ဘာသာပြန်အကြောင်း နည်းနည်းပါးပါးဆွေးနွေးကြပြီးတဲ့နောက် မိတ်ဆွေ တစ်ယောက်က သူ့မှတ်စုထဲက ဆရာကြီးတွေရဲ့ အဆိုအမိန့်တွေကို ဗိုက်ဘာက တဆင့် ပို့ပေးလို့ ကျေးဇူးတင်စွာ တစ်စုတစ်စည်းထဲ ရလိုက်ပါတယ်။ မောင်သော် က စကားက ပိုပြီးအသေးစိတ်ကျတယ်။
တစ်ခါတစ်ခါ ဆရာကြီးတွေအချင်းချင်း အယူအဆမတူတာတွေလည်း ရှိနေနိုင် ပါတယ်။ ဒါဆိုရင် နှစ်ယောက်စလုံးကိုနားထောင်လို့မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုပဲ နားထောင်ရတော့မယ်။ တစ်ခါတစ်ခါ ဘယ်သူ့ကိုမှ နားမထောင်ဘဲ ကိုယ့်ဟန်ကို ဖမ်းယူရမယ့်ကိန်းလည်း ဆိုက်နေနိုင်ပြန်တယ်။
တိုက်တိုက်ဆိုင်ဆိုင် သစ္စာရှိမှုနဲ့ပတ်သက်လို့ သောကြာနေ့က စထရိတ်တိုင်းမှာ တရုတ်စကားလုံးတစ်လုံးအကြောင်း ပါလာတယ်။ ကျနော် တရုတ်စာ မတတ်ပါ ဘူး။ ဆောင်းပါးရှင်အဆိုအရ အက္ခရာလေးလုံးရှိတဲ့ တရုတ်သမ္မတရဲ့ ပေါ်လစီ အကြောင်း စကားလုံးကို ဘာသာပြန်ဆိုဟန် ကွဲနေပုံပါ။
၁။ သေရေးရှင်ရေးပြသနာကို ကိုင်တွယ်ဖြေရှင်းခြင်းလို့ မူရင်းအဓိပ္ပါယ်ရှိပါသတဲ့။
၂။ ဒါကို အင်္ဂလိပ်လိုပြန်တော့ "Do or die" ဖြစ်သွားတယ်။
၃။ ဒါပေမဲ့ တရုတ်သမ္မတကျင့်သုံးနေပုံက "I live, you die" ဖြစ်နေတယ်တဲ့။
ဒီတော့ သစ္စာရှိမှုအောက်မှာတင်ပဲ
၁။ စကားလုံးအပေါ် သစ္စာရှိမှုလား (၏ သည်မလွဲ ပြန်ဆို)
၂။ စာရေးသူရဲ့ ခံစားချက်အပေါ်သစ္စာရှိမှုလား
၃။ အနေအထားအားလုံးကို ခြုံကြည့်လို့ ရလိုက်တဲ့ အဓိပ္ပါယ်အပေါ်သစ္စာရှိမှုလား စသည် ကွဲနေပြန်ပါတယ်။
ဒီဟန်ချက်တွေကို ညှိယူရာမှာ ဆရာကြီးတွေလည်း တစ်ဦးနဲ့တစ်ဦး တူညီနေကြ မှာ မဟုတ်တော့ဘူးလို့ စဉ်းစားမိနေမိပါတယ်။