လူငယ်ဆိုတာ


ရွှေခြံရေ...........
ဒီနေ့ ဂျာမဏီနဲ့အာဂျင်တီးနား ဘယ်သူ့ကိုရွေးမလဲဆိုတဲ့မေးခွန်းက ဦးသိန်စိန် နဲ့ဒေါ်စု ဘယ်သူ့ကို သမ္မတဖြစ်စေချင်သလဲဆိုတဲ့ မေးခွန်းအတိုင်းပါပဲ။
နှလုံးသားနဲ့ဦးနှောက် ခေါင်းတစ်ချက်စီ ခေါက်နေကြပေါ့။
ရွာက ဘကြီးမိုးအဆိုအရ ဒေါ်စုရဲ့ ၂၁ ရာစု ကုန်းဘောင်ဖက်ရှင်ကြောင့် ရွာကကောင်မလေးတွေ ဆံပင်ပိုရှည်လာတယ်၊ ပန်းပိုပန်လာတယ်၊ ချိတ်ထမီတွေ ပိုဝတ်လာကြတယ် တဲ့။
သူက ဆက်ပြီးစိုးရိမ်ပြတယ်။ အဲဒါကတော့ ကောင်မလေးတွေက ဒေါ်စုဖက်ရှင်နောက် လိုက်လာကြသလို ကောင်းလေးတွေကလည်း ဦးသိန်းစိန် စတိုင်လ်နောက် လိုက်သွားစရာ ရှိတယ် တဲ့။
ညှပ်ဖိနပ်က ချပ်ချပ်ရပ်ရပ်၊ ခေါက်ရိုးမပြေတဲ့ တိုက်ပုံနဲ့ ပုဆိုး။ ဒီအထိ မဆိုးသေးဘူး။ လူငယ်ဆိုတာ သူတို့ ဟီးရိုးနောက်ကိုဆို အကုန်လိုက်တတ် ကြတယ်။
သူစိုးရိမ်တာက လူငယ်တွေက အနာခံပြီး ခေါင်းရှေ့ပိုင်းက ဆံပင်တွေကို ရိတ်လာမှာ၊ ပိုကဲတဲ့ကလေးတွေက နှုတ်ပစ်လာမှာကို စိုးရိမ်တာတဲ့။ ကြံကြံဖန်ဖန် ဘကြီးမိုးပါကွာ။

သတင်းတွေဖတ်ရတာကတော့
ပုတ်ရဟန်းမင်းကြီး အဟောင်းနဲ့ အသစ်တို့ရဲ့ ဆုတောင်းမှု အားပြိုင်ပွဲ၊
မဲဂျစ်စီယန် မက်စီနဲ့ ကေသုံးလုံး (ကရူးစ်၊ ကေဒီးရားနဲ့ ကလိုဆေး)အားပြိုင်ပွဲ၊ ဂျာမဏီရဲ့ အထက်ကြေးကလည်း တော်တော်မြင့်တယ်။ စုံလို့ပါပဲ။ သိပ်မရေးတော့ပါဘူး။

ိစိုးရိမ်မိတယ်။ မက်ဒေါနားတစ်ယောက် ဒီည တေးမှဆိုနိုင်ပါ့မလား လို့။
(ဂိုးမပြတ်ပေမဲ့ ဂျာမဏီအနိုင်)

ပါးနပ်တဲ့ အစိုးရ


ပါးနပ်တဲ့ အစိုးရက အပြစ်မရှိတဲ့ ပြည်သူတွေ မထိခိုက်အောင်
ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ပွဲကို နိုင်ငံအပြင် လွှဲခေါ်တယ်။ စစ်မြေပြင် ပြောင်းယူတယ်။
အဆင့်မရှိတဲ့ အစိုးရတွေက သူတို့ အာဏာကို မထိခိုက်အောင်
မဖြစ်သင့်တဲ့ စစ်ပွဲတွေဖြစ်အောင် ဆွဲခေါ်တယ်။ စစ်ပွဲကို ဖန်တီးယူတယ်။
ဆီရီးယားထက် မန္တလေးသားတွေ စာပိုတတ်တယ်။

ရဲ စတိုရီ(စင်္ကာပူ၊ အိန္ဒိယနဲ့မြန်မာ)


၁။ စင်္ကာပူ ရဲ
"ဟဲလို၊.......မှာ အကြမ်းဖက်မှုဖြစ်ပွားနေလို့ပါ။"
"ဟုတ်ကဲ့၊ နေရာ အတိအကျ ထပ်ပြောပေးပါ"
"..........မှာပါ"
"တာဝန်သိသိနဲ့ အသိပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်"
သတင်းရအပြီး သုံးမိနစ်အတွင်း အမှုအခင်းဖြစ်ပွားရာကို ရဲကားများရောက်ရှိ လာလေသည်။

၂။ အိန္ဒိယ ရဲ
"ဟဲလို၊ ကျမတို့ ညစာစားနေတုံး ခြံဝင်းထဲကို ကျားရိုင်းကြီးတစ်ကောင် ဝင်ဖို့ကြိုး စားနေလို့ပါ"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် ခြံဝင်းထဲဝင်ဖို့ ကြိုးစားနေချိန်မှာ အိမ်တံခါးကို လုံလုံခြံခြုံပိတ်ထားပါ"
"တကယ်ပါ၊ အခု ခြံဝင်းထဲရောက်နေပြီ၊ အိမ်ထဲ ဝင်ဖို့ ကြိုးစားနေပါတယ်"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် ကလေးတွေကို ညစာစားတာ အရပ်ခိုင်းပြီး အိပ်ခန်းထဲမှာ နေဖို့ပြောပေးပါ။ အပြင်မထွက်ပါစေနဲ့"
"တကယ်ပါ၊ အခု ဆိုရင် မီးဖိုးထဲကို ရောက်နေပါပြီ"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် လူကြီးတွေပါ အိပ်ခန်းထဲမှာ ဝင်နေကြပါ၊ တံခါးကို သေသေချာချာ ပိတ်ပါ"
"တကယ်ပါ၊ အခု ဆိုရင် အိပ်ခန်းထဲဝင်ဖို့အထိ ကြိုးစားနေပါတယ်၊ တံခါးပေါက် ကို တဝုန်းဝုန်း ထုရိုက်နေပါတယ်"
"တကယ်ရော ဟုတ်လို့လား၊ တကယ်ဆိုရင် ပြူတင်းပေါက်ကနေ လူကြီးရော ကလေးပါ ထွက်ပြေးကြပါ၊ မြန်နိုင်သမျှ မြန်ပါစေ"
၁၂ နာရီအတွင်း ရဲများ ရောက်လာသည်။


၃။ မြန်မာရဲ
"ဟဲလို ရဲစခန်းကပါလား၊.........မှာ အကြမ်းဖက်မှုဖြစ်ပွားနေလို့ပါ"
ဖုန်း မဖြေ။
"ဟဲလို.......မှာ အကြမ်းဖက်မှုဖြစ်ပွားနေလို့ပါ။ တကယ်ကြီးပါ။ တစ်ယောက်နဲ့တစ်ယောက် ခဲတွေနဲ့ပေါက်နေကြပြီ"
ဖုန်း မဖြေ။
"အိုး နိုး၊ ဒုတ်တွေ ဓားတွေပါလာပြီ၊ လာကြပါအုံး"
ဖုန်း မဖြေ။
"သွေးတွေ၊ အိုး လူနှစ်ယောက် လဲကျနေပြီ၊ လူအုပ်ကြီးကလည်း ပိုများများ လာနေတယ်၊ လာကြပါအုံး"
ဖုန်း မဖြေ။
"ဟဲလို ရဲစခန်းကပါလား၊ လာကြပါအုံး။ အိမ်တွေပါ မီးလောင်နေပြီ"
ဖုန်း မဖြေ။
"ဟာ ဒီ သောက်ရဲစုတ်တွေ ကွာ"

ဝါဆို၊ ပထဝီအနေအထား၊ ရာသီဥတု၊ ပြက္ခဒိန်နှင့် အဓိပ္ပါယ်ပြန်ဆိုမှုများ

မိမိတို့ လှေနံဓားထစ် အယူအဆ များကို အားကောင်းကောင်းဖြင့် ရိုက်ဖွင့်ပေးလိုက်သော ဆရာကြီး ဦးဌေးအောင်၏ ကျေးဇူးတရားတို့ကို ဤဆောင်းပါးဖြင့် မှတ်တမ်း ပြုပါ၏။

ဤဆောင်းပါးအောက်၌ ပထမဆုံး ရှင်းရမည့်ကိစ္စသည် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ထေရဝါဒ မြန်မာ (စသည်) ယဉ်ကျေးမှုတို့ပင် ဖြစ်သည်။ အများအားဖြင့် ရောထွေးနေတတ်ကြ၏။ အထူးသဖြင့် ပြည်ပအတွေ့အကြုံ မရှိသော၊ သူတစ်ပါး ယဉ်ကျေးမှုကို မလေ့လာမိသော သူတို့၌ ပို၍ ရောထွေးယှက်တင် ဖြစ်စေ၏။ မြန်မာတို့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအားလုံးကို “ထေရဝါဒ” ဟူသော ခေါင်းစဉ်အောက် စုပြုံထည့်တတ်ကြ၏။ မမှန်ပါ။ တချို့မှန်၍ တချို့ မမှန်ပါ။

ဤ၌ ဥပမာ ထုတ်ပြပါမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်တိုင်း ဝါဆိုဝါကပ်ကြသည်။ (ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ထေရဝါဒနိုင်ငံတိုင်း လက်ခံကျင့်သုံးကြ၏ဟူလို)
၂။ နှစ်ဝါထပ်သော နှစ်များ၌ မြန်မာရဟန်းတော်တို့က ဒုတိယဝါ၌ ဝါဆိုဝါကပ်တော် မူကြ၏။ (ထေရဝါဒ၊ မြန်မာယဉ်ကျေးမှု)
၃။ နှစ်ဝါထပ်သော နှစ်များ၌ သီရိလင်္ကာရဟန်းတော်များက မိမိတို့ ကျောင်းတိုက် နှစ်ခြိုက်ရာ ပထမဝါ (သို့) ဒုတိယဝါ၌ ဝါကပ်ကြ၏။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)

အတန်ငယ် ရှင်းပြီဟု ထင်၏။ ဝါဆိုဝါကပ်ခြင်းကို တညီတညွှတ်တည်း လက်ခံကျင့်သုံးကြသဖြင့် “ထေရဝါဒ” ဟု သုံးက ပြီးပြည့်စုံပြီး မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းစသော ဝိသေသနတို့ မလိုတော့ပေ။ သို့သော် နှစ်ဝါထပ်သော နှစ်များ၌ မည်သည့်လ ဝါကပ်မည် ဆိုသည်ကမူ ထေရဝါဒနိုင်ငံများမှာပင် မတူညီသော အဓိပ္ပါယ်ပြန်ဆိုချက်များ ကွဲနေတော့သည်။ ထိုအခါ မြန်မာ၊ သီရိလင်္ကာစသော ဝိသေသနပါမှသာ ပြည့်စုံလေတော့သည်။ ဤအချက်ကို မသိက ထေရဝါဒရဟန်းတော်တိုင်း ဒုတိယဝါ၌ ဝါကပ်သည်ဟု ထင်မှတ်မှားနိုင်သည်။

နိုင်ငံ၊ ဒေသ၊ လူ့အဖွဲ့အစည်းကို အခြေခံပြီး ကွဲလွဲနေသော (မတူညီသော ဟု ဆိုလိုသည်၊ မှားယွင်းသည်ဟု မဆိုလို) ယဉ်ကျေးမှုတို့ကို ထပ်ပြပါဦးမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာတိုင်း ညချမ်း၌ ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြသည်။ (ထေရဝါဒ ယဉ်ကျေးမှု)
၂။ သီရိလင်္ကာထေရဝါဒ ဗုဒ္ဓဘာသာတို့က ညချမ်း၌ ပန်း၊ ရေချမ်း၊ ဆီးမီး သာမက ကွမ်းရွက်နှင့် ကွမ်းသီးတို့ကိုပါ ကပ်လှူကြသည်။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)
၃။ ရုရှားဗုဒ္ဓဘာသာများဆိုလျှင် ညချမ်းအခါ၌ ဗော်(ဒ်)ကာ အရက်များကိုပင် ကပ်လှူကြသည်ဟု ဆို၏။ (ရုရှားဗုဒ္ဓဘာသာ ယဉ်ကျေးမှု)

ဤ၌ မေးရန်ရှိလာ၏။ အဆုံးအမတစ်ခုတည်း ဖြစ်ပါလျှက် ဓလေ့ထုံးတမ်းတို့ ဘာ့ကြောင့် ကွဲနေရသနည်း။

(image from buddhaphoto.net)

ဤကိစ္စမျိုး၌ သူမှား၊ ငါမှန် ငြင်းခုံနေလျှင် ပြီးမည် မဟုတ်တော့။ ကိုယ့်နိုင်ငံမှာ ဝိနည်းပိဋကတ်ရှိသလို ထေရဝါဒ (၅) နိုင်ငံလုံးမှာလည်း (အခြားထေရဝါဒ နိုင်ငံများမှာလည်း) ဝိနည်းပိဋကတ် ရှိသည်။ ကိုယ့်နိုင်ငံမှာ ပညာတတ် ရဟန်းတော်များ ရှိသလို သူတို့နိုင်ငံများမှာလည်း ပညာတတ် ရဟန်းတော်များ ရှိသည်။ ကိုယ်က အထောက်အထားများဖြင့် ငြင်းဆိုလျှင် သူတို့ကလည်း အထောက်အထားများဖြင့် ပြန်လည် ငြင်းဆိုမည် ဖြစ်သည်။ သို့ဖြစ်လျှင် ကမ္ဘာ၌ လူအနည်းစုသာ ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒယဉ်ကျေးမှုကို ငါးစိတ် ထပ်စိတ်ရဦးတော့မလို ဖြစ်သွားတော့မည်။ မစွံတော့။

ဓလေ့ထုံးစံတို့ ကွဲပြားနေရခြင်းသည် နိုင်ငံ၏ သမိုင်း၊ တည်ရာရပ်ဝန်း၊ လူ့အဖွဲ့အစည်းနှင့် အဓိကအားဖြင့် ဝိနည်းတော်ကို အဓိပ္ပါယ်ပြန်ဆိုပုံ မတူညီကြခြင်းကြောင့် ဖြစ်၏။ မည်သို့ဖြစ်စေ သူ့ယဉ်ကျေးမှုကို သဘောမတူညီနိုင်သည် ဆိုစေဦး၊ အပြန်အလှန် နားလည်ခြင်း၊ လေးစားခြင်းသည် ငြင်းခုံနေခြင်းထက် ဘုရားစကားနှင့် ပို၍ နီးကပ်ပါသည်။

ဤ၌ အဓိက ဆွေးနွေးလိုသော အချက်သည် ဝါကပ်ခြင်း၊ ဝါတွင်းကာလ၊ နိုင်ငံ၏ ရာသီဥတုစသည်တို့ ဖြစ်သည်။ ဤဆွေးနွေးချက်များသည် ကိုယ်ပိုင်အယူအဆ မဟုတ်၊ မန္တလေး သာသနာ့တက္ကသိုလ်တက်စဉ်က ဆရာကြီးဦးဋ္ဌေးအောင် (မိုးဇလ) ၏ လက်ချာများကို ပြန်လည်နှလုံးသွင်းရင်း ဆွေးနွေးသော ဆောင်းပါးသာ ဖြစ်သည်။

ဝါတွင်းဟူသည် ပါဠိလို ဝဿ၊ မြန်မာလို မိုးများသောကာလ ဖြစ်သည်။ ဝါတွင်းကာလ သုံးလကြာ၏။ ဤ၌ ဆရာကြီးက ပထမဆုံး မေးခွန်းမေးသည်။ မြန်မာပြည်၌ မိုးရာသီ ဘယ်နှစ်လ ရှိသနည်း။ သုံးလလား၊ သုံးလထက် ပိုသလား။ သုံးလထက် ပိုပါသည်။ အကြမ်းဖျင်းအားဖြင့် ငါးလခန့် ရှိပေလိမ့်မည်။

သို့ဖြစ်လျှင် အဘယ့်ကြောင့် ဝါတွင်းသုံးလသာ ဖြစ်နေရသနည်း။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဆရာကြီး အကျွမ်းကျင်ဆုံးဘာသာရပ်ဟုဆိုက ရကောင်း ရနိုင်ပါလိမ့်မည်။ ဆရာကြီးက သိပ္ပံနည်းကျ ရှင်းသည်။

ဘုရားပွင့်ရာ မဇ္ဈိမဒေသ၌ မိုးတွင်းက သုံးလသာ ရှိသည်။ ထို့ကြောင့် ဝါတွင်းပညတ်ရာ၌လည်း သုံးလဟုသာ သက်မှတ်သည်။
ဆရာကြီး၏ မိုးဇလပညာရပ်အရ မုတ်သုန်လေသည် မြန်မာပြည်ကို အရင်ရောက်၏။ ထို့ကြောင့် တစ်လခန့် ကြို၍ မိုးဦးကျ၏။ ထိုမုတ်သုန်က မြန်မာပြည်ကို ဖြတ်ပြီး အိန္ဒိယထဲသို့ ဝင်သွားသည်။ တစ်လခန့် ကြာသော် ထိုမုတ်သုန်လေ မဇ္ဈိမဒေသကို ရောက်ပြီး မိုးရာသီလည်း စတော့သည်။

မုတ်သုန်လေ ပြန်လည်ဆုတ်ရာ၌လည်း ဤနည်းအတိုင်းပင်။ သီတင်းကျွတ်လခန့်တွင် မုတ်သုန်လေသည် မဇ္ဈိမဒေသမှ စတင် ထွက်ခွာသည်။ ထို့ကြောင့် သီတင်းကျွတ်သည်နှင့် မိုးလည်း ကျွတ်လေတော့၏။ မြန်မာပြည်၌ သီတင်းပင် ကျွတ်သော်လည်း မိုးက မကျွတ်သေး။ အကြောင်းက အိန္ဒိယမှ ဆုတ်ခွာလာခဲ့သော မုတ်သုန်လေက မြန်မာပြည်ထဲ၌ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

သို့ဖြင့်ပင် မြန်မာပြည်၏ မိုးရာသီသည် ယေဘုယျအားဖြင့် နယုန်လမှစ၍ တန်ဆောင်မုန်းလအထိ ငါးလမှ ခြောက်လ၊ ခုနှစ်လအထိ ရှိနိုင်သည်။ သို့သော် မဇ္ဈိမဒေသ၌ကား သုံးလသာ ကြာ၏။ အကယ်၍ ဘုရားရှင် ဝိနည်းတော် ပညတ်ရာဒေသသည် မြန်မာနိုင်ငံမှာ ဖြစ်အံ့၊ ဝါတွင်းကာလသည် သုံးလ မဖြစ်နိုင်၊ ငါးလ ဖြစ်နိုင်ရာသည်ဟု ဆရာကြီးက မှတ်ချက်ပြုသည်။ ပညာရှင်စကားဖြစ်သဖြင့် ဤစကားမျှဖြင့်ပင် ပြီးပြည့်စုံလေပြီ။

ဤသည်တို့ကား ဝိနည်းပါဠိတော်နှင့် ယဉ်ကျေးမှု ကွဲပြားလာရပုံ၏ လက်တွေ့ဆန်သော၊ သိပ္ပံဆန်သော၊ ပညာရှင်ဆန်သော ကောက်ချက်ပင် ဖြစ်ပေတော့သည်။

မန္တလေးစသော မြန်မာပြည်အလယ်ပိုင်း မြို့များမှာဆိုလျှင် ဝါတွင်း၌ ဝါဆိုရမည်ဆို၍သာ ဝါဆိုလိုက်ရသည်။ မိုးခေါင်သော နှစ်များ၌ မိုးဟူ၍ ဖြစ်ဖြစ်မြောက်မြောက် မရွာ။ သို့သော် ဝိနည်းရှိ၍ ဝါဆို လိုက်ရ၏။

သီရိလင်္ကာ၊ စင်္ကာပူစသော ကျွန်းနိုင်ငံများ၌ ရာသီဥတု သက်သက်မှတ်မှတ် မရှိ၊ (၁၂) လလုံးလုံးလို မိုးရွာသည်။ ဤသို့ဆိုလျှင် (၁၂) လလုံးလုံးပဲ ဝါကပ်ရတော့မလို ရှိသည်။ မလိုအပ်။ ဝိနည်း၌ သုံးလဟုသာ ပါ၏။ ထို့ကြောင့် သုံးလသာ ဝါကပ်ကြ၏။ သို့သော် …

ထိုသုံးလကို အဘယ်သို့ သက်မှတ်မည်နည်း။
ဤအချက်ကား နိုင်ငံတို့ အသုံးပြုနေသော ပြက္ခဒိန်နှင့် လုံးဝ သက်ဆိုင်သွားတော့သည်။

ဥပမာအားဖြင့် နှစ်သစ်ကူးသောရက် ဖြစ်သည်။
အိန္ဒိယန်းတမီးလ်များနှင့် ထေရဝါဒငါးနိုင်ငံ၏ ပြက္ခဒိန်တို့သည် တော်တော် ဆင်တူသည်။ ဧပြီလမှာ နှစ်သစ်ကူးကြသည်။ သို့သော် နှစ်ဆန်းသည့်ရက်ကို ရေတွက်ကြရာ၌ ထပ်တူ မရှိတတ်။ ထိုင်းနှင့် သီဟိုဠ်က တူနေတာ များသည်။ မြန်မာက ကွဲနေတတ်သည်။ ပြက္ခဒိန်များအားလုံးသည် “လ” ကို အခြေခံ တွက်ချက်သော လူနာ (Lunar) ပြက္ခဒိန်များ ဖြစ်သဖြင့် လပြည့်လကွယ်စသည်ကို သတ်မှတ်ရာမှာတော့ တစ်ရက်စ၊ နှစ်ရက်စ ကွာဟတတ်သည်မှ လွဲပြီး အများကြီး ကွာဟမနေ၊ ကွာဟ၍လည်း မရ။

ဤ၌ နောက်ဆုံးဝါကပ်၊ ဝါဆိုသည့်လကို ပြန်ကြည့်ကြပါစို့။
မိုးများသောကာလ၌ ဝါကပ်ကြသည်။ ဝါထပ်သောနှစ်များမှာ ဝါတွင်းသုံးလက တိတိကျကျ သက်မှတ်ထားသဖြင့် သဘောထား ကွဲလွဲခြင်း မရှိ။ သို့သော် နှစ်ဝါထပ်၍ ဝါတွင်းလေးလ ဖြစ်နေသော နှစ်များ၌ ဘယ်သုံးလကို ဝါဆိုကြမည်နည်း။ တစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ မိုးအနည်းအများ မတူနိုင်တော့။ ထိုအခါ မိုးပိုများသော သုံးလကို ရွေးချယ်၍ ဝါကပ်ကြသည် ဆိုပါစို့။

ဝိနည်းတော်က ဘာပြောဦးမည်နည်း။ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟုဆိုရန် ရှိပါဦးမည်လော။ ဤကိစ္စမျိုးသည် အငြင်းပွားနေသင့်သော ကိစ္စမဟုတ်သလို “သာသနာကွယ်လိမ့်မည်” ဟူသော ခပ်ဝါးဝါးစကားကိုလည်း မသုံးစွဲအပ်တော့။

ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်သည် မတူညီမှုများကို နားလည်ပြီး လေးစားတတ်ရန်သာ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာတို့ ကျင့်သုံးနေသော ဓလေ့ထုံးစံများတွင် အချို့ကား အခြားထေရဝါဒနိုင်ငံများနှင့် ညီ၏။ အချို့ကား မညီ။ ထိုမညီသော ဓလေ့ထုံးစံတို့ကို ထေရဝါဒမြန်မာယဉ်ကျေးမှုဟု ဆိုမှသာ ပြည့်စုံမည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအမည်က ထေရဝါဒဖြစ်သည်။ ကျန်သော ငါးနိုင်ငံနှင့် ညီညွတ်လျှင် ပိုကောင်းသည်။ တိဗက်တန်ဗုဒ္ဓဘာသာဆိုလျှင် တိဗက်နှင့် ညီညွှတ်လျှင် ပြီးပြီ။ သူ့ဗုဒ္ဓဘာသာ အမည်ကပင် တိဗက်တန်ဗုဒ္ဓဘာသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
(17/10/2012 14:00)

သီဟနာဒ

ပါဠိနဲ့ အင်္ဂလိပ် ဘယ်လောက်ဆက်စပ်သလဲ


ဘုန်းကြီးစာမေးပွဲ အထိုက်အလျောက်ပြီးတော့ အပြင်စာ ဖတ်ခွင့်၊ သင်ခွင့်ရလာ သည်။ ထိုအခါ နောင်တော်ကြီးတစ်ပါးနဲ့အတူ ဆရာတော်တစ်ပါး သင်ကြားပေး သည့် အင်္ဂလိပ်စာသင်တန်း သွားတက်ကြသည်။ သုံးလပြတ် သင်တန်းပြီးသော် အင်္ဂလိပ် အခြေခံသဒ္ဒါအချို့နှင့် ကတ္တား၊ ကံ ဝါကျများ၊ ဒါရိုက်၊ အင်ဒါရိုက်ဝါကျများ ပြောင်းတတ်လာသည်။ ဆရာဘုန်းတော်ကြီးက အားပေးစကားပြောတော်မူသည်
"အရှင်ဘုရားတို့ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိသွားပြီ"ဟူသတတ်။

ထို "အရှင်ဘုရားတို့ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိသွားပြီ"အားပေးစကားက သာသနာ့တက္ကသိုလ် ဒုတိယနှစ်အထိ ထိရောက်မှုရှိဆဲ၊ ဆယ်တန်းကျောင်း သူ၊ကျောင်းသားလေးများကိုတွေ့တိုင်း ငါ့လောက်မတတ်ထင်ဆဲပင်။ ထိုနှစ်မှာပင် သဘောတူလေးပါးတိုင်ပင်ပြီး ဆယ်တန်းဖြေရန် ကျိုးစားကြသည်။ ရဟန်းစာပေနှင့်ဝေးသည့် သင်္ချာနဲ့ သိပ္ပ္ပံဘာသာတွဲများကို အရင် ကျူရှင်ဆရာခေါ် ပြီး ဆရာတော်များမသိအောင် သင်ယူကြသည်။ မြန်မာ၊ သမိုင်းကို မမှုရေးချ မမှု၊ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိပြီးသား မဟုတ်ပါလား။(ထို အချိန်အထိ ရှိဆဲ)
အမှန်တကယ် ဆယ်တန်းအင်္ဂလိပ်ကို သင်မှ အော် ငါသိထားတာက နှစ်မှတ်ဖိုးပဲ ရှိပါလား(သို့)ဆယ်မှတ်ဖိုး မကျော်ပါလားဟု သိလိုက်ရသည်။ ထိုမှနောက် ဆယ် တန်းကျောင်းသားလေးများကိုတွေ့တိုင်း သူတို့က ငါ့ထက်တတ်ပါလားဟု သဘောပေါက်လိုက်မိတော့သည်။

ထို့နောက် ဘာသာဗေဒကို လေ့လာရ၏။ အင်ဒို ယူရိုပီယံ ဘာသာစကားများ အကြောင်း ကြားသိရ၏။ ပါဠိနဲ့ အင်္ဂလိပ် တူညီမှုအချို့(တော်တော်နည်းပါသည်) ကိုတွေ့လာရ၏။ ဥပမာ မာတာနဲ့ မားသား၊ ဘာတာနဲ့ ဘရားသား၊ နာမနဲ့ နောင်း (နာမ်) စသည်ဆင်တူနေမှုမျိုးတို့ဖြစ်ကြသည်။
ထိုအခါ ပါဠိကျွမ်းရင် အင်္ဂလိပ် မခက်တော့ဆိုသည့် အယူအဆက ခေါင်း ထဲရောက်လာပြန်ဘိ၏။ အမှတ်မရှိသည့် သညက္ခန္ဓာ အစုအဝေးပင်။ ဆယ်တန်းနဲ့တက္ကသိုလ်စာမေးပွဲက ရက်ချင်းတိုက်တိုက်နေသဖြင့် မဖြေကြရ၊ တက္ကသိုလ်စာမေးပွဲ နာရီဝက်နောက်ကျခွင့်ပြုဖို့ သွားလျှောက်သော် ခွင့်မပြု၊ လေးမြတ်နိုးရသည့် ပါချုပ်ဆရာတော်က တပည့်ရင်း နာနာထု၊ နာရီဝက်နောက်ကျလျင် တက္ကသိုလ်အပြင်ရောက်ပြီမှတ်ဟု သံဃာ့အသံ(ရာဇသံ မဟုတ်ပါ)ထုတ်တော်မူလေ၏။

သို့ဖြင့် စိတ်ပျက်ပျက်ဖြစ်သွားကာ မဟာဗျူဟာ ပြောင်းလိုက်ရသည်။ ယင်းက ဖရီး အင်္ဂလိပ်စကူးကြီးဖြစ်သည့် မန္တလေးတောင်ပေါ်ကိုတက်ကာ မျက်နှာချိုသော ဖော ရိမ်းနားကြီးများနှင့် စကားပြောခြင်းတည်း။ အစတော့ သူ့စကား ကိုယ်မသိ၊ ကိုယ့်စကား သူမသိ၊ သနားပါဘိ။ သို့ဖြင့် ခေါင်းပေါင်းစ မဝတ်သည့် အမေရိကန် သမ္မတ မစ္စတာဘှုရှ်၏ မိန့်ခွန်းများကို ကျက်၊ မှတ်၊ နားထောင်၊ လိုက်ပြော၊ အသံ သွင်း၊ နားထောင်ကြည့်။ သိလိုက်ရသည် ပါဠိနဲ့ အင်္ဂလိပ်ဆက်စပ်မှုရှိသည်က ဘာမှ မဖြစ်လောက်၊ ကိုယ်သိတဲ့ စကား၊ ဝေါဟာရသုံးစွဲပုံ တူညီနေတာ မတွေ့လိုက်ရ။(အင်္ဂလိပ်က ကမ္ဘာ့ ဘာသာစကားအားလုံးကို မွေးစားသဖြင့် ပါဠိနဲ့သာမဟုတ် အခြားဘာသာစကားများနှင့်လည်း ဆက်စပ်နေသည်ဟု ညီတော်အပေါင်းတို့ သတိချပ်စေလို) ထိုမှနောက် ပါဠိတော်လည်း အင်္ဂလိပ် မတော်ဟု နားလည်လိုက်ရသည်။

တလောလေးကပင် ဆရာထက်နေဝင်း(လတ်တလော လီကွမ်းယုစာအုပ်ကို ဘာသာပြန်ထုတ်ဝေထားသူ) ကျောင်းရောက်လာသည်။ စကားပြောကြသည်၊ (အမှန်မူ အသက် အများကြီး ပိုကြီး၊ အတွေ့အကြုံပိုများသည့် ဆရာက နှစ်နာရီ မိနစ် နှစ်ဆယ်ခန့်ပြောပြီး သီဟနာဒက ရှစ်မိနစ်ခွဲခန့်သာ ပြောလိုက်ရပါသည်။)
ထို ရှစ်မိနစ်ခွဲခန့်တွင်
"ဘုန်းကြီးတွေက ပါဠိတတ်တော့ အင်္ဂလိပ်စာသင်ရင် ပို လွယ်တယ်လို့ ထင်တယ်ဘုရား"
"မဆိုစလောက်လေးပါ ဒကာကြီး၊ ပါဠိတတ်လို့ အင်္ဂလိပ်လွယ်ရင် မြန်မာပြည်မှာ အင်္ဂလိပ်လို မွှေနေတဲ့ ရဟန်းတွေ အများကြီး ရှိနေသင့်တယ်။ အခုဟာက ရှိမယ်၊ ရာခိုင်နှုန်းအရ သိပ်နည်းတယ်။ ပါဠိပိုင်ရင် နည်းနည်းတော့ ပိုလွယ်မယ်၊ (ဘာသာပြန်ရင် ဝေါဟာရ အသာစီးရမယ်)။ ဒါကလည်း ဘာသာဗေဒ သဘော အတိုင်းပါ၊ ဘာသာတစ်ခုကို တကယ်တတ်ရင် နောက်ဘာသာတစ်ခုကို သင်တဲ့အခါ ပိုလွယ်သွားတာလောက်ပါပဲ" ဟု ပြောလိုက်မိသည်။



အမှန်မူ ပါဠိတတ်တော့ အင်္ဂလိပ်စာသင်ရင် အများကြီး ပို လွယ်တယ်ဆိုသည့် အယူအဆသည် ရန်ကုန်လမ်း၊ မန္တလေးလမ်း၊ မောလမြိုင်လမ်းဆိုတာတွေရှိလို့ စင်္ကာပူ တိုးတက်သွားတာဆိုသည့် စကားအတိုင်းပဲ ဖြစ်ပါသည်။ စင်္ကာပူမှာ ကမ္ဘာ့မြို့တော်များစွာရဲ့ အမည်နဲ့လမ်းတွေ ရိုက်သတ်လို့ မကုန်ပါ ဟု.. ဆိုချင်ပါကြောင်း အင်္ဂလိပ်စာသင်နေကြသည့် ညီတော်(နောင်တော်များ မပါပါ) အပေါင်း တို့......
(မိမိကား ပါဠိမတတ်လှသလို အင်္ဂလိပ်လည်း လုံးခြာလည်ဆဲမို့ ဖျူးချားဂျင် နရေးရှင်းအတွက် အားကိုးတကြီး ရေးလိုက်မိပါသည်)