လူသိနည်းသည့် ရဟန်းဒုက္ခ



ဒကာတစ်ယောက်နှင့် အတူတက္ကစီစီးကာ တန်တောက် စင်းဆေးရုံမှ ပြန်လာခဲ့၏။ ကျောင်း၏ ဖောင်းဒင်း မန်ဘာဒကာကြီးတစ်ယောက်အတွက် ဗောဇ္ဈင်သုတ် သွားရွတ်ရာမှ ပြန်လာခြင်းဖြစ်၏။ P.I.E လမ်းပေါ်မှာ….  

“ဒုန်း - ဒုန်း - ဒုန်း”



အသံကြီး သုံးသံဆက်တိုက်ကြားလိုက်ရပြီး တဒင်္ဂမျှ အသက်ရှုဖို့မေ့သွားခဲ့၏။ အသက်ကမူ ရှုဆဲ၊ ရှူနေသည်ကို မသိတာလည်းဖြစ်နိုင်၏။ တဒင်္ဂမျှ ကြာသောအခါ ရှေ့နောက်ဝဲယာ ကို ကြည့် လိုက်မိ၏။

ဘုရား… ဘုရား …. ။ စီးလာသော တက္ကစီ၏ အဖုံးများလွင့်ပျံထွက်သွားပါလား။ ကားသုံးစီး ဆက်တိုက် တိုက်မိခြင်းတည်း။ ကားနောက်ခန်းမှ ထိုင်နေခဲ့သော်လည်း ထိုနေ့က ကံကောင်းထောက်မ စွာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့မိ၏။ ထို့နောက်လက်ကိုလှုပ်ကြည့်၏။ ခါးကိုဆန့်ကြည့်၏။ ခြေကိုဆန့်ကြည့်၏။ လည်ပင်းကို လှုပ်ရှားကြည့်၏။ အမှားအယွင်းမရှိ။ ဘာမှ မဖြစ်။ ကားက မူ ရုပ်ပျက်ဆင်းပျက်။

ထိုဒကာနှင့်အတူကားပေါ်မှ ဘာမှ မဖြစ်သကဲ့သို့ခပ်တည်တည် ဆင်းကာ သူ့ကိုပင် ဘာဖြစ်သေး လဲဟု မေးမိ၏။ ထိုဒကာနှင့် တက္ကစီသမားလည်း ကျန်းမာပကတိ ရှိကြ၏။ ကံကောင်းသည် ဟုဆိုရမည် မှာ နောက်မှ ရှေ့ဆင့်နောက်ဆင့် တိုက်လိုက်သော ကားနှစ်စီးတွင် တစ်စီးမှ လော်ရီကားမပါခြင်းတည်း။



ထို့နောက်တက္ကစီ နောက်တစ်စီးကိုငှားကာ ကျောင်းသို့ ပြန်လာခဲ့ကြ၏။

“ အရှင်ဘုရားရယ်…. ရင်တုန်ပန်းတုန်ရှိလိုက်တာ ဘလက်ဇင်( Blessing ) လုပ်ပေးပါဦး”  ဟု မိမိလောက် အန္တရယ်မရှိသောနေရာတွင် ထိုင်ခဲ့သော ဒကာက လျှောက်၏။ အမှန်မူ ရဟန်းလည်း လူဖြစ်၏။ ထို့ထက်ရှင်းအောင်ဆိုရလျှင် သီဟနာဒဆိုသည့် ရဟန်း၌ ဒေါသကိလေသာရှိဆဲတည်း ။ ကြောက်၏။ (ကိလေသာ ဆယ်ပါးချမ်းသာသည့် ရဟန်းဖြစ်၏။ တစ်ပါးမှ မသုံးရသေး။ မကုန်သေး ဟူလို) သို့သော် ကြောက်စိတ်မပြေရှာသေးသော ထိုဒကာကိုမူ ချွေးသိပ်ရန်တာဝန်ရှိနေ၏။ ရဟန်းပေကိုး။

ဂုဏ်တော်ကိုးပါးကို ခပ်တိုးတိုးရွတ်၏။ ယံ ဒုန္နိမိတ္တံကိုရွတ်၏။ ဘဝတု သဗ္ဗမင်္ဂလံကို ရွတ်၏။ သဗ္ဗီတိယောကို ရွတ်၏။ ပန်းခက်လေးဖြင့် ပရိတ်ရေဖြန်းပေးလိုက်၏။



“ ကျေးဇူးပါအရှင်ဘုရားရယ်။ အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်” ဟု ထိုဒကာက လျှောက်ကာပြန်သွား၏။

“ အင်း…. ငါကရော ဘယ်သူ့ကိုသွားပြီး Blessing အလုပ်ခိုင်းရပါ့။ သေတွင်း မှ လက်နှစ်လုံးလောက်သာ လွတ်ခဲ့၏။ ရင်ခုန်၊ ရင်တုန်သံများ မငြိမ်းသေး “

ရဟန်းဖြစ်သည့်အတွက် ခပ်တည်တည်ဖြင့်ပင် ဟန်ဆောင်လိုက်ရ၏။
လိမ်လည်မှုလေလော? အပြစ်မဟုတ်ဟုတော့ထင်၏။

သီဟနာဒ



29/12/2011



Copyright © 2011 ကမ်းလက်. All rights reserved.

မီးလောင်မြေမှာ ပွင့်တဲ့ပန်း


ဟွန်ဇာ(Hunza) လို့ခေါ်တဲ့ နိုင်ငံပေါက်စလေးရှိတယ်၊ ပါကစ္စတန် အနောက် ပိုင်း၊ ဝေးကွာပြီး တောတောင်ထူထပ်တဲ့ တောင်ပေါ်ဒေသပေါ်မှာ။ အာဖဂန်နစ္စတန်၊ ယခင်ဆိုဗီယက်၊ တရုတ်၊ ကက်ရှ်မီးယားတို့နဲ့နယ်မြေချင်း ဆက်စပ်တယ်။
ပါးစပ်ရာဇဝင်အရ သူတို့တတွေဟာ ဘီစီ လေးရာစု၊ အလက်ဇန်းဒါး ဘုရင်နဲ့ အတူပါလာတဲ့ စစ်သားမျိုးဆက်တွေပါ၊ စစ်ရဲ့အနိဋ္ဌာရုံတွေကို တွေ့မြင်ခံစာရပြီး ဘယ်မှမသွားတော့ဘဲ ဟွန်ဇာမှာ အခြေချနေထိုင်လိုက်ကြတယ်။ ကြာလာတော့ ပါရှန်းအမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုကြရင်း ပေါင်းစပ်လူမျိုးစုလေး ဖြစ်လာတယ်။ သူတို့ပြောတဲ့ ဘူဘူရှက်စ်ကီ(Bubushasky) ဘာသာစကားကလည်း ဘယ် ဘာသာစကားနဲ့မှ ဆက်စပ်မနေဘူး။

အစ္စလာမ် အားကောင်းလာတော့ သူတို့လည်း ကိုရန်ကျမ်းကို မဖြစ်မနေ သင်ယူ ရတယ်။ ဒါပေမဲ့ သူတို့နှလုံးသားထဲ ကိုရန်မရောက်ဘူး။ သူတို့ဆီမှာရှိနေတာက ရှေးဟောင်း သာရ (Essence) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ အဆုံးအမတွေဖြစ်ပြီး ကက်ရှ်မီးယားမှာ ထွန်းကားခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ဓလေ့ စရိုက်တွေအားလုံး သူတို့ဆီမှာ တွေ့မြင်ရတယ်။


img source

(ကက်ရှ်မီးယားနဲ့ အရှေ့အလယ်ပိုင်း၊ ဥရောပဆီရောက်သွားတဲ့ ဗုဒ္ဓဘာသာဂိုဏ်း ကို သာရဂိုဏ်းလို့ ခေါ်ပါတယ်။)
လူကြီးလူငယ် ယဉ်ကျေးသိမ်မွေ့ပြီး မြေပြင်မှာထိုင်၊ တရားရှုမှတ်နေတတ်ကြ တယ်။
နှလုံးရောဂါ၊ ဆီးချိုသွေးတိုး၊ ကင်ဆာ စတဲ့ရောဂါတွေ မရှိကြဘူးတဲ့။ သူတို့နိုင်ငံလေးမှာ ရဲစခန်း၊ ထောင်၊ စစ်တပ် မရှိဘူး။ နှစ်ပေါင်း ၁၅၀ အတွင်း ရာဇဝတ်မှု တစ်ကြိမ်မှ မဖြစ်ဘူးသေးဘူး။
ကိုရန်ရွတ်ရင်း ဗုဒ္ဓရဲ့ "သာရ" အကျင့်ကိုကျင့်နေဆဲ အစ္စလာမ်ကမ္ဘာထဲက တစ်မူ ထူးခြားနေတဲ့ လူနည်းစုလေးပါ။ သူတို့ဆီမှာရှိတဲ့ ရိုသားနွေးထွေးမှုမျိုး ဘယ် အစ္စလာမ်နိုင်ငံမှာမှ မတွေ့ရဘူးလို့ ကျမ်းပြုသူက ညွှန်းဆိုထားပါတယ်။

Ref: Buddhism and Islam. The King of the Jews? p374.

အမှာ။ ။ ကမ်းလက်ရဲ့စာတိုတွေဟာ သူဖတ်၊ သူလေ့လာနေတဲ့ စာအုပ်နဲ့ အကြောင်းအရာတွေကို ရောင်ပြန်ဟပ်နေနိုင်ပါတယ်။ သဘောမတွေ့ရင် သည်းခံကြပါရန်။

သီဟိုဠ်မှာ နာမည်အကြီးဆုံး စာအုပ်တစ်အုပ်


အရင်နေ့က တင်လိုက်တဲ့ ရဟန်းရဲ့ပုံဟာ ဒီ သုတေသနစာတမ်းထဲကပါ။ ဖင်လန်နိုင်ငံသား ဒေါက်တာတစ်ယောက်ရဲ့ ဒေါက်တာဘွဲ့အတွက် တင်ခဲ့တဲ့ ကျမ်းဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေက အိန္ဒိယနဲ့သီဟိုဠ်မှာ(သီဟိုဠ်မှာ နာမည်အကြီးဆုံး စာအုပ်တစ်အုပ်လို့သိရ) လူသိများပြီး မြန်မာပြည်မှာ ဟိုတစ်စ ဒီတစ်စ ပြောကြ တာလောက်ပဲရှိပါတယ်။ ဒါတောင် ဦးဥက္ကဋ္ဌတို့ဆရာတပည့်တွေရဲ့ ကျေးဇူးလို့ ဆိုရပါမယ်။ ကျမ်းစာအနေနဲ့ ထူထူထဲထဲမရှိဘူး။(ရှိခဲ့ရင် မသိခဲ့မိဘူး) ဂျီးဇက် ခရိုက်ရဲ့ သမိုင်းနဲ့ပတ်သက်လို့ အဲလစ်ဇဘက် ကလဲရာ ပရိုဖက် (Elizabeth Clare Prophet) ရဲ့ "The lost years of Jesus" (၁၉၈၄ Summit University Press U.S.A) စာအုပ်နဲ့အတူ သမိုင်းတန်ဖိုးရှိတဲ့ စာအုပ်လို့ ယူဆနိုင်ပါတယ်။
ကျမ်းပြုသူက စကားနည်းနည်းကြမ်းတယ်။ သမ္မာကျမ်းစာသစ်ဟာ ကမ္ဘာ့ အကြီးမားဆုံး လိမ်ညာမှုလို့ အထောက်အထားတွေနဲ့ စွပ်စွဲထားတယ်။ ဒီစာအုပ်ဟာ အနောက်ရဲ့ကြိုဆိုမှုကိုတော့ မရခဲ့ပါဘူး။
သမိုင်းကိုစိတ်ဝင်စားတဲ့ ဗုဒ္ဓဘာသာတွေ ပညာရှင်ရှုထောင့်ကနေ ဖတ်ကြည့်သင့် တယ်လို့ ယူဆပါတယ်။



ရေသည်ယောက်ျားရဲ့ ရေဘေးအလှူ(၁)


စင်္ကာပူမှာ စာအုပ်ဝယ်ယူအားပေးသူတွေဆီက စုစုပေါင်း ဆင်းဒေါ်လာ ၈၀၀ ကျော် (ဒီနေ့အထိ) ရရှိပါတယ်။
အဲဒီအထဲက ရေဘေးအတွက် မြန်မာငွေ ကျပ်ငါးသိန်းကို ဆရာရဟန်းတစ်ပါး ကတဆင့် ပရဟိတအဖွဲ့ကြီးတစ်ဖွဲ့ထံ လှူဒါန်းနိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။
မများလှပေမဲ့ ကာယဉာဏ ချွေးနည်းစာလေးမို့ ရေသည်ယောက်ျားရဲ့ ငွေ တစ်မတ်လို ခံစားရပါတယ်။
စာအုပ် ဝယ်ယူအားပေးခဲ့သူတွေကို မုဒိတာစကား မျှဝေလိုရုံ သက်သက်ပါ။

တိုလီမိုလီမှတ်စု


ရဟန်းငယ်တွေထဲက သာသနာ့တက္ကသိုလ်ရောက်သွားသူတွေနဲ့ လူငယ်တွေထဲ က အင်ဂျင်နီယာဖြစ်သွားသူတွေ တူတယ်(လို့ ထင်တယ်)
၁။ ပညာရေးမှာ နှစ်မျိုးလုံးက ထိပ်ဆုံးမဟုတ်ဘူး။(ရဟန်းလောကမှာ တိပိဋကနဲ့ အဘိဝံသက ထိပ်၊ လူ့လောကမှာ ဆေးကထိပ်။
၂။ သူတို့နှစ်ဖွဲ့လုံးကဉာဏ်မကောင်းကြတာမဟုတ်ကြဘူး၊ တောင်စပ်စပ် မြောက် စပ်စပ် ဝါသနာပါတာ၊ ဒီတော့ စာမေးပွဲရမှတ်မှာ ဆေးမမီ၊ အဘိဝံသ မဖြစ်ကြ ဘူး။ ဖြစ်ချင်ဟန်လည်း မတူဘူး။(ကျောင်းစာမှ ကျောင်းစာ မဟုတ်ကြဘူး)
၃။ လူကြီးဖြစ်လာတော့လည်း နယ်ပယ်စုံတယ်၊ အနုပညာက(ဂျူး၊ မင်းခိုက် စိုးစံ၊ နေမျိုးဆေးတို့အုပ်စုက ချွင်းချက်) အစ နိုင်ငံရေးအဆုံး(ဥပမာ မဇ္ဈိမလှိုင်း ဆိုရင် နိုင်ငံရေးနဲ့ အင်ဂျင်နီယာပြုတ်တွေ)။ တော်လှန်ရေးသမားတွေ လည်း ပိုများတယ်။




မန္တလေးထွက်ရဟန်းတွေက အိုးထဲက အပင်လေးတွေနဲ့ တူတယ်(လို့ ထင်တယ်)

၁။ အတွေ့အကြုံ၊ ဆက်ဆံရေး၊ ပြည်ပ ဗဟုသုတ ရန်ကုန်လောက်မရှိတော့ အကန့်အသတ်နဲ့ ရှင်သန်ကြီးထွားနေရတယ်။(ရန်ကုန်က ကိုယ်တော်တွေ အစိုးရဒေါ်လာလေးရာနဲ့ ဗုဒ္ဓဂယာကို အရှိုရှိုထွက်နေချိန် မန္တလေး ကိုယ်တော်တွေက အင်္ဂလိပ်စာတွေ နင်းကန်ကျက်နေကြတုံး စသည်)
၂။ အိုးထဲက အပင်လေးတွေက မြေကြီးပေါ်ရောက်တာနဲ့ ရုတ်တရက် ကြီးထွား လာသလို (အိုးထဲမှာ အလွန်အမင်း ကြာမနေရင်ပေါ့) အပြင်ထွက်လာတဲ့ မန္တလေးကိုယ်တော်တွေလည်း အပြင်ရောက်လာတာနဲ့ အစွမ်းပြလာကြတယ်။ ရန်ကုန်ထက် မသာရင်သာနေမယ်၊ သူ့လိုင်းနဲ့သူ မညံ့ကြဘူး။