၂၀၁၄၊ ၂၀၁၅ ဟောစာတမ်း


အေသွေး၊ ဘီသွေး၊ စီသွေး၊ ဒီသွေး၊ အီးသွေး ဇက်သွေး ဘယ်သွေးပိုင်ရှင်မဆို ဆိုင်၏
ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေသဖြင့်
မန်ယူပရိသတ်နှင့်ဦးသိန်းစိန်ပရိသတ်များ ဤရာသီအတွင်း မျက်နှာငယ်လတံ့။
ဟုတ်နိုးနိုးမျှော်လင့်ချက်များအတွက် စိတ်ပူရလတံ့။ နောက်ဆုံး စိတ်ပျက်စရာ ကြုံရလတံ့။
အောင်ပြီ အောင်ပြီ ဟု ဖင်တုန်အောင်အော်ပြီး ယတြာချေသော်လည်း မထူးခြားနိုင်၊
အကြောင်းကား ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေခြင်းကြောင့်ဖြစ်သည်။

ယတြာ။ အချိန်မနှောင်းမှီ အသင်းပြောင်း အားပေးပါ။

တိုလီမိုလီမှတ်စု(၂)


ဆွမ်းခံအိမ်ကောင်းကောင်းမရှိတဲ့ ကိုယ်တော်တွေနဲ့ ဘူမိဗေဒကျောင်းဆင်း အမျိုးသားတွေ တူတယ်(လို့ ထင်တယ်)။
သူတို့အများစုက ဟင်းချက်ကောင်းတတ်ကြပါတယ်။ ဝက်သား၊ ပဲကြီးနှုပ်၊ မန်ကျည်းရွက်စပ်ချဉ် ဘာချက်ချက် အရသာရှိပါယ်။

ဘူမိဗေဒကျောင်းမှာ အမျိုးသားတွေများခြင်း၊ ကွင်းဆင်းရာကအစ ကိုယ်တိုင် ချက်ပြုတ်စားရခြင်းတို့ကြောင့်် ဟင်းချက်ကောင်းလာရခြင်း ဖြစ်ဟန်တူပါတယ်။
သုတေသနမို ပြောရပေမဲ့ စိတ်မကောင်းပါ။ ဘူမိဗေဒကျောင်းဆင်း အမျိုး သမီးတွေကတော့ သိပ်မစွံကြပါ။ အခြားမေဂျာတွေနဲ့မတူ အမျိုးသားများ တဲ့ ကျောင်းဖြစ်နေတဲ့အတွက် မရှိမဲ့ရှိမဲ့ (သိပ် မချော၊ မလှစေဦးတော့) အမျိုးသမီးတွေက ဦးစားပေးခံရပြီး ဘာမှချက်စရာမလို၊ ဆရာများ၊ အမျိုးသားဘော်ဒါများ ချက်ကျွေးသည်ကို လက်လျှို တီးလာခဲ့ခြင်းကြောင့် ဟင်းချက် ညံ့သွားဟန် တူပါတယ်။
(စင်္ကာပူရောက် ဂျော်ဆရာ၊ ဆရာမတွေကိုသာ သုတေသနပြုထားတာဖြစ်လို့ ရာနှုန်းပြည့်မှန်တယ်လို့ မဆိုရဲပါ။ ဂျော်ဆရာမများ သဘောမတူရင် လက်တွေ့ ချက်ကျွေးပြနိုင်ပါတယ်)





img from ဆြာ တွတ် FB

ဆွမ်းခံအိမ်ကောင်းကောင်းမရှိတဲ့ ကိုယ်တော်တွေကတော့ ဆွမ်းခံထွက်နေ လည်း ဟုတ်တိပတ်တိ မရတဲ့အတွက် မိုးလေး တစ်ပေါက်နှစ်ပေါက် ကျတာနဲ့ ကျောင်းမှာ ချက်စားဖို့ပဲ ပြင်ကြပါတယ်။
ဆွမ်းခံအိမ်ကောင်းကောင်းရှိတဲ့ ကိုယ်တော်တွေက "မရွာပါဘူးကွာ၊ ကောင်းကင်ကြည့်၊ ကြည်နေတာပဲ၊ လာ ဆွမ်းခံပဲထွက်မယ်" လို့ဆိုတတ်ပေမဲ့
"စစ်အစိုရးရနဲ့မိုး အစိုးမရ" ဆိုပြီး ချက်ဖို့ပဲ တကဲကဲလုပ်ရာက ၎င်း အရှင်ဘုရားတွေလည်း အိမ်ရှင်မတွေ လက်ဖျားခါလောက်တဲ့ ဟင်းချက် စပယ်ရှယ်လစ်တွေ ဖြစ်လာတတ်ကြပါတယ်။
(မန္တလေး၊ ဘုန်းကြီးကျောင်းလောကကိုသာ သုတေသနပြုထားတာဖြစ်လို့ ရာနှုန်းပြည့်မှန်တယ်လို့ မဆိုရဲပါ။)

အရှေ့ အနောက်၊ အနောက် အရှေ့



လူကြီးမင်းတို့အနေနဲ့ ဒီလူကြီးလေးယောက်ကို သိမှာပါနော်၊ လေးယောက်စလုံး ကို မသိရင်တောင် နှစ်ယောက်၊ နှစ်ယောက်မဟုတ်တောင် အရင်ဆုံး လူကြီး ကိုတော့ သိမှာပါ။
သိက္ခာရှိရှိ၊ ကိုယ့်ဒူးကိုယ်ချွန် ကျိကျိတက်ချမ်းသာလာကြတွေပေါ့။ လူကြီးမင်းတို့ကိုပြောချင်တာက သူတို့ဘယ်လောက်ချမ်းသာသလဲဆိုတာ မဟုတ် ပါဘူး။ ငါတို့အမှီလိုက်မယ် လုပ်မနေကြပါနဲ့။ မြန်မာ့မြေပုံက ဒဏ်ရာတွေ၊ အလယ်ခေါင်က ချုပ်ရိုးကြောင်းကြီးတွေနဲ့ ရစရာ မရှိတော့ပါဘူး။
စိတ်ဝင်စားစရာက သူတို့ချမ်းသာလို့ သူတို့ကလေးတွေ ဖိုးလပြည့်တွေဖြစ်မသွား ဘူး။ ဖျက်ဆီးခြင်း မခံလိုက်ရဘူးပေါ့ဗျာ။
သား သမီး မြေးတွေကို ငါသေရင် အားလုံး နင်တို့အတွက်ဆိုပြီး ကလေးတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးမပစ်ကြဘူး။ သူတို့ကလေးတွေဟာ သူတို့လောက် မစွမ်း ရင်သာရှိမယ်၊ ဖိုးလပြည့်လေးတွေတော့ ဖြစ်မသွားဘူး။

ဘာမှ မပေးဘူးတော့ ဘယ်ဟုတ်မလဲ။ အကောင်းဆုံးပညာရေး ပေး တာ။ ခြေစောင့်လက်စောင့် ငွေပေးတာ၊ အလုပ်အတူတူလုပ်ရင်း လမ်းပြ လက်တွဲခေါ်တာတွေတော့ ရှိတာပေါ့။ ဘီလီယံနာရဲ့ သားသမီးတွေပဲ ဒီ အခွင့်အရေးလောက်တော့ ရသင့်တာပေါ့ဗျာ။ ကိုယ်မစွံရင် ဘာမှ အလကားမရဘူး

ဒါနဲ့ စကားမစပ် လူကြီးမင်းတို့ မျိုးဆက် ဘယ်နှဆက် ထိုင်စားလောက်အောင် ချမ်းသာနေပြီလဲ။
ချမ်းသာမှုတွေက အထက်က ဘီလျံနာကြီးတွေလို သိက္ခာရှိရှိလား။
လူကြီးမင်းတို့ တရားဝင်လစာ ဘယ်လောက်လဲ။ လူကြီးမင်းတို့ မသေကြတော့ ဘူးလား။

ကြည့်။
အရှေ့က လူယုတ်မာကြီးတွေက မတရား၊ နှိပ်စက် ငွေရှာ။ အရေးရယ် အကြောင်းရယ်ဆို ထွက်ပြေးဖို့ ပြည်ပမှာ ငွေစု၊ ခြေလှမ်းပြင်။ မဟုတ်တော့လည်း ပြေးပေါက်က ကြည့်ထားရတာပေါ့လေ။
အနောက်က ဘီလျံနာတွေက သူတို့ဘာသာ ရှာဖွေထားတာတောင် သူများတွေကို ပြန်ပေးပစ်တယ်။ သားသမီး မြေးတွေဖို့က ပညာရေးနဲ့အနာဂတ် အမွေ။
မော်ရယ်တန်ဖိုးက တော်တော်ကွာနေပြီ။
တကယ့် စစ်စစ်ပေါက်ပေါက် သမိုင်းနဲ့ မနုသဗေဒ ပြောနေတာက အဲဒါတွေက အရှေ့ရဲ့ အဓိက မော်ရယ်တန်ဖိုးတွေ တဲ့။
လူကြီးမင်းတို့က နိုင်ငံကို အိုးမဲသုတ်
ဗုဒ္ဓဘာသာကို အိုးမဲသုတ်
အာရှမော်ရယ်တန်ဖိုးကို အိုးမဲသုတ် တွေပဲ။
မသေခင် မင်္ဂလသုတ်နဲ့ သိင်္ဂါလောဝါဒသုတ် ဖတ်သွားကြပါအုံး။

ကမ္ဘာ့သာသနာပြုက ရှေးရိုးစွဲ စိတ်ဓာတ်ကို အရင်ပယ်နိုင်မှ


မြန်မာရဟန်းတော်တွေအကြား အိန္ဒိယနဲ့သီဟိုဠ်ကို စာသင်သွားတယ်ဆိုတာ အသက် နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်မှ။
ပညာရေးအရ တိုက်ရိုက်ဆက်သွယ်လို့ရတာကလည်း ဒီနှစ်နိုင်ငံ၊ ထိုင်းထည့်ရင် သုံးနိုင်ငံပဲရှိမယ်။
မနေ့က သီဟိုဠ် ကိုယ်တော်လေးတစ်ပါး Buddhist Collage of Singapore တက်ဖို့ ကျောင်းရောက်လာတယ်။ ၁၈ နှစ် မပြည့်သေးဘူး။ (Buddhist and Pali Collage မဟုတ်ပါ)
သူ့အသက် ၃၀ ဆယ်ဆိုရင် ပြည်ပအတွေ့အကြုံ အတော်ရပြီးနေပြီ။ ရောက်
တဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုကို အစောကြီး လေ့လာသင်ယူ ခွင့်ရှိတယ်။ သူ့မှာ ဒေသ ခံတွေနဲ့ သဟဇာတဖြစ်ခွင့် ပိုရှိတယ်။
မင်္ဂလဝိဟာရ ထောင်သွားတဲ့ ဆရာတော် မဟာဝီရက အသက် ၁၆ နှစ်မှာ မလေးရှားရောက်နေပြီ။
ကမ္ဘာ့သာသနာပြုက ရှေးရိုးစွဲ စိတ်ဓာတ်ကို အရင်ပယ်နိုင်မှထင်တယ်။ မြန်မာ ကိုရင်ကြီး၊ ရဟန်းငယ်တွေ စွမ်းရင်ကြိုးစားကြည့်နိုင်ပါတယ်။

လူသိနည်းသည့် ရဟန်းဒုက္ခ



ဒကာတစ်ယောက်နှင့် အတူတက္ကစီစီးကာ တန်တောက် စင်းဆေးရုံမှ ပြန်လာခဲ့၏။ ကျောင်း၏ ဖောင်းဒင်း မန်ဘာဒကာကြီးတစ်ယောက်အတွက် ဗောဇ္ဈင်သုတ် သွားရွတ်ရာမှ ပြန်လာခြင်းဖြစ်၏။ P.I.E လမ်းပေါ်မှာ….  

“ဒုန်း - ဒုန်း - ဒုန်း”



အသံကြီး သုံးသံဆက်တိုက်ကြားလိုက်ရပြီး တဒင်္ဂမျှ အသက်ရှုဖို့မေ့သွားခဲ့၏။ အသက်ကမူ ရှုဆဲ၊ ရှူနေသည်ကို မသိတာလည်းဖြစ်နိုင်၏။ တဒင်္ဂမျှ ကြာသောအခါ ရှေ့နောက်ဝဲယာ ကို ကြည့် လိုက်မိ၏။

ဘုရား… ဘုရား …. ။ စီးလာသော တက္ကစီ၏ အဖုံးများလွင့်ပျံထွက်သွားပါလား။ ကားသုံးစီး ဆက်တိုက် တိုက်မိခြင်းတည်း။ ကားနောက်ခန်းမှ ထိုင်နေခဲ့သော်လည်း ထိုနေ့က ကံကောင်းထောက်မ စွာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့မိ၏။ ထို့နောက်လက်ကိုလှုပ်ကြည့်၏။ ခါးကိုဆန့်ကြည့်၏။ ခြေကိုဆန့်ကြည့်၏။ လည်ပင်းကို လှုပ်ရှားကြည့်၏။ အမှားအယွင်းမရှိ။ ဘာမှ မဖြစ်။ ကားက မူ ရုပ်ပျက်ဆင်းပျက်။

ထိုဒကာနှင့်အတူကားပေါ်မှ ဘာမှ မဖြစ်သကဲ့သို့ခပ်တည်တည် ဆင်းကာ သူ့ကိုပင် ဘာဖြစ်သေး လဲဟု မေးမိ၏။ ထိုဒကာနှင့် တက္ကစီသမားလည်း ကျန်းမာပကတိ ရှိကြ၏။ ကံကောင်းသည် ဟုဆိုရမည် မှာ နောက်မှ ရှေ့ဆင့်နောက်ဆင့် တိုက်လိုက်သော ကားနှစ်စီးတွင် တစ်စီးမှ လော်ရီကားမပါခြင်းတည်း။



ထို့နောက်တက္ကစီ နောက်တစ်စီးကိုငှားကာ ကျောင်းသို့ ပြန်လာခဲ့ကြ၏။

“ အရှင်ဘုရားရယ်…. ရင်တုန်ပန်းတုန်ရှိလိုက်တာ ဘလက်ဇင်( Blessing ) လုပ်ပေးပါဦး”  ဟု မိမိလောက် အန္တရယ်မရှိသောနေရာတွင် ထိုင်ခဲ့သော ဒကာက လျှောက်၏။ အမှန်မူ ရဟန်းလည်း လူဖြစ်၏။ ထို့ထက်ရှင်းအောင်ဆိုရလျှင် သီဟနာဒဆိုသည့် ရဟန်း၌ ဒေါသကိလေသာရှိဆဲတည်း ။ ကြောက်၏။ (ကိလေသာ ဆယ်ပါးချမ်းသာသည့် ရဟန်းဖြစ်၏။ တစ်ပါးမှ မသုံးရသေး။ မကုန်သေး ဟူလို) သို့သော် ကြောက်စိတ်မပြေရှာသေးသော ထိုဒကာကိုမူ ချွေးသိပ်ရန်တာဝန်ရှိနေ၏။ ရဟန်းပေကိုး။

ဂုဏ်တော်ကိုးပါးကို ခပ်တိုးတိုးရွတ်၏။ ယံ ဒုန္နိမိတ္တံကိုရွတ်၏။ ဘဝတု သဗ္ဗမင်္ဂလံကို ရွတ်၏။ သဗ္ဗီတိယောကို ရွတ်၏။ ပန်းခက်လေးဖြင့် ပရိတ်ရေဖြန်းပေးလိုက်၏။



“ ကျေးဇူးပါအရှင်ဘုရားရယ်။ အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်” ဟု ထိုဒကာက လျှောက်ကာပြန်သွား၏။

“ အင်း…. ငါကရော ဘယ်သူ့ကိုသွားပြီး Blessing အလုပ်ခိုင်းရပါ့။ သေတွင်း မှ လက်နှစ်လုံးလောက်သာ လွတ်ခဲ့၏။ ရင်ခုန်၊ ရင်တုန်သံများ မငြိမ်းသေး “

ရဟန်းဖြစ်သည့်အတွက် ခပ်တည်တည်ဖြင့်ပင် ဟန်ဆောင်လိုက်ရ၏။
လိမ်လည်မှုလေလော? အပြစ်မဟုတ်ဟုတော့ထင်၏။

သီဟနာဒ



29/12/2011



Copyright © 2011 ကမ်းလက်. All rights reserved.