ပဉ္စသီခနဲ့ အင်တာဗျူး (ကျမ်းရင်းကို ချဉ်းကပ်ကြည့်ခြင်း)


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ ကာယ ကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူး ခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေး စိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ ဆိုပါတော့ ။ ဒါက ကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။

ဇင်ဝေသော် ။ ။ စောင်းဆရာကြီး - အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ ။ ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -

ဇင် ။ ။ ကျနော်က ဇင်ဝေသော်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ ။ ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားမင်းရဲ့ကျေးဇူးကြောင့်ပါဗျာ ။

ဇင် ။ ။ ဒါနဲ့ ခင်ဗျားချစ်သူ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ ။ ။ ကျန်းမာပါ့ဗျာ၊ အမြဲ လှလို့ပလို့ပါ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေး ချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ ပွဲဆက်များနေလို့ မြန်မြန်လေး။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိပြခဲ့တယ် ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့ ညှိရတာပေါ့ဗျာ။

ဇင် ။ ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေး ခဲ့ တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ ဒါကတော့မဟုတ်ဘူး၊ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က သိဒ္ဓတ္ထမင်းသားကို ဘယ် လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြ ပါဦး။

ဇင် ။ ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက် ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ အပ်ဗဆိုလုတလီ နိုး (Absolutely No) ပါဗျာ။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့ ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ ။ ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့ တာဗျ။ ကျုပ်ကတော့ ညှိပြတာ မဟုတ်ဘူး ။ ဘုရားအလောင်းကြား တာကေ တာ့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို
ကြား၊ မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။

ဇင် ။ ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။


ပဉ္စ ။ ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေ တာကိုကြည့်ပြီး ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဇင် ။ ။ ဟုတ်ပါတယ်။
ပဉ္စ ။ ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျ လာတာလား။
ဇင် ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးက နယူတန်ကို ပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်က ဒါကို သိလိုက်တာ။ ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်နေ လည်း နယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ထန်းသီးဆိုရင် ခေါင်းတော့ နည်းည်းဖုသွားမှာပေါ့ဗျာ။ ဟဲ ဟဲ။
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို။ ငရဲတွေကြီးကုန်တော့မှာပဲ…။

ဇင် ။ ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ ။ ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။
****************************************************
ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။

ယုံချင်မှသာ ယုံပါ။
(posted on March 16, 2012 at 9:00am)

Post a Comment