နှစ်ကူးပုံပြင်


ရှေးသရောအခါ (အမည်မဖော်လိုသော ဘောင်းဘီဝတ်) လူတစ်စုရှိလေ သည်။ တစ်နေ့ထက်တစ်နေ့ အသက်မွေးဝမ်းကြောင်းဖို့ အခက်ပိုတွေ့တွေ့ လာရသောအခါ ဘာလုပ်ကြရင်ကောင်းမလဲဟု သူတို့ ခေါင်းချင်းဆိုင်ဆွေးနွေး ကြတော့သည်။
လူကြီးလူကောင်းများလို ခေါင်းပေါင်းစ၊ ပုဆိုး၊ တိုက်ပုံ၊ ညှပ်ဖိနပ်များ ပြောင်းလဲ ဝတ်ဆင်လိုက်လျင် လူအများက လေးစားကြည်ညိုလာလိမ့်မည်၊ ထိုအခါ အ သက်မွေးဝမ်းကြောင်းဖို့လည်း လွယ်ကူသွားနိုင်သည်၊ ထိုကြောင့် အဝတ် အစား ပြောင်းလဲဝတ်ဆင်ကြရမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့အတွေး မှန်သွားလေသည်။ သူတို့ အဝတ်အစား ပြောင်းလဲ ဝတ်ဆင် ကြသောအခါ လူအများက လေးစားကြည်ညိုလာပြီး သူတို့အတွက် အသက်မွေးဝမ်းကြောင်းဖို့လည်း လွယ်ကူသွားတော့သည်။

ထိုအခါ ထိုလူတစ်စုခေါင်းဆောင်က
"ကိုယ်ကျင့်တရားအားဖြင့် လူကြီးလူကောင်းမဖြစ်သေးဘဲ လူကြီးလူကောင်း များလို အဝတ်အစားပြောင်းလဲဝတ်ကာမျှဖြင့်ပင် လူထုက ဤမျှ လေးစား ကြည်ညိုလာကြသည်။ ကိုယ်ကျင့်တရားအားဖြင့်ပါ လူကြီးလူကောင်းဖြစ်လာ ပါက ဆိုဖွယ်ပင် ရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် ယနေ့မှစ၍ ကိုယ်ကျင့်တရား အားဖြင့်လည်း လူကြီးလူကောင်းဖြစ်လာရန် ကြိုးစားကြရမည်"
ဟု ဆိုလေသည်။ ဆိုသည့်အတိုင်း ပြောင်းလဲပြင်ဆင်လာကြရာ နောက်ဆုံး အဝတ်အစား အားဖြင့်ရော ကိုယ်ကျင့်တရားအားဖြင့်ပါ လူကြီးလူကောင်း များ ဖြစ်သွားကြလေတော့သတည်း။

စကားချပ်။ ။ ဓမ္မပဒဝတ္ထုကို မှီငြမ်းထားသောပုံပြင်ဖြစ်သဖြင့် တကယ်ဖြစ်လာ၊ မလာကိစ္စက ပုံပြောသူနှင့် လုံးဝမသက်ဆိုင်ပါကြောင်း၊ ထို့အပြင် ယခု ပုံပြောသူသည် မဲပေးခွင့်ရှိသူလည်း မဟုတ်ပါကြောင်း။

Post a Comment