ပရိုက်ဘိတ်ဂျက်နှင့် ၂၁-ရာစုဈာန်ရ ရဟန်းတော်များ

လွန်ခဲ့သော (၁၀)နှစ်ကို ပြန်ကြည့်လျှင် ဆရာတော်များ ကြက်ပေါင်ဖိနပ်(သို့) ရာဘာ ဖိနပ်များစီးထားလျှင် စိတ်ပျက်ခဲ့ရဖူးသည်။ ဒီဆရာတော်ကလည်း ကလေးကလား ကြက်ပေါင်ဖိနပ် စီးရတယ်လို့ ဟုထင်ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ခွဲခြားမကြည့် တတ်ခြင်းကြောင့် ဟုယူဆမိသည်။ ယဉ်ကျေးမှု ဟူသည်ကလည်း မိမိမြင်တွေ့နေကြ ကိစ္စများကို အခြေခံမူအဖြစ်ထားပြီး တိုင်းတာသည်။ ကိုယ်မြင်နေကျဖြစ်နေလျှင်မျက်စိထဲ၊ နားထဲတွင် ယဉ်ကျေး နေတတ်ပြီး ကိုယ်မြင်၊ ကြားနေကျ မဟုတ်သည့်အရာများဖြစ်နေလျှင် ရိုင်းနေတတ်သည်။ ဤသည်မှာ သညာကိစ္စသက်သက်သာဖြစ်သည်။

ဤတွင် ဤမေးခွန်းမေးရန် အကြောင်းဖြစ်လာခဲ့သည်။

ငါတို့စီးနေတဲ့ဖိနပ်တွေကရော ဘုရားလက်ထက်ကဖိနပ်တွေနဲ့ တူနိုင်ပါ့မလား။ ဘုရားရှင် လက်ထက်က ဘယ်လိုဖိနပ်တွေကို ရဟန်းတော်တွေ စီးတော်မူကြသလဲ။

ဖိနပ်ဟူသည့် ခြေထောက်ကို အကာအကွယ်ပေးသောဝတ္ထုသည် ရှေးဦးဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် ကျယ်ကျယ် ပြန့်ပြန့်ကြီး ထွန်းကားခဲ့ဟန်တော့မတူပါ။ (Early Buddhist Culture)။ ဘုရားရှင် ခရီးတစ်ခုခုပြန်ကြွလာသည့်အခါ၊ ဆွမ်းခံရာမှ ပြန်ကြွလာသည့်အခါတို့၌သီတင်းသုံးရာ ကျောင်းသို့ ရောက်တော်မူလျှင် ခြေဆေးတော်မူခြင်း၊ ခြေသုတ်တော်မူခြင်းစသည်တို့ကို မပျက် မကွက်ပြုလုပ်တော်မူလေ့ရှိသည်။ ဤသည်မှာ ဘုရားရှင် ဖိနပ်စီးတော်မမူကြောင်း ယူဆချင်လျှင် ယူဆနိုင်သော အထောက်အထားဖြစ်သည်။

သို့သော အနည်းငယ်ကြာလာသောအခါ (၀ိနည်းသိက္ခာပုဒ်များ ပညတ်ရသည့်အခါ) ထိုဖိနပ် ဆိုသည့် ခြေထောက် အကာအကွယ်ပေး အရာဝတ္ထုအကြောင်း အနည်းငယ်တွေ့လာရသည်။ ဤကိစ္စသည် ၀ိနည်းကိစ္စဖြစ်နေသဖြင့် ဤနေရာ၌ ကျယ်ကျယ်ပြန့်ပြန့် ပြောရန်မသင့်ဟုထင်သည်။ သေချာသည်မှာ သစ်သားဖိနပ်(ခုံဖိနပ်)လို အသံမြည်လွန်းသောဖိနပ်များ ကိုပိတ်ပင်တော်မူခဲ့သည်။ တိတ်ဆိတ်မှုကို ဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ဈာန်မရကြသောခေတ် ရဟန်းတော်များအတွက် စက်ဘီး၊ မော်တော်ဆိုက်ကယ်၊ ကား စသည်များကိုလည်း ယာဉ်(သို့) ဖိနပ် ဟုဆက်စပ်တွေးမည်ဆိုလျှင် တွေးလို့ရနိုင်ပြန်သည်။

ရဟန်းတစ်ချို့ မော်တော်ဆိုက်ကယ်စီးကြပြီ။ ရဟန်းတစ်ချို့(အထူးသဖြင့်) အနောက်နိုင်ငံများတွင် ကား ကိုယ်တိုင်မောင်းနေကြပြီ။ မြန်မာ့ယဉ်ကျေးမှုမျက်မှန် အသေတပ်ထားလျှင် လုံးဝအဆင်မပြေနိုင်သော မြင်ကွင်းများ ဖြစ်နိုင်သည်။

ဒါကိုမသိလျှင် ၀ိနည်းတော်ဘာညာနှင့် လျှောက်ပြောလာနိုင်သည်။ ထိုခေတ်က ကားမရှိ သဖြင့် ကားနှင့်ပတ်သက်သော သိက္ခာပုဒ် တိုက်ရိုက်တွေ့နိုင် စရာ အကြောင်းမရှိပါ။ သေချာတာကတော့ နွားပိန်မ၊ မြင်းပိန်မလေးတွေဖြင့်မောင်းနှင်သော နွားလှည်း၊ မြင်းလှည်းများ ကိုတော့ မစီးကောင်းပါ။ စီးကောင်းသည်ဖြစ်စေ မစီးသင့်ပါ။ “မစီးကောင်း” သည် ဘုရားဝါဒဖြစ်ပြီး “မစီးသင့်”သည် လူသားဝါဒ သက်သက်သာဖြစ်ပါသည်။ ကရုဏာသဘောပါဝင်သည်။

ရဟန်းများကားမောင်းခြင်းနှင့် ပတ်သက်ပြီး မြန်မာများသာမက ထေရ၀ါဒဗုဒ္ဓဘာသာရဟန်း နှင့်လူများ သဘောတူညီမှု မရကြသေးပါ။ မောင်းသူကမောင်းပြီး ဝေဖန်သူကဝေဖန်ဆဲဖြစ်သည်။ သို့သော် မြင်းပိန်၊ နွားပိန်မလေးဆွဲသည့် လှည်းနှင့်စာလျှင် ကားမောင်းတာက ပိုပြီးလူသားဆန်သည် ဟုထင်ပါသည်။ ကရုဏာသဘောပါသည်။

မော်တော်ဆိုင်ကယ်၊ စက်ဘီး စသည်တွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ လွန်ခဲ့သော (၁၀)နှစ်က နယ်တွင် စက်ဘီးစီး၊ ဆိုင်ကယ်စီးသောရဟန်းတော်များ မရှိသေးပါ။(မမြင်မိဟု ဆိုလိုပါသည်။) နောက်မှ စီးလာကြသည်။ ပြစ်တင်သံ တစ်ချို့ကြားရသည်။ ကြာတော့ပျောက်သွားသည်။ ယခု နောက်မှထိုင်ခုံမှာမထိုင်တော့ဘဲ ကိုယ်တိုင်စီးလာကြပြီ ဟုသိရသည်။ တစ်ချို့ (တော်တော်များများက) သဘောမတူကြ။ သို့သော် မော်တော်ဆိုင်ကယ်ပေါ်ကရဟန်းကို ဆွဲချ၍မရ။ ထို့ကြောင့် ဝေဖန်ကြသည်။ ထိုဝေဖန်သည့်အသံများလည်း ကြာလျှင်ပျောက်သွားပါလိမ့်မယ်။

မော်တော်ဆိုင်ကယ်ကို မပြောလိုသော်လည်း စက်ဘီးကိုတော့ပြောချင်ပါသည်။ သို့သော် စက်ဘီးစီးသင့်၊ မစီးသင့်ကိစ္စမဟုတ်ပါ။ခြေသလုံးပိန်တာရိုးနှင့် ကလေးတစ်ယောက်နင်းသည့်စက်ဘီးကို ဘုန်းကြီး၀၀ကြီးက အခန့်သားထိုင်စီးနေခြင်းထက် ကိုယ်တိုင်နင်းလိုက်တာက ပိုပြီးလူသားဆန်သည်ဟုထင်ပါသည်။ ကရုဏာသဘော ပါဝင်သည်။ ထိုပိန်တာရိုးလေးကစီးရဲလျှင် သူ့ကိုကယ်ရီယာခုံပေါ်ကနေအစီးခိုင်းလိုက်ပါ။ (ထိုပိန်တာရိုးလေးက စီးရဲ၊ မစီးရဲတော့ မသေချာပါ။ စီးကောင်းသည်ဟုထင်သည်။)

ဖိနပ်ကိစ္စဆက်ပါမည်။

ယနေ့ ရဟန်းတော်များစီးနေသောဖိနပ်များသည် မင်းတုန်းမင်းလက်ထက်ကမှ ဒီဇိုင်းထွင်လိုက်သော ဖိနပ်များဖြစ်သည်ဟု တက္ကသိုလ်ဆရာတော်တစ်ပါး ဆွေးနွေးသည့်လက်ချာကို မှတ်သားရဖူးသည်။ မှန်ပါသည်။ ဤ ဦးဝိုင်းဝိုင်းနှင့်ဖိနပ်သည် မင်းတုန်းမင်းနှင့် ထိုခေတ်ကဆရာတော်တစ်ချို့၏ စနက်သာဖြစ်သည်။ ဘုရားရှင်၊ ဗိမ္မိသာရတို့နှင့် လုံးဝမဆိုင်ပါ။ ထိုဖိနပ်ကို စီးလိုကစီးနိုင်ပါသည်။ သို့သော် ဘုရားက ဒီဖိနပ်မျိုးကိုစီးဖို့ပဲ မှာတော်မူခဲ့တာဟုတော့ မပြောသင့်ဟုထင်သည်။ ဘာကြောင့်ပါလဲဟုဆိုလျှင် ရှက်စရာကောင်းသောကြောင့်ဖြစ်သည် ဟုဖြေရမည်ထင်သည်။

ကြက်ပေါင်ဖိနပ်၊ ရာဘာဖိနပ်များဘာကြောင့်မစီးသင့်သလဲ ဟုမေးလျှင် တော်တော်များများက လူတွေစီးတဲ့ ဖိနပ်ဖြစ်နေလို့ဟု ပြီးစလွယ်ဖြေတတ်ကြသည်။ အမှန်မူ ထိုရဟန်းစီးဖိနပ်ဆိုသည့် ဦးဝိုင်းဝိုင်းဖိနပ်ပုံစံသည် မင်းတုန်းမင်းနှင့် သူ့မိသားစု(တော်ဝင်မိသားစု မသုံးလိုပါ၊ ကုမ္ပဏီနာမည်နှင့် တူသွားနိုင်ခြင်းကြောင့်ဖြစ်သည်။) များစီးသည့် ဖိနပ်ပုံစံများဟု သိရပြန်ပါသည်။

ဤသို့ဆိုလျှင် လူအများစုစီးသည့်ဖိနပ်ပုံစံကိုတော့မစီး၊ ဘုရင်စီးသည့်ဖိနပ်ပုံစံနှင့်တူသည့် ဖိနပ်ကိုတော့ စီးသည်ဆိုသည့် အဓိပ္ပာယ်ရောက်နေပြန်သည်။ အဓိပ္ပာယ်မရှိလှတော့ပါ။တခြားဖြေရှင်းချက်တစ်ခုကတော့ “အသွင်ဖျက်ခြင်း” ဆိုသည့် ဘုရားစကားကိုနားထောင်ပြီး ထိုကြက်ပေါင်၊ ရာဘာဖိနပ်တို့၏ ဦးပိုင်းကို အနည်းငယ်ဖြတ်ပြီးစီးခြင်းပင်ဖြစ်ပါသည်။ “လူတွေစီးတဲ့ဖိနပ်မို့” ဆိုသည့်အဖြေထက် လူဖိနပ်နှင့်ကွဲသွားအောင် အသွင်ဖျက်ခြင်းက ၀ိနည်းနှင့် ဆက်စပ်လို့ ပိုအဆင်ပြေနိုင်ပါသည်။

ဖိနပ်ဟူသည် ခြေထောက်ကို အကာအကွယ်ပေးသောအရာဖြစ်သည်။ ထို့ထက်လုံးဝမပို။ ကိစ္စပြတ်ပြီဖြစ်ပါသည်။မန္တလေးရောက်စဉ် မိတ်ဆွေရဟန်းတစ်ပါးက မင်းဖိနပ်ကြီးကလည်းကွာ လူစီးဖိနပ်ကြီး ဟုပြောသည်။ လူစီးဖိနပ်တော့ဟုတ်တယ်။ ဒီဖိနပ်က သားရေဖိနပ်မဟုတ်ဘူး။ သားရေဖိနပ်မဟုတ်တော့ သတ္တ၀ါတစ်ကောင်ကောင် သားရေအတွက်သေစရာ မလိုတော့ဘူးလို့ ဖြေခဲ့ပါသည်။ ကိုယ်တိုင်ယုံကြည်ထားသည့် ယုံကြည်မှုဖြစ်သည့်အတွက် ပြဿနာ မရှိလှပါ။ သားရေဖိနပ် ကိုသာစီးကြသည့် ရဟန်းတော်တစ်ရာအတွက် အနည်းဆုံး နွားသားရေတစ်ချပ်တော့ လိုပါလိမ့်မည်။ ဤသို့ဆိုလျှင် ရဟန်းတော်ငါးသိန်းအတွက် သားရေဦးဝိုင်း ဖိနပ်များရဖို့ နွားသားရေမည်မျှ လိုအပ်ပါမည်နည်း။

ဒီသားရေတွေကို တို့ဖိနပ်လုပ်မစီးလည်း နွားတွေကတော့ သေနေမှာပဲ ဟုပြောရန်ရှိပါသည်။ မှန်လည်း မှန်ပါသည်။ နွားများသေရခြင်းသည် ရဟန်းတော်များ သားရေဖိနပ်စီးခြင်းနှင့်ဘာမှမဆိုင်ပါ။

သို့သော် ၂၁-ရာစုလူသားများတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ချို့ သက်သတ်လွတ်စားလာကြသည် (ဥပမာ- စတိဗ်ဂျော့)၊ သားရေဖြင့်ချုပ်သောဂျက်ကင်များ မ၀တ်ကြတော့(ဥပမာ- ရစ်ချတ်ဂီယာ)၊ မက်ထီရီ ယယ်ဂါးဆိုသည့် ပြောင်စပ်စပ်(တစ်ချိန်က) မက်ဒေါနားကပင် သိုးမွှေး စသည်ဖြင့် ရက်လုပ်သော အ၀တ်အထည် များဝတ်ဆင်ရန် စိတ်မရဲလှတော့ဟု ဆိုလာကြသည်။

ဝိနည်းက သားရေဖိနပ်ကို လက်ခံပါသည်။

သားရေနှင့်တူသည့် ရာဘာလို၊ ကြက်ပေါင်လိုပစ္စည်းများ ဘုရားလက်ထက်ကရှိလျှင် ဘုရားရှင်ကလည်း ခွင့်ပြုတော်မူနိုင်ပါသည်။ (ဤစကားကို သဘောမကျသူများ ရာဘာနှင့်ကြက်ပေါင်တွေ့ရှိခြင်းသမိုင်းကို ဖတ်ဖို့အကြံပြုပါသည်။)

ဤသည်မှာ ရဟန်းနှင့်ဖိနပ်ပြဿနာဖြစ်သည်။

ရဟန်းတော်များ ဖိနပ်စတင်စီးစဉ်က ထိုရဟန်းတော်များကို ဝေဖန်ကြဖူးသည်။ ယခုဖိနပ်စီးခြင်းသည် ကြီးကျယ်သောကိစ္စမဟုတ်တော့။ ထို့နောက် ရဟန်းတော်များ စက်ဘီးစီး၊ ဆိုင်ကယ်စီး၊ ကားစီးလာကြသည်။ ဝေဖန်သည်။ ထိုအသံများပျောက်သွားခဲ့သည်။ ထို့နောက် ရဟန်းတော်များ စက်ဘီးကိုယ်တိုင်စီး၊ မော်တော်ဆိုင်ကယ်ကိုယ်တိုင်စီး၊ ကားကိုယ်တိုင်မောင်း လာကြသည်။ ဝေဖန်ကြသည်။ ပျောက်သွားပါလိမ့်ဦးမည်။

၂၁-ရာစုနှောင်းပိုင်းရောက်လျှင်(သို့) ၂၂-ရာစုဦးဆိုလျှင် အချို့ရဟန်းတော်များ ကိုယ်ပိုင် လေယာဉ်များပင် ရှိလာနိုင်ပါသည်။ (မဖြစ်နိုင်ဟု မျက်စိမှိတ်၍တော့ မငြင်းစေချင်ပါ၊ တစ်ချိန်က လှည်း(သို့)လှေ တစ်ခုခု ဘုန်းကြီးကျောင်းတိုင်းရှိခဲ့သည်။ ထိုကျောင်းများ၌ ယခု ကား(သို့) မော်တော်ဆိုင်ကယ်များ ရှိနေပြီးဖြစ်သည်။) ထိုအခါ ကနဦး လူများကိုအမောင်းခိုင်းပြီး ရဟန်းတော်များ ပရိုက်ဘိတ်ဂျက်စီးလာပါလိမ့်မည်။ ထို့နောက် ရဟန်းတော်များကိုယ်တိုင် ပရိုက်ဘိတ်ဂျက်များ မောင်းရင်းပျံသန်းကြပါလိမ့်မည်။

ဈာန်မရသောရဟန်းတစ်ပါးအတွက် ပရိုက်ဘိတ်ဂျက်သည် အစားထိုးပစ္စည်းတစ်ခု ဖြစ်လာနိုင်သည်။ ဈာန်ရသောရဟန်းတစ်ပါးသည် လူတစ်ယောက်အပိုခေါ်ပြီး ကောင်းကင်ပျံလို့ရ၊ မရ မသိသော်လည်း ထိုပရိုက်ဘိတ် ဂျက်မောင်းနိုင်သော ရဟန်းကတော့ လူငါးယောက်ခန့် (မသေချာ၊ ဂျက်အရွယ်အစားအတိုင်းရှိမည်) လိုရာခရီးကို ပို့ပေးနိုင်ပါလိမ့်မည်။

ဈာန်ရသောရဟန်းတော်တစ်ပါးဈာန်လျှောလျှင် ဈာန်သာလျှောပြီး ထိခိုက်ဒဏ်ရာ ရရှိသည်ဟု စာပေမှာမတွေ့ရပါ။ သို့သော် ပရိုက်ဘိတ်ဂျက်မောင်းသောရဟန်းတော်များ စက်လျှောလျှင်တော့ မသက်သာလှဟု ၂၁-ရာစုနှောင်းပိုင်းကို မှန်း၍ စိတ်ပူမိသည်။



သီဟနာဒ









Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment