၂၀၀၂ ခု၊ ဧပြီ ၂၈ ရက်၊ ည ကိုးနာရီထိုးရန် ၁၀ မိနစ်အလို။
မဟာသန္တိသုခထဲမှာ တစ်ပါးမှ မကျန်တော့သည် အချိန်။ အခန်းနံပါတ် ၅၀၈ ကို တံခါးလာခေါက်သည်။
"အရှင်ဘုရားက မသွားသေးဘူးလား၊ ဓမ္မစက်နဲ့ မရရင် အာဏာစက် သုံးရမှာ ဘုရား"
"သွားမှာပါ တကာကြီး၊ ကိုးနာရီထိုးဖို့ ၁၀ မိနစ်တောင်လိုသေးတာပဲ"
"အရှင်ဘုရားနဲ့ အခြားတစ်ပါးက (ယခု နယူးဇီလန်ရောက် ဦးသီရိဓမ္မ) ဆက်နေ မယ်ဆိုရင် နေလို့ရပါတယ် ဘုရား၊ ဒါပေမဲ့ အဘ(ဦးခင်ညွန့်)ဆီနဲ့ ဦးစောမြင့်ဆီ စာရေးပြီးနေခွင့်ပြုဖို့ တောင်းခံပါ"
အိပ်လေးတစ်လုံးဆွဲရင်း ကျောင်းပေါက်ဆီ ထွက်လာခဲ့သည်။ ယင်း အရပ်ဝတ် စစ်အရာရှိတို့လည်း လိုက်ပါလာရင်း စကားပြောကြသည်။
"မလုပ်နိုင်ပါဘူး ဒကာကြီး၊ အဖေက သဘောတူမှာ မဟုတ်ဘူး"
"အရှင်ဘုရား ဒကာကြီးက ဘယ်သူလဲ"
"ဦးဇင်းပြောတာက အဖေပါ၊ ဒကာကြီးမဟုတ်ဘူး"
"အရှင်ဘုရား အဖေ ဘယ်သူလဲ"
"ဒကာကြီးကလည်း ရဟန်းအဖေပါဆို ဘုရားပေါ့"
ထိုစဉ် ကိုးနာရီထိုးသဖြင့် သုံးနှစ်ကြာသီတင်းသုံးခဲ့ရသည့် ကျောင်းတော်ရဲ့ ဂိတ်အပြင်ကို ထွက်လိုက်သည်။ သူတို့နဲ့ စကားက မပြတ်သေး။
"ခဏနေပါအုံးဘုရား၊ လျှောက်စရာရှိသေးလို့"
"လျှောက်စရာရှိရင် ကျောင်းအပြင်လိုက်ခဲ့ပြီး လျှောက်ပါ ဒကာကြီးတို့၊ ထုတ်ထားတဲ့ အမိန့်က ၉ နာရီဆို ကျောင်းဝင်းထဲ ရှိမနေရဘူး၊ ဒကာကြီးတို့လည်း ဥပဒေကို မဖောက်ပါနဲ့"
မျက်နှာ အနည်းငယ်ပျက်သွားသည်(ထင်၏)။ သူတို့လည်း နောက်က လိုက်လာကြပါသည်။
"အရှင်ဘုရားက ဒီကနေ ဘယ်ကို ကြွမှာလဲ၊ ကျောင်းပိုင်ရှိသလား"
"ဘယ်ကို သွားရမယ် မသိသေးဘူး၊ ထွက်ဆိုလို့ ထွက်ရမယ်ဆိုတာပဲ သိပါ တယ်၊ ကျောင်းပိုင် မရှိပါဘူး"
"အရှင်ဘုရား ရှိမယ့်လိပ်စာကို ပေးထားခဲ့ပါ၊ တပည့်တော်တို့ ဆက်သွယ်ပါ့မယ်"
"ပေးစရာ လိပ်စာလည်း မရှိပါဘူး"
သို့ဖြင့် တစ်လခန့်အကြာ စစ်ပွဲမှာ နောက်ဆုံး ကျဆုံးခဲ့ရသည့် အသေးမွှားဆုံး စစ်သားလေးအနေနဲ့ ပီနန်ဆရာတော်ကြီးထံ ရောက်ခဲ့ရသည်။
ကံအလှည့်ပေးသဖြင့် စင်္ကာပူ၊ မြန်မာကျောင်းကြီးဆရာတော် ဦးတိလောက (ဘုန်းကြီးတိ) ၏ လမ်းညွှန် ဩဝါဒပေးမှုဖြင့် စင်္ကာပူမှာ အထင်ကရ၊ ထေရ ဝါဒ ဗုဒ္ဓဘာသာပညာရေး အဓိကဖြန့်ဖြူးရာ(ဓမ္မ စကူးလ်နဲ့ ပါဠိကောလိပ်) ကျောင်း တိုက်မှာ လက်ထောက်နေရာ ရခဲ့သည်။
ငါးနှစ်အကြာ လူကြီးဖြစ်လာခဲ့သည်၊ စင်္ကာပူ အမျိုးသားတက္ကသိုလ် (National University of Singapore) လိုနေရာမှာ ဘာဝနာနဲ့ အခြားအဆုံးအမများ သင် ကြားပေးခွင့်ရလာသည်။
နောက် နှစ်နှစ်အကြာ ယင်းတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ချုပ်ရဲ့ Spiritual Adviser ဖြစ်လာခဲ့ရသည်။ ယနေ့အထိ။
အချိန်ရခိုက် မိမိတတ်နိုင်သည့် စာပေရေးသားခြင်းပြုလုပ်ခဲ့သည်၊ ၎င်းတို့အထဲမှ အထူးသဖြင့် လီကွမ်းယု၏ "နားဝင်မချိုသည်" နိုင်ငံနဲ့လူမျိုးအတွက် အကျိုး တစ်စုံ တစ်ရာရှိသည်ဟု ယုံကြည်သည်။
မိမိမှတစ်ပါး အခြားအခြားသော မိတ်ဆွေရဟန်းများလည်း ကျောင်း အသိမ်းခံရ သည်ဆိုစေ ပီနန်ဆရာတော်ကြီး၏ ကျေးဇူးကို ရောက်ရာမှာ စွမ်းသလို သာ သနာပြရင်း ဆပ်နေကြပါသည်။ အောင်လည်း အောင်မြင်ကြပါသည်။
ထို့ကြောင့် ယနေ့အထိ မိမိ၏ဆုံးဖြတ်ချက် မှန်ဆဲဟုလည်း ယုံကြည်ပါကြောင်း
(လက်ရှိအနေအထားကြောင့် "
ဦးဇင်းတို့အရွယ်က ထောင်ထဲမှာ အချိန်ကုန်ဖို့ ထက် ကမ္ဘာထဲ တိုးဝင်ရမယ့်အချိန်ဖြစ်တယ်" ဆိုတဲ့စကား ချန်ထားခဲ့ရပါကြောင်း)
ဒကာ စမစ်ခင်ဗျား