မန်းကို လွမ်းလို့ တမ်းတဲ့စာ ( ၃ )

(မအားသဖြင့် အဟောင်းကို ပြန်တင်လိုက်ရသည်)

"သာသနာ့ တက္ကသိုလ်ထဲက ခွေးကြီး တစ်ကောင်အကြောင်း"

၁၉၉၀ ခုနှစ်များက သာသနာ့ တက္ကသိုလ် မြောက်ဖက်ခြမ်း၌ အများနှင့်မတူ ဝဖြိုးနေသော ခွေးကြီး တစ်ကောင်ကို တွေ့နိုင်သည်။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုလျင် အိုဗာဝိတ် ဖြစ်နေသော ခွေးကြီးဟု ဆိုကောင်း ဆိုပေလိမ့်မည်။ ဆီးချို သွေးချိုဖြစ်ဖို့ အလားအလာ ရှိသည် ဟုလည်း ဆိုေ ကာင်းဆိုပေလိမ့်မည်။ ထို ခွေးကြီး ကတော့ ဘာရောဂါမှ မရှိ ကျန်းကျန်း မာမာပင် ဖြစ်သည်။ ထို ခွေးကြီးသည် ဆွမ်းစားကြောင်းသွားရာ တန်ဆော င်းအောက်၌လည်းကောင်း၊ အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား မှာလည်းကောင်း အနေများလေသည်။

ထို ခွေးကြီးအကြောင်းကို ပြောပြချင်သည်။ ဘာ့ကြောင့် ထို ခွေးကြီးက ထူးထူးခြားခြား ဝ နေရသနည်းက အဓိကအကြောင်းဖြစ်သည်။
ည ည အခါ တစ်ခါတရံ နာယက ဆရာတော်တို့က စာသင်သား သံဃာငယ် များ သီတင်းသုံးရာ အဆောင်များကို စစ်တတ်ကြသည်။ ထိုအခါ ရဟန်း ပင် ဖြစ်သော်ငြား စာသင်သားသံဃာငယ်များ ဖြစ်သည်အားလျော်စွာ ဆရာတို့ မမြင်အပ်သည်တို့ တခါတရံ တွေ့ရှိတတ်သည်။ ဥပမာ ကက်စက် ဖွင့်နေခြင်း၊ ရေဒီယိုအသံ အနည်းငယ် ကျယ်နေခြင်း စသည် တို့ ဖြစ်လေ သည်။ ထို အခါမျိုးတွင် ရိုးသားသော ဆရာတော်ကြီး တစ်ပါးက ရေဒီယို ကက်စက် ဂျက်ပင်များ သိမ်းဆည်းသွားတတ်သည်၊ ဤသို့ သိမ်းဆည်းခြင်း မှာ ဂျက်ပင်မရှိလျင် ရေဒီယိုကက်စက် ဖွင့်မရတော့ဟု ဆရာတော်က ယုံ ကြည်ထားသောကြောင့် ဖြစ်သည်။ မှန်၏။ ရေဒီယိုကက်စက်ဝယ်ရာ၌ ဂျက် ပင် တစ်ချောင်းသာပါ၏၊ အပိုမပါ။

ထို ပြဿနာက မကြာမီ ပြေလည်သွားတော့သည်။ အကြောင်းက အထက်ေ ဖ်ာပြပါ ခွေးကြီးက ထို ဆရာတော် အဆောင်မှထွက်လာလျင် ဟောင်တတ်ေ သာကြောင့် ဖြစ်လေသည်။ ထူးတော့ ထူးခြားသည်၊ သူဟောင်ပုံက ယင်း ဆရာတော်ကြီးကို မုန်း၍ ဟောင်ခြင်းမျိုး မဟုတ်ဘဲ စာသင်သား သံဃာ ငယ်များကိုသတိပေးသော ဟောင်ခြင်းမျိုး ဖြစ်နေခြင်း ဖြစ်လေသည်။

" ဝေါင်း၊ ဝေါင်း၊ ဝေါင်း "
ဤ အဓိပ္ပါယ်က
" သတိရှိကြလော့၊ နာယက ဆရာတော်များ အဆောင်တွေ စစ်တော့မည် " ဟု ဖြစ်သည်။

ထို အခါ အချင်းချင်း စကားပြောနေကြလျှင်ရပ်။ ကိုယ့်အခန်းကိုပြန်၊ ကက် စက်ဖွင့်ထားလျှင် ပိတ်၊ စာအုပ် ထူထူ ကောက်လှန်၊ သည်းသည်း မည်းမည်း စာကြည့်ဟန် ပြုနေလိုက်ရုံပင်။ လှ၏၊ သမဏ သာရုပ္ပဖြစ်၏။

အစပိုင်းတော့ သတိမထားမိကြ၊ တဖြည်းဖြည်းကြာလာမှသာ ထို ခွေးကြီး ၏ ဟောင်သံကို သတိထားမိကြသည်။ ထို ခွေးကြီးကိုစာသင်သား သံဃာ ငယ်များ အလွန် ချစ်ကြသည်ဟု ဆိုဖွယ် မလိုတော့ဟု ထင်သည်။ ထိုနောက် တစ်ခါ ဟောင်တိုင်း ထို ခွေးကြီးကို ထန်းလျက် ကျွေးကြသည်။ ကြာလာတော့ ခွေးကြီးကလည်းသဘော ပေါက်လာသည်။ ဆရာတော်ကြီး ကို ဟောင်လျင် ထန်းလျက် စားရသည်။

ကောင်းတော့ မကောင်းလှ၊ ထိုမှနောက်ထိုဆရာတော်ကြီးကို တွေ့သည့်နေရာ ဟောင်လေတော့သည်။
ဟောင်ပြီးလျင် အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား လာပြီး မြင် သည့် ရဟန်းတစ်ပါးပါဆီ သွားလေတော့သည်။

ဆိုလိုသည်က
" ငါ့ရှင်တို့ လိုသော ဆားဗစ်ကို ငါ ပရိုဗိုက်လုပ်ခဲ့ပြီ၊ ငါ ရသင့်သော ပရောဖစ် ကို ပေးပါတော့ "
ဟု ဖြစ်သည်။

ရွာပြန်လျင်ပင် မိဘ၊ ဆရာ ကန်တော့ရန် ဘာမှ ယူသွားလေ့ မရှိကြသော၊ မန္တလေး ပြန်လာလျင်လည်း ဒကာ၊ ဒကာမတို့အားပေးရန် ဘာလက်ဆောင်မှ ယူ မလာတတ်သော ရဟန်းတော်များကပင် ထို ခွေးကြီးအတွက် ထန်းလျက် နှစ် ပိဿာ သုံး ပိဿာ ယူလာရန် ဝန်မလေးကြတော့ပေ။
ဤသို့ဖြင့် ထို ခွေးကြီးသည်အလွန်ဝ၊ အလွန်လှသော ခွေးကြီးဖြစ် လာလေတော့သည်။
အကြံ တစ်ချက်ကောင်းလျှင် ခွေးလည်း ကောင်းစားလေတော့သည်။ အချက် ပိုင်ဖို့သာ အရေးကြီး၏။

အစပိုင်းမှာတော့ ထို ခွေးကြီးက သူဟောင်ချင်၍ ဟောင်ခြင်း တနည်း လူမှား၍ ဟောင်ခြင်းဖြစ်သည်။ သို့သော် ဟောင်သဖြင့် ထန်းလျက်စားရမှန်း သိသောအခါ ထန်းလျက်ကျွေးသဖြင့် ဟောင်ခြင်းဖြစ်သွားလေတော့သည်။ ကိုယ့်ဆရာကို ဟောင်သောခွေးကို ထန်းလျက်ကျွေးသော ရဟန်းများ ဟူ၍လည်း ဤ ဘုရား သာသနာမှာတော့ မိမိတို့ကလွဲလျင် မရှိဟု ထင် သည်၊ စာပေမှာ မတွေ့မိ။ နောက် ဘုရား သာသနာမှာတော့ မပြောတတ်ပေ။

မည်သို့ဖြစ်စေ လူရှင်းလှသော၊ သင်တန်းများပိတ်ထားသော ဒေပါဗလီ ပတ်ဘလစ် ဟောလီးဒေး၌ ထို ခွေးကြီးကို ထူးထူး ခြားခြား သတိရလွမ်း
ဆွတ်မိသဖြင့် ဤစာကို ရေးမိသည်။
( ထို ဆရာတော်ကြီးကိုလည်း ဤမှ ထပ်မံ တောင်းပန်ပါ၏ )

အထူး အမှာ။ ။ ဤစာသည် မန်းကို လွမ်းလို့ တမ်းတဲ့စာ ဟူသည့်အတိုင်း လွမ်း၍ တမ်းသောစာသာဖြစ်သည်၊ တောင်တောင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ မတွေးကြရန် မေ့နေသူတို့ကို သတိပေးချင်ပါသည်၊ သတိပေးလိုက်ပါမှ တောင်တေင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ တွေးနေကြ လျှင် သီဟနာဒ နှင့်မဆိုင်၊ စာဖတ်သူများနှင့်သာ ဆိုင်၏။

(posted on 08/09/2013)

Post a Comment