ပိုင်နက်လက်တစ်သစ်


ဖရန်စွာနဲ့အဲလက်စ်

ခဏပဲဖြစ်စေ ဖရန်စွာနဲ့အဲလက်စ်ဆိုသည့် ပြင်သစ်လေးနှစ်ယောက်နဲ့ ရင်းနှီး မိတ်ဆွေဖြစ်ခဲ့ဖူးပါသည်။ သူတို့ကလည်း အင်္ဂလိပ်မကောင်း ကျနော့်အင်္ဂလိပ် ကလည်း အိုနင်းခွက်နင်းမို့ စကားပြောရတာလက်ပေါက်ကပ်ပေမဲ့ ပျော် စရာတော့ကောင်းပါသည်။ နာမည်တွေအပြန်အလှန်မေး၊ စကားတွေပြော၊ မန္တလေးတောင်နဲ့ ဆွေမျိုးတော်စပ်တဲ့ကျနော့်အခန်းလေးထဲအထိ သူတို့ လိုက် လာပြီး သူတို့ကိုလည်း ကော်ဖီတစ်ခွက်စီတိုက်လိုက်ပါသည်။ အခုပြောချင်တာက သူတို့ကို အမှတ်တရဖြစ်နေစေသည့်အကြောင်းသာ ဖြစ်သည်။

သူတို့ပြန်ခါနီး နှုတ်ဆက်ကြသည့်အခါ ဂွတ် ဘိုင်၊ ဆီး ယူ"...."ဆိုပြီး သူတို့က နာမည်ခေါ်နှုတ်ဆက်ကြပေမဲ့ သူတို့နာမည်တွေကတော့ ကျနော့်ပါးစပ် ထဲ ရောက်မလာခဲ့ပါ။ ပါးအရိုက်ခံလိုရသလို ခံစားရပါသည်။ သူတို့နာမည်တွေက ကိုယ်နဲ့မှမရင်းနှီးတာလို့ ဆင်ခြေတက်ကြည့်ပေမဲ့ မလုံလောက်ပါ။ ကျနော့်နာမည် ကလည်း သူတို့အတွက် လွယ်ကူလှမည် မဟုတ်ပါ။
ထိုမှနောက် အပျင်းပြေနာမည်မေးခြင်းမျိုး မလုပ်ဖြစ်တော့၊ မေးမိလျင်လည်း ခပ်ဖွဖွတော့ရွတ်ကြည့်နေမိတတ်သည်၊ အတတ်နိုင်ဆုံးတော့ မမေ့အောင် ကြိုးစားမိသည်။ ဤအချက်က ကျနော့်ရဲ့ ပေါင်းသင်းဆက်ဆံရေးအပေါ်မှာပင် အကျိုးသက်ရောက်မှု ရှိကောင်းရှိနေနိုင်ပါသည်။ ကျနော်သည် ပေါင်းသင်းဆက်ဆံရေမှာ အထနှေးတတ်ပါသည်။

ပိုင်နက်

သူငယ်ချင်း ကဗျာဆရာနှစ်ယောက်ရှိခဲ့ဖူးပါသည်၊ တစ်ယောက်နဲ့ကတော့ အခု အထိရန်ကုန်ပြန်စဉ် တွေ့ဖြစ်ပါသည်။ တစ်နေ့ သူ့ကို
"မင်းအနေနဲ့ ရဟန်းဘွဲ့ ကိုခေါ်တာ ကြိုက်သလား၊ ကလောင်နာမည်ကိုခေါ်တာ ကြိုက်သလား" လို့ မေးတော့
"ရဟန်းဘွဲ့ဆိုတာကကွာ ဘာမှမလုပ်လည်း ရနေတာပဲ၊ ဒီကလောင်နာမည်လေး ရဖို့ ငါ တအားကြိုးစားခဲ့ရတာ၊ မွေးရာပါအခွင့်အရေးမဟုတ်ဘူးဟ" လို့ သူကဖြေပါသည်။
သဘောတူပါသည်။ ဒါ့ကြောင့် သူ့ကို မောင်စူးရဲလို့ပဲခေါ်မိပါတော့သည်။ သူ့ရဟန်းဘွဲ့ကို ကျနော်မေ့နေပြီဖြစ်ပါသည်။ သူ့ကို ကျနော်ချစ်ဖို့ သူ့အနေနဲ့ နိုင်ငံကျော်ကဗျာဆရာဖြစ်ဖို့မလိုပါ။ သူဖြစ်ဖို့ပဲ လိုပါသည်။

လက် တစ်သစ်

မိဘများက ကျနော့်ကိုမွေးပြီး ကျနော်က ဇင်ဝေသော်ကိုမွေးခဲ့ပါသည်။ ဇင်ဝေသော်အပေါ် ဘာလောင်းရိပ်မှ ရှိမနေစေချင်ပါ၊ (ဇင်ဝေသော်က ဒုတိယ သားဖြစ်ပါသည်၊ ပထမသားက သူ့လောက်သတ္တိမရှိခဲ့ပါ၊ ဒါ့ကြောင့် သူ့ကို စာရေးဖို့ မတိုက်တွန်းဖြစ်တော့ပါ)။ ဘယ်လိုပဲဖြစ်စေ လက်ခံနိုင်သော်လည်း အက်ဂျက်တစ်မပါသောဝေါဟာရများကို ဇင်ဝေသော်က မြတ်နိုးဟန်တူပါသည်၊ သူသည် အက်ဂျက်တစ်မရှိသော လူတစ်ယောက်သာဖြစ်သည်။ အားလုံးကို လက်ခံနိုင်သော်လည်း တခါတခါတွေ့ရတတ်သည့် ကွန်မင့်လေးများအပေါ် ဇင်ဝေသော် ကျေနပ်မိသည်ကိုမူ လက်ခံထားမိပါသည်။

"Mg Chit:ဆရာဟန်တင်တန်ကိုထောက်ခံပေမယ့် မြန်မာပြည်ရဲ့သဘာဝ မှိုင်း အရတော့ မျက်စိစပ်ပြီးခေါင်းမမူးတတ်ရင် သာသနာရေးဝန်ကြီးလို ဖြစ်တတ် တယ်တဲ့ ဆရာဇင်ဝေသော်ရယ်။"

"Nyein Chan Ar Kar: ဟန်တင်တန် ပြောတာ မှန်တယ်ဗျ။"

တကယ်တော့ ဆရာဆိုသည့် ဝေါဟာရကသည်ပင် မလိုအပ်ပါ။ သူခေါ်မည် ဆိုရင်လည်း မတားပါ၊ တားခွင့်မရှိပါ။
သူတို့သည် ဝေါပေါ်မှာ မိတ်ဖွဲ့မထားသည့် ဇင်ဝေသော်ရဲ့ သူငယ်ချင်းများဖြစ် ကြပါသည်။

အမှာ။ ။ "ပိုင်နက်လက်တစ်သစ်" ဆိုတာ သူငယ်ချင်း မောင်စူးရဲရဲ့ ထင်ရှားတဲ့ ကဗျာခေါင်းစဉ်ဖြစ်ပါသည်။

ဒီနေ့ထိုးမယ့် လက်ဝှေ့ပွဲစဉ်ပါ


ကနေဒါနိုင်ငံသား ဗုဒ္ဓဘာသာ မက်သရူးနှင့်မြန်မာနိုင်ငံသား အစ္စလာမ် မင်းမင်းထွန်းတို့ရဲ့ပွဲပါ....ဘယ်ဖက်ကနေ အားပေးကြမလဲဟေ့..."

ဟန်တင်တန်ရဲ့စီဗီလိုက်ဇေးရှင်းလိုင်းအရဆိုရင်တော့
လူမျိုးမတူပေမဲ့ ကိုးကွယ်မှု(စီဗီလိုက်ဇေးရှင်း)တူရင် ပေါင်းစည်းလို့ရတယ်။
လူမျိုးတူပေမဲ့ ကိုးကွယ်မှု(စီဗီလိုက်ဇေးရှင်း)မတူရင် ပေါင်းစည်းဖို့ခက်တယ် တဲ့။

ပုခေယီဆိုတော့ ပုခေယီပေါ့


(ယဉ်ကျေးမှုမှ မတူတာ၊ ထမ်းဆိုလည်း ထမ်းလိုက်ပေါ့)

ထိုင်ဝမ်က ပြီးကာစ ဧရာမကျောင်းသစ်ကြီးထဲမှာ (စေ့စေ့စပ်စပ်ကြည့်မယ်ဆို တစ်ပတ်အတွင်း မပြီးဘူးဆိုပဲ၊ ကြီးတာကတော့ တကယ့်ကို ကြီးတာ) ပန်ချီကား တစ်ချပ်တွေ့ရတယ်။
ဘုရားရှင်ရဲ့ မိဘကျေးဇူးဆပ်ခန်းအကြောင်း ရေးထားတာပါ။ မိခင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အခန်းမှာ မယ်တော်မိနတ်သားကို အဘိဓမ္မာတရားဟောကြားပုံပါတယ်။ ဒါက ထေရဝါဒနဲ့ မကွဲပြားဘူး။
ဖခင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အခန်းမှာတော့ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးရဲ့ ရုပ်အလောင်းကိုမီးသင်္ဂြိင်္ုဟ်ဖို့ ဘုရားရှင်ကိုယ်တော်တိုင် ပခုံးနဲ့ထမ်းပြီး သယ်လာ တာတွေ့ရပါတယ်။ အားနဲ့မာန်နဲ့ပဲ။
ကျောင်း ဥက္ကဋ္ဌက (သူကလည်း သီဟိုဠ်၊ ကလနီယတက္ကသိုလ် ဒေါက်တာ ဘွဲ့တော့ရပြီးသား၊ နာမည်ရှေ့ ဒေါက်တာတပ်တာတော့ မတွေ့မိဘူး)
"ဟေ့ လာကြည့်ကြ၊ တို့ ထေရဝါဒမှာ မတွေ့ရဘူး" တဲ့၊ ပြုံးစိစိနဲ့။
"ဘန္တေ၊ ဘယ်လို သဘောရသလဲ" လှည့်မေးနေလို့
"ယဉ်ကျေးမှုမှ မတူတာ၊ ထမ်းဆိုလည်း ထမ်းလိုက်ပေါ့" လို့ပဲ ဖြေလိုက်တယ်။
ဒီတော့ သူအပြုံးက "ဟား ဟား ဟား" ဖြစ်သွားရော။
သူရောကိုယ်ရော ဓာတ်ပုံရိုက်မယ်လုပ်တော့ ဓာတ်ပုံမရိုက်ရ ဆိုတဲ့ သင်္ကေတကို သွားတွေ့ရတယ်။ ဒါနဲ့ မရိုက်ရ၊ ပုံ မတင်ရတော့ဘူး။
အင်း ပုခေယီဆိုတော့လည်း ပုခေယီပေါ့လေ၊ ဟုတ်ဘူးလား။

မြင်ချင်တယ် ဒီမာရီယားနဲ့ဒေါ်စု


ပုံရိပ်တစ်

ထုံးဖြူဖြူစည်းကြောင်းလေး မကျော်ခင်၊ အနက်ရောင်ဝတ်စုံနဲလူကြီးရဲ့ တံပိုး ခရာသံ မညံခင်အထိ ဇာဘာလက်တာနဲ့ဒီမာရီယား၊ အဂွေးရိုးနဲ့ ရိုဂျို (ရိုဟို)တို့ဟာ ပခုံးတွေဖက်ကြမယ်၊ ခေါင်းတွေပုတ်ကြမယ်။ ဂျာမဏီရဲ့လက်ချက်နဲ့ ဘာသာဗေ ဒတူမျက်ရည်တွေ အတူတူကျခဲ့တာမဟုတ်လား။ အဲ ဒါပေမဲ့ ထုံးဖြူဖြူစည်းကြောင်းလေးကို ကျော်လိုက်တာနဲ့ လက်သီးတွေကျစ်ကျစ်ဆုတ်၊ ခရာမှုတ်လိုက်တာနဲ့ အပြန်အလှန် သတ်ကြပုတ်ကြတော့မယ်။ သူတို့ မုန်းလို့ မဟုတ်ကြဘူး။ မုန်းလည်းမမုန်းမိကြပါစေနဲ့။ အနီရောင်ကောင်းကင်ကို ဒီ မာရီယားကဦးဆောင်လာမှာဖြစ်သလို အပြာရောင်ပင်လယ်မှာ အဂွေးရိုးက ပဲ့ကိုင်ရွက်လွှင့်လာလိမ့်မယ်။ ဒီပွဲမျိုးမှာ ဘာအကြောင်းနဲ့မှ ဒီမာရီယားတစ်ယောက် အရန်ခုံပေါ်ရောက်မနေအပ်ဘူး။

ပုံရိပ်နှစ်

စီနီယာဘုရှ်ကို ကလင်တန်က အလဲထိုးတယ်၊ ကလင်တန်ကိုတော ဂျူနီယာ ဘုရှ်က လက်စားချေတယ်။ မပြေနိုင်တော့မယ့် ရန်ညိုးတွေနဲ့ ရန်သူတော် ကြီးတွေလိုပဲ။ လူကြီးလူကောင်းဆန်ဆန်(ကလေးကလားတွေ မပါခဲ့ဘူး) ဆော်ကြ၊ ကလော်ကြတွေကလည်း သတင်းစာစောင်ရေတွေ တဟုန်ထိုးတက်သည်အထိ။ နိယာမနဲ့အကျဉ်းချုပ်တော့ ရှူံးလိုက် နိုင်လိုက်။ ဒါပေမဲ့ အမျိုးသားရေးကိစ္စနဲ့ကြုံလာတော့ ကလင်တန်က ဘုရှ်နှစ်ယောက်နောက်မှာ၊ ဘုရှ်နှစ်ယောက်က ကလင်တန်နောက်မှာ။ သရော်တော်တော်၊ ခနဲ့တဲ့တဲ့အပြုံးတွေက အေးချမ်းလို့။ အဲ ပြိုင်တူတောင် အမျိုးသားရေးအတွက် အံတွေကြိတ်လို့။
ဦးသိန်းစိန်လား၊ ဦးရွှေမန်းလား၊ ဘယ်သူပဲဖြစ်ဖြစ် ၂၀၁၅ ပွဲမှာ ဒေါ်စုဟာ အရံထိုင်ခုံပေါ် ရှိမနေသင့်ဘူး။ ရှိမနေရဘူး။ စွမ်းရင် ရအောင်တား။

ဟုတ်တယ် ရွှေခြံရေ.....
လူမုန်းများကာမှများရော ဒီနေ့ မြင်ချင်တာက ဒီမာရီယားရဲ့ လက်ညှိုးလက်မ ကွင်းပြတဲ့ ဝိုင်းဝိုင်းလေး၊ လာမယ့်နှစ်မှာတော့ လေဒီရဲ့ အပြုံးသန့်သန့် လက်မြှောက်ပြမှုလေးပဲ။
သူတို့ယှဉ်ပြိုင်ခွင့်ရပြီး မျှမျှတတရှူံးသွားမယ်ဆိုရင် နိုင်သူကို ဂုဏ်ပြုဖို့၊ ရှူံးသူကို စာနာဖို့ သွေးကြောင်နေမိမယ် မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် လေဒီကြောင့် တစ်နိုင်ငံလုးံ အစ္စလာမ်မိုက်ဇ်သွားမယ်ဆိုတဲ့ လူပြောများရောင်းကုန်တစ်ခုကို မဝယ်လိုက်မိလို့ပါ။

ကထိန်အာနိသင်နဲ့လူ့ယဉ်ကျေးမှုပဋိပက္ခ


ကထိန်အာနိသင်နဲ့လူ့ယဉ်ကျေးမှုပဋိပက္ခကို ဘယ်လိုရအောင်ဆက်သွယ် သလဲတော့မသိဘူးပေါ့။
ညီတော်ရဟန်းတစ်ပါးက ဒီလိုဆိုလေရဲ့....
".......လူ့ယဉ်ကျေးမှုက ကထိန်တရားတွေမှာ အတော်လေးအသုံးဝင်နေတယ်၊ သုံးပွဲဟောပြီးပြီ"
သင့်သလိုသာသုံးတော့ ငါရှင်...
ဒါနဲ့စကားမစပ် နယူးကာဆယ်နဲ့ လီဗာပူးလ်က ပထမပိုင်းမှာ ဂိုးမရှိသရေပဲ မြို့ဦးဆရာတော်။