ပန်းတိုင်တိုင်း ဘာမှမရှိခြင်းလား၊ ကိုယ်က မတွေ့ခြင်းလား၊ တွေ့တာကိုပဲ မတွယ်ငင်မိခြင်း၊ တန်ဖိုးသတ်မှတ်ချက် မှားယွင်းခြင်းလား မေးခွန်းများ စွာ ယောက်ယက်ခတ်နေနိုင်ပါသည်။
စိတ်ဝင်စားမည်ဆိုလျင် ဟျွန်ဂျူး (သို့) မဓမ္မဒဿီအကြောင်း ပြောပြချင်ပါသည်။ သူမသည် ပန်းတိုင်အများကြီးဆီကို ရောက်ခဲ့ပြီး သူမ ရောက်ခဲ့ဖူးသည့် ပန်းတိုင်များမှာလည်း ဘာမှရှိမနေကြောင်း ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါသည်။
သူမနဲ့ရင်းနှီးသိကြွမ်းစဉ် သူမက ဟွန်ဂျူးဘဝမှ မဓမ္မဒဿီအဖြစ် ကူးပြောင်းချိန်ဖြစ် ပါသည်။
သူမက ပူဆန်မြို့သူ၊ အိပ်မက်ကြီးသူ၊ အရဲစွန့်ရဲသူမိန်းကလေးဖြစ်ပါသည်။ သူမရဲ့ ဆယ်ကျော်သက်အိပ်မက်က ဆိုးလ်တက္ကသိုလ်ရောက်ရှိရေးဖြစ်ခဲ့သည်။ ထက်မြက်သည့်မိန်းကလေးဖြစ်သည်အားလျော်စွာ သူမအိပ်မက်ကလည်း တကယ်ဖြစ်လာခဲ့ပါသည်။ သို့သာ် သူမ တကယ်တန်း ဆိုးလ်တက္ကသိုလ်ကို ရောက်ရှိသည့်အခါ ထို ဆိုးလ်တက္ကသိုလ်ထဲမှာ သူမ အိပ်မက်ထဲကအရာတွေကို ရှာမတွေ့ခဲ့ဟု ဆိုပါသည်။ သူမ အိပ်မက်ထဲကအရာတွေသည် ဘာတွေလဲဆိုတာတော့ မသိပါ။ သိစရာလည်း မလိုပါ။
သူမ ဆိုးလ်တက္ကသိုလ်က ပေးအပ်သည့်ဘွဲ့ မရမီအချိန်လေးမှာပင် သူမရဲ့အိပ်မက်ကလည်း တဆင့် နယ်ချဲ့လာခဲ့ပြန်ပါသည်။ ထိုအိပ်မက်က ပညာသင်ဆုဖြင့် အမေရိက တက္ကသိုလ်ကို သွားရောက်ရေး ဖြစ်လာခဲ့သည်။ သူမ အိပ်မက်ထဲကအရာတွေ အမေရိကမှာ ရှိနေမလားလို့ ယူဆနေခြင်းကြောင့် ဖြစ်သည်ဟု သူမကဆိုပါသည်။
အမှန်လည်း အမေရိကကို ပညာတော်သင် သွားရောက်ခွင့် သူမ ရရှိခဲ့ပြန်ပါသည်။ အောင်မြင်မှုအသီးအပွင့်ကို အချိန်အတော်ကြာအောင် သူမ သာယာနေမိခဲ့သည်။ သို့သော် ထို သာယာမှုကလည်း တာရှည်ခံခဲ့ဟန်မတူပါ။
အတန်ငယ် အရွယ်ရလာတဲ့ ဟွန်ဂျူးဟာ ဘဝအဓိပ္ပါယ်နဲ့ဆက်စပ်
တဲ့ မေးခွန်းတွေ မေးလာနေပြီဖြစ်ပါသည်။
ဘဝကဘာလဲ။ ပျော်ရွှင်မှုက ဘာလဲ။
ထိုအခါ အမေရိကမှာလည်း သူမ အိပ်မက်ထဲကအရာတွေ မရှိပြန်တော့ပါ။ မရှိတော့သည့်အခါ သူမရဲ့ အိပ်မက်အသစ်နောက်ဆီ လိုက်လာပြန်တော့သည်၊ လိုက်ရင်းဖြင့် သူမတွေ့သိလိုက်ရသည်က တိဘက်တန်ဘာသာရေး အဆုံးအမ များ ဖြစ်တော့သည်။ တိဗက်တန် အဆုံးအမများအောက်မှာ ကြည်နူး ကျေနပ်မှု ရရှိခဲ့သည်ဟုဆိုပါသည်။ သို့သော် အချိန်အတန်ကြာလာသောအခါ သူမသည် ကျေနပ်မှုထက် ဘဝပြတ်မှုကို တောင့်တရင်း ဝိပသနာအခြေခံ တရားကို စတင်ကျင့်သုံးလာခဲ့သည်။ အတန်ငယ် သမာဓိရလာသောအခါ ဆရာပီသသော တိဗက်ဘုန်းတော်ကြီးက ဝိပသနာဆက်လက်အားထုတ် ဖို့ မြန်မာပြည်ကို သွားရောက်ရန် လမ်းညွှန်လာခဲ့သည်။
Artist Aung Kyaw Htet |
ထို့ကြောင့် သူမရဲ့ ဘွဲလွန်သင်တန်အပြီးမှာ အမေရိကမှတဆင့် ကိုရီယားနဲ့ မဝေးလှသည့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတော့သည်။
ရောက်ရှိလာပြီး နာမည်ကြီး ရိပ်သာတစ်ခုမှာ သုံးလခန့်တရားအားထုတ်အပြီးမှာ သီလရှင်ဝတ်ရန်၊ မြန်မာစာသင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သီလရှင်ဝတ်ခြင်းက မဆိုင်လှသော်လည်း မြန်မာစာသင်ရန် ဆုံးဖြတ်ချက် ကတော့ သူမနှင့် သိကြွမ်းရင်းနှီးဖို့ အကြောင်းရင်းဖြစ်လာခဲ့ပါသည်။ သူမက အသက်နှစ်နှစ်ခန့်ငယ်သော်လည်း အတွေ့အကြုံက အများကြီးသာနေသဖြင့် သူမဆီက လေ့လာစရာများလည်း အများအပြားရှိနေခဲ့ပါသည်။ မိမိသည် သီအိုရီများဖြင့် နှောင်ရစ်နေသည့် ရဟန်းငယ်တစ်ပါးမျှသာဖြစ်ပါသည်။
ထို့အပြင် ကိုယ်တိုင်လည်း ဘာမှမရှိသည့်ပန်းတိုင်များအကြောင်းကို လမ်းခုလပ် မှာရပ်ရင်း တွေးတောမိစအချိန်ဖြစ်နေသဖြင့် ဘဝအပေါ် လက်ခံမှု အမြင်များ
လည်း တူညီနေသည်။ ဤအချက်ကြောင့်ပင် အပြန်အလှန် နားလည်မှုလည်း ပိုရှိလာခဲ့ကြသည်။
(ဆွမ်းစားချိန်ရောက်လာသဖြင့် နောက်မှဆက်ရန်)