မြွေနှစ်သစ်ကူးနှင့် ခန္ဒသုတ်


ဤကျောင်းမှာ နှစ်စဉ် တရုတ် နှစ်သစ်ကူးနေ့တိုင်း ည ၁၂ နာရီမှစတင်ကာ မဟာသမယသုတ်နှင့် မေတ္တသုတ်ကို ရဟန်းတွေရော လူများပါ စုပေါင်းပြီး ရွတ်ဖတ်ပူဇော်ကြသည့် အစဉ်အလာရှိခဲ့သည်။ ပျံတော်မူသွားခဲ့သည့် သီရိ လင်္ကာဆရာတော်ကြီး ချမှတ်ပေးထားခဲ့သည့် အဓိပ္ပါယ် ပြည့်ဝသော နှစ် သစ်ကြိုဆိုမှုတစ်ခုလည်းဖြစ်သည်။

ယခုနှစ်က မြွေနှစ်ဟု သိရသည်။ သူ့နေ့နှင့်သက်ဆိုင်ရာ သုတ်တော်များကို လပြည့်နေတိုင်း ရွေးချယ်ရွတ်ဖတ်ပူဇော်ကြရာ မြွေနှင့်ဆိုင်သော သုတ္တန်ရော မရှိဘူးလား မေးလာသဖြင့် ခန္ဒသုတ်ကို ညွှန်းဆိုလိုက်ရသည်။ ထို့ကြောင့် သူတို့ နှစ်သစ်ကူးချိန် ယနေ့ည၌ မဟာသမယသုတ်၊ မေတ္တသုတ်တို့အပြင် ခန္ဒသုတ်ကိုပါ ပေါင်းထည့် ရွတ်ဖတ်ပူဇော်ကြမည်။

မြွေဟုဆိုသဖြင့် ခန္ဒသုတ်နှင့် အဆင်ပြေသွားသည်။ အခြား ကြက်၊ဝက်၊ ဆိတ် စသော နှစ်များဆိုလျင် ဘယ်လိုလုပ်ရပါ့မလဲ ဟု စဉ်းစားမိသေးသည်။
သေသေချာချာ စဉ်းစားလိုက်မှ ခန္ဒသုတ်ဟူသည် မြွေသာ မောင်ပိုင်စီးလို့ရ သည့် အိတ်ကလူးစစ်သုတ် မဟုတ်။
အခြေမပါသော သတ္တဝါ၊ အခြေနှစ်ခြောင်းပါသော သတ္တဝါ၊ ၊ အခြေလေးခြောင်းပါသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါဟု ဆိုထားသည်။ တကယ်ဆို ဘယ်သတ္တဝါပဲ လာလာ ခန္ဒသုတ်သုတ်နှင့် အလုပ်ဖြစ်သည်။

ခန္ဒသုတ်သုတ်၌ မလာသည်က အခြေသုံးခြောင်းပါသော သတ္တဝါသာဖြစ် သည်။ အခြေသုံးခြောင်းပါသော သတ္တဝါလည်း တရုတ်နှစ်များတွင် မရှိလောက်ဟု တွေးမိကာ စိတ်သက်သာရာတော့ ရလိုက်မိ၏။

တရုတ်မျိုးနွယ် စာဖတ်သူတိုင်အတွက် ပျော်ရွှင်သော နှစ်သစ်ဖြစ်ကြပါစေဟု ဆုတောင်းပေးပါ၏။



သီဟနာဒ

Post a Comment