တကယ်ပါ ကျနော်ဟာကောင်းကင်ရဲ့ မွေးစားတာကို ခံလိုက်ရပါတယ်။ အဲဒီကောင်းကင် ကလည်း အက်ဂျစ်တစ်တွေနဲ့ လေးလံနေတဲ့ ကောင်းကင်ပါ။ ဒီပြဿနာကို ပြေလည်အောင် ဘယ်က စပြောရမလဲ။ အဲ...ဟိုလူ။ ကြိယာဝိသေသနတွေနဲ့ လူလည်လုပ်နေတဲ့လူ။ သူပိုင် ဆိုင်တာ ဆိုလို့ ကြိယာဝိသေသန။ သူ့ရှိတာ ဆိုလို့လည်း ကြိယာဝိသေသနပဲ။
ဒါပေမယ့်ဒီကြိယာဝိသေသန နဲ့တင် အလုပ်ဖြစ်အောင် သူလုပ်နိုင်တယ်။ မင်းခိုက်စိုးစံရဲ့ စကားတွေကို ရွတ်ပြတော့ သူဟားဟားနဲ့ရီတယ်။ "သူသည်ကြိုးစား၏။ အလွန်ကြိုးစား၏ ။ အလွန့် အလွန် ကြိုးစား၏ ။ကြိုးစားရင်း ကြိုးစားရင်း သူသည် အလွန်ကြိုးစားသူ တစ်ယောက် ဖြစ်လာခဲ့သည် ။သူ့ထံမှာတော့ ဘာမှ မရှိချေ။" ဒါ့ကြောင့် သူ့ကို ကြိယာဝိသေသန (အလွန့် အလွန် ဆိုတာ မျိုးတွေ ချမ်းသာ) သူလို့ ခေါ်တာပါ။
ခက်တာက ကြိယာတွေ မရှိဘဲ ဘယ်လိုလုပ် ဝိသေသန လုပ်ချင်လို့ ရမလဲ ။ သူကလည်း ခေသူတော့ မဟုတ်။ ကြိယာဝိသေသန လုပ်ချင်တဲ့ သူဆိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိယာတစ်ခုခု ရအောင်ရှာနေတတ်သူ။ ထားပါတော့ ကျနော့်ကို အဲဒီ အက်ဂျစ်တစ်တွေနဲ့ လေးလံနေတဲ့ ကောင်းကင်နဲ့ တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်ဖုံ မိတ်ဆက်ပေးဖို့ ကြိုးစားနေတာက အဲဒီ လူ။ မေ့မသွားကြပါနဲ့။ ကြိယာဝိသေသနတွေနဲ့ လူလည် လုပ်နေတဲ့ လူ။
ဒါနဲ့ ကျနော်က ပြောမိတယ်။
"မင်းကောင်းကင်က အက်ဂျစ်တစ်တွေနဲ့ လေးလံနေတဲ့ ကောင်းကင်ပါ။ ငါနဲ့ အဆင် မပြေပါဘူးလို့။" သူဘာမှဆက် မပြောဘူး။ ကြိယာဝိသေသနပြောင်းဖို့ကြိတ်ကြံနေတာ ဖြစ်မှာပေါ့။ ကောင်းကင်နဲ့မိတ်ဆွေဖြစ်တော့ သူ့မှာတောင် အိမ်ခြေယာခြေ မဲ့လို့။ ဒါကိုပဲ (ကြိယာဝိသေသန ချမ်းသာတဲ့လူက) မိုဘိုင်း ဆိုဆိုက်တီးတဲ့ ။ မခက်ဘူးလား။
တစ်ပတ်လောက်နေတော့ သူကပြောတယ်။ "ကောင်းကင်က အက်ဂျစ်တစ်တွေချည်း မဟုတ်ပါဘူး။ ကြိယာလေးတွေလည်း ရှိပါတယ်။" တဲ့။ ဒီစကားက ကျနော့်ကို လှုပ်နှိုးသွားတာပါ။ အက်ဂျစ်တစ်ထက် ကြိယာကို ကျနော်က ပိုချစ်တယ်။ ဒါကလည်း တခါက သူပြောဖူးတဲ့ စကားပါ။
"ဒီတက္ကသိုလ်က ဘွဲ့ရပါ၊ ဟိုတက္ကသိုလ်က ဘွဲ့ရပါ။ ဒေါက်တာပါ၊ မဒေါက်တာပါ။ လူဖြူပါ၊ လူမည်းပါ။" "မလိုချင်ဘူး ဘာမှမလိုချင်ဘူး လိုချင်တာက ရေနံရှာပေးနိုင်တဲ့ လူ" ဆိုတာလေ။
တိုတိုပြောကြပါစို့။ ဒီလိုနဲ့ ကြိယာဝိသေသနတွေနဲ့ လူလည်လုပ်နေတဲ့ လူရယ်။ အက်ဂျစ်တစ်တွေနဲ့ လေးလံနေ တဲ့ ကောင်းကင်ရယ် ။ ကက်ပီတယ် လက်တာနဲ့ စာလုံးပေါင်းရမှ ကျေနပ်တတ်တဲ့ ကျနော်ရယ်။ သုံးပွင့် ဆိုင် တွေ့ဆုံ ပွဲလေး ဖြစ်ခဲ့တယ်။ ဖဲယား ပလေး ဖြစ်ပါတယ်။ မညှာကြေး။
တွေ့တယ်ဆိုရင်ပဲ ကျနော်က ဝါကျ အစ၊ ဝါကျအလယ်၊ ဝါကျ အဆုံး ဘာမှမရွေးဘူး။ ကျနော်ရွေးတဲ့ စကားလုံးတိုင်းကို ကက်ပီတယ် လက်တာနဲ့ချည်းပဲ စာလုံးပေါင်းပစ်လိုက်တယ်။ နှလုံးသွင်း မတတ်လို့ကတော့ တကယ့်ကို အမြင်ကတ်စရာပဲ။ မတတ်နိုင်ဘူး။ ကြိယာဝိသေသနနဲ့ အက်ဂျစ်တစ်တွေ ကြားထဲမှာ ကက်ပီတယ် နဲ့မှ စာလုံးမပေါင်းရင် ညှပ်သွား လိမ့်မယ်။ ပေါင်းတယ်။ ဘာဖြစ်လဲ... ဘာမှ မဖြစ်ပါဘူး။ မဆိုးဘူး။ အထိုက်အလျောက် တီးခတ်လို့ ရတယ်။
ကြိယာဝိသေသနက ဒါလေးကို ကြိယာလုပ်ပြီး သူကဝိသေသန စင်ပေါ်တက် ဘလော့ပေါ်တက်ဖွမယ် မနည်းလုပ်နေလို့ --- ဟင်း...။
ကောင်းကင်ကလည်း ဒါလေးကို နောင်းလုပ်ပြီး သူတို့ အက်ဂျစ်တစ် အကြီးကြီးတွေ ရှေ့က (သို့) နောက်က (သို့) ရှေ့နောက်ညှပ်သုံးဖို့ ဖွဘွတ်တွေ ကျည်အပြည့်ထိုးထားကြတယ်။
ကျနော်ကလည်း ခပ်တင်းတင်းပဲ။ လာသမျှ အက်ဗတ်နဲ့ အက်ဂျစ်တစ်တွေကို ကက်ပီတယ် လက်တာနဲ့ ဖမ်းပစ်ဖို့ (၂၄) နာရီ ကင်းချထားတာ။ ဒါနဲ့ကောင်းကင်က ဘယ်လိုလုပ် မင်းကို မွေးစားသွားရတာလဲလို့ မေးစရာရှိပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်လည်း ကိုယ်တိုင် မရှင်းဘူး။ ဘာနဲ့ တူသလဲဆိုရင် ဘဝပြဿနာနဲ့ တူတယ်။ ဘဝဆိုတာ ဘာလဲ။ ဘဝက ဘယ်က စခဲ့တာလဲ - လို့ မေးမိတဲ့ အချိန်မှာ ဘဝက ကျနော်တို့ကို မွေးစားပြီးသား ဖြစ်နေတယ်။ အဲဒီ အတိုင်းပဲ။ ကောင်းကင်က ဘာလဲလို့ မေးမိတဲ့ အချိန်မှာ ကောင်းကင်က ကျတော့်ကို သူပိုင်တယ်လို့ ကြေညာ ပြီးသွားပြီ။ ဘာမှန်း မသိဘူး။
ကြိယာဝိသေသန ပြောတာမှန်တယ်။ အဲဒီကောင်းကင်ထဲမှာ ကြိယာလေးတွေ ပါတယ်။ အခုထိ ကျနော်သိသမျှ ပြောရရင် ဣတ္ထိလ္လိင်ကြိယာက နှစ်ပုဒ်၊ ပုလ္လိင်ကြိယာက နှစ်ပုဒ်။ (ကျနော်သိသမျှ ပြောတာပါ၊ ကျနော် မလေ့လာ ရသေးတဲ့ ကြိယာတွေ အများကြီး ရှိနိုင်ပါတယ်။) ဤကား အဆဲလွတ်အောင်...။
ဖြည့်စွက်ချက် အမှာ။ ။
ပုလ္လိင်ကြိယာ နှစ်ပုဒ်မှာ တစ်ပုဒ်က Verb to be. နေရာတိုင်းပါတယ် ။ စပ်စပ်..စပ်စပ်နဲ့ ။ တစ်ပုဒ်က Verb to read. စာအုပ်ထူထူကြီးတွေ Read တယ်။ ပါးရင် မတူမတန်သလို။ (စိတ်မရှိပါနဲ့ ၊ ဆော်ပြီ)
နည်းနည်းပိုကဲတာက ဣတ္ထိလ္လိင်ကြိယာနှစ်ပုဒ်။ ကြိယာဆိုတဲ့အတိုင်းထေ့တယ်၊ အော်တယ်၊ မွေးစားတယ်။ စကားနာထိုးတယ်။ တခါတခါ ကြိယာနေရာမနေဘူး။ ဗိုကေးတစ် ပြန်ရမဲ့ အပိုင်းတွေကို ဝင်ရှုပ်တယ်။
ကြိယာထေ့က ဒါကိုမြန်မာမှု ပြုတယ် ။"ချစ်ဖေကြီး..." တဲ့။ တစ်သက်လုံး အစဉ် အလာကောင်းခဲ့ တဲ့ ခေါင်းပေါ်မှာ အဲ့ဒီနေ့ ကဆံပင်ဖြူ တစ်ချောင်း ချက်ချင်းထွက်လာပါတယ်။ ပြန်ကို မမည်းတော့ဘူး။ အဲဒါ ကျနော့်ကို မွေးစား သွား တဲ့ ကောင်းကင် ပါ။ ကောင်းကင် ဆိုတာ ကလည်း မော့ကြည့်လိုသာရပြီး စိုက်ပျိုးလို့ မရဘူးလေ။ ဒီတော့ စာထိုင်ရေးကြတာပေါ့။
ဒါပေမယ့် လှလှပပ ဝါကျလေးတွေ စီဖို့တော့ …အက်ဂျစ်တစ်တွေနဲ့ကောင်းကင်ရယ်၊ ကြိယာဝိသေသန နဲ့ မြစ်တစ်စင်းရယ် (ဒယ်ဒီလေး)၊ ကြိယာဝိသေသနပိုင်ရှင်ကိုတားမြစ်မဲ့ ဖူးစတော့(ပ်) ပိုင်ရှင် ဒယ်ဒီလတ်ရယ်၊ ကက်ပီတယ် လက်တာနဲ့ စောင့်နေတဲ့ ကျနော်ရယ် ... ဝါကျစဖို့..(ဒယ်ဒီကြီး) ၊ဣတ္ထိလ္လိင် ၊ ပုလ္လိင်ကြိယာလေးတွေရယ် ...
မေ့လို့ - ဣတ္ထိလ္လိင် မွေးစားကြိယာကပြောတယ်..."မီးတို့ကောင်းကင်က ကြယ်တာရာ သိပ်မများဘူး တာဝန်မကျေမှာ စိုးတယ်" တဲ့ ။ စိတ်ထဲရှိတာသာ ပြောလိုက်ရရင် မေတ္တာသုတ် တစ်သုတ်လုံး ပုဒ်ထီး ၊ ပုဒ်မပါ မကျန် ဝိုင်းပြီး မေတ္တာပို့ ခံရတော့မယ် ။ (ဦးပုည ပြောခဲ့တဲ့ စကားပါ။) "ကြယ်တာာရာ သိပ် မများဘူးသာ ဆိုတယ် ၊ ဓါတ်ပုံရိုက်မယ်လည်းဆိုရော ကြယ်တာရာတွေကို ပြွတ်သိပ်လို့"

ဒယ်ဒီကြီး ၊
ဒယ်ဒီလတ် ၊
ဒယ်ဒီလေး တဲ့။

Copyright © 2012 ကမ်းလက်. All rights reserved.
Post a Comment