်ပဲ။ နေရဲ၊ နေရက်တွေ။
ဒီလိုနဲ့ မနေ့ကလိုကိစ္စမျိုးတွေမှာတောင် အစိုးရချင်း တောင်းဆိုမှု၊ ကာယကံရှင်မိန်းကလေးကို အားပေးမှု ကိစ္စတွေမလုပ်ကြဘူး။ ပေတေတေနဲ့ကို မဆိုင်သလိုနေကြတာ။ (အရင်ကလို ဆိုလိုတာပါ၊ မနေ့ကကိစ္စ မသိရသေး)
အစိုးရအဖွဲ့ (ပြည်တွင်း၊ ပြည်ပ)၊ အကြံပေးအဖွဲ့ကြောင့် ဂျင်မီကာတာဖြစ်လာခဲ့တယ်။
ဦးသိန်စိန်နဲ့ပတ်သက်တဲ့ ဂျင်မီကာတာအိပ်မက်ဟာ တဖြည်းဖြည်း ပါးလာတယ်။ သူ့မှာ အဖွဲ့သာရှိပြီး ပွဲဖျက်သူ၊ ပတ်မဖောက်သူတွေ များနေတယ်။ ဒါတောင် အထင်ကရ ယဉ်ကျေးမှုပွတ်တိုက်စေခြင်းကြီး ထည့်မပေါင်းရသေးဘူး။
ဆက်ရန်