“လူစိမ်းမှ လူရင်းသို့ (၇း ၁)”


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုကအလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။


မေး ။ ။ နိုင်ငံခြားသားတွေ ရောက်လာဖို့ တံခါးဖွင့်ပေးရမယ်လို့ ဆိုသူတွေ ထဲမှာ မစ္စတာလီက အသံအကျယ်ဆုံးပဲ။ စင်ကာပူဟာ ဒီလိုပဲ နိုင်ငံခြား သားတွေအပေါ်မှာ အမြဲတမ်း ရပ်တည်နေရမှာလား။

ဖြေ ။ ။ လက်ရှိကလေးမွေးဖွားနှုန်းအတိုင်းသာ ဆိုရင်တော့ ဒီအတိုင်းပဲ။ ဒီလိုမဟုတ်ရင် သက္ကရာဇ် ၂၀၅၀ - မှာ အလုပ်လုပ်နိုင်သူဦးရေက ၁.၅ ပဲရှိပြီး သက်ကြီးရွယ်အိုတွေကို သူတို့က ထောက်ပံ့နေရလိမ့်မယ်။ လုံးဝ အဓိပ္ပါယ် မရှိတော့ဘူး။ နိုင်ငံလည်း ပြိုကျသွားမယ်။ ဒီတာဝန်ကြီးက သိပ်လေးနေေ တာ့ လူတော်တွေက နိုင်ငံခြားကို ထွက်ပြေးသွားကြမှာ။
စင်ကာပူးရီးယန်းတွေ ကလေးယူကြပါ၊ ကလေးယူကြပါလို့ ဘာကြောင့်များ ငါတို့က ခိုင်းနေရတယ် ထင်လို့လဲ။

ကလေးမွေးဖွားနှုန်းက မကာမိဘူး။ နိုင်ငံခြားသားတွေနဲ့ အစားထိုးနိုင်ဖို့ သူတို့ ကလေးတွေ စင်ကာပူးရီးယန်း ဖြစ်လာဖို့ ကြိုးစားနေကြရတာ။ ဒါ့ကြောင့် နိုင် ငံခြားသားတွေကို နေရာခွဲပြီး နေရာချထားပေးတာ။ သူတို့ပတ်ဝန်းကျင်မှာ စင်ကာပူးရီးယန်းတွေ ရှိနေရမယ်။ ဒီလိုနဲ့ သူတို့ကလေးတွေက ဒီက ကလေးတွေနဲ့ အတူနေ၊ အတူကျောင်းတက်၊ တစ်သားတည်း ဖြစ်သွားမှာ။
အခုဝင်လာတဲ့မျိုးဆက်က ပြောင်းလဲလို့ မရတော့ဘူး။ အိန္ဒိယန်း၊ တရုတ် ဘာလူမျိုးပဲဖြစ်ဖြစ်၊ သူတို့ကလေးတွေကို ငါတို့ရအောင် ယူထားနိုင်ရမယ်။ ဒီမှာမွေးတဲ့ ကလေးပဲဖြစ်ဖြစ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကိုရောက်လာတဲ့ ကလေးပဲဖြစ်ဖြစ်ပေါ့။ တို့ကျောင်းကိုသွား၊ တို့ပြောသလို ပြော၊ တို့လုပ်သလို လုပ်အောင် ပြင်ယူကြရမှာ။

နိုင်ငံခြားသားတွေမပါဘဲ လက်ရှိတိုးတက်နှုန်းကို ငါတို့ ထိန်းမထားနိုင်ဘူး။ ရှင်းရှင်းလေး။ လူအင်အားမှ မရှိတာ။တနှစ်မှာ ကလေးဘယ်နှယောက် မွေး သလဲ။ သုံးသောင်းနဲ့ သုံးသောင်းခွဲကြားမှာ ရှိတယ်။ ဒီအရေအတွက်ရဲ့ ဆ တိုး ဖြစ်သင့်တယ်။ ငါ အလုပ်လုပ်နေစဉ်က တစ်နှစ်၊ တစ်နှစ်ကို ကလေး ဦးရေ ခြောက်သောင်းနှစ်ထောင်လောက် မွေးဖွားတယ်။ ဒါတောင်မှ လူဦးရေ က နှစ်သန်း မပြည့်ဘူး။

မေး ။ ။ တံခါးဖွင့်ရာမှာ အတိုင်းအတာတော့ ရှိသင့်တယ် မဟုတ်လား။ တစ်ခါက စင်ကာပူမှာ လူဦးရေခြောက်သန်းခွဲ မကျော်သင့်ဘူးလို့ မစ္စတာလီ ပဲ ပြောခဲ့တာ မဟုတ်လား။

ဖြေ ။ ။ ငါပြောခဲ့တာက နေရာအခက်အ ခဲကြောင့် ပြောခဲ့တာ။ မြေနေရာ လွတ်တွေရှိမှ ပတ်ဝန်းကျင်စိမ်းစိုအောင် စီမံပြီး နေချင်စဖွယ်မြို့ဖြစ်အောင် လုပ်ယူလို့ရတယ်။ တို့မှာ မြေလွတ်တွေ ရှိနေသေးတော့ ခြောက်သန်းခွဲအ ထိ ဖြစ်နိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့် နောက်ထပ် (၁၅) ရာခိုင်နှုန်း လက်ခံမယ်လို့ ပြောခဲ့ကြတာ။

အဲဒီနောက် ဘာဖြစ်သလဲ။ ပင်လယ်ရေကြောင်း နယ်နိမိတ်တွေကို ပြန် လုပ် ယူရတယ်။ ဒီနောက် ကိုယ့်အရည်အသွေးကို ပြန်တင်ယူရတယ်။ အကောင်းဆုံးတော့ ကြိုးစားနေကြတာပဲ။ ငါတို့လူထုရဲ့ မူလဗီဇကို ပြောင်းလို့ မရဘူး။ ဒါပေမဲ့ သူတို့ကို ပညာပေးရင်း လေ့ကျင့်ပေးရင်းနဲ့ အရင်ကထက် အရည်အချင်းရှိလာအောင်တော့ လုပ်ယူလို့ရတယ်။ အခု ငါတို့လုပ်နေတဲ့ SPUR (Skills Programme for Upgrading and Resilience) အစီ အစဉ် လိုပေါ့။ ပြီးတော့ စီးပွားရေးကျဆင်းတာကို အခွင့်ကောင်းယူပြီး သူတို့အဆင့် နဲ့ အရည်အချင်းတွေ တက်လာအောင် လေ့ကျင့်ပေးကြရတယ်။ ဒါမှ စီးပွားရေးဦးမော့လာလို့ စက်ရုံအလုပ်တွေ ပိုများလာရင် သူတို့က အဆင် သင့်ဖြစ်နေမှာ။ စက်ရုံအဟောင်းတွေကတော့ ဒီကို ပြန်လာမှာ မဟုတ်ေ တာ့ဘူး။ သူတို့က တို့ထက် လုပ်အားခ ဈေးချိုတဲ့ နိုင်ငံတွေကို သွားကြမှာ။

မေး ။ ။ နိုင်ငံခြားသားတွေကြောင့် စိတ်မချမ်းမသာ ဖြစ်နေတဲ့ စင်ကာပူး ရီးယန်းတွေကို ကြည့်ပြီး မအံ့သြမိဘူးလား။

ဖြေ ။ ။ မအံ့သြပါဘူး။ အသစ်အဆန်းတစ်ခု ဆိုတာလောက်ပါပဲ။ လတ် တလောနှစ်တွေရဲ့ အရေအတွက်ကို ပြန်ကြည့်ရင် နိုင်ငံခြားသား တော်တော် များများ လက်ခံလိုက်တာကို တွေ့ရမယ်။ စီးပွားရေးက ပိုကျယ်ပြန့်လာတော့ နယ်ပယ်အသီးသီးမှာ မလစ်ဟင်းရအောင် သူတို့က စင်ကာပူအတွက် လို အပ်နေတယ်။ ဒီစီးပွားရေး အကျပ်အတည်းကာလမှာ အလုပ်ကြမ်းသမား၊ ပညာရှင် ဘယ်သူ့ကို ဦးစားပေးမယ် ဆိုတာတွေ သတ်မှတ်လို့ မရဘူး။ သတ် မှတ်လိုက်ရင် အလုပ်ရှင်တွေကရော၊ အလုပ်သမား နိုင်ငံခြားသားတွေကပါ နားလည်မှု လွဲသွားနိုင်တယ်။

တို့လုပ်နိုင်တာက စင်ကာပူလူမျိုးကို အလုပ်ခန့်ရင် ဂျော့(ဘ်) ခရက်ဒစ် အနေနဲ့ ဒေါ်လာသုံးရာ မြှင့်ပေးထားတယ်။ ဒါက အလုပ်ရှင် ဆုံးဖြတ်ရမယ့် အပိုင်း ဖြစ်သွားတယ်။ နိုင်ငံခြားသားကို ငှားမယ်ဆိုရင် ဒေါ်လာသုံးရာ ဆပ်(ဖ်) ဆီဒိုက် လုပ်ရမယ်။ အလုပ်ရှင်တွေကိုလည်း ဆုံးဖြတ်ခွင့် ငါတို့ က ပေးထားရသေးတယ်။ စင်ကာပူးရီးယန်းကို ငှားမလား၊ နိုင်ငံခြားသားကို ငှားမလား။ သူတို့ ဆုံးဖြတ်ကြပေါ့။ တကယ်တော့ ဒါက ဒီအလုပ်သမားက အလုပ်ရှင်အတွက် ဘယ်လောက် အလုပ်လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။

အစိုးရအနေနဲ့ ငါတို့က အားလုံးကို ခြုံကြည့်ထားရတယ်။ ဒါမှ စီးပွားရေး ပြန်ကောင်းလာတဲ့အခါ ငါတို့ရဲ့ ကုန်ထုတ်လုပ်မှုနှုန်းက အခက်အခဲ ရင်မဆိုင်ရမှာ။ ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ဘူး။ သေသေချာချာ စဉ်းစား၊ စည်းဝေးပြီးမှ ဆုံးဖြတ်ချက် ချခဲ့ကြရတာ။ ဘဏ္ဍာရေးဝန်ကြီးနဲ့ အ လုပ်သမားဝန်ကြီးတွေတင်တောင် မကဘူး။ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ကုန် သွယ်ရေးဝန်ကြီး၊ ကက်ဘိနက်အဖွဲ့ဝင်တွေအားလုံး ပါဝင်စဉ်းစားပြီး ဆုံးဖြတ် ခဲ့ကြတာ။

အခြားနိုင်ငံတွေ ပြာယာခတ်နေချိန်မှာ စင်ကာပူက ဘာကြောင့် ပြာယာခတ် မနေတာလဲလို့ရော မတွေးမိဘူးလား။
တို့က သူတို့ကို အခွင့်အရေးတွေ ပေးထားလို့။ အခွင့်အရေးဆိုတာတွေထဲမှာ လက်ရှိ အလုပ်သမားတွေကို ပြန်လည်လေ့ကျင့်ပေးတာ။ စင်ကာပူးရီးယန်း ကို အလုပ်ငှားရင် ဆပ်ဆီဒိုက်ပေးတာ၊ သူတို့ အလုပ်သ မားတွေကိုအခ မဲ့ လေ့ကျင့်ပေးပြီး ပိုတော်လာတဲ့ အလုပ်သမားကို သူတို့ဆီ ပြန်ပို့ပေးတာ။ ဒါတွေ ပါတယ်။

နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ယူခဲ့တဲ့ လူသားနဲ့ နည်းပညာ အရင်းအမြစ်တွေ ငါတို့ဆီမှာ ရှိတယ်။ ဒါကြောင့်မို့လို့ ပြဿနာဖြစ်လာတဲ့အ ခါမှာ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးနိုင်ခဲ့တာ။
အစိုးရက ဒီမူကနေ လုံးဝသွေဖည်ပေးလို့ မရဘူး။ ဒါတွေက စနစ်တကျ တွက်ချက်ထားတဲ့ မူဝါဒတွေ၊ ငါတို့ ကြည့်တာက စင်ကာပူရဲ့ ရေရှည် ရပ် တည်နိုင်ရေးပဲ။

မေး ။ ။ နိုင်ငံခြားသားတွေ ရုတ်တရက်ကြီး တိုးလာတာကို အကြောင်းပြ ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ နိုင်ငံသားတွေကို အခုလိုအချိန်မှာ သူတို့ စိတ်သက်သာသွားအောင် တစ်ခုခု စဉ်းစားမပေးသင့်ဘူးလား။

ဖြေ ။ ။ အားလုံး တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးနေတာပဲ။ အရင်ဆုံး HDB တိုက်ခန်းတွေမှာ သူတို့ကို ခွဲထည့်ပေး ထားတယ်။ ဒါပေမဲ့ အိန္ဒိယက နောက်မှ ရောက်လာသူတွေက East Coast မှာ ကွန်ဒိုတွေ ဝယ်နေတာကတော့ ငါတို့လည်း မတတ်နိုင်ဘူး။ အဲဒီမှာပဲ ကွန်ဒိုဝယ်နေကြတဲ့ အိန္ဒိယမြောက်ပိုင်းကလူတွေရဲ့ အရေအတွက် မမျှ မတ လည်း ရှိနိုင်တာပဲ။

HDB တိုက်ခန်းတွေမှာတော့ ဖိအားပေးခြင်းမရှိဘဲနဲ့ သူတို့ချင်း တစ်ပေါင်းတည်း ဖြစ်သွားအောင်၊ အချင်းချင်း နားလည်အောင် ကိုတာစနစ်နဲ့ အိမ်တွေချပေးထားတယ်။ ပီအေပီက လူထုအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအဖွဲ့တောင် ဖွဲ့ပြီး နယ်တွေမှာဆင်းပြီး လှုပ်ရှားကြဖို့ အစီအစဉ် ရှိတယ်။ ဒီကိစ္စ အထမြောက်ဖို့ အချိန်တော့ လိုတာပေါ့။

ပီအေပီရဲ့ ပါတီတွင်း ဆွေးနွေးပွဲတွေမှာ ဒီကိစ္စကို စတင်ခဲ့တယ်။ အဲဒီ စီတီဇင် အသစ်တွေက တရုတ်မန်ဒရင်းစကား ပြောကြတယ်။ အဲဒီအထဲက စီတီဇင် အသစ် တရုတ်စကားပြော ကောင်မလေးကို အင်္ဂလိပ်လို မှန်မှန်မပြောတတ် ရပါ့မလားဆိုပြီး ဆူလို့တဲ့ ကောင်မလေးက ငိုတယ်။ ဒီကလူတွေလို ဘယ်လို လုပ် မှန်မှန်ကန်ကန် ပြောတတ်ပါ့မလဲ။ သူ့ကို အချိန်တော့ ပေးမှပေါ့။ သူက ဒီအထဲမှာပါဝင်ပြီး သူတတ်နိုင်တဲ့ အပိုင်းကနေ လှုပ်ရှားတယ်။ ဒါကို ဆူလိုက် ၊ ငေါက်လိုက်လုပ်တယ်တဲ့။ တို့က နားလည်မှု ပိုရှိဖို့လိုတယ်။ သူက ကြိုး လည်းကြိုးစားတယ်။ သူဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြတယ် ။ နှစ် ဖက်စလုံး ကြိုးစားဖို့ လိုတယ်။ ဒါက နှစ်လမ်းမောင်းစနစ်ပဲ။

လွန်ခဲ့တဲ့ ၁၉၆၀ - ခု ဝန်းကျင်တွေကလို မိသားစုတိုင်း ကလေးလေးေ ယာက်နှုန်းရှိရင် ဒီပြဿနာက တက်ကို မတက်ဘူး။ အဲဒီနှုန်းနဲ့ဆိုရင် ဒီနေ့ တို့လူမျိုးသက်သက်ပဲ ခြောက်သန်းနဲ့ ခုနှစ်သန်းကြားမှာ ရှိနေပြီ။ ဒါပေမဲ့ အမျိုးသမီးတွေ ပညာရေးနဲ့ အလုပ်အကိုင် အညီအမျှရတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုး ပြီးနိုင်ငံတိုင်းမှာ ဒီလိုပဲ ကလေးမွေးဖွားနှုန်းက ကျသွားတတ်တာပါပဲ။
အခုဆိုရင် စီတီဇင်အသစ်တွေကကို ငါတို့လူမျိုးတွေလို ဖြစ်လာနေပြီ။

တရုတ်ပြည်ကနေ ရောက်လာတဲ့ နာ့(စ်)မလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့မှာ ကလေးတစ်ယောက် ရှိတယ်။
“ဘာလို့ ကလေးနှစ်ယောက် မယူတာလဲ။ သုံးယောက်ဆို ပိုတောင်ကောင်းသေးတယ်” လို့ ငါကမေးတော့ “မယူနိုင်ဘူး၊ ဈေးသိပ်ကြီးတယ်။ မူကြိုကျောင်းအပ်ခကတောင် နည်းတာ မဟုတ်ဘူး။ အခု ကလေးက ကျောင်းအပ်ရတော့မယ်။ အရွယ်ရောက်နေပြီ။ အိမ်နားက ဘယ်ကျောင်းမှာ အပ်ရမလဲလို့ လိုက်စုံစမ်းကြည့်နေရတာ။ သူ အရွယ်ကောင်းကောင်းမရောက်ခင် ကျောင်းလိုက်ပို့တာ၊ လမ်းဖြတ်ကူးပေးရ တာတွေကအစ လိုက်လုပ်ပေးရဦးမယ်” တဲ့။

သူမက ဆက်ပြောတယ်။ “ကလေးနှစ်ယောက်သာဆိုရင် ငွေလည်း မတတ်နို င်တော့ဘူး။ အလုပ်က အနားယူပြီး နောက်မှ အလုပ်ပြန်လုပ်မယ်ဆိုရင် လည်း ကိုယ့်နေရာကို သူများတွေက ဦးသွားလို့ နေရာတောင် ပျောက်သွား ဦးမယ်” တဲ့။

သူစဉ်းစားနေပုံက ဒီကလူတွေ စဉ်းစားတာနဲ့ တစ်ထေရာတည်း ဖြစ်နေပြီ။ သူတို့ စဉ်းစားတာက စီတီဇင်အသစ်တွေဟာ ငါတို့ ဟိုတုန်းက စင်ကာပူး ရီးယန်းတွေလို ဖြစ်လိမ့်မယ်လို့ တွေးထားကြတာ။ ဘယ်ဟုတ်လိမ့်မလဲ။ နိုင်ငံသားအသစ်တွေ တွက်ချက်ခန့်မှန်းတာတွေက ဒီခေတ် စင်ကာပူးရီးယန်းတွေ အတိုင်းပဲ။ ဒီညီမျှခြင်းကို ငါတို့ ရှာမတွေ့သေး ဘူး။ မတွေ့တော့တာလည်း ဖြစ်ကောင်းဖြစ်မယ်။

ပြင်သစ်နဲ့ ဆွီဒင်မှာသာ မိသားစုတစ်စု ကလေးနှစ်ယောက်မွေးဖွားနှုန်းကို ထိန်းထားနိုင်တယ်။ တခြားတော့ ဘယ်နိုင်ငံမှ ထိန်းမထားနိုင်ဘူး။ အထူး သဖြင့် အရှေ့အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပိုဆိုးသေးတယ်။
အမေရိကကတော့ တမူထူးခြားတယ်လို့ ပြောရမယ်။ သူတို့က မြေနေရာ အလွတ်တွေကကို အများကြီး ကျန်သေးတာ။ လူတွေကလည်း အကော င်းမြင်ဝါဒသမားတွေ။ တဖြည်းဖြည်းတော့ သူတို့လည်း ဒီအတိုင်း ဖြစ်လာဦး မယ်လို့ ခန့်မှန်းမိတယ်။ ဂျပန်နဲ့ တရုတ်က မြို့ကြီးတွေမှာဆိုရင် လက်မထပ် တဲ့ အမျိုးသမီးတွေ မီဒီယာထဲမှာကော၊ စီးပွားရေးလောကထဲမှာရော အများကြီးပဲ။ ဒီပြဿနာက ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတဲ့ ပြဿနာပဲ။ ပုံစံတကျ ပြောင်းလဲလာနေတဲ့ လူမှုရေးပုံသဏ္ဍာန်ပဲ။ အမျိုးသမီးတွေ ပညာတတ်လာပြီး အလုပ်အကိုင်မှာ အမျိုးသားတွေနဲ့ အခွင့်အရေးအတူတူ ရလာပြီဆိုရင် အဲဒီ လူ့အဖွဲ့အစည်းက ပြောင်းလဲလာတာပဲ။


 ဇင်ဝေသော်

စူပါများကြား ရပ်တည်ခြင်း ( ၈:၄ )


( ဒီနေ့ လီကွမ်းယုရဲ့ Hard Truths( to keep Singapore going ) ကို ဆက်ပေးလိုက်ပါတယ်။ Ch 8 Standing among Giants ပါ။ မောင်မြတ်မိုး ဘာသာပြန်ထားတာ ရှိပေမဲ့ စာအုပ်ဈေးနှုန်း ရှစ်ထောင် ( ၈၀၀၀ ) ကျပ် ဆို တာရယ်၊ ဘာသာပြန်ပုံ မတူတာရယ်၊ ဘလော့ဂ်မှာက ကောင်းနိုးရာရာ ရွေး တင်လို့ ရတာရယ်ကြောင့် ဆက်တင်ပါ့မယ်။ ဒီနေ့ ၂၀၀၉၊ ၂၀၁၀ က မြန်မာ့ အပေါ် လီကွမ်းယု အမြင်နဲ့ စလိုက်ပါတယ်။ ဆရာတင်မောင်ဝင်းရဲ့ ကွန်မင့် ကို ပြန်ပြီးသားလည်း ဖြစ်သွားတာပေါ့။ )

မေး ။ ။ မြန်မာနဲ့ပတ်သက်လို့ အကောင်းဆုံး ကြည့်လို့ရတဲ့အမြင်က ဘာပါ လဲ။ ဒီဆယ်စုနှစ်တွေထဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ထင်ပါသ လား။

ဖြေ ။ ။ တော်လှန်ရေး တစ်ခုခုတော့ဖြစ်မှ အပြောင်းအလဲဖြစ်မှာ။ တော် လှန်ရေးဆိုရာမှာ စိတ်ဓာတ် အသိဉာဏ်နဲ့ တော်လှန်ရေး၊ အကြမ်းဖက်ေ တ်ာလှန်ရေး နှစ်မျိုးစလုံးဖြစ်နိုင်တယ်။ လက်ရှိခေါင်းဆောင်က ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ နောက်တက်လာမယ့် ခေါင်းဆော င်ကရော ဘယ်လောက်ခံမှာလဲ။ဒီကိစ္စက လူငယ်စစ်ဗိုလ်တွေဆီ ရောက်သွား မှာ။ သူတို့က အထီးကျန်နေတယ်။ ထိုင်း တိုးတက်လာတာကို လှမ်းမြင်နေ ရတယ်။ လူကြီးတွေက ချမ်းသာပြီးရင်း ချမ်းသာ၊ နိုင်ငံက မွဲပြီးရင်း မွဲ။ အရည်အသွေးမမီတဲ့ ဒေါက်တာတွေ၊ ဆေးမရှိတဲ့ ဆေးရုံတွေ၊ မစွံတဲ့ ပညာရေး။ ဘယ်သူက ကိုယ့်နိုင်ငံကို ဒီလို မြင်ချင်မှာလဲ။

သူတို့က ဦးနှောက်နည်းနည်း ရှိမယ်ဆိုရင်တောင်မှ တံခါးဖွင့်ရမှာပဲ။ တံခါးဖွင့် လိုက်ရင် လူထုကို ပညာသင်ပေးရတော့မယ်။ ပညာတတ်တွေဖြစ်ကုန်ရင် အ ကျိုးဆက်တွေက လိုက်လာမှာ။ လောလောဆယ်တော့ ဒီလိုလုပ်မယ် (ဖွင့်ပေးလိမ့်မယ်) လို့ ငါတော့ မမြင်မိဘူး။

ငါကိုယ်တိုင် လက်မြှောက်ထားရတာ။ အမေရိကန်အရာရှိတွေ ရောက်ရောက်လာတိုင်း လူငယ်ဗိုလ်ချုပ်ကြီးတွေနဲ့ စကားပြောပါလို့ ငါတောင်းဆိုနေကြတယ်။ ငါ ခင်ညွန့်နဲ့ စကားပြောတယ်။ သူတို့အထဲမှာ သူက ခေါင်းအကောင်းဆုံး။ ထောက်လှမ်းရေး အကြီးအကဲ။ အင်ဒိုနီးရှားနည်းအတိုင်း ကျင့်သုံးကြဖို့ ငါနားချခဲ့ဖူးတယ်။ မင်းရဲ့ စစ်ဝတ်စုံကို ချွတ်၊ အရပ်သားလုပ်၊ ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ပါလို့ ငါပြောတဲ့ လမ်းစဉ်ကို သူတို့ စလိုက်နေကြပြီ။ ခဏနေတော့ ဆူဟာတိုက ပြုတ် ပါလေရော။ သူတို့က ပြောတယ်။ ငါ့အကြံက မကောင်းတဲ့ အကြံဥာဏ်ကြီး တဲ့။
မြန်မာပြည်အကြောင်း ငါ့ကို ဆက်မမေးနဲ့တော့။ ငါ့ဘဝထဲကနေ သူတို့ကို ထုတ်ပယ်လိုက်ပြီးပြီ။

မေး ။ ။ စင်ကာပူနဲ့ မလေးရှားဝန်ကြီးချုပ်တွေဖြစ်ကြတဲ့ လီရှန်လွန်းနဲ့ နာဂျစ်ရာဇတ်တို့ တန်ဂျွန်ပါဂါမှာရှိတဲ့ ရထားဘူတာရုံကြီးကို ဖျက်သိမ်းပြီး အဆောက်အဦတွေ ဆောက်ကြဖို့ အထင်ကရ သဘောတူညီမှုကြီး ရ ခဲ့ကြတယ်။ ပြီးတော့ ဂျိုဟိုးနဲ့ဆက်သွယ်ဖို့ MRT (Mass Rapid Transit) တံတားဆောက်ဖို့လည်း သဘောတူညီမှု ရခဲ့ကြတယ်။ အီစကန်ဒါ နယ်က စင်ကာပူစီးပွားရေးသမားတွေကို ဆွဲဆောင်နိုင်ဖို့ တော်တော် ကြိုးစားနေ ကြတယ်။ ဒီလို စီးပွားရေးပူးပေါင်းလုပ်ဆောင်လာတာတွေနဲ့ ပတ်သက်လို့ အကောင်းဖက်က မြင်မိပါသလား။ စီးပွားရေးအရ ဒီနှစ်နိုင်ငံဟာ ဘယ်လောက် နီးနီးကပ်ကပ် အတူလက်တွဲ သွားနိုင်ပါ့မလဲ။

ဖြေ ။ ။ စင်ကာပူက စီးပွားရေးအားဖြင့် အမြဲတမ်း သက်ဝင် လှုပ်ရှားနေ တဲ့ နိုင်ငံပဲ။ အထူးသဖြင့် တောင်ပိုင်း ဂျိုဟိုးလို နယ်မြေတွေမှာ စင်ကာပူနဲ့ အတူလက်တွဲပြီး အလုပ်လုပ်သွားချင်တယ်ဆိုရင် စင်ကာပူက ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ စီးပွားရေးသမားတွေကို သူတို့က ကြိုဆိုသင့်တာပေါ့။ ဝန်ကြီးချုပ် နာဂျစ်က ဒါကို သဘောပေါက်တယ်။ အဲဒီ ဒေသတွေကို သူက ဖွံ့ဖြိုးစေ ချင်တာ။ စီးပွားရေး အရေးပါမှုက သိပ်အားကောင်းတယ်။ ဒါပေမဲ့ ယထာ ဘူ တ မကျတဲ့ သူတို့နိုင်ငံရေးပေါ်လစီက ဒီစီးပွားရေး ပူးပေါင်းလုပ်ကိုင်မှု ကို ရှေ့ဆက်ခွင့် ပြုမလားဆိုတာကတော့ သံသယရှိစရာပဲ။ ဘယ်လောက် နီးနီးကပ်ကပ် ပူးပေါင်းလို့ ရနိုင်မလဲဆိုတာကတော့ မလေးရှားရဲ့ သဘော ထားအပေါ်မှာ မူတည်ပါတယ်။ ပင်နီဆူလာထဲ ဝင်လာတဲ့ စင်ကာပူးရီးယန်း စီးပွားရေးသမားတွေကို ကြိုဆိုရမယ်။ သူတို့ ရင်းနှီးမြှုပ်နှံတာတွေဟာ စိတ် ချရပါတယ်ဆိုတဲ့ ခံစားမှုမျိုး ပေးထားနိုင်ရမယ်။

မေး ။ ။ အမေရိကနဲ့ တရုတ်၊ (သို့) တရုတ်နဲ့ အိန္ဒိယ မသင့်မမြတ်ဖြစ်မယ် ဆိုရင် စင်ကာပူက တစ်ဖက်ဖက်ကို ကပ်ပြီး ရွေးချယ်သင့်သလား။

ဖြေ ။ ။ တရုတ်နဲ့ အိန္ဒိယတို့ ပြဿနာဖြစ်မယ် မထင်ပါဘူး။ နေပါဦး၊ ဘာအ တွက် ပြဿနာ ဖြစ်ရမှာလဲ။ ဟိမဝန္တာတောင်အတွက်လား။

မေး ။ ။ သူတို့က နယ်နိမိတ်ချင်းစပ်နေတာ။ အရှည်ကြီးပဲ။

ဖြေ ။ ။ အဲဒီ နယ်နိမိတ်တွေရဲ့ တန်ဖိုးကဘာလဲ။ တောင်ပေါ်က သစ်ပင်တွေ လား။ အိန္ဒိယကို ကျူးကျော်သိမ်းပိုက်၊ တစ်ဘီလီယံရှိတဲ့ လူထုကြီးရဲ့ တာဝန်တွေကိုယူ၊ ဒီလိုလား။ ဘာအဓိပ္ပါယ်ရှိမှာလဲ။
အိန္ဒိယတွေကရော။ တိဗက်ကို သိမ်းမှာလား။ ဘာလုပ်မှာလဲ။
အိန္ဒိယန်းတွေက ဒလိုင်းလားမားကို ဓမ္မသာလကနေ နှင်ထုတ်ပြီး တိဗက် နယ်စပ်ကို သွားအနေခိုင်းမှာလား။ မလုပ်ဘူး။ ဒလိုင်းလားမား တိဗက်နယ် စပ်နဲ့ နီးနီးလေးမှာ နေတာကို တရုတ်က သဘောမတွေ့ဘူး။ သူတို့နှစ်နိုင်ငံ လုံးက နျူးကလီးယားတွေရှိနေတော့ သူတို့ချင်း စစ်ပွဲကြီးဖြစ်လို့ကို မရဘူး။
သူတို့က ဘာအတွက် တိုက်မှာလဲ။ ရလာဒ်က ဘာလဲ။
အမေရိကန်တွေကရော တရုတ်ကိုတိုက်ပြီး အရှေ့အာရှကို ထိန်းချုပ်မလား။ အရှေ့အာရှအတွက် တရုတ်က တိုက်နေစရာကို မလိုဘူး။ တဖြည်းဖြည်းနဲ့ သူတို့က စီးပွားရေးဆက်သွယ်မှုကို တိုးချဲ့မှာ။ သူတို့ရဲ့ ၁.၃ ဘီလီယံ လူဦးရေဈေးကွက်ကို အရှေ့အာရှနိုင်ငံတွေနဲ့ မိတ်ဆက်ပေးမှာ။ အာဆီယံ ဆယ်နိုင်ငံထဲက ခုနှစ်နိုင်ငံနဲ့ သွင်းကုန်ထုတ်ကုန် သဘောတူညီမှုရထားတဲ့ သုံးနိုင်ငံထဲမှာ တရုတ်ပြည်ပါတယ်။ သူတို့ စီးပွားရေးတံခါး စဖွင့်ခဲ့တဲ့ ၁၉၉၀ - ခုနှစ်တွေကတည်းက ဒီနိုင်ငံတွေနဲ့ ရောင်းလိုက်ဝယ်လိုက် လုပ်နေတာ။ လာမည့် (၁၀) နှစ်၊ နှစ် (၂၀) အတွင်းမှာ တရုတ်ပြည်ဟာ အရှေ့အာရှနိုင် ငံတွေနဲ့ သွင်းကုန်၊ ထုတ်ကုန်စီးပွားရေးမှာ နံပါတ်တစ် ဖြစ်သွားလိမ့်မယ်။
ကုန်သွယ်မှုမှာ အမေရိကန်တွေက ဘယ်လိုလုပ် တရုတ်ကို ယှဉ်နိုင်မှာတုန်း။

မေး ။ ။ လာမယ့် နှစ် - ၂၀၊ ၃၀ အတွင်းမှာ တရုတ်၊ အိန္ဒိယ၊ အမေရိကတို့ ကြားမှာ စစ်မက်ဖြစ်ပွားဖို့ မရှိနိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီကာလအတွင်းမှာပဲ အာဆီယံနိုင်ငံတွေကြားမှာ ပြဿနာ တစ်စုံတစ်ရာ ရှိလာနိုင်ပါသလား။ စင်ကာပူအတွက် စိုးရိမ်စရာတစ်ခုခု မရှိနိုင်ဘူးလား။

ဖြေ ။ ။ ပထမဆုံး ငါတို့မှာ စွမ်းရည်မြင့်တဲ့ ကာကွယ်ရေးတပ် မရှိဘူးဆို ရင်တော့ မလေးရှားနဲ့ အင်ဒိုနီးရှားက လာပြီး ပြဿနာရှာနိုင်တယ်။ ထိကပါး၊ ရိကပါးလုပ်တာမျိုးကို ပြောတာ။ ဗြောင်ဝင်တိုက်ရဲမှာတော့ မဟုတ်ဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှိနေတာ။ ပြီးတော့ ငါတို့နဲ့ ရင်းနှီးတဲ့ နိုင် ငံတွေရဲ့ ဆက်ဆံရေးကလည်း ရှိသေးတယ်။ ဒါပေမဲ့ ကမောက်ကမဖြစ် ရုံလောက်တော့ လုပ်နိုင်တယ်။ သူတို့က လာလုပ်ရင် တို့ကလည်း ပြန်တွယ် မှာပဲ။

ပြီးတော့ ဘယ်နိုင်ငံတွေ ရှိဦးမလဲ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်၊ စစ်ဖြစ်လောက်အောင် အကြောင်းမမြင်ပါဘူး။ အင်ဒိုနီးရှားက မြန်မာကို တိုက်မှာလား။ မဖြစ်နိုင်ပြန်ဘူး။ ဘာပဲပြောပြော အာဆီယံနိုင်ငံတွေထဲမှာ တို့လောက် ခေတ်မီတဲ့စစ်တပ် ဘယ်နိုင်ငံမှာမှ မရှိဘူး။ တို့ဆီကလူတွေက ပိုလည်း ပညာတတ်တယ်။ အားလုံးကွန်ပြူတာနဲ့ ထိန်းထားတာ။ ပိုင်အိုနီးယားမဂ္ဂဇင်းကို ဖတ်ကြည့်။ “3G SAF” (Third Generation Singapore Armed Forces - တတိယမျိုးဆက် စင်ကာပူ စစ်အင်အား) ဆိုတာပါတယ်။ ဒါကိုကြည့်ရင် တို့မှာ အင်အားဘယ်လောက် ရှိတယ်ဆိုတာ အမြွက်လောက်တော့ တွေ့နိုင်တာပဲ။ ဒီဒေသထဲမှာ ဒါတွေက ဘာလုပ်ရမှာလဲ။

ဒီစနစ်တွေနဲ့ အသားကျနေပြီးသား။ ထိပ်တန်းစစ်ဗိုလ်တွေတင် မကဘူး။ စစ်ပွဲမှာ အမှန်တကယ် စစ်ဆင်တတ်တဲ့ ပုဂ္ဂိုလ်တွေလည်း လိုအပ်တယ်။ ဘယ်လို ဗိုလ်မှူးတွေလဲ၊ ဘယ်လို ဆာဂျင့်တွေလဲ၊ ဒါတွေ ရှိနေရမယ်။

 ဇင်ဝေသော်

စူပါများကြား ရပ်တည်ခြင်း ( ၈:၃ )

" အမေရိက က အရှေ့အာရှကနေ လုံးဝကြီး လက်ရှောင်ထွက်သွားပြီး တ ရုတ် တစ်ယောက် တည်းကပဲ ကြီးစိုးထားမယ်ဆိုရင်တော့ အနေ အထား က ပိုဆိုးသွားနိုင်ပါ တယ်။ ဆိုပါတော့။ မင်းက တရုတ်ကို စိတ် မချမ်း မသာဖြစ်အောင် လုပ်မိတယ် ဆိုရင် သူတို့က မင်းကို လာတိုက်နေစရာကို မလိုဘူး "
( လီကွမ်းယု )

မေး ။ ။ စင်ကာပူရဲ့ နိုင်ငံခြားရေးမူဝါဒပုံဖော်တာ၊ အခြား နိုင်ငံတွေနဲ့ဆက် ဆံရေးမှာ မစ္စတာလီရဲ့အမြင်က ဘယ်လိုရှိပါသလဲ။ မိမိနိုင်ငံရယ်၊ မိမိတို့ နဲ့ ဆွေမျိုးတော်စပ်တဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးကြည့် မိတဲ့ အမြင်မျိုးပေါ့။

ဖြေ ။ ။ မလေးရှားကို ကြည့်။ မလေးရှားမှာရှိတဲ့ မလေးလူမျိုးတွေက အင်ဒို နီးရှားလူမျိုးတွေကို သူတို့နဲ့ ဇာတ်တူတယ်လို့ ထင်ကြတယ်။ အခု အင်ဒိုနီး ရှားတွေက တို့ထက် မလေးကို ပိုမုန်းနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အချင်းချင်း အမ်ဘာလတ် (Ambalat) မှာရှိတဲ့ ရေနံတွေကြောင့် အငြင်းအခုံ ဖြစ်နေကြလို့။ တို့က ဒီကိစ္စအတွက် လက်ရှောင်ပေးထားတယ်။ အမ်ဘာလတ်မှာ သင်္ဘောချင်းငြိကြတော့ စစ်ဖြစ်တော့မလိုတောင် ဖြစ် ခဲ့သေးတယ်။

ဒီကိစ္စအတွက် မလေးရှားနဲ့ အင်ဒိုနီးရှားက လုံးဝ အစေးမကပ်ဘူး။ အင်ဒို နီးရှားကလည်း ငါက အစ်ကိုကြီး၊ မင်း ငါ့ကို ကလန်ကဆန် မလုပ်နဲ့။ ဒါမျိုး။ မလေးရှားကလည်း ရေနံတွင်းတွေကို လုံးဝ မပေးနိုင်ဘူး။ ဒါနဲ့ ကြားနေ ဒိုင် လူကြီးရဲ့ အဆုံးအဖြတ်ကို ယူရအောင်လို့ ပြောတယ်။ ပြီးတော့ မလေးရှားက ဆီပဒန်နဲ့ လီဂီတန်ဒေသတွေကို သူတို့ပိုင်တယ်လို့ ပြောတယ်။ နယ်ခြား စည်းတွေ ပြန်ကြည့်တော့ သူတို့ပြောတာနဲ့ တခြားစီပဲ။

ပြဿနာတွေက မကျေလည်သေးဘူး။ အခြေအနေကလည်း ဘာဖြစ် မယ်ပြောလို့ မရဘူး။ ဒီကြားထဲ ငါတို့ကသာ သူတို့ထဲက တစ်ယောက်ယောက်ကို ပြဿနာရှာကြည့်၊ သူတို့ချင်းပေါင်းမိပြီး ငါတို့ကို တွယ်မှာ။ ဒါနဲ့ ငါတို့က သူတို့ချင်းဖြစ်တာ ဖြစ်ပါစေဆို ပြီး အေးအေးပဲ နေ လိုက်တယ်။ တို့ကိုလည်း ပြဿနာလာမရှာနဲ့ပေါ့။

မေး ။ ။ ကျွန်တော်တို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီအနေအထား အရွေ့အပြောင်းတွေ ကြားမှာ နေထိုင်နေကြရတာ။ ဒီလိုအနေအထားမျိုးမှာ စင်ကာပူရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး မစ္စတာလီပေးချင်တဲ့ အခြေခံ မူဝါဒဆိုင်ရာ အဆုံးအမများရှိရင် သိပါရစေ။

ဖြေ ။ ။ အတူတူပါပဲကွာ။ ငါတို့ရှင်သန်ဖို့အတွက် နေရာလေး ကျယ်နိုင် သမျှကျယ်အောင် ယူထားကြဖို့ပါပဲ။ သစ်ပင်အကြီးကြီးတွေက သူတို့အရိပ် မလွှမ်းမိုးနိုင်တဲ့ နေရာလပ်ကလေးကို ငါတို့ရှင်သန်ဖို့ ကွက်လပ်ကလေး အဖြစ် ပေးထားရင် အကောင်းဆုံးပေါ့။ သစ်ပင်ကြီးတစ်ပင်ရဲ့ လောင်းရိပ်အောက်မိနေရင် တို့အတွက် အခြေအနေ သိပ်မကောင်းဘူး။

မေး ။ ။ အဲသလို သစ်ပင်ကြီးတွေရဲ့ကြားမှာ ကိုယ့်နေရာလေးရအောင် စင်ကာပူအတွက် ဘာတွေ လိုအပ်မလဲ။

ဖြေ ။ ။ အမေရိကန်၊ ဂျပန်တို့နဲ့ ငါတို့ဆက်ဆံရေး ခိုင်ခိုင်မာမာ မရှိခဲ့ဘူး ဆိုကြပါစို့။ အဲဒီတုန်းက တရုတ် ပေါ်မလာသေးဘူး။ အမေရိက၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေ နိုင်ငံရေးကစားနေကြတာ။ အင်း … ဗြိတိန်ဆိုရင် ဒီနေ့ အ ထိ စစ်တပ်အင်အားကောင်းပြီး စစ်တပ်ဖြည့်ဆည်းဖို့ကိုလည်း စိတ်ဝင်စား ကြတယ်။ အဲဒါက တို့ကို နေရာလေး တစ်နေရာရပြီး အသက်ရှူချောင်စေ တယ်။ တို့က အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ ညှပ်ပူးညှပ်ပိတ် မိနေ တာ မဟုတ်ဘူး။ သူတို့က ငါတို့နဲ့ စီးပွားရေး အတူတူ မလုပ်ချင်ဘူး ဆို ရင်တော့ အဲဒါသူတို့ရဲ့ ရွေးချယ်မှုတစ်ခုပဲ။ တို့က နိုင်ငံပေါင်းစုံကို ဒီအထဲ ဆွဲသွင်းတယ်။ ကမ္ဘာကို ပစ္စည်းတွေ ပြန်ပို့တယ်။ ပြီးတော့ အိမ်နီးချင်းနိုင် ငံတွေအားလုံး နိုင်ငံပေါင်းစုံစနစ်ကို လက်ခံလာပြီး တို့နဲ့အတူ ပေါင်းကြတယ်။ ဒီအထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ တို့က ပိုရတယ်။ ပိုကောင်းတဲ့ အရည်အသွေး ကို ပိုင်ဆိုင်ခွင့်ရတယ်။ ဒီတော့ ထုတ်ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေလည်း ပိုတက်လာတယ်။ ဆိုလိုတာက အိမ်နီးချင်းတွေကို ငါတို့ ဖောက်ထွက်ခဲ့ တယ်။

ဆိုပါတော့ … ဂျပန်၊ အမေရိကန်တွေနဲ့ ငါတို့ မဆက်သွယ်မိဘူး။ သူတို့ပြော သလို အိမ်နီးချင်းတွေနဲ့ပဲ စီးပွားရေးလုပ်ကြ။ ကဲ ဒါဆိုရင် အင်ဒိုနီးရှားရဲ့ ဝယ် လိုအားက ဘယ်လောက်ရှိသလဲ။ ဂျပန်နဲ့ အမေရိကတို့ကို ပြိုင်ပြီး ထိုင်းနိုင်ငံ ရဲ့ ဝယ်လိုအားကရော ဘယ်လောက်ရှိလို့လဲ။ သြစတေးလျနဲ့ နယူးဇီလန်တို့နဲ့ ယှဉ်ရင်တောင် ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားက ဒီလောက် အားရစရာ မကောင်း လှပါဘူး။ သြစတေးလျက လူဦးရေ (၂၅ - ၂၇) မီလီယံ၊ နယူးဇီလန်က (၃) မီလီယံပဲရှိမယ်။ ဒါပေမဲ့ သူတို့ လူနေမှုအဆင့်အတန်းက ပိုမြင့်နေတော့ တို့ စီးပွားရေးအတွက် နေရာပိုရတယ်။

ဒီဒေသတွင်းမှာ တို့က လုံခြုံတည်ငြိမ်တဲ့ အခြေခံကို ပေးထားနိုင်တဲ့အတွက် ဒီကနေပြီး အသီးမျိုးစုံ၊ ထောပတ်၊ ကြက်ဥ၊ ဘဲဥ၊ ရေခဲစိမ်ကြက်သား၊ ဝက် သား၊ ဘာမဆို ဒေသအတွင်း ဖြန့်ချိနိုင်တယ်။ ပထမ စင်ကာပူကို အခြေစိုက် ယူတယ်။ ပြီးတော့မှ လိုအပ်တဲ့ဒေသတွေကို ဖြန့်ချိတယ်။ တို့က (စင်တာ) ဌာနချုပ်တစ်ခုဖြစ်အောင် လုပ်ခဲ့ကြတာ။ တကယ်တော့ ဗြိတိသျှလက်ထက် ကတည်းက စင်ကာပူက ဒေသတွင်းမှာတော့ ပစ္စည်းဖြန့်ချိရာ ဌာနချုပ်ပါ။ တို့က ဒါကို ပိုကောင်းအောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။

မေး ။ ။ ဒီကရှေ့ စင်ကာပူအတွက် အခက်အခဲတွေ ပိုရှိနိုင်တယ်လို့ တချို့ မြင်နေကြပါတယ်။ အဲဒါ အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပါတယ်။ တစ်က တရုတ်နဲ့ အမေရိကတို့ရဲ့ (သိမ်သိမ်မွေ့မွေ့နဲ့) အကြမ်းမဖက် စူပါပါဝါနေရာကို လုနေကြတာနဲ့ နှစ်က မစ္စတာလီလို လူတစ်ယောက် မရှိတော့တာရယ်ကြောင့်ပါ။ မစ္စတာလီရဲ့အမြင်က ဘယ်လိုပါလဲ။

ဖြေ ။ ။ မဟုတ်ပါဘူး။ ငါ့သြဇာလွှမ်းတယ်ဆိုတာ အခိုက်အတန့်လေးတင် ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုရင်လည်း အန္တရာယ်ရှိတယ်။ အမေရိက က အရှေ့အာရှကနေ လုံးဝကြီး လက်ရှောင်ထွက်သွားပြီး တရုတ်တစ်ယောက် တည်းကပဲ ကြီးစိုးထားမယ်ဆိုရင်တော့ အနေအထားက ပိုဆိုးသွားနိုင်ပါ တယ်။ ဆိုပါတော့ မင်းက တရုတ်ကို စိတ်မချမ်းမသာဖြစ်အောင် လုပ်မိတယ် ဆိုရင် သူတို့က မင်းကို လာတိုက်နေစရာကို မလိုဘူး။

ငါတို့နဲ့ တရုတ်ပြည်ဆက်ဆံရေးက စီးပွားရေးအရတောင် တစ်နေ့တခြား ပိုခိုင်မာနေတယ်။ ဒါပေသည့် ငါတို့က အိန္ဒိယအပါအဝင် အခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံနေတာနော်။ သူတို့ဈေးကွက်က အကြီးကြီး၊ ဒီတော့ စီးပွားရေအရ သူတို့က ငါတို့ကို ထိန်းထားမှာပဲ။ ဟောင်ကောင်ဆိုရင်လည်း သူတို့နေရာကို သူတို့သိတယ်။ စီးပွားရေး ကျဆင်းသွားတာတောင် ဟောင်ကောင်သားတွေက “ကောင်းပြီ၊ ငါတို့ဆီက လူတွေကို သူတို့အိမ်တွေ အရောင်းအဝယ် လုပ်ခိုင်းပြီး စီးပွားရေး တိုးတက်လာစေရမယ်” လို့ ပြောကြတယ်။



 ကမ်းလက် 

စူပါများကြား ရပ်တည်ခြင်း ( ၈:၂ )

အခု ဆက်လက်ဖော်ပြမယ့် အပိုင်းက လီကွမ်းယု ရဲ့ The Hard Truths ( to keep Singapore going ) စာအုပ်မှ အခန်း ( ၈ ) " Standing Among Giants " စူပါများကြား ရပ်တည်ခြင်း ဖြစ်ပါတယ်။

" တရုတ်တွေ အမေရိကန်တွေလောက် အားကောင်းလာဦးမယ်လို့ လည်း လောလောဆယ် မမြင်မိပါဘူး။ ကိုယ်တိုင်မှ စူပါပါဝါကြီး မဟုတ်သေး ဘဲ ဘာဖြစ်လို့ စူပါပါဝါ မဟုတ်ပါဘူးလို့ ထပ်ပြောနေစရာလိုလို့လဲ "
( လီကွမ်းယု )


မေး ။ ။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာမှု၊ ခေတ်မီလာမှု၊ ဂလိုဘယ်ဆန် လာမှုတွေကို အခြေခံပြီး တစ်ချို့အမြင်တွေမှာ ပိုပြီးတရားမျှတမှု ဖြစ်လာနိုင် တယ်ဆိုတာကို မစ္စတာလီ မယုံကြည်ဘူးနော်။

ဖြေ ။ ။ မင်းမှာ သမီးရှိသလား။

မေး ။ ။ ရှိတယ်။

ဖြေ ။ ။ အာဖရိကလူမည်းတစ်ယောက်က မင်းရဲ့သမီးကို လက်ထပ်ချင် တယ်ဆိုရင် ဘယ်လို တုန့်ပြန်မလဲ။ တော်လိုက်တဲ့ ငါ့သမီးလို့ ပြောမှာလား။ ဒါမှမဟုတ် သမီး စဉ်းစားပါဦးလို့ ပြောမှာလား။ ငါသာဆိုရင်တော့ ငါ့သမီးကို “နင် အရူးပဲ” လို့ ပြောလိုက်မှာပဲ။

တကယ်ဆို ဂျူးဆရာဝန်က ငါ့သမီးကို လက်ထပ်ချင်တာ။ ဦးနှောက်အထူးကု ဆရာဝန်အနေနဲ့ MGH (Massachusetts General Hospital) မှာ အလုပ် လုပ်တုန်းက သူတို့တွေ့ကြတာ။ ငါ့ဇနီးက အမေရိကန် ဂျူးတစ်ယောက်နဲ့ သမီးတို့အိမ်ထောင်ရေးက ရေရှည်ခံပါ့မလားလို့ မေးခဲ့တယ်။ ဒါနဲ့ ငါ့သမီးက အပြန်ပြန် အလှန်လှန် စဉ်းစားပြီး သူ့အမေပြောတာ မှန်တယ်လို့ဖြေတယ်။ ဒီိလို အိမ်ထောင်ရေးက နှစ်အနည်းငယ်ပဲ ကြာမယ်၊ ပြီးရင် ကိုယ့်လမ်း ကိုယ်လျှောက်ကြရမှာ။

သူ့နေရာမှာ တရုတ်ပြည်က ဒေါက်တာတစ်ယောက်ဆိုရင် ဘယ်လိုနေမလဲ။ ငါ့မြေး (လက်ရှိဝန်ကြီးချုပ်ရဲ့သား) က သူ့ကောင်မလေးကို အိမ်ခေါ်လာဖူး တယ်။ သူ့ပညာသင်ဆုနဲ့ ပတ်သက်ပြီး ဂျပန်ကိုအသွား စင်ကာပူကို ဝင်လာ ပြီး တို့မိသားစုနဲ့ လာတွေ့တာ။ သူက မက်ဆာချူးဆက် (MIT) နည်းပညာ တက္ကသိုလ်ဘွဲ့ရ၊ တရုတ်ပြည်မကြီးက၊ သူ့အဖေက ပါမောက္ခ။ အခု သူတို့က အမေရိကမှာ နေကြတယ်။ သူက (၁၁) နှစ်သမီးကတည်းက အမေရိက ကို ရောက်တယ်ပေါ့။ မကျေမနပ်ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူးလေ။ ဒါနဲ့ တို့က မဆိုးပါဘူးလို့ပဲ ပြောလိုက်ကြတယ်။ တရုတ်မိန်းကလေးကို တွေ့အောင်ရှာနိုင်တယ်။ ကောင်မလေးက တော်တယ်။ အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာ ပြောနိုင်တယ်။ ကြာရင် သူ (ငါ့မြေး) ပါတောင် တဖြည်းဖြည်းနဲ့ နှစ်ဘာသာ ပြောသွားနိုင်လိမ့်မယ်။

မေး ။ ။ စိတ်ထဲမှာစွဲနေတဲ့ အဲသလိုအမြင်တွေက လူတစ်ဦးရဲ့အမြင်အဖြစ် အပြည်ပြည်ဆိုင်ရာ နယ်ပယ်ထဲမှာ ရှိနေဦးမှာလို့ ဆိုလိုတာလား။ အခု တရုတ်က တက်လာပြီဆိုတော့ အင်ဂလိုဆက်ဆွန်း (လူဖြူ) တွေရှိခဲ့တဲ့ ပါဝါတွေ တရုတ်ဆီကို ရွေ့ပြောင်း မရောက်လာနိုင်ဘူးလား။

ဖြေ ။ ။ လောလောဆယ်မှာတော့ အမေရိကန်တွေ ပါဝါရှိနေတာတို့အ တွက် ကောင်းတာပေါ့။ တရုတ်တွေ အမေရိကန်တွေလောက် အားကောင်း လာဦးမယ်လို့လည်း လောလောဆယ် မမြင်မိပါဘူး။ ကိုယ်တိုင်မှ စူပါပါဝါကြီး မဟုတ်သေးဘဲ ဘာဖြစ်လို့ စူပါပါဝါ မဟုတ်ပါဘူးလို့ ထပ်ပြောနေစရာ လိုလို့ လဲ။ အမေရိကန်တွေကမှ တကယ့်စူပါပါဝါ။ ယဉ်ယဉ်ကျေးကျေးလည်း ပိုရှိ တယ်။ ငါကတော့ အမေရိကန်တွေဖက်ကပဲ။ လက်ရှိစူပါပါဝါကိုပဲ သူ့အတိုင်း ထားလိုက်ပေါ့။ မဟုတ်ဘူးလား။

မေး ။ ။ စီးပွားရေး အရေးပါမှုတွေကရော ဘယ်လိုလဲ။ အကျိုးဆက်တွေ အများကြီး ရှိလာနိုင်တယ်။ ငွေကုန်ကြေးကျလည်း များမယ်။ စီးပွားရေးအရ ယုံကြည်မှုလည်း ရရှိနေမယ်ဆိုရင်တော့ နိုင်ငံတွေအချင်းချင်း တိုက်ခိုက်နေ ကြမှာ မဟုတ်ဘူးပေါ့။ ဒီအချက်တွေက ဒေသပိုင်းဆိုင်ရာ နိုင်ငံရေးနဲ့ ဆက် စပ်မှု ရှိနေနိုင်သလား။


ဖြေ ။ ။ ဂျာမဏီ ဥရောပမူဝါဒထဲဝင်လာပြီး အားကောင်းလာတော့ ဒီိလိုပဲ ထင်ခဲ့ကြဖူးတယ်။ ဂျာမဏီအင်ပါယာဖြစ်လာတာက သူများတွေ ထက် နောက်ကျတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဆက်ပြီး ကြိုးစားခဲ့ကြတယ်။ ဒီတော့ အားလုံးစုပေါင်းပြီး ဂျာမဏီကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ကြတယ်။ အမေရိကန်တွေတောင် ပါသေး။ အခုတော့ သူတို့ ဒီကိစ္စကို ကျေအေး လိုက်ကြပြီ။

ကုန်သွယ်မှုနဲ့ စီးပွားရေးအရ ဆက်ဆံနေတာတွေက နိုင်ငံချင်း စစ်ဖြစ်မှု အပေါ် ဒီလောက်အရေးပါတဲ့ ကိစ္စကြီးလို့ မထင်မိဘူး။ အစိတ်အပိုင်း တစ် ခုလောက်ပဲ ရှိမယ်။

သေချာပေါက် နိုင်လောက်တယ်ထင်ရင် တိုက်လိုက်ပေါ့။ ခဏ ဒုက္ခရောက်၊ ပြီးရင် အားလုံး ကိုယ်ပိုင်ပြီ။ ဒါပေမဲ့ နှစ်နိုင်ငံလုံးက ဟိုက်ဒရိုဂျင်ဗုံးတွေ ရှိနေ မှတော့ စစ်ဖြစ်ကြလိမ့်မယ်လို့ မထင်ပါဘူး။ နှစ်ဘက်စလုံး သေကုန်မှာကိုး။ ဒါကြောင့် အားပြိုင်မှုတွေက စိတ်လှုပ်ရှားစရာ ဖြစ်နေမယ်။

မေး ။ ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အတူတကွ ပူးပေါင်းဆောင် ရွက်မှုတွေ ရှိလာနေပြီဆိုတော့ နိုင်ငံအချင်းချင်းအဆင့်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဗိုလ်ကျဖို့ ကြိုးစားနေကြတာတွေကို အခြေခံဥပဒေတွေနဲ့ ထိန်း ထားလို့ မရနိုင်ဘူးလား။

ဖြေ ။ ။ မင်းအသက် ဘယ်လောက်ရှိပြီလဲ။

မေး ။ ။ ၂၆ နှစ်ပါ။

ဖြေ ။ ။ အေးလေ၊ ထားပါတော့။ မင်းအသက် (၄၆) မှာ ဒီမေးခွန်း မျိုး မေး လာရင်တော့ မင်းက ဘာမှလည်း ဟုတ်တိပတ်တိ မလေ့လာ ရသေးပါလား လို့ ပြောရလိမ့်မယ်။ ကီရှော မာဘုဘာနိက စလို့ ကုလသမဂ္ဂမှာ အမှုထမ်းနေ သူတွေအားလုံးကို မေးကြည့်။ နိုင်ငံသေးသေးလေးနှစ်ခု ပြဿနာဖြစ်ရင်တာ့ လုံခြုံရေးကောင်စီက ရပ်ကြ၊ နို့မဟုတ်ရင် တို့ကြားဝင်ရလိမ့်မယ် လို့ ပြော မှာပေါ့။ အဲဒီ အရေးအခင်းထဲမှာ စူပါပါဝါကြီး တစ်နိုင်ငံ၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံပါလာရင် ဘယ်လိုလဲ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်ပေမဲ့ အားကောင်းတဲ့ နိုင်ငံပါလာရင်၊ ဥပမာ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပေါ့။ အားလုံးက လစ်လျူရှုထားကြတာ။ တိုက်ချင်ရင် ဆက်တိုက်ကြပဲ။


ဇင်ဝေသော်

စူပါများကြား ရပ်တည်ခြင်း ( ၈:၁ )

အခု ဆက်လက်ဖော်ပြမယ့် အပိုင်းက လီကွမ်းယု ရဲ့ The Hard Truths ( to keep Singapore going ) စာအုပ်မှ အခန်း ( ၈ ) " Standing Among Giants " စူပါများကြား ရပ်တည်ခြင်း ဖြစ်ပါတယ်။

" အာဖရိကလူမည်းတစ်ယောက်က မင်းရဲ့သမီးကို လက်ထပ်ချင်တယ်ဆိုရင် ဘယ်လို တုန့်ပြန်မလဲ။ တော်လိုက်တဲ့ ငါ့သမီးလို့ ပြောမှာလား။ ဒါမှမဟုတ် သမီး စဉ်းစားပါဦးလို့ ပြောမှာလား။ ငါသာဆိုရင်တော့ ငါ့သမီးကို “နင် အရူး ပဲ” လို့ ပြောလိုက်မှာပဲ "
( လီကွမ်းယု )

မေး ။ ။ အခု ကျွန်တော်က မစ္စတာလီကို ကမ္ဘာ့အဖြစ် အပျက်တွေနဲ့ ဒေသ ဆိုင်ရာ နိုင်ငံရေးအကြောင်းကို မေးပါတော့မယ်။ နိုင်ငံတွေရဲ့ ပြုမူဆောင်ရွက်ပုံ၊ သူတို့နိုင်ငံတွေ အချင်းချင်း အပြန်အလှန် ဆက်ဆံပုံတွေကို အခြေခံပြီး ရှင်းပြပေးပါ။ ကမ္ဘာပေါ်မှာ ဒေသဆိုင်ရာ နိုင်ငံရေး သဘော တရားတွေ ပြောင်းလဲလာဖို့ ရှိပါသလား။
ဖြေ ။ ။ ဒါမျိုးတွေက ရှေးရှေးကတည်းက ဖြစ်လာခဲ့တာပဲ။ လူမျိုးစုတစ်စုက အခြားလူမျိုးစုတစ်စုရဲ့ နယ်မြေကို လိုချင်တယ်။ ဒီတော့ တိုက်ခိုက်ကြ၊ နယ်မြေတွေကို ချဲ့ကြပေါ့။ နောက်ဆုံး လူမျိုး တစ်မျိုးစုတည်း ဖြစ်နေ ရင်တောင် သူသာတယ်၊ ငါသာတယ်နဲ့ တိုက်ခိုက်နေခဲ့ကြတာပဲ။

လူမှုဗေဒပညာရှင် Edward Wilson က ပြောတယ်။ လူမျိုးစုနှစ်ခုတိုက်နေရင် တတိယလူမျိုးစုကပါ သူနဲ့ DNA တူတဲ့ မျိုးစုဖက်က ဝင်ပြီးတိုက်တယ်တဲ့။ သူဆိုလိုတာက လူသားရဲ့ မူလဗီဇဓာတ်ခံကကို အကွဲကွဲအပြဲပြဲကို ရှာနေ တတ်တယ်ဆိုတဲ့ သဘာဝပါ။ (အမှာ = ၂၀၀၈ ခု Pew Hispanish Centre ရဲ့ အစီရင်ခံစာအရ သက္ကရာဇ် ၂၀၅၀ မှာ လူဖြူစပိန်လူဦးရေ အမေရိကမှာ (၄၇) ရာခိုင်နှုန်းရှိမယ်။ ဒါက (၆၇) ရာခိုင်နှုန်းကနေ လျော့သွားတာပါ။ ၂၀၀၅ - ခုမှာ လက်တင်လူဦးရေက (၁၄) ရာခိုင်နှုန်းကနေ (၂၉) ရာခိုင်နှုန်း တက်လာတယ်။ အာရှသားတွေက (၅) ရာခိုင်နှုန်းကနေ (၉) ရာခိုင်နှုန်းအထိ တက်လာပြီး လူမည်းတွေကတော့ (၁၃) ရာခိုင်နှုန်းအတိုင်းပဲ ရှိမယ်။ )



တရုတ်ပြည်ဆိုရင်လည်း ရာစုပေါင်းများစွာကတည်းက ကျူးကျော်ခံလာရ တာပဲ။ နောက်ဆုံး ကျူးကျော်လာတဲ့ လူမျိုးစုတွေကို ဟန်လူမျိုးတွေက ဝါးမြို သွားတယ်။ မန်ချူးတို့၊ မွန်ဂိုတို့လေ။ အခု မန်ချူးတွေရော၊ မွန်ဂိုတွေရော ဟန် တရုတ်တွေ ဖြစ်ကုန်ပြီ။ သူတို့ မသိမ်းသွင်းနိုင်တာဆိုလို့ Ninxia ပြည် နယ်က Uighur လို့ခေါ်တဲ့ မွတ်ဆလင်တွေရယ်၊ ပြီးတော့ တိဗက်တွေရယ်။ တိဗက်တွေကတော့ တောင်အမြင့်ကြီးတွေပေါ်မှာနေတော့ အောက်ဆီဂျင် သိပ်မရဘူး။ အဲဒီကို လွှတ်လိုက်တဲ့ ဟန်တရုတ်တွေကလည်း သူတို့လို အသက်မရှူနိုင်ဘဲ အဆုတ်ပြဿနာတွေကြောင့် အသက်ရှုမဝလို့ ဆို ပြီး ပြန်ပြေးလာကြတယ်။

လူဖြူတွေကိုလည်း ကြည့်။ သူတို့အချင်းချင်း အင်ပါယာထောင်ဖို့ တိုက်ခဲ့ ကြတယ်။ ဗြိတိသျှတွေဆိုရင် အိန္ဒိယပြည် ပြည်နယ်တော်တော်များများကို သိမ်းပိုက်နိုင်တယ်။ အရှေ့တောင်အာရှ၊ အာဖရိကတို့ကို သိမ်းပိုက်တယ် ။ တောင်အမေရိကကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အမေရိကန် ကိုလိုနီ နယ်တွေ အားလုံး လက်လွှတ်ခဲ့ရတယ်။ ပြီးတော့ သြစတေးလျ၊ နယူးဇီလန်၊ တောင် အာဖရိကတို့ကို ဆက်ပြီးလက်လွှတ်ခဲ့ရတယ်။

တောင်အာဖရိကမှာရှိတဲ့ Boer (လူမည်းမျိုးစု) တွေကို ဗြိတိသျှတွေက တိုက် ခဲ့ပေမဲ့ လူမည်းအချင်းချင်းပြန်တွေ့တော့ Boer လူမည်းတွေက ဗြိတိသျှတွေ ဖက်က ဝင်ကူပြီး တိုက်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗြိတိသျှတွေနဲ့ သူတို့က DNA ချင်း နီးနီးစပ်စပ်တူတယ်လို့ ယုံကြည်ကြလို့တဲ့။ သူတို့ယုံကြည်တာက Boer လူမည်းတွေရဲ့ မူလနေရာက ဟော်လန်တဲ့။ ဒါကြောင့် ဗြိတိသျှတွေနဲ့ DNA ပိုနီးစပ်တယ်လို့ ယုံကြည်ကြတာ။

လူသားရဲ့ ဖြစ်စဉ်ပြောင်းလဲမှုက ရှောင်လွဲလို့ မရတဲ့ကိစ္စလို့ ထင်တယ်။ အခု ဂလိုဘယ်ဖြစ်လာတော့ ပိုပြီးတော့ ဆက်စပ်လို့တောင် နေသေးတယ်။ အမေရိကနဲ့ ဥရောပမှာ အကြီးအမှူးတွေ ဖြစ်ကြတဲ့လူဖြူတွေ အခု တရုတ်၊ အိန္ဒိယတွေနဲ့ ရင်ဆိုင်တိုးနေကြရတယ်။ သူတို့ဘယ်လို ညီမျှမှုရအောင် ယူ ကြသလဲဆိုတာ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပဲ။ ဗြိတိသျှတွေ အမေရိကန်လက်ထဲ အာဏာလွဲပေးလိုက်တာကတော့ ချောချောမွေ့မွေ့နဲ့ အပျက်အစီးလည်း သိပ်မရှိလိုက်ဘူး။ ဗြိတိသျှတွေက တဖြည်းဖြည်း ကျ ဆင်း၊ အမေရိကန်တွေက တရိပ်ရိပ် တက်လာ၊ အေးအေးဆေးဆေးပဲ လွဲပြောင်းပေးလိုက်တယ်။ ဘာသာစကားကလည်း အတူတူ၊ ယဉ်ကျေးမှု ကလည်း သိပ်မကွဲ၊ အမေရိကန်တွေက အင်္ဂလိပ်ဘာသာစကားပါ သိမ်းယူ လိုက်တယ်။

တရုတ်ပြည်က ဘယ်တော့များ အမေရိကန်ပါဝါနဲ့ မတိမ်းမယိမ်း ဖြစ်နိုင်မလဲ ဆိုတာ ငါတော့ သေသေချာချာ မသိဘူး။ ဒီရာစုအကုန် ဖြစ်ချင်ဖြစ်မှာပေါ့။ နောက်ရာစုအသစ်လောက်ဆိုရင်တော့ သူတို့ အတူတူပဲခွဲပြီး ရပ်တည်ကြမလား၊ တစ်ခုကို တစ်ခု ချေမှုန်းကြမလား ဆိုတာ လေ့လာခွင့်ရလိမ့်မယ်။

မေး ။ ။ ဒါက မစ္စတာလီရဲ့ ကိုယ်ပိုင်အယူအဆလား။ ဒါဝင်ရဲ့ အယူ အဆနဲ့ တော်တော် ဆင်နေတယ်။
ဖြေ ။ ။ ဒါဝင်ဝါဒနဲ့ ထပ်တူကြီးတော့ မဟုတ်ပါဘူးကွာ။ ငါ့အတွေ့အကြုံ၊ ငါ့ဦးနှောက်ကို အခြေခံပြီး ကောက်ချက်ချထားတာပါ။ သီအိုရီအတိုင်းလည်း ငါမသွားဘူး။ Edward Wilson နောက်လည်း တစ်ကောက်ကောက် မလိုက် ဘူး။ Wilson က အခြေခံသဘောတရားနဲ့ ဥပမာတချို့ ငါ့ကိုပေးခဲ့ပါတယ်။

ဒါက ရှောင်လွှဲလို့မရတဲ့ လူ့သဘာဝဖြစ်စဉ်ပဲ။ တကယ်လို့ နိုင်ငံတွေအများ ကြီးပါဝင်တဲ့ “နေးရှင်း” တစ်ခုကို တည်ထောင်နိုင် ရင်တော့ ကိုယ့်နိုင်ငံသား မဟုတ်သူတွေကိုလည်း “နေးရှင်း” အတွက် သုံးလို့ရတာပေါ့။ ဗြိတိသျှအစိုးရဆိုရင် အာဖရိကရိုင် ဖယ်တွေ၊ အိန္ဒိယရဲ့ စစ်တပ်တွေကိုသုံး ပြီး စစ်ပွဲတွေအများကြီး တိုက်ခဲ့တာပဲ။ (နောက်ဆုံး ဗြိတိသျှတွေ အညံ့ ခံခဲ့ရတယ်။) အာဖဂန်စစ်ပွဲကလည်း သိပ်တော့မထူးဘူး။ လူမျိုးစုကွဲတွေ သူသာတယ် ငါနာတယ် ငြင်းခုံရင်း စစ်ပွဲဖြစ်တာ။ ရုရှားကဝင်ပြီး ဟန့်တား တယ်။ ပြီးတော့ သူတို့လူမျိုးစုတွေ အားလုံးပေါင်းပြီး ရုရှားကို တိုက်ထုတ် လိုက်ကြပြန်ရော။ အခုတော့ နေတိုးက ဝင်တားတယ်။ နောက် သူတို့ချင်း ပေါင်းမိပြီး နေတိုးအဖွဲ့ကို တိုက်ထုတ်ကြဦးမှာ။

မေး ။ ။ ဟိုတုန်းက မစ္စတာလီ အခုပြောသလို မစဉ်းစားခဲ့ဘူး လို့ ပြောခဲ့ပါ တယ်။ ဒီလို ကမ္ဘာ့အမြင်ကို ဘယ်လိုရခဲ့တာလဲ။ ဘယ်လို ကမ္ဘာ့အရေး အခင်းတွေက ဒီလို ကောက်ချက်ဆွဲမိအောင် မစ္စတာလီကို တွန်းပို့ပေးခဲ့ တာလဲ။
ဖြေ ။ ။ ဒီလိုပါပဲ။ ကလေးဘဝကနေ လူပျိုအရွယ်၊ လူငယ်ကျောင်းသား ဘဝကနေ လူကြီး၊ တဖြည်းဖြည်း စဉ်းစားတတ်လာတာပါ။ ဂျပန်တွေ စင်ကာပူကို ရောက်လာပြန်တော့လည်း ဗြိတိသျှတွေလိုပဲ။ လူမျိုးတွေ ခွဲခြားပြီး အုပ် ချုပ်တယ်။ မလေးတွေကို အရေးပေး၊ အလိုလိုက်တယ်။ သူတို့ကို အရှုံးပေးခဲ့ တဲ့ အိန္ဒိယန်းတွေကို သူတို့လူတွေလို သဘောထားဆက်ဆံတယ်။ တရုတ်တွေကို ဖိနှိပ်တယ်။ ဇီဝဗေဒအားဖြင့်ဆိုရင် တရုတ်က သူတို့နဲ့ ပိုပြီး နီးစပ်တယ်။ ဒါပေမဲ့ အရင်က တရုတ်တွေက သူတို့ကို ဆန့်ကျင်ခဲ့ဖူးတော့ တရုတ်နဲ့ တရုတ်လွှမ်းမိုးမှုကို မလိုချင်တော့ တရုတ်တွေကို ဖိပြီး နှိပ်ကွပ် တာ။ တကယ်တမ်း ပြောရရင် ဒီနယ်မြေတစ်ခုလုံးကို ထိန်းထားဖို့ တရုတ်လူ မျိုးတွေ အလုံအလောက်ရှိတာပဲ။ နောက်ထပ် တရုတ်တွေကို နှိပ်ကွပ်ရတဲ့ အကြောင်းက ဒီကတရုတ်တွေက သူတို့နဲ့ Chonging မှာ တိုက်နေတဲ့ ပြည်မ တရုတ်စစ်တပ်ကို ထောက်ပံ့ပေးလို့ပဲ။

ဒီတော့ မင်းကိုယ်တိုင်သာ ကောက်ချက်ဆွဲပေတော့။
ငါ့ကို ဘာလို့ရိုက်ကြတာလဲ။ တရုတ်ဖြစ်နေလို့။
မလေးတွေအပေါ် ဘာလို့ ညှာတာကြတာလဲ။ အိန္ဒိယန်းတွေအပေါ် ဘာလို့ ရဲဘော်ရဲဘက်လို ဆက်ဆံတာလဲ။
အရှေ့အာရှမှာ ဘော့(စ်) လုပ်ချင်တာဆိုတော့ မျိုးရိုးဗီဇချင်း ပိုနီးစပ်တယ် ဆိုတဲ့အသိကို အရှေ့အာရှကို ဗိုလ်ကျချင်တဲ့စိတ်က အနိုင်ရသွားလို့ပဲ။

မေး ။ ။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာမှု၊ ခေတ်မီလာမှု၊ ဂလိုဘယ်ဆန် လာမှုတွေကို အခြေခံပြီး တစ်ချို့အမြင်တွေမှာ ပိုပြီးတရားမျှတမှု ဖြစ်လာနိုင် တယ်ဆိုတာကို မစ္စတာလီ မယုံကြည်ဘူးနော်။
ဖြေ ။ ။ မင်းမှာ သမီးရှိသလား။

မေး ။ ။ ရှိတယ်။
ဖြေ ။ ။ အာဖရိကလူမည်းတစ်ယောက်က မင်းရဲ့သမီးကို လက်ထပ်ချင်တယ် ဆိုရင် ဘယ်လို တုန့်ပြန်မလဲ။ တော်လိုက်တဲ့ ငါ့သမီးလို့ ပြောမှာလား။ ဒါမှမဟုတ် သမီး စဉ်းစားပါဦးလို့ ပြောမှာလား။ ငါသာဆိုရင်တော့ ငါ့သမီးကို “နင် အရူးပဲ” လို့ ပြောလိုက်မှာပဲ။

 ဇင်ဝေသော်

ဘာသာစကား နဲ့ လူမျိုး ( ၆:၈ )

"ဒါပေမဲ့ Huajiao က Huajiao ပဲ (တစ်ခြားနိုင်ငံမှာနေထိုင်တဲ့ တရုတ် စီတီဇင်များ)။ ပြည်ကြီးက တရုတ်တွေအောက် အဆင့်တစ်ဆင့် နိမ့်တယ်။ Huayi (အခြားနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုး စီတီဇင် မဟုတ်သူ) တွေက နှစ် ဆင့်နိမ့်တယ် "
( လီကွမ်းယု )

 ရွှေ့ပြောင်း ဘာသာစကား ( ၆:၇ ) မှအဆက်

မေး ။        ။ တရုတ်ကလည်း အခုတက်လာပြီ။ ဒါဆိုရင် စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက တရုတ်ဘာသာစကားကို ဒီထက်ပိုပြီး နေ ရာပေးစေချင်တဲ့ သဘောတွေ ရှိလာနိုင်လိမ့်မယ်လို့ မမြင်မိဘူးလား။
ဖြေ ။        ။ မဖြစ်နိုင်ဘူး။ ငါတို့က အရှေ့တောင်အာရှထဲမှာပါတာ။ တရုတ်ပြည်နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့စီးပွားရေးကို ဘယ်သူက ထောက်ခံ မှာလဲ။ တရုတ်ပြည်တစ်ပြည်ထဲနဲ့ စီးပွားရေးလုပ်ပြီး ရပ်တည်မှာလား ။ ဟောင်ကောင်ဆိုရင်တော့ ဟုတ်တယ်။ တရုတ်ပြည် က ထောက်ခံပေး ထားလိမ့်မယ်။ တို့က စင်္ကာပူ၊ လွတ်လပ်စွာရပ်တည်တဲ့ နိုင်ငံ၊ တရုတ်က တို့ကို မထောက်ပံ့ဘူး။

လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ချုပ်တော့ သူတို့က ငါတို့ ဟာ ဟောင်ကောင်မဟုတ်ဘူးလို့ ပြောကြတယ်။ ဟောင်ကောင်က တ ရုတ်ပြည်ရဲ့ အစိတ်အပိုင်းပဲ။ သူတို့နဲ့ ဟောင်ကောင်က ဆက်ဆံရေး ကောင်း တယ်။ ငါတို့က သီးသန့်။ စင်္ကာပူကို လိုက်လျောတာမှန်သမျှ တခြားနိုင်ငံေ တွကိုလည်း သူတို့ လိုက်လျောကြရလိမ့်မယ်။ တရုတ်ပြည်ထဲကို ၀င်ပေါင်းပြီး အထူးသီးသန့် အုပ်ချုပ်မှုဇုန်တစ်ခုအနေနဲ့ ပါရင်တော့ တစ်မျိုးပေါ့။ မင်းဒီလို လုပ်ချင်သလား။ တို့နဲ့ သူတို့နဲ့လည်း အဲသလောက် မနီးဘူး။

ဟောင်ကောင်ကတော့ ပြည်မကြီးနဲ့ ပိုနီးအောင် ဆက်သွယ်နေကြတယ်။ တံတားကြီးတစ်ခုက ဟောင်ကောင်၊ Zhu Hai ၊ မကာအိုနဲ့ Real River Delta နားမှာရှိတဲ့ တခြားမြို့တွေကို ဆက်သွယ်ပေးလိမ့်မယ်။


မေး ။        ။ တရုတ်ပြည်ရဲ့ အပျော့ဆွဲမှုကြောင့် စိတ်ဆွဲဆောင်မှု ကတော့ တော်တော် အားကောင်းလိမ့်မယ်။
ဖြေ ။        ။ ဘာ စိတ်ခံစားမှု ဆွဲဆောင်ချက် နေရမှာလဲ။ Plen ကို မင်းသိသား ပဲ (The Plen ဆိုတာ Plenipotentiary ရဲ့ အတိုကောက်ပဲ)။ ကလေးဘဝ ကတည်းက သူ့သားကို တရုတ်ပြည်ပို့ထားတာ။ ဒီတော့ Eu Chooi Yip နဲ့ Goh Keng Swee တို့တွေ့ကြတယ်။ သူတို့က မိတ်ဆွေတွေ။ သူ့ သားကတော့ သူ့ရဲ့ အိုင်ဒီယော်လော်ဂျီကို စိတ်လျှော့လိုက်ပြီ လို့ ပြောတယ်။

သူ့ကို ငါတို့ ပြန်သွားခွင့်ပြုဦးမလား။ Plen ရဲ့သားက Tsing Hua မှာ။ ဉာဏ်ကောင်းတယ်။ ကွန်မြူနစ်မဟုတ်ဘူး။ မလေးရှန်းတရုတ်မလေးကို လက်ထပ်ထားတယ်။ ဒါကြောင့် သူ့ကို ၀င်ခွင့်ပေးပြီး သူနဲ့အတူ ညစာတောင် ငါတို့ စားခဲ့ကြသေးတယ်။ ငါလည်း သိချင်တာနဲ့ တရုတ်ပြည်မှာ ဘယ်လိုနေ ထိုင်ခဲ့ရသလဲလို့ မေးခဲ့တယ်။

စင်္ကာပူးရီးယန်းနဲ့ မလေးရှန်းတွေကို Changsha မှာ ရှိတဲ့ ရွာတစ်ရွာမှာ စုပြီး အတူတူထားတာ။ သူတို့ ကြီးပြင်းခဲ့ရတာကကို ပြည်မက တရုတ်တွေနဲ့ တကွဲ တပြားစီ ကြီးပြင်းခဲ့ရတာ။ ကျောင်းလည်း အတူတူ တက်ခွင့်မရ။ ဆက်ဆံတာကလည်း ခွဲခွဲခြားခြားပဲ။ Tsinghua ကို ပြည်မတရုတ်တွေနဲ့ အတူသွားတယ်။ ဟိုမှာ ကြီးခဲ့တာဆိုတော့ တရုတ်စကားပြောတာက လည်း ပြည်ကြီးတရုတ်တွေအတိုင်းပဲ။ ဒါပေမဲ့ သူ့အပေါ် ဆက်ဆံတာ ကြတော့ မတူဘူး။

မေး ။        ။ အဲဒါက ဟိုတုန်းက ချိုင်းနားပဲ၊ ကျွန်တော်ဆိုလိုတာက အဲဒါ လွန် ခဲ့တဲ့ နှစ် ၃၀၊ ၄၀၊ ၅၀ လောက်ကပဲ။

ဖြေ ။        ။ ၁၉၈၀ - ခုနစ်တွေတုန်းက Xiamen ကို ငါရောက်ခဲ့တယ်။ သူတို့က မလေးရှား၊ စင်္ကာပူကနေ ပြန်လာပြီး နေထိုင်ကြတဲ့ တရုတ် လူ မျိုးတွေရှိတဲ့ နေရာကို လိုက်ပြကြတယ်။ သူတို့အားလုံးဟာ ကျန်တဲ့ တရုတ် လူမျိုးတွေနဲ့ အတူတူနေခွင့်မရဘူး။ မျိုးဆက်နှစ်ဆက်သုံးဆက်လောက် ကြာ ရင်တော့ အတူတူ ဖြစ်သွားပြီး ကျောင်းအတူတူ တက်ခွင့်ရကောင်းရ လိမ့် မယ်။

ဒါပေမဲ့ Huajiao က Huajiao ပဲ (တစ်ခြားနိုင်ငံမှာနေထိုင်တဲ့ တရုတ် စီတီ ဇင်များ)။ပြည်ကြီးက တရုတ်တွေအောက် အဆင့်တစ်ဆင့် နိမ့်တယ်။ Huayi (အခြားနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုး စီတီဇင် မဟုတ်သူ) တွေက နှစ် ဆင့်နိမ့်တယ်။

စင်္ကာပူမှာ ကွန်မြူနစ်တွေ ကြီးစိုးနေတုန်းက ငါတို့ စိုးရိမ်တာဟာ အဲဒါပဲ။ တစ်ချိန်က ငါတို့ ကွန်မြူနစ် အဖွဲ့ဝင်တွေ ဒီကို ပြန်လာချင်ကြတယ်။ ငါတို့က လက်မခံဘူးလို့ ငြင်းခဲ့တယ်။ အဲဒါ ငါတို့ရူးတာ။ တရုတ်ပြည်က သူတို့ကို တရုတ်လူမျိုးအဖြစ် အသိအမှတ်မပြုဘူးဆိုတာကို ငါတို့ မသိခဲ့ကြဘူး။ မိခင်နိုင်ငံ (Motherland) ဆိုတဲ့ အမည်နဲ့ ဂုဏ်ယူနေတဲ့ တရုတ်ပြည်ကြီးက သူ့လူမျိုးတွေကို ဒီလို ခွဲခွဲခြားခြား ဆက်ဆံလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

တရုတ်တွေနဲ့ ငါတို့ မိတ်ရင်းဆွေရင်းလို စကားတွေ ပြောကြတယ်။ ယဉ်ကျေးမှုအကြောင်းတွေ ပြောကြတယ်။ တကယ်တော့ တို့ယဉ်ကျေး မှုတွေက မတူကြပါဘူး။ တို့က အနောက်ပိုဆန်တယ်။

ဆက်ရန် -

 ဇင်ဝေသော်

ရွှေ့ပြောင်း ဘာသာစကား ( ၆:၇ )

လာမယ့် နှစ် ၂၀၀၊ ၃၀၀ မှာ ဘယ်ဘာသာ ကြီးစိုးလာမလဲ ဆိုတာကတော့ ဘယ်သူပြောနိုင်မှာလဲကွာ။ လက်တင်ဘာသာဟာ ဥရောပတိုက်ရဲ့ ဘာ သာဖြစ်ခဲ့ဖူးတယ်။ (၁၆) ရာစုအထိ Erasmus အပါအ၀င် ပညာရှင်တွေ အား လုံး လက်တင်လိုပဲ ရေးခဲ့ကြတာ။ ချပ်ကျောင်းတွေကလည်း လက်တင်ဘာ သာပဲ သုံးခဲ့ကြတာ။ (၁၈) ရာစုရောက်တော့ ကိုယ့်ဘာသာစကားနဲ့ကိုယ် စတင်ခွဲထွက်ခဲ့ကြတယ်။ နောက်ဆုံး လက်တင်ဘာသာလည်း ပျောက်ထွက် သွားတော့တာပဲ။ ကက်သိုလစ် ချပ်ကျောင်းတွေထဲက လွဲရင် လက်တင်ဘာ သာက သေသွားပြီ။ အင်္ဂလိပ်ဘာသာဟာ အမြဲတမ်း ကမ္ဘာသုံး ဖြစ်နေပါမယ် လို့ ဘယ်သူပြောလို့ရမှာလဲ။
( လီကွမ်းယု )

မေး ။ ။ စင်္ကာပူမှာ တစ်ခုတည်းသော တရုတ်ဘာသာနဲ့ သင်ကြားပေးတဲ့ Nantah တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာ ပြောင်းလဲပစ်လိုက်တော့ အဲ ဒီခေတ်က တရုတ်ဘွဲ့ရပုဂ္ဂိုလ်တွေ တော်တော် စိတ်မကောင်း ဖြစ်ကြရတယ်။ ဒီကိစ္စမျိုးကို ရှောင်လို့ ရနိုင်မယ့် နည်းများ မရှိနိုင်ဘူးလား။ အခုနေ တရုတ် ဘာသာစကားနဲ့ သင်မယ့် တက္ကသိုလ်တစ်ခုလောက် ရှိနေရင် ပို မကောင်း ဘူးလား။
ဖြေ ။ ။ ရှိပြီဆိုပါတော့ … အဲဒီတက္ကသိုလ်မှာ ဘယ်သူတွေ သွားတက်မှာ တုန်း။ ပီကင်းတို့ ရှန်ဟိုင်းတို့မှာရှိတဲ့ တက္ကသိုလ်တွေဆီ သွားတက်လို့ ရနေ ပါလျက်နဲ့ ဒီကို ဘယ်သူက လာမှာတုန်း။
Wee Cho Yaw (တရုတ်လူမျိုးရေးအဖွဲ့ခေါင်းဆောင် ဘဏ်အရာရှိ) ကို ဒီ ကိစ္စ ငါခိုင်းဖူးတယ်။ တရုတ်ကျောင်းပြန်ဖွင့်ရအောင်၊ လိုအပ်တာ မင်း ဖြည့် ဆည်းပေးပါလို့။ အလုပ်မဖြစ်လောက်မှန်းသိတော့ သူပယ်ချခဲ့တယ်။ စင်္ကာ ပူးရီယန်း မိဘတွေကတော့ သူတို့ကလေးတွေကို ဒီကျောင်းမျိုးမှာ မထည့် ဘူး။ အင်္ဂလိပ်လိုတတ်တာလောက် ဒီမှာ အလုပ်မဖြစ်ဘူး။

မေး ။ ။ တရုတ်က တက်လာတော့ ဒီ ဘာသာစကားနှစ်ခု ပေါ်လစီကို ပြန် စစ်ဆေးကြည့်ဖို့ လိုတယ်လို့ မထင်မိဘူးလား။ ရှေ့မှာ မစ္စတာလီ ပြော ခဲ့ တယ်။ ဒါက ဘာသာစကားနှစ်ခုကိစ္စတင်မကဘူး။ ယဉ်ကျေးမှု နှစ်ခုကိစ္စပါ ပါဝင်နေတယ်ဆိုတာလေ။
ဖြေ ။ ။ ငါပြောတာက လူနည်းစုလေးတစ်ခု အတွက်ပါ။ လူတိုင်း နှစ်မျိုးလုံး ထိပ်ရောက်ဖို့က ဖြစ်မှ မဖြစ်နိုင်တာ။ မင်းသာ ရူးသွားမယ်။ ဘာမှဖြစ်လာ မှာတော့ မဟုတ်ဘူး။

မေး ။ ။ လူအများစုအတွက်ကတော့ ဒီဘာသာစကားနှစ်ခုစနစ်က ဒီ အတိုင်း ပဲ ရှိနေမယ်ဆိုတဲ့ သဘောလား။
ဖြေ ။ ။ ဟုတ်တယ်။ လူတော်တွေ တစ်ရာ၊ နှစ်ရာ အများဆုံးဖြစ်နိုင်ရင် သုံးရာလောက်ရအောင် ကြိုးစားရမယ်။ ခက်တာက လူတော်တွေ ကျပြန်တော့ အကောင့်တင့်တွေ၊ ရှေ့နေတွေ၊ အာခီတက်တွေပဲ ဖြစ်ချင်ကြ တာကွ။ ဘယ်သူကမှ ဘာသာစကား စပါယ်ရှယ်လစ် မဖြစ်ချင်ဘူး။ တဖြည်းဖြည်းတော့ တရုတ်ပြည်ကို သွားပြီး Lin Thai Ker လို အာခီတက် သွား လုပ်နိုင်အောင် လုပ်ရမယ်။
(Lin Thai Ker က အာခီတက်တစ်ယောက်၊ မြို့ပြတည်ဆောက်ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ - အစီအစဉ် ချမှတ်သူပါ။ အာရှနဲ့ အရှေ့အလယ်ပိုင်းက မြို့တော်တွေရဲ့ အစီအစဉ်တွေကို ရေးဆွဲပေးခဲ့သူ။ တရုတ်ပြည်က Quyn မြို့တော်မှာလည်း သူ့လက်ရာတွေ ရှိပါတယ်။)

မေး ။ ။ စီးပွားရေးအတွက် တရုတ်စာ သင်ယူရတယ်ဆိုတဲ့ အချက်ကို အ သာထားပြီး လူနည်းစုလေးတွေကို ရွေးပြီး သူတို့ကလည်း သင်လိုတယ် ဆို ရင် ကျောင်းမှာ မိခင်ဘာသာမသင်ဘဲ တရုတ်ဘာသာစကားကိုပဲ သင်ခွင့်ပေးလိုက်ရရင် ဘယ်လိုရှိနိုင်မလဲ။
ဖြေ ။ ။ အိမ်မှာ အင်္ဂလိပ်စကားပြောကြတဲ့ တရုတ်တွေအတွက် အခုတင် ပဲ တော်တော် အခက်တွေ့နေကြပြီ။ အကြီးတန်းဝန်ကြီး ဇယကုမာရ်က သူ့ ကလေးတွေကို တရုတ်စာ အသင်ခိုင်းတယ်။ ကလေးတွေက ဥာဏ် လည်းကောင်း ၊ အားထုတ်မှုလည်းရှိတော့ အလုပ်ဖြစ်တယ်။ ကြိုးစားတဲ့ ကလေးတစ်ချို့လည်း ရကြပါတယ်။ ဒါပေမဲ့ သူတို့ သင်ချင်တာက အများကြီး။ အင်္ဂလိပ်၊ မလေး၊ အာရဘစ် (ကိုရန်ကျန်းထဲက)၊ တရုတ် … စုံလို့ပဲ။

မေး ။ ။ ဒုတိယဘာသာစကားကို သင်ချင်ရင် သင်ခွင့်ပြုမယ်ဆိုရင် တရုတ်ဘာသာကို ယူမယ့် မလေးအရေအတွက် ဒီထက်ပိုများလာမယ်လို့ ထင်ပါတယ်။
ဖြေ ။ ။ သူတို့ကလေးတွေရဲ့ ပညာရေး မနိုင်မနင်းဖြစ်ပြီး ဒုက္ခရောက်မှာ မကြောက်လို့ လုပ်ချင်ကြတယ်ဆိုရင် တို့ဖက်က ခွင့်မပြုနိုင် စရာ အကြောင်းမရှိပါဘူး။ ပြဿနာတက်လာရင်တော့ ကျေးဇူးပြုပြီး အစိုးရ အပေါ် အပြစ်ပုံမချပါနဲ့။ တရုတ်ဘာသာဟာ သိပ်လွယ်ကူတဲ့ ဘာသာမဟုတ် ဘူးဆိုတာ သိလျှက်နဲ့ စမ်းကြည့်ကြမယ်ဆိုရင် စမ်းကြလေ။

မေး ။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က စင်္ကာပူမှာ ရုံးသုံးစကားဟာ အင်္ဂလိပ်ပဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်မိတုန်းကလို တရုတ်လည်း ဒီလိုဖြစ်လာ လိမ့်မယ်လို့ ကြိုတင် မတွက်ချက်မိဘူးလား။
ဖြေ ။ ။ မမြင်မိဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်တုန်းက အမေရိက၊ ဗြိ တိန်၊ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန် စတဲ့ ကမ္ဘာ့တခါးပေါက်ထဲကို ၀င်ဖို့ အင်္ဂလိပ်စာနဲ့မှရမယ်လို့ ငါသုံးသပ်ခဲ့တယ်။ ဒီအပြင် အင်္ဂလိပ်စကားသုံးတဲ့ ဥရောပတိုက်က ကုမ္ပဏီကြီးတွေလည်း ဖြစ်နိုင်တာပေါ့။ ဂျပန်တွေလည်း ဒီ လာရင် အင်္ဂလိပ်လိုပဲ ပြောကြတယ်။ ဒါက တို့အတွက် အကောင်းဆုံး အား သာချက်ပဲ။ ပြင်သစ်တို့ ရုရှားတို့ ကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်သလို အင်တာနက်က ကမ္ဘာကို ဒီလောက် စိုးမိုးထားနိုင်လိမ့်မယ်လို့ မထင်မိဘူး။
ငါက ကံကောင်းသွားတာပါ။ ငါ့သုံးသပ်ချက် ကွက်တိကျသွားတယ်။ ရုရှားကိုသာ ပေါင်းလိုက်မိရင် ငါတို့တော့ ၀မ်းနည်းနေရမှာ။ ရုရှားဘာသာ စကားသင်ဖို့ ငါ့သားကို ပြောဖူးတယ်။ ရုရှားတွေက သင်္ချာမှာ တော်တယ်။ အခု မင်းမှာ အင်္ဂလိပ်ရှိတယ်။ တရုတ်၊ မလေးလိုလည်း ပြောတတ်တယ်။ ရုရှားလိုသင်နိုင်မှတော့ သင်ထားပါလားလို့ တိုက်တွန်းဖူးတယ်။ ရုရှား ဘာ သာစကားစာမေးပွဲ အိုလယ်ဘယ်မှာ သူ ဂုဏ်ထူးနဲ့အောင်တယ်။ ကိန်းဘရေ့(ဂ်ျ)ရောက်တော့ ရုရှားဘာသာ ဆက်သင်တယ်။ ရုရှားလို သူ မိန့်ခွန်းပြောနိုင်တယ်။ ပြောတတ်ပေမဲ့ ဘာအကျိုးရှိလို့လဲကွာ။
အခု ရုရှားခေါင်းဆောင်တွေ ရုရှားလိုပြောရင် သူ သိပ်တောင် နားမလည်တော့ဘူး။ မေ့ကုန်ပြီ။

မေး ။ ။ သူက မစ္စတာလီထက် ဦးနှောက်ဆဲ (လ်)တွေ ပိုများတယ်။
ဖြေ ။ ။ များတိုင်း လျှောက်လုပ်စရာလားကွာ။ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေ မှာ သူ့ဦးနှောက်ကို သုံးလို့ရတာပဲ။ ငါလည်း ဘာသာစကားခြောက် မျိုး လေ့ လာခဲ့တယ်။ အဲဒီခြောက်မျိုးစလုံး မမေ့အောင် ထိန်းထားနိုင်ပါ့မလား။ ကမ္ဘာအရပ်ရပ်က စီးပွားရေးသတင်းတွေ ဖတ်ရတယ်။ Dow Jones, Sand P, စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ငွေလဲလှယ်နှုန်းတွေ ကြည့်ရတယ်။ ကမ္ဘာ့စီးပွားရေးကို မျက်ခြေမပြတ်စေဘဲ သူတို့ အနေအထားတွေ ကို လည်း လေ့လာရ၊ သုံးသပ်ရတယ်။ စီးပွားရေးအကြပ်အတည်းကနေ ဘယ် အချိန် လွတ်လာနိုင်မလဲ … စုံလို့ပါကွာ။
ကဲ … ဘာသာစကားခြောက်မျိုးလုံး မမေ့အောင် ထိန်းထားနိုင်မလား။ အဓိပ္ပာယ် မရှိ၊ ရူးလို့ပြောတာ။ ကျွမ်းကျင်တဲ့ ဘာသာစကားတစ်ခု ရှိဖို့ပဲလို တယ်။ အဲဒီစကားနဲ့ အလုပ်လုပ်၊ သတင်းအချက်အလက်ယူ၊ တွေးခေါ်သုံးသပ်၊ လုံလောက်ပြီ။ ငါ့အတွက် အဲ ဒီဘာသာစကားက အင်္ဂလိပ်ပဲ။

မေး ။ ။ ဘာသာစကားပေါ် အခြေခံပြီး နိုင်ငံရေးမူဝါဒကို ရပ်တည်တဲ့ လူတွေ နဲ့ အတူတွဲပြီး အလုပ်လုပ်ခဲ့ရဖူးတယ်နော်။ ဒါတွေအားလုံး ပြီးဆုံး သွားပြီ လို့ ပြောရင် ရနိုင်ပါ့မလား။ စင်္ကာပူမှာ ဘယ်ဘာသာကို ရုံးသုံးအဖြစ် သတ် မှတ်ရမယ်ဆိုတဲ့ကိစ္စ လုံးဝပြေငြိမ်းသွားပြီလား။
ဖြေ ။ ။ ကမ္ဘာသုံးဘာသာစကားက အမြဲတမ်းပြောင်းလဲ နေနိုင်တာပဲ။ စင်္ကာ ပူမှာပဲ လာမယ့် အနှစ်ငါးဆယ်နဲ့ တစ်ရာအတွင်းလောက်ပေါ့။ လာမယ့် နှစ် ၂၀၀၊ ၃၀၀ မှာ ဘယ်ဘာသာ ကြီးစိုးလာမလဲ ဆိုတာကတော့ ဘယ်သူပြောနိုင်မှာလဲကွာ။ လက်တင်ဘာသာဟာ ဥရောပတိုက်ရဲ့ ဘာသြာ ဖစ်ခဲ့ဖူးတယ်။ (၁၆) ရာစုအထိ Erasmus အပါအ၀င် ပညာရှင်တွေအားလုံး လက်တင်လိုပဲ ရေးခဲ့ကြတာ။ ချပ်ကျောင်းတွေကလည်း လက်တင်ဘာသာပဲ သုံးခဲ့ကြတာ။ (၁၈) ရာစုရောက်တော့ ကိုယ့်ဘာသာစကားနဲ့ကိုယ် စတင်ခွဲထွက်ခဲ့ကြတယ်။ နောက်ဆုံး လက်တင် ဘာသာလည်း ပျောက်ထွက် သွားတော့တာပဲ။ ကက်သိုလစ် ချပ်ကျောင်းတွေထဲက လွဲရင် လက်တင်ဘာ သာက သေသွားပြီ။ အင်္ဂလိပ်ဘာသာဟာ အမြဲတမ်း ကမ္ဘာသုံး ဖြစ်နေပါမယ် လို့ ဘယ်သူပြောလို့ရမှာလဲ။
တရုတ်စကားဟာ ကမ္ဘာသုံးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ငါ မယုံ ကြည်ခဲ့ဖူးဘူး။ ငယ်ငယ်ကတည်းက ပြောလာတာ မဟုတ်တဲ့ လူတစ်ယောက် အတွက် တော်တော်ခက်တဲ့ ဘာသာစကား ပဲ။ ဖော်နက် တစ် မရှိ၊ ဖျင်းယင် မရှိနဲ့။ တရုတ်အက္ခရာတွေကို မစွန့်လွှတ်သမျှ သူတို့ စကားသင်နေရတာက နှစ်ဆပို ဒုက္ခရောက်တယ်။ အရင်ဆုံး နားထောင်၊ စကားပြော။ အဲဒါတင်ပဲ ခက်လှပြီ။ စကားတစ်လုံးကို အသံငါးမျိုး၊ လေးမျိုးနဲ့ တစ်မျိုးက အသံပေါ့တဲ့။
နောက်တစ်ချက်က အက္ခရာသုံးထောင်ကျော် မှတ်မိနေရဦးမယ်။ တချို့အသံတွေကို ဆက်စပ် တွေးလို့တော့ ရပါရဲ့။ ဒါပေမဲ့ စကားတစ်လုံးထဲ က အဓိပ္ပာယ်တွေ အများကြီး ထွက်လာပြန်ရော။ စကားလုံးက အတူတူ၊ အ သံထွက်ကျ ကွဲနေပြန်ရော။ တော်တော် ရှုပ်ထွေးတာပဲ။ Mai ရဲ့အဓိပ္ပာယ်က Bury တဲ့၊ Man Yuan ရဲ့အဓိပ္ပာယ်က Complain တဲ့။ အဲဒါ အက္ခရာ အတူ တူ။ ဘာကြောင့်ပါလိမ့်လို့ ငါစဉ်းစားနေခဲ့တာ အကြာကြီးပဲ။ နောက်မှ ဆရာ က ပြောတယ်။ စကားလုံးက အဓိပ္ပာယ်ကွဲသွားရင် အသံထွက်လည်း ကွဲ သွားတယ်တဲ့။ ဒါနဲ့ အဘိဓာန်လှန်ကြည့်တော့ ဟုတ်တယ်။ စကားလုံးတွေရဲ့ သမိုင်းနဲ့ ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာကို ငါလည်း မသိဘူး။ အဲဒါကလည်း ပြဿနာပဲ။ စကားလုံးနှစ်လုံးကို တစ်လုံး တည်း ပေါင်းလိုက်ြ ပန်တော့ အဓိပ္ပာယ်က ပြောင်းသွားပြန်ရော။ တအားခက်တဲ့ ဘာသာ စကား ရယ်။
( ဆက်ရန် )

ဘာသာစကား နဲ့ ဇာတိဂုဏ် ( ၆း ၆ )

 ဇင်ဝေသော်

ဘာသာစကား နဲ့ ဇာတိဂုဏ် ( ၆း ၆ )

          ပထမဆုံးကတော့ ဇာတိဂုဏ်လို့ ပြောရမယ်။ တရုတ်လို ဘွဲ့ရသူနဲ့ အင်္ဂလိပ်လို ဘွဲ့ရသူနှစ်ယောက်ရဲ့ ခြားနားချက်ကို ငါ တွေ့မိတယ်။ ဒါ့ကြောင့် မိခင်ဘာသာစကား သင်ရမယ်လို့ အတင်းတွန်းပေးနေတာ။ အင်္ဂလိပ်ဘွဲ့ရတစ်ယောက်မှာ မူလဗီဇ ပျောက်သွားတယ်။ ၁၉၆၅ - ခုနှစ် အရေးအခင်းဖြစ်တော့ ရပ်ဖဲ(လ်)ကောလိပ်ကျောင်းသားတွေက ရီနေကြတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကျောင်းက ကျောင်းသားတွေက လမ်းပေါ်တက်ပြီး အသည်းအသန် ဆန္ဒပြနေကြတာ။ ဒါဟာ နိုင်ငံရေးရေသာခိုမှု၊ ရူးကြောင်ကြောင်နိုင်မှုပဲ။ လူထုကြီးထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။

(လီကွမ်းယု)

လီကွမ်းယု နဲ့ ခရစ်ယန်ဘာသာတရား ( ၆း ၅ )   မှအဆက်

မေး ။   ။ ခုတလော ဘာသာစကားထဲမှာ မစ္စတာလီ စိတ်တော်တော် နစ်မြုပ်နေတယ်လို့ ထင်တယ်။ တရုတ်ဘာသာစကား သင်ကြားရေး၊ ဒါမှမဟုတ် ဘာသာစကားနှစ်ခု ပြိုင်တူသင်ကြားရေးကိစ္စမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ မစ္စတာလီရဲ့ သဘောထားနဲ့ ဘာ့ကြောင့် ဒီလို ဖြစ်နေတယ်ဆိုတာ သိပါရစေလား။
ဖြေ ။    ။ ပထမဆုံးကတော့ ဇာတိဂုဏ်လို့ ပြောရမယ်။ တရုတ်လို ဘွဲ့ရသူနဲ့ အင်္ဂလိပ်လို ဘွဲ့ရသူနှစ်ယောက်ရဲ့ ခြားနားချက်ကို ငါ တွေ့မိတယ်။ ဒါ့ကြောင့် မိခင်ဘာသာစကား သင်ရမယ်လို့ အတင်းတွန်းပေးနေတာ။ အင်္ဂလိပ်ဘွဲ့ရတစ်ယောက်မှာ မူလဗီဇ ပျောက်သွားတယ်။

         ၁၉၆၅ - ခုနှစ် အရေးအခင်းဖြစ်တော့ ရပ်ဖဲ(လ်)ကောလိပ်ကျောင်းသားတွေက ရီနေကြတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကျောင်းက ကျောင်းသားတွေက လမ်းပေါ်တက်ပြီး အသည်းအသန် ဆန္ဒပြနေကြတာ။ ဒါဟာ နိုင်ငံရေးရေသာခိုမှု၊ ရူးကြောင်ကြောင်နိုင်မှုပဲ။ လူထုကြီးထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။

 မေး ။   ။ မစ္စတာလီလည်း အင်္ဂလိပ်လို ဘွဲ့ရခဲ့တာပဲ။ မစ္စတာလီရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အင်္ဂလိပ်ဘွဲ့ရတွေပဲ မဟုတ်လား။
ဖြေ ။    ။ စင်္ကာပူမှာ အနိုင်ရဖို့ တရုတ်ဘွဲ့ရတွေကို စည်းရုံးနိုင်မှ ရမယ်ဆိုတာကို ငါတို့ သဘောပေါက်ခဲ့ကြတယ်။ အင်္ဂလိပ်ဘွဲ့ရဆိုတာက လူဦးရေနဲ့စာရင် နည်းနည်းလေးပဲ ရှိတာ။ ဒါ့ကြောင့် တရုတ်ဘွဲ့ရတွေရဲ့အားကို ရအောင်လို့ လက်ဝဲသမားတွေနဲ့ ငါတို့ပေါင်းခဲ့တာ။ တရုတ်ဗီဇသာ ပျောက်သွားရင် ငါတို့ ဘာလူမျိုးတွေဆိုတဲ့ စိတ်လည်း ပျောက်သွားမှာ။ တို့က အနောက်တိုင်းသား မဟုတ်ဘူး။ တို့မှာ အရှေ့တိုင်းသား တရုတ်ဗီဇ ရှိကိုရှိနေရမယ်။ ဒါက ငါ့ကို မောင်းနှင်ပေးလိုက်တဲ့ ပထမအကြောင်းပဲ။

         အခု စင်္ကာပူးရီးယန်းတွေက စင်္ကာပူးရီးယန်းဖြစ်တဲ့အလျှောက် ဒီယဉ်ကျေးမှုတန်ဖိုးကို အလေးမထားတတ်ကြဘူး။
         ယဉ်းကျေးမှုဆိုတာ ဘာလဲ၊ ဒါမျိုးတွေ။

         အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း ငါ ဖတ်ကြည့်တယ်။ လုံးဝမတူဘူး။ မူလဗီဇဓာတ်ခံ ရကိုမရဘူး။ ဒါနဲ့ ငါ ဆုံးဖြတ်ချက်ချပြီး ငါ့သားနှစ်ယောက်ကို ဦးဇွန်းပုတ်ဆံပင်အရွယ် ကတည်းက တရုတ်ကျောင်းကို ထည့်လိုက်တာ။ သူတို့ ကိန်းဘရေး(ဂ်ျ)ကို ရောက်တော့ သူတို့အရွယ် ကလေးတွေအားလုံးက ဆံပင်ရှည်တွေနဲ့ ဖြစ်ကုန်ပြီ။ သူတို့က ဒီအတိုင်းပဲ။ လုံးဝ မပြောင်းကြဘူး။ အနောက်ယဉ်ကျေးမှု လွှမ်းမိုးတာကို သူတို့ မခံကြဘူး။ မင်းကမင်း၊ ငါက ငါပဲ။ မင်း သင်္ချာအကြောင်းပြောရင် ငါလည်း သင်္ချာအကြောင်း ပြောမယ်။ ငါနဲ့မင်း ယှည်လို့ရတယ်။ ဒါပေမယ့် ငါက ငါပဲ။ ဆိုလိုတာက သူတို့မှာ ယုံကြည်မှုအပြည့် ရှိကြတယ်။

 မေး ။   ။ တကယ်လို့ သူတို့များ အင်္ဂလိပ်ကျောင်းကို အရင်သွားခဲ့ကြရင် ...
ဖြေ ။    ။ ဒါဆိုရင် တစ်မျိုး ဖြစ်သွားနိုင်တယ်။ အင်္ဂလိပ်ကျောင်းသားတွေက ကမ္ဘာရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ဖို့ ဆံပင်ရှည်ထားရမယ်။ ဒါဟာ ကမ္ဘာ့ယဉ်ကျေးမှုလို့ ထင်ကြတယ်။ ငါ့သားတွေကလည်း ဒီလိုပဲ ထင်မှာပေါ့။ အမြင်သာ မတူကြတာ။ အဲ့ဒီစိတ်ဓာတ်က တရုတ်တော်လှန်ရေးမျိုးဆက်ရဲ့ စိတ်ဓာတ်ပဲ။ အခုတော့ မဟုတ်ဘူး။ အဲ့ဒါက ၁၉၅၀ - နဲ့ ၆၀ - ခုနှစ်တွေက။

         အခုနှစ်တွေမှာ မိဘတွေက တရုတ်စာသင်တာဟာ  အချိန်ဖြုန်းတာ သက်သက်လို့ ထင်ကြတယ်။ တန်ဖိုးကို မသိကြတော့ဘူး။ ဒီအချိန်မှာ ရုတ်တရက်ကြီး တရုတ်ပြည်က တက်လာပါလေရော။ တရုတ်စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်တဲ့လူတွေ မရှိရင် အခွင့်အရေးတွေ ငါတို့ ဆုံးရှုံးတော့မယ်။ သူတို့က ဒီကိုလာပြီး စီးပွားရေးလုပ်ကြတော့မှာ။ သူတို့အင်္ဂလိပ်က မကောင်းဘူး။ မလေးလိုလည်း ဟုတ်တိပတ်တိ မတတ်ဘူး။ ဒီတော့ စင်္ကာပူးရီးယန်း စီးပွားရေးမိတ်ဖက်တွေကို သူတို့ လိုလာပြီ။ သူတို့နဲ့ လက်တွဲပြီး စီးပွားရေးလုပ်၊ အင်္ဂလိပ်စကားပြော၊ မလေးစကားပြော၊ သူတို့ကို ဒေသတွင်း အကုန်ခေါ်သွားလို့ ရတယ်။

         တရုတ်စကားမတတ်လို့ကတော့ တရုတ်ပြည်မှာ စီးပွားရေးလုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ တို့ဆီက စီးပွားရေးသမားတိုင်း သဘောပေါက်တယ်။ အင်္ဂလိပ် ပထမဘာသာ၊ တရုတ် ဒုတိယဘာသာအနေနဲ့ သင်တဲ့ ကျောင်းတွေက ကျောင်းသားတွေ၊ ကျေးဇူးတင်စကား လာလာပြောတဲ့ အီးမေးတွေ ငါရတယ်။ ဆိုလိုတာက ကမ္ဘာ့အကြီးဆုံးဈေးကွက်က ငါတို့ကို အများကြီး အကူအညီပေးနိုင်တယ်။ တို့လိုတာက သူတို့နဲ့ ဆက်သွယ်ဖို့ ဘာသာစကားရှိနေဖို့ပဲ။

         အင်္ဂလိပ်စကားနဲ့ အမေရိက၊ ဥရောပနဲ့ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို ဆက်သွယ်လို့ရတယ်။ ဒါက ဘယ်လို တိုးတက်လာတယ်ဆိုတာကို ပြောတာ။ ဘာဖြစ်လို့ တရုတ်နဲ့ ဆက်ဆံပြီး တရုတ်အောင်မြင်မှုနဲ့ အတူလက်တွဲပြီး မလိုက်နိုင်ရမှာလဲ။ လာမယ့်နှစ် ၂၀၊ ၃၀ နဲ့ ၄၀ မှာ သူတို့စီးပွားရေးဟာ အများကြီး တိုးတက်လာမှာ။ အမေရိကန်တွေရဲ့ လူတစ်ယောက်စီ (တစ်ဦးချင်း) ၀င်ငွေကို မီဖို့တော့ နှစ်ပေါင်း ၆၀၊ ၇၀ လိုလိမ့်ဦးမယ်။

မေး ။   ။ နောက်ပြန်ကြည့်ရင် ဘာသာစကားနှစ်ခု သင်ယူရမယ်ဆိုတဲ့ ပေါ်လစီချမှတ်မိတာနဲ့ ပတ်သက်လို့ နောင်တရစရာများ ရှိသလား။
ဖြေ ။    ။ နောင်တတော့ မရဘူး။ အင်္ဂလိပ်စကား အိမ်မှာပြောတဲ့ ကလေးတစ်ယောက်ကို တရုတ်စာ တရုတ်လိုသင်၊ တရုတ်လို ငါနဲ့တူအောင်လိုက်ဆို။ ဒါမျိုးဆိုတော့ ကလေးတွေက မသိဘူး။ နားရှုပ်ကုန်တာ။ သူတို့က တရုတ်ပြည်က ကျောင်းမှာ သင်သလို သင်ကြတာ။ နောက်ပိုင်း ဒီစနစ်ကို ငါပြောင်းပစ်ခဲ့ရတာ။ ငါကြားရတာက တချို့ကလေးမိဘတွေက သူတို့ကလေးတွေ တရုတ်စာသင်ရတာက လွတ်အောင် နိုင်ငံခြားကျောင်း သွားထားကြသတဲ့။

         ဒီနောက် Goh Yeng Seng နဲ့ ငါသွားတွေ့တယ်။ သူက တရုတ်အမျိုးသားပညာရေးဌာနမှာ အကြီးအကဲ၊ ဘာသာဗေဒနဲ့ ဒေါက်တာဘွဲ့ကိုလည်း အင်္ဂလန်က ရထားတာ။ သူလည်း ဒါတွေ လေ့လာတော့မယ်ဆိုတော့ အင်္ဂလိပ်စာ အရင်သင်ယူရတာ။ သူ့အင်္ဂလိပ်စာ လေ့လာတာကလည်း ငါ တရုတ်စာ လေ့လာခဲ့ရသလိုပဲ။ အင်္ဂလိပ်-တရုတ် အဘိဓာန်ကို သုံးရတယ်။ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်ကို သုံးလို့ကတော့ ဒီဟာ မသိလို့ ရှာတယ်။ ဟိုဟာပါ ထပ်မသိနဲ့ အချိန်တွေ အတော်ကုန်တာ။

         ငါ တရုတ်စာသင်တော့လည်း တရုတ်-အင်္ဂလိပ် အဘိဓာတ်ကိုသုံးခဲ့တာ။ ဒါကြောင့် အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ ကလေးတွေကို အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး တရုတ်စာသင်ဖို့ ဆုံးဖြတ်ခဲ့တာ။ အဲဒါအဆင်ပြေသွားတယ်။ အရင်ဆုံး ကျောင်းလေးကျောင်းမှာ စမ်းကြည့်တယ်။ ကလေး မိဘတွေဖက်ကနေ တိုးတက်မှုရှိကြောင်း သတင်းပို့ကြတယ်။ ဒါနဲ့ တရုတ်ဘွဲ့ရအဖွဲ့တွေကို အတိုက်အခံလုပ်ပြီး နောက်ထပ် ကျောင်းတွေမှာ ဆက်ပြီး ဒီစနစ်ကို ကျင့်သုံးခဲ့ကြတယ်။

         အခုအခြေအနေက ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသွားပြီ။ ဆရာတွေကိုယ်တိုင်က ဘာသာစကားနှစ်ခုကို ကောင်းကောင်းပြောနိုင်ကြပြီ။ ဆရာကြီးတွေကို အစားထိုးလိုက်တဲ့ ဆရာငယ်လေးတွေဆိုရင် အင်္ဂလိပ်လို ကောင်းကောင်းတတ်ပြီ။ တရုတ်စာကို ထပ်ပြီး လေ့ကျင့်ပေးလိုက်တော့ ပြဿနာ လုံးဝမရှိတော့ဘူး။ ပြီးတော့ သင်မယ့်နှုန်းကိုလည်း လေ့လာရတယ်။ မော်ဂျူးတစ်ခု ထားရတယ်။ နောက်ဆုံးတော့ ဒီပြဿနာက ဖြေရှင်းနိုင်သွားတယ်။ ဒါပေမဲ့ ငါက ညံ့ခဲ့လို့ နှစ် (၄၀) လောက်တောင် ကြာခဲ့တယ်ကွ။

         ဘာတတ်နိုင်မှာလဲကွာ။ ဒီလောက်ကြီး အခက်အခဲတွေ၊ စိတ်ပျက်စိတ်ညစ်စရာတွေ ရင်ဆိုင်ရမယ်မှန်း သိခဲ့ရင် ငါလုပ်ချင်မှလည်း လုပ်ဖြစ်ခဲ့မှာပေါ့။ ဒါ ဘ၀ပဲလေ။ လေ့လာပြီးတဲ့နောက်မှ ပညာဆိုတာ ရလာတတ်တာပဲ။

 မေး ။   ။ တကယ်တမ်းဆိုရင် အဲဒီအချိန်တုန်းက အင်္ဂလိပ်ဘွဲ့ရ ကလေးမိဘတွေက တော်တော်ကို ဝေဖန်ခဲ့ကြတာ။ အဓိကအချက်ကတော့ သူတို့ကိုယ်တိုင်က တရုတ်စာကို စိတ်မ၀င်စားတာနဲ့ ကလေးတွေကိုလည်း တရုတ်စာသင်ဖို့ အားမပေးကြတာပါ။
ဖြေ ။    ။ တချို့တ၀က် မှန်ပါတယ်။ သူတို့ကိုယ်တိုင်ကကို စိတ်ဝင်စားမှု မရှိတာ။ ငါကိုယ်တိုင်လည်း ဒီလိုပဲ ကျောင်းမှာသင်၊ ကျောင်းကထွက်တော့မေ့ … ဖြစ်ဖူးတယ်။ အခု တရုတ်ပြည်က တတ်လာပြီ၊ တရုတ်စာ ကောင်းကောင်းတတ်ဖို့ သင့်ပြီ။ မင်းက ရှေ့နေလား၊ စာရင်းစစ်လား။ ဘာပဲဖြစ်ဖြစ် တရုတ်စကားပြောတတ်ရင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေက မင်းကို ငှားကြမယ်။ လစာကလည်း ကောင်း၊ အိမ်ကောင်းကောင်းလည်း ပေး၊ မင်းကလေးတွေအတွက် ပညာရေးကောင်းကောင်းလည်း ပေးထားတယ်။ ပိုက်ဆံ ပိုစုလို့ရ၊ အရင်ထက် ပိုက်ဆံပိုရှိတဲ့ လူအနေနဲ့ ပြန်လာ။ မင်း CV ကလည်း ပိုပြီး အထင်ကြီးစရာကောင်း၊ မင်းနဲ့ စကားပြောရင် သူတို့က တလေးတစား ပြောရတော့မယ်။ ကဲ အခုတော့ စိတ်မ၀င်စားမှုကိစ္စက ပြီးသွားပြီ။ သူတို့ စိတ်ဝင်စားလာကြပြီ။

 မေး ။   ။ တရုတ်ဘွဲ့ရ၊ အင်္ဂလိပ်ဘွဲ့ရ အုပ်စုနှစ်ခုရဲ့ ဘာသာစကား သင်ကြားမှု ပေါ်လစီနဲ့ ပတ်သက်လို့ ခြားနားချက်ကို မစ္စတာလီ ပြောပြခဲ့တယ်။ ပြီးတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့ရတယ်။ သူတို့ရဲ့ ခြားနားချက်က ဘယ်လောက်ကြီးကျယ်သလဲ။
ဖြေ ။    ။ အေး … လူငယ်တွေမှာတော့ ဒီခြားနားချက်က နည်းနည်းပဲ ရှိတော့တယ်။ သူတို့က အင်္ဂလိပ်ကို ပထမဦးစားပေး၊ တရုတ်ကို ဒုတိယဘာသာအနေနဲ့ သင်ကြားခဲ့ကြရတာကိုး။ ငါ ဟနွိုင်းကိုရောက်တော့ စထရိတ်တိုင်း(မ်)က ငါ့သတင်းကိုယူဖို့ ပီကင်းက သတင်းထောက်ကို လွှတ်လိုက်တယ်။ အဲဒီကောင်မလေးက ကျောင်းမှာ တရုတ်စာကို ဒုတိယဘာသာအနေနဲ့ သင်ခဲ့ရတာ။ သူ့ CV ကိုကြည့်တော့ သူက လန်ဒန်က စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့တာ။ ငါတို့ သံအမတ်က ပြောတယ်။ သူ ပီကင်းမှာစပြီး အလုပ်လုပ်တော့ ဒုက္ခ တော်တော်ရောက်ခဲ့တယ်။ ခြောက်လလောက်လည်းကြာရော အဆင်ပြေသွားရောတဲ့။ ဒါနဲ့ ငါက ခြောက်လအတွင်း သူတို့ကို မီအောင် ဘယ်လိုလိုက်ခဲ့သလဲလို့ မေးတယ်။

         အိမ်မှာ တရုတ်စကားပြောလို့လို့ သူက ဖြေတယ်။ အရေးနဲ့ အဖတ်မှာတော့ သိပ်ပြီး အဆင့်မြင့်ကြီး ဟုတ်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမြဲတမ်း ပြောနေတော့ သူ့တရုတ်စကားက ချောနေတာပဲ။ အခု နှစ် နှစ်လောက်လည်းကြာရော တရုတ်တွေနဲ့ ဘာမှ ခွဲလို့ မရတော့ဘူး။

         အခု လိုအပ်တာက စီးပွားရေးလေကွာ။ ကဲ … နောက် စီးပွားရေးပါဝါတွေက ဘယ်မှာလဲ။ အမေရိက၊ ဂျပန်၊ ဗြိတိန်၊ သြစတေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ ဆက်ဆံဖို့ အင်္ဂလိပ်စာ။ သူတို့ကို ငါက မစွန့်လွှတ်ဘူး။ သူတို့နဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး သဘောတူညီမှုက ရှိနေမှာပဲ။ အခု ငါတို့ စီးပွားရေးအတွက် အင်ဂျင်အသစ်တွေ ထပ်ပြီး တပ်ဆင်ရတော့မယ်။

         တရုတ်၊ အိန္ဒိယ၊ ပါရှားဒေသ (ပင်လယ်ကွေ့) နိုင်ငံတွေကွာ။ ငါတို့ဆီက တော်တဲ့ကလေးတွေ သူတို့နဲ့ ဆက်ဆံဖို့ အာရပ်စကားတောင် သင်ယူသင့်ပြီ။ ဒီမှာ အာရပ်ရပ်ကွက်လေးလည်း ရှိသင့်တယ်။ ဒါမှ သူတို့ သက်တောင့်သက်သာရှိမှာ။ အစကတည်းက စင်္ကာပူမှာ အာရပ်တွေ ရှိခဲ့တယ်။ ယီမင်က လာကြတဲ့လူတွေ၊ အာရပ်အမည်နဲ့လမ်းလည်း ဒီမှာရှိတယ်။ အာရပ်တွေအတွက် နေရာလေး ဒီမှာရှိရင် သူတို့နဲ့ ဆက်ဆံရတာ ပိုအဆင်ပြေမယ်။ သူတို့က အင်္ဂလိပ်စကားတတ်ပါတယ်။ ဒါပေမဲ့ အဲဒီကိုသွားပြီး စီးပွားရေးလုပ်မယ်ဆိုရင် အလုပ်သမားတွေကို ခြုံငုံမိအောင် အာရပ်စကားနည်းနည်းတော့ ပြောတတ်မှ ကောင်းမယ်။

         အိန္ဒိယနဲ့ ဆက်ဆံဖို့ တမီး(လ်) သင်တာကတော့ သိပ်အသုံးမကျလှဘူး။ ဒီဘာသာက တမီး(လ်) နာဒူးမှာပဲ ပြောကြတာ။ အိန္ဒိယဘာသာစကား သင်မယ်ဆိုရင် ဟိန္ဒီက အကောင်းဆုံး၊ သန်းသုံးလေးရာလောက် ဒီဘာသာနဲ့ စကားပြောလို့ရတယ်။ စီးပွားရေးလုပ်သူတိုင်းက အင်္ဂလိပ်လို ပြောတတ်တော့ ပြဿနာတော့ မရှိလှဘူး။ တရုတ်ပြည်က တရုတ်စကားမတတ်ရင် ဘာမှ လုပ်လို့မရဘူး။ သိပ်ပညာတတ်တဲ့ လူနည်းစုလေးပဲ အင်္ဂလိပ်လိုတတ်တာ။ အိုလံပစ်အတွက်ဆိုပြီး အခု လူတိုင်း အင်္ဂလိပ်စာတွေ သင်နေလိုက်ကြတာ။ ရနိုင်လှ ထမင်းစားရေသောက် စကားပေါ့ကွာ။

 မေး ။   ။ စင်္ကာပူမှာ တစ်ခုတည်းသော တရုတ်ဘာသာနဲ့ သင်ကြားပေးတဲ့ Nantah တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာ ပြောင်းလဲပစ်လိုက်တော့ အဲဒီခေတ်က တရုတ်ဘွဲ့ရပုဂ္ဂိုလ်တွေ တော်တော် စိတ်မကောင်း ဖြစ်ကြရတယ်။ ဒီကိစ္စမျိုးကို ရှောင်လို့ ရနိုင်မယ့် နည်းများ မရှိနိုင်ဘူးလား။ အခုနေ တရုတ်ဘာသာစကားနဲ့ သင်မယ့် တက္ကသိုလ်တစ်ခုလောက် ရှိနေရင် ပို မကောင်းဘူးလား။


ဆက်ရန် -

ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၆ )


မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၅ ) မှ အဆက်

မေး။        ။ မစ္စတာလီတို့မိသားစုက သူ့အတွက်လိုအပ်တာတွေအားလုံး ဖြည့်ဆည်းမပေးနိုင်ပဲ သူဟာ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်လာမယ်လို့ ထင်ပါသလား။
ဖြေ။        ။ လုံးဝမဖြစ်နိုင်ဘူး။

မေး။        ။ တကယ် မဖြစ်နိုင်ဘူးလား။
ဖြေ။        ။ မဖြစ်နိုင်ဘူး။ သူ့ကို Dover Court Preparatory ကျောင်းကို ပို့လိုက်တယ်။ ကျောင်းကို ကြီးကြပ်သူက ဗြိတိသျှလူမျိုး။ ပထမဆုံးနေ့ရက်တွေမှာ သူ့ရဲ့အရှက်လွန်နေတဲ့ သဘာဝတွေ၊ ကောင်းကောင်းမမြင်ရတဲ့ အားနည်းချက်တွေ(Half- blindness) ကိုသာ အထူးပြုလေ့လာကြတယ်။ ကျောင်းက သူ့ကိုရှေ့ဆုံးတန်းမှာထားပြီး သက်တောင့်သက်သာနဲ့ ယုံကြည်မှုရှိလာအောင် လုပ်ပေးကြတယ်။ ဒီလိုနဲ့သူလည်း အဆင့်လေးတွေ ရလာတယ်။

    သူအလယ်တန်းကို တက်ရတော့မယ်ဆိုတော့ သူ့အမေ ဟိုချင်း ( Ho Ching- လက်ရှိ ဝန်ကြီးချုပ်ရဲ့ ဒုတိယဇနီး) က ကျောင်းအုပ်ဆီကို ကိုယ်တိုင်သွားအပ်ပြီး ဂရုစိုက်ပေးဖို့ မှာကြားတယ်။ အတန်းထဲမှာလည်း သူမျာကလေးတွေနဲ့မတူတဲ့ ကျောင်းသားအနေနဲ့ အသိအမှတ်ပြုပေးဖို့ပေါ့။ ကျောင်းတော်တော်များများက လက်မခံဘူး။ သူတို့က ဒီပြဿနာကို ရှင်းနိုင်တဲ့ဆရာ၊ သင်ထောက်ကူပစ္စည်းမရှိဘူးလို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို Zhonghua (ချောင်းဝှာ) ကျောင်းကို ပို့ရတယ်။ လူကြိုက်သိပ်များတဲ့ကျောင်း မဟုတ်ဘူး ။ ကျောင်အုပ်ကြီးက ကိုယ်ချင်းစာတတ်တယ်။ သူ့ကို လက်ခံလိုက်တယ်။ ဒီလိုနဲ့ ယိပိုင်(Yipeng) လည်း တိုးတက်လာခဲ့တယ်။ အေလယ်ဗယ် (A level) ကို အောင်ခဲ့တယ်။ သူများထက်တော့ နှစ်ပိုကြာတာပေါ့။ သူ့မှာ ကောင်းကောင်းမမြင်ရတဲ့ အားနည်းချက်က ရှိနေတာကိုး။

    သူ့မှာ ဂီတနားရှိတယ်။ သူ့ဆီမှာ တေးဂီတပညာရှင်တွေ၊ တေးရေးဆရာတွေရဲ့  နာမည်တွေ အများကြီးပဲ။ ဂန္ထဝင်ဂီတသမားကောင်းတစ်ယောက်ဖြစ်နိုင်တဲ့ ပါရမီပါတယ်။ ဒါနဲ့ ငါကပြောပါတယ်။ မင်းဂီတဘက်ကို ဇောက်ချလိုက်ပါလားလို့။ သူက တော်ပြီ၊ စိတ်မဝင်စားဘူးလို့ ပြောတယ်။

မေး။        ။ မိသားစုဆီက အထောက်အပံ့တွေရတော့ သူကံကောင်းတာပေါ့။
ဖြေ။        ။ အထောက်အပံ့တွေတင် မဟုတ်ဘူး။ ဂရုစိုက်ပေးမှုပါပါတယ်။ သူ့အမေနဲ့ သူ့အဖေက သူ့ကို သိပ်ဂရုစိုက်ကြတယ်။ ဟိုချင်းဆိုရင် သူ့အတွက် အလယ်တန်းကျောင်း တက်ခွင့်ရဖို့ ကျောင်းတွေအများကြီး သွားခဲ့ရရှာတယ်။ အားလုံး ငြင်းလွှတ်လိုက်တာချည်းပဲ။ နောက်ဆုံး ကျောင်းအုပ်က ကြိုးစားကြည့်မယ်ဆိုတော့မှ အဆင်ပြေသွားတာ

    ဟုတ်ပြီ၊ တို့မှာ ဒီလိုကျောင်းမျိုးရှိတယ်။ ဒါဆို ပြဿနာတွေ အေးသွားရောလား။ မအေးသေးဘူး။ မိဘတွေက စနစ်တကျ ကလေးကိုလမ်းပြမှ၊ တာဝန်ရှိသူတွေဆီကိုလည်း စနစ်တကျ သွားရောက်အပ်နှံမှ အဆင်ပြေမယ်။ အဲသလိုမဟုတ်ရင် ဆရာတွေက တာဝန်တစ်ခုကို လုပ်နေသလို မနက်ကိုးနာရီကနေ ညရှစ်နာရီ၊ မနက်ကိုးနာရီကနေ ညနေ ငါးနာရီလုပ်ကြမှာ။ ပြီးပြီ၊ ကျောင်းဆင်း။ ပြန်လွှတ်ကြမှာ။ ဗြိတိန်မှာရှိတဲ့ အဲသလိုကျောင်းတွေရဲ့ စစ်စတန်ဟာ တကယ်အားနည်းတဲ့ ကလေးတွေကို ဖွံ့ဖြိုးလာစေဖို့ ထူးထူးခြားခြား ဘာမှလုပ်မပေးနိုင်လှဘူး။

မေး။         ။ ကလေးတစ်ယောက် ဖွံ့ဖြိုးသလောက် မဖွံ့ဖြိုးဘူးဆိုတဲ့ကိစ္စမှာ မစ္စတာလီဆိုလိုတာက တာဝန်ရှိသူဟာ နိုင်ငံတော်အစိုးရဆိုတာထက် မိသားစုလို့ ပြောချင်တာလား။
ဖြေ။        ။ နှစ်ခုစလုံး။ အစိုးရက လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ပံ့ပိုးမပေးလို့။ မိသားစုက မောင်းနှင်မပေးလို့။ စိတ်ဓာတ်ခွန်အားက မိသားစုဆီကနေလာတာ။

မေး။        ။ ဒါဆို အစိုးရဖက်က တာဝန်လစ်ဟင်းခဲ့တယ်ဆိုတာကိုလည်း လက်ခံတယ်ပေါ့။
ဖြေ။        ။ ကျောင်းတွေ ဆောက်ပေးဖို့၊ တာဝန်ရှိသူတွေကို တာဝန်ပေးဖို့တွေမှာ တာဝန်လစ်ဟင်းခဲ့တယ်လို့ အသိအမှတ်မပြုနိုင်ပါဘူး။ အစိုးရက ပထမကိစ္စကို ပထမဆောင်ရွက်ပေးရတယ်။ဘာသာစကားလေးခုကနေ နိုင်ငံတော်ရဲ့ ဘာသာစကားတစ်ခုအဖြစ် ရောက်လာအောင် လုပ်ယူနေရတာကကို နည်းတဲ့တာဝန်မဟုတ်ဘူး။ နောက်ဆုံး Nanta (တရုတ်ဘာသာစကားသုံး နန့်ယန်းတက္ကသိုလ်၊ ယခု NTU) တက္ကသိုလ်ကို တရုတ်ဘာသာကနေ အင်္ဂလိပ်မီဒီယာအဖြစ် ပြောင်းပစ်လိုက်နိုင်တယ်။ အဲဒီနောက်မှာမှ အလယ်တန်း၊ အထက်တန်း၊ မူလတန်းကျောင်းတွေကို တစ်မျိုးတည်းဖြစ်အောင် အင်္ဂလိပ်လိုသင်၊ မိခင်ဘာသာစကားတစ်ခုကိုလည်း သင် ဆိုပြီး လုပ်ယူခဲ့ရတာ။ ဒီကိစ္စ အောင်မြင်ဖို့ ၁၉၈၀- ခုနှစ်တွေအထိ ငါတို့စောင့်ခဲ့ရတယ်။

    ဘယ်လိုလုပ်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ သိတိုင်းလုပ်လို့မရဘူး။
    ဒီပညာရေးမူကို အထာကျဖို့ နှစ်တွေအများကြီး စောင့်ခဲ့ရတယ်။ နေ့ချင်း၊ ညချင်းလုပ်လို့မရဘူး။ ကျောင်းက ဆောက်လို့ရတယ်။ ဆောက်ပြီး၊ ကဲ ဘာလဲ။ အဆောက်အဦးကြီးပဲဖြစ်မယ်။ ကျောင်းတော့ ဖြစ်မလာဘူး။ အဆောက်အဦကို ကျောင်းဖြစ်အောင်လုပ်ရတာက လူတွေ။ အထူးပြုလေ့လာကြတယ်။ ဂရုစိုက်ကြတယ်။ ကလေးတွေကို ကရုဏာစိတ်နဲ့ ကူညီကြတယ်။ နောက်ဆုံးအချက်ကတော့ မိဘတွေနဲ့ ပိုဆိုင်တယ်။ ဒါတွေရှိမှ ကျောင်းဖြစ်လာတယ်(အဆောက်အဦကနေ)။

    မင်းက စပယ်ရှယ်လစ်တစ်ယောက်။ မင်းကလေးက အဲသလိုပုံမှန်မဟုတ်တဲ့ ကလေးတွေအုပ်စုထဲမှာ မပါဘူး။ ဒါဆိုမင်းက အလုပ်သဘောဆန်ဆန်ပဲလုပ်မှာပဲ။ မင်းကလေးကိုယ်တိုင်ကပဲ ပုံမှန်မဟုတ်တဲ့ ကလေးဆိုရင်တော့ ပုံစံတစ်မျိုးဖြစ်သွားပြီ။ မင်းတစ်ယောက်တည်းကကိုပဲ မတူတော့ဘူး။

 


 ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၅ )


ပြဿနာက ငွေမဟုတ်ဘူး။ ကျောင်းတွေကိုလည်ပတ်ပေးမယ့် စနစ်တကျ လေ့ကျင့်ပေးထားတဲ့ လူတွေလိုတာ။ ဆွံ့အနားမကြားကျောင်းတွေဆောက်၊ ကျောင်းတွေဖွင့်။ ဒီလိုလုပ်လို့ မရဘူး။ ဒီကျောင်းတွေမှာ အလုပ်လုပ်မယ့် သူတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရတာ။
အရေးအကြီးဆုံးအချက်ကို အရင်လုပ်ရတယ်။ အခြေခံမပါပဲ ဘာမှဆက်လုပ်လို့မရဘူး။
(လီကွမ်းယု)

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၄ ) မှ အဆက်

မေး ။       ။ တန်းတူမရှိတဲ့ ပညာရေးစနစ်က နှစ်ပေါင်းရာချီပြီး…..
ဖြေ ။        ။ မဟုတ်ပါဘူး။ ဇီဝဗေဒအရကို မတူကြပါဘူး။ DNA ကိုကြည့် X ဟီးလစ် နှစ်ခုက မိန်းကလေးကို မွေးထုတ်ပေးတယ်။ X ဟီးလက်က Y ဟီးလတ်(စ်)ထက် ပိုကြီးနေရင် ယောက်ျားလေး မွေးထုတ်ပေးတယ်။ Y က ပိုသေးငယ်နေမယ်ဆိုရင် မိန်းကလေးက ယောက်ျားလေးတွေထက် သူမအဖေနဲ့ ပိုတူတယ်။ ယောက်ျားလေးတွေကျတော့ အမေနဲ့ ပိုတူသွားတယ်။ ငါ့သားနှစ်ယောက်ကို ကြည့်တော့ သူတို့နှစ်ယောက်စလုံးက သူတို့ အမေနဲ့ ပိုတူနေတယ်။ အဲဒါ ငါပြောတာ မဟုတ်ဘူး။ လူတွေက သူတို့ကို ကြည့်ပြီးပြောတာ။ ငါ့သမီးကျတော့ ငါ့အတိုင်းပဲ။
သီအိုရီတွေကို ငါဖတ်တယ်။ စိတ်လည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် အဲဒီသီအိုရီတွေက တကယ့်လက်တွေ့ဘ၀ထဲမှာ သက်သေပြနိုင်ရမယ်။ လူသားတွေရဲ့ဘ၀ဟာ တန်းတူရည်တူဖြစ်တယ်ဆိုတဲ့ သီအိုရီကိုတော့ ဘယ်တုန်းကမှ မှန်တယ် မထင်ခဲ့မိဘူး။

မေး ။       ။ လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား ဘယ်လောက်ကွဲပြားတဲ့အထိ လက်ခံနိုင်တယ်လို့ ထင်ပါသလဲ။ ဒါကို အခြေခံပြီး လူတန်းစားပြဿနာကြီးတက်လာမှာရော မစိုးရိမ်ဘူးလား။
ဖြေ ။        ။ မင်းကိုယ်တိုင် အစိုးရနေရာကနေ ၀င်ကြည့်။ နှစ်ပေါင်း (၅၀) ကြာအောင် ငါ အတွေးတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ညီမျှမှုကိစ္စနဲ့ ပတ်သက်ပြီး ငါယုံကြည်အောင် မင်း မလုပ်နိုင်ဘူး။ မင်းဘာမှ မပြောလည်းဘဲ ဘ၀ရဲ့ အခြေခံအချက်တွေကို လက်တွေ့ကျကျ ငါသိခဲ့ပြီးပြီ။ မင်း ငါ့ကို မပြောင်းလဲနိုင်ဘူး။ ၀န်ကြီးတစ်ယောက်ယောက်က မင်းယုံကြည်သလို ယုံကြည်မယ်ဆိုရင် မွေးရာပါ အခွင့်အရေး၊ လူသားတိုင်း တူညီတယ်ထင်ရင် သူတို့က ငွေတွေ၊ အချိန်တွေကို ဖြုန်းနေဦးတော့မှာ။ နောက်ဆုံးမှ ငါပြောတဲ့ဆီကို ပြန်ရောက်လာမှာ။

မေး ။       ။ လူထုမျှော်လင့်ထားမှုတွေ ပြောင်းလဲလာတဲ့အကြောင်း ပြောခဲ့တယ်နော်။ အထူးလိုအပ်ချက်တွေရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေပြောနေကြတာက နိုင်ငံတော်မှာ ကလေးပညာရေးထောက်ပံ့ဖို့ ရံပုံငွေတွေရှိတယ်။ ဒါပေမယ့် ထောက်ပံ့မှုက အတိုင်းအတာတစ်ခုအထိပဲဆိုတော့ ပုဂ္ဂလိကစေတနာရှင်တွေဆီသွားပြီး အကူအညီတောင်းနေကြရတယ်တဲ့။ ဒီအတွက် မစ္စတာလီ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။        ။ ဦးနှောက်ချို့တဲ့ရှာတဲ့ ကလေးတွေအတွက် ကျောင်းတည်ဆောက်ပေးခဲ့တယ်။ Autism ကျောင်းတစ်ချို့နဲ့ (တစ်သီးတစ်သန့်ဆန်ပြီး သင်္ခန်းစာ၊ ပတ်ဝန်းကျင်တို့နဲ့ ကူးလူးဆက်ဆံမှုမရှိပဲ ပုံမမှန်ဦးနှောက်ဖွံ့ဖြိုးမှု) အမြင်အားမကောင်းတဲ့ ကလေးတွေအတွက် ကျောင်းတွေတည်ဆောက်ပေးခဲ့တယ်။ အရေးအကြီးဆုံးအချက်ကို အရင်လုပ်ရတယ်။ အခြေခံမပါပဲ ဘာမှဆက်လုပ်လို့မရဘူး။

မေး ။       ။ လူတွေပြောနေကြတာက ကျွန်တော်တို့မှာ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပြီးနေပြီ။ ဒါကြောင့် အခုအခြားနယ်ပယ်တွေဆီကို ဦးလှည့်သင့်နေပြီတဲ့။
ဖြေ ။        ။ ပြဿနာက ငွေမဟုတ်ဘူး။ ကျောင်းတွေကိုလည်ပတ်ပေးမယ့် စနစ်တကျ လေ့ကျင့်ပေးထားတဲ့ လူတွေလိုတာ။ ဆွံ့အနားမကြားကျောင်းတွေဆောက်၊ ကျောင်းတွေဖွင့်။ ဒီလိုလုပ်လို့ မရဘူး။ ဒီကျောင်းတွေမှာ အလုပ်လုပ်မယ့်သူတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရတာ။

ဒါတွေကို ဘယ်မှာသွားလေ့လာရမလဲ။ အမေရိက၊ ဗြိတိန်နဲ့ သြစတေးလျမှာ သွားလေ့လာရမယ်။ ပါလီမန်အမတ် ဒင်းနစ် ပွါက ဒီကိစ္စအတွက် အစိုးရက တာဝန်ယူဖို့ အတင်းတွန်းအားပေးနေတယ်။ တည်ဆောက်၊ ပြင်ဆင်ထားတဲ့ ကျောင်းတွေနဲ့ ကိရိယာတွေကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ဆရာတစ်ယောက်ကို လေ့ကျင့်ပေးရင် နှစ်ဘယ်လောက်ကြာမလဲ။ ဒါနဲ့ သူမကို ငါပြောတယ်။ ဒီကျောင်းတွေကို အစိုးရက တာဝန်လွှဲပြောင်းယူမယ်ဆိုရင်တောင်မှ ကလေးတွေကို အားပေးတတ်၊ အရည်အချင်းမမှီတဲ့ ကလေးတွေနဲ့ အရောတဝင်ဆက်ဆံတတ်တဲ့သူတွေ အစိုးရက လိုနေဦးမှာပဲ- လို့။ အဲသလို တာဝန်နဲ့ အလုပ်တွေကို ကြီးကြပ်ဖို့ သူတို့လိုလူတွေလိုတယ်။ ဒါက သူမရဲ့ ပုဂ္ဂလိကခံစားချက်သက်သက် မဟုတ်ဘူး။ သူ့သားက အဲသလို ဦးနှောက်ပုံမမှန်တဲ့ ရောဂါရှိနေတော့ သူမက တကယ်ကိုလေးလေးနက်နက်ကြီး ခံစားနေရပြီး ငါတို့ကို တွန်းနေတာ။

ငါက လုပ်ဖော်ကိုင်ဖက်တွေကို ပြောတယ်။ ဒီလို ဆွံ့အ၊ နားမကြား၊ ဦးနှောက်ပုံမမှန်တဲ့ ကလေးတွေရဲ့ ကျောင်းတွေကိုကွပ်ကဲဖို့ ကလေးတွေရဲ့ မိဘတွေလည်း ဘုတ်အဖွဲ့ထဲမှာပါနေမှ ရမယ်လို့။ သူတို့မိဘတွေကမှ တကယ်စိတ်ဝင်တစား သူတို့ကလေးတွေအတွက် တကယ်ခံစားကြရတာ။ ငါ့မြေးကောင်လေးတစ်ယောက်မှာ Albino (ခရုသင်းစွဲ ရောဂါကြီးဖြစ်ပြီး ဆံပင်၊ အသားအရေတွေ ပုံမှန်မဟုတ် ဖြူဖွေးနေသောရောဂါ) ရောဂါ ရလာတယ်။ အဲဒီနောက် သူ့ကို ပုံမှန်ကျောင်းမှာပြန်ထည့်ဖို့ တော်တော်ခက်သွားတယ်။

ဆက်ရန် - 



 ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၄ )

လူသားအားလုံး တန်းတူရှိရမယ်ဆိုတာ ဟန်ဆောင်ထားတဲ့ ယုံကြည်မှုပဲ။
(လီကွမ်းယု)

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၃ )  မှအဆက်

    သူတို့ပြောပြီး ငါတို့ချက်ချင်း ပြောင်းလဲပစ်လိုက်ကြတာ။ အခုဆိုရင် Istana ကိုကြည့်။ သစ်ပင်ပုံသဏ္ဍာန်တွေ ပြောင်းပြီး လှလာတယ်။ လှမှာပေါ့။ ဒီတစ်ခါ ငါတို့ရွေးချယ်တာက ဒီသစ်ပင်ကို ဒီပုံ၊ ဒီသစ်ချုံကို ဒီပုံထားရင် ဘယ်လိုထားရင် လှမယ်ဆိုတာကို သိနိုင်တဲ့ အနုပညာဓာတ်ခံရှိသူတွေကို ရွေးခဲ့တာကိုး။ အေလယ်ဘယ်မှာ သင်္ချာတော်တာ၊ သိပ္ပံပညာတော်တာနဲ့ ဒါတွေ မလုပ်နိုင်ဘူး။ ဟိုတုန်းက HDB တိုက်တွေကိုကြည့် အားလုံး တစ်ပုံစံတည်းကြီး။ ဒါကလည်း သင်္ခန်းစာတစ်ခုပဲ။
  
    မေး ။    ။ ဗီဇက အရေးပါသလို ပညာရေးကလည်း အရေးပါတာပါပဲ။
    ဖြေ ။    ။ ဒါတွေအကြောင်းကိုတော့ ငါ့ကို လာပြောနေစရာမလိုဘူး။ စာတွေ အများကြီး ငါဖတ်ခဲ့ပြီးပြီ။

    မေး ။    ။ ကျွန်တော်တို့ သုတေသနလုပ်တော့ အံ့သြစရာကောင်းတာ တွေ့ရတယ်။ စင်္ကာပူ ပညာရေးအတွက် သုံးစွဲတာက တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်တို့အောက် လျော့နေတယ်။
    ဖြေ ။    ။ သူတို့က ငါတို့ထက် ပိုတော်နေသလား။ ထိုင်ဝမ်ကလူတွေ ငါတို့ထက် ပိုတော်နေသလား။

    မေး ။    ။ အနာဂတ်မျိုးဆက်အတွက် ဒီထက်ပိုပြီး မသုံးစွဲသင့်ဘူးလား။
    ဖြေ ။    ။ ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ နှစ်အလိုက် တိုးတိုးပြီးလာနေပါတယ်။ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူနိုင်အောင် ငါတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေတာပဲ။ စီးပွားရေးကျဆင်းခိုက်မှာ ရုပ်ပိုင်းဆိုင်ရာတွေဖြစ်တဲ့ Lab တွေ၊ အခြား ပစ္စည်းပစ္စယ တတ်ဆင်မှုတွေ အားလုံး ရအောင်ယူလိုက်နိုင်တယ်။

    ငါတို့မှာ ဘာလိုအပ်နေသလဲ။ အရည်အချင်းရှိတဲ့ ဆရာတွေလိုအပ်နေတာ။ ဒါ့ကြောင့် အရည်အချင်း ပြည့်တဲ့ဆရာသမားတွေကို ရနိုင်အောင် ကြိုစားနေကြတယ်။ မူလတန်းကစတာတောင် မဟုတ်ဘူး။ မူကြိုကစပြီး ရအောင် ရှာနေကြတာ။ မူကြိုဆရာတွေအားလုံးကို မွမ်းမံသင်တန်းပေးဖို့ လွှတ်ပေးကြတယ်။ ဒါကလည်း အရောင်တင်ပေးရုံပဲ မဟုတ်လား။ ကျောက်ကောင်းဖြစ်နေမှလည်း ပွတ်တိုက်ပေးလို့ အရောက်တက်လာတာ။ (ရီလျက်) သဲသောင်ပြင်ကို သွားကြည့်ပါလား။ ငါ့အမျိုးသမီးဆိုရင် ကျောက်ခဲလေးတွေ ကောက်ကောက်လာတတ်တယ်။ ပြီးရင် သစ်သားသေတ္တာ၊ သစ်သားလင်ပန်းလေးတွေထဲ ထည့်ထားတတ်တယ်။ အပြစ်မရှိ၊ ပိုက်ဆံမကုန်ဘဲရတဲ့ ကျေနပ်မှုမျိုး။ ကျောက်တုံးတိုင်းတော့ ချစ်စရာလေးတွေ မဟုတ်ကြဘူး။

    မေး ။    ။ အခုကောက်ယူထားတဲ့ ကျောက်တုံးလေးတွေ အရောင်လက်လာဖို့ လက်ရှိစနစ်အပေါ်မှာ ဘယ်လောက် ယုံကြည်မှုရှိသလဲ။
    ဖြေ ။    ။ အကောင်းဆုံးတော့ ကြိုးစားနေကြတာပဲ။ မင်းမှာ အကြံကောင်းဉာဏ်ကောင်းရှိရင် ပညာရေးဝန်ကြီးနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေး၊ လူငယ်နဲ့အားကစားဝန်ကြီး (Minister of Education and Ministery of Community Development, Youth and Sports) ကို တင်ပြပါလား။ သူတို့ ဆွေးနွေးကြလိမ့်မယ်။ လက်တွေ့ကျတယ်ဆိုရင် သူတို့လုပ်ကြမှာ။ အကောင်းဆုံး တို့ကြိုးစားနေကြတာပဲ။ ငါတို့က မလုပ်ချင်တာ မဟုတ်ဘူး။ တခါတခါ ငါတို့လုပ်ရတာက အကန့်အသတ်တွေရှိတယ်။

    မေး ။    ။ နည်းနည်းပါးပါး တိုးတက်မှုရှိတယ်ဆိုရင်တော့ ကြိုးတော့ ကြိုးစားသင့်တာပဲ မဟုတ်ဘူးလား။
    ဖြေ ။    ။ ကြိုးစားနေကြတယ်။ Manclaki (မလေးမွတ်ဆလင်အဖွဲ့) ကိုကြည့်။ ပြီးရင် Muis (စင်္ကာပူမူစလင်ဘာသာရေးကောင်စီ) ကိုကြည့်။ သူတို့ဆိုရင် ကလေးတွေရဲ့ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေ တိုးတက်လာအောင် မနေမနား ကြိုးစားနေကြတယ်။ ငါက မလေးခေါင်းဆောင်တွေကို ပြောတယ်။ ကြိုးစားကြ။ ဒါပေမယ့် အိန္ဒိယန်းနဲ့ တရုတ်တို့ကိုမီဖို့ အကွာအဝေးကတော့ အရင်အတိုင်းပဲ ရှိနေဦးမှာပဲလို့။ ဟိုကလေးတွေကလည်း ကြိုစားနေကြတာပဲ မဟုတ်လား။ ဒီတော့ ခြားနားချက်ကတော့ ရှိနေမှာပဲ။ ကလေးတွေ တိုးတက်လာတယ်။ ကွာဟမှုကတော့ ကျဉ်းမလာဘူး။ ဒါ သဘာဝပဲ။ လက်ခံရဲဖို့လိုတယ်။ ဆီဒက် က အစပိုင်း နှာခေါင်းရှုံ့တယ်။ နောက်မှ လက်ခံလာတယ်။ အဲဒီတုန်းက သူက မလေးဆရာများအသင်းရဲ့ ဥက္ကဋ္ဌ။ သူ့ကို ခေါ်ယူပြီး ပညာရေးဌာနထဲ ထည့်ပေးလိုက်တယ်။ "ကြည့် မင်းကိုယ်တိုင် မြင်ရအောင်လို့" လို့ ငါ ပြောလိုက်တယ်။ ဒါပြီးတော့ ဗြိတိသျှခေတ်က စာမေးပွဲရလဒ်တွေဆီ သွားကြည့်ရအောင်။ ဘယ်မှာလည်း တူညီတဲ့ လူ့သဘာဝရဲ့ ဉာဏ်ရည်ဉာဏ်သွေး။ ကိုလိုနီခေတ်ကတည်းက ဒီပြဿနာက ရှိနေတာ။

    ကွန်မြူနစ်တွေ ယုံကြည်သလို တူညီတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ယူလို့ရတယ်ဆိုတာ မင်းယုံသလား။ ခဏကြာတော့ သူတို့လည်း ဒီအယူအဆကို အယုံအကြည်မဲ့လာကြတော့တာပဲ။ လူသားအားလုံး တန်းတူရှိရမယ်ဆိုတာ ဟန်ဆောင်ထားတဲ့ ယုံကြည်မှုပဲ။ တိန့်ရှောင်ဖိန်က ပြောတယ်။ ချမ်းသာတဲ့လူတချို့က သူများထက် ပိုပြီး မြန်မြန်ချမ်းသာသွားကြတယ်။ ကျန်တဲ့ လူတွေကတော့ နောက်မှ ချမ်းသာလာလိမ့်မယ်တဲ့။ ဒီအတိုင်း ရှေ့ဆက်လုပ်ဆိုပြီး တန်းတူ လူ့အဖွဲ့အစည်းဝါဒကို စွဲစွဲမြဲမြဲ ကိုင်ထားတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကျော်လွှားပြီး သူဆုံးဖြတ်ခဲ့တာ။

    မေး ။    ။ ညီတူတဲ့အဖွဲ့အစည်း မဖြစ်နိုင်ဘူးဆိုတဲ့ မစ္စတာလီရဲ့ ဗီဇအခြေခံဝါဒကို သဘောမတူတဲ့ ၀န်ကြီးတွေ ကတ်ဘိနိတ်ထဲမှာ ဘယ်လောက်ရှိသလဲ။

    ဖြေ ။    ။ ဒါက အမှန်တရားပဲ။ အနှေးနဲ့အမြန် သူတို့လက်ခံလာရမှာပေါ့။ သူတို့ကို အယုံသွင်းနေစရာ မလိုပါဘူး။ ငါပြောတာက စောင့်ကြည့်ဆိုတာပဲ။ သူတို့စာတွေ ဖတ်ကြ၊ စောင့်ကြည့်ကြပေါ့။ ဟန်ဆောင်နေတဲ့ လူတွေ လောကကြီးထဲမှာ အများကြီးပဲ။ Larry Summer (အမေရိကန် စီးပွားရေးပညာရှင်၊ ဟားဘက်တက္ကသိုလ်ဥက္ကဋ္ဌ) (၂၀၀၁-၂၀၀၆) အလုပ်ပြုတ်သွားတယ်။ ကျောင်းသူတွေက သင်္ချာနဲ့ သိပ္ပံပညာမှာ ကျောင်းသားတွေလောက် မတော်ဘူးပြောလို့တဲ့။ တစ်ချို့ကျောင်းသူတွေ တော်ပါတယ်။ ဟုတ်တယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်ရင် ကျောင်းသားတွေလောက် မတော်ဘူး။

    လူသားတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံကြည့်။ အမျိုးသမီးတွေက ဦးနှောက်နှစ်ဖက်စလုံး အလုပ်လုပ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းစေတဲ့ ဦးနှောက်က အမျိုးသမီးတွေဆီမှာ ပိုအားကောင်းတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို အဓိပ္ပာယ်ပြန်ရာမှာ သူတို့က ပိုတော်တာ။ အမျိုးသားတွေကျတော့ ဦးနှောက်ဘယ်ဖက်ခြမ်းက ပိုပြီး အလုပ်လုပ်တယ်။ ခွဲခြမ်းစိတ်ဖြာတာ သိပ်လုပ်တတ်တယ်။ မင်းယုံချင်မှသာယုံ။ အမျိုးသမီးတွေထဲမှာ ဘာကြောင့် ဒါဝင်တွေ၊ ဂျွန်မေနာဒ်ကေနီတွေ (Darwins or John Maynard Keynes ) အများကြီး မရှိတာလဲ။ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ နိုဘယ်ဆုရတဲ့ အမျိုးသမီးတွေ ဘာကြောင့် အများကြီး မရှိတာလဲ။





 ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၃ )

“ဂျပန်မှာဆိုရင် ငယ်စဉ်ကတည်းက ဒီလို အနုပညာဓာတ်ခံ ဘယ်သူ့ ဆီမှာ ရှိသလဲဆိုတာ ရှာယူတယ်။ အသွင်ပြင်ပုံသဏ္ဍာန်၊ အလှအပ စသည်ပေါ့။ သိပ်တော်တဲ့လူက ပန်းချီဆရာဖြစ်တယ်။ ပန်းပုဆရာဖြစ်တယ်။ အဲသလောက်မတော်သူက တံခါးလိုက်ကာ ဆင်သူတွေ၊ ဒီဇိုင်နာတွေဖြစ် တယ်။ တစ်ချို့က landscape ဥယျာဉ်မှုးတွေ ဖြစ်ကုန်တယ်။ ဒါမျိုးဗီဇက ရှိကိုရှိမှရတယ်၊
ခင်ဗျားတို့က သူတို့ကို အေ လယ်ဘယ် (အထက်တန်းစာမေးပွဲ) စာမေးပွဲ ရလဒ်ကို ကြည့်ပြီး ရွေးထား တဲ့ဟာကိုး” တဲ့။
ဒါနဲ့ “သိပြီ၊ ငါက တကယ့်ကို အရူးပဲကွာ” လို့ပြောလိုက်တယ်။
( လီကွမ်းယု )

မေး ။      ။ နောက်မှာ ကျန်နေရစ်ခဲ့တဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေက သူတို့ လိုအပ်တဲ့ လူမှုရေးတာဝန်တွေကို တောင်းဆိုလာကြဦးမှာဆိုတော့ လာ မယ့်နှစ်တွေမှာ အစိုးရ အခက်ကြုံလာစရာရှိမယ်။ တစ်ချိန်တည်းမှာပဲ အခွန်နှုန်းတွေလျှော့ပြီး ကောက်လာနေတယ်။ ဒီပြဿနာတွေကို ဘယ်လို ရှင်းမလဲ။

ဖြေ ။      ။ ငါတို့မှာ ဘယ်လောက်ရန်ပုံငွေရှိပြီး ငါတို့ သုံးစွဲနှုန်းက ဘယ်လောက် တက်လာမလဲဆိုတာ ငါ မခန့်မှန်းနိုင်ဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက် ပြီး ကျန်းမာရေးစောင့်ရှောက်စရိတ်က တော်တော်တော့ များလိမ့်မယ်။ ကျန်း မာရေးဝန်ကြီး ခေါ်ဘုန်ဝမ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အချိန် အတော်ပေးပြီး စဉ်းစားနေရတယ်။ သက်ကြီးရွယ်အိုတွေအတွက် ကုန်ကျငွေ၊ ရေရှည်မှာ ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ အထူး သဖြင့် ဆီးချိုသွေးချိုရောဂါတို့၊ ကိုလက်စထရောတို့ စတဲ့ ရောဂါတွေ အတွက်ပေါ့။ ဆေးပညာနဲ့ ပတ်သက်လို့ ရှာဖွေတွေ့ရှိလေလေ လူနာတွေ ရဲ့အသက် ပိုရှည်လေလေဖြစ်မယ်။ ဆေးဝါးနဲ့ ပတ်သက်တဲ့ လိုင်စင်တွေ လည်း ဈေးပိုကြီးမယ်။ ခွဲစိတ်မှုဆိုင်ရာတွေလည်း ပိုကောင်းလာအောင် လုပ် ရမယ်။ တို့က စင်္ကာပူဟာ အာရှမှာ အကောင်းဆုံး ကျန်းမာရေးစင်တာ တစ် ခုအဖြစ် ရောက်စေချင်တာ။

ငါတို့ ဘာကြောင့် အကောင်းစားပုဂ္ဂလိကဆေးရုံတွေ စတင်မလုပ်ခဲ့ကြတာ လဲ။ ငါ့သဘောဆိုရင် သီးသန့် ဆေးရုံကို ခွဲပြီးထားမယ်။ ဒါပေမဲ့ ဆေးရုံတစ် ရုံဆောက်ဖို့ ကုန်ကျငွေက နည်းတာမဟုတ်ဘူး။ ဘယ်သူမှ အဲသလောက် အကုန်အကျခံပြီး ဆေးရုံမတည်ထောင်လိုကြဘူး။ ငါ့ဆန္ဒ အရဆို ရင် နိုင် ငံတော်ငွေကို စိုက်သုံးမယ်။ ဆေးရုံဆောက် ပစ္စည်းကိရိယာတွေ အစုံတပ် ဆင်ပြီး ပြောလိုက်မယ် “ဆေးရုံတော့ပြီးပြီ။ မင်းကြိုက်သလို လုပ်ပေတော့၊ ငါတို့ကို ဆေးရုံငှားခ၊ နေရာငှားခပေး။ ပြီးတော့မှ ဆေးရုံအလုပ်သမားတွေရဲ့ လစာတွေ၊ ဘာတွေ အကုန်ပေး။ နိုင်ငံခြားသားလူနာ၊ စင်္ကာပူလူမျိုးလူနာ ဘယ်သူ့ကိုမဆို ကြိုက်သလို ဆေးဝါးကုသခ တောင်းနိုင်တယ်။ ပြီးရင် အ ဆုတ် အစားထိုးကုတာကစလို့ အစားထိုးကုသမှုမှန်သမျှ အကုန်လုပ်နိုင် တယ်” လို့။ ဒီစနစ်တွေကို SGH (စင်္ကာပူနိုင်တော်ဆေးရုံကြီး) မှာသာ စတင် ကျင့်သုံးရင် လူတွေက “ငါလည်း ဒီဆေးရုံကိုသွားတာပဲ။ မင်းကတော့ ဒါတွေရပြီး ငါ့ကျတော့ မရခဲ့ဘူး” လို့ ပြောကြမှာ။ ဒါဆို ပြဿနာပဲ။

မေး ။      ။ လူငယ်ဝန်ကြီးတွေက ဘာကြောင့် မစ္စတာလီပြောသလို မလုပ်ခဲ့ကြ တာလဲ။

ဖြေ ။      ။ ဆူပူမှုတွေ အများကြီး ဖြစ်လာစရာရှိလို့။ အင်္ဂလန်မှာ Tory Party က ပုဂ္ဂလိကဆေးရုံတွေထောင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒီလိုသာ ပုဂ္ဂလိကဆေး ရုံတွေ ရှိလာရင် လူနာနှစ်ယောက်အပေါ် ဆက်ဆံရေးနှစ်မျိုး ဖြစ်လာမယ်ဆို တာ လူထုက သဘောပေါက်ကြတယ်။
အခု Tory Party က ရွေးကောက်ပွဲမှာ အနိုင်ရချင်တော့ “ရွေးကောက်ပွဲနိုင်ရင် နိုင်ငံတော်ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ပဲ ဆက်လက်ကျင့်သုံးမယ် ” လို့ ပြောလာပြန်တယ်

မေး ။      ။ ဒီအင်တာဗျူးထဲမှာကိုပဲ မစ္စတာလီပြောခဲ့တာ နှစ်ခုရှိတယ်။ လူငယ် ပိုင်းဝန်ကြီးတွေ မလုပ်တဲ့ ကိစ္စတချို့ကို မစ္စတာလီသာ အကြီးအကဲ တစ်ယောက် အနေနဲ့ ရှိနေဆဲဆိုရင် လုပ်မိလိမ့်မယ်လို့ ... ပြောတယ်။ ဒီအ တွက် တစ်ခုခု စိုးရိမ်မိသလား။

ဖြေ ။      ။ အကြီးအကဲလည်းဟုတ်တယ်။ ဟိုတုန်းက အခြေအနေမျိုး လည်း ဖြစ်မယ်ဆိုရင် ငါလုပ်မိမယ်လို့ ပြောတာ။ အခုလက်ရှိအခြေအနေအရ ငါလုပ်လို့ ရ၊ မရကတော့ မသေချာဘူး။

မေး ။      ။ မစ္စတာလီရဲ့ ခံစားချက်ကို သိပါရစေ။ လူငယ်ပိုင်းဝန်ကြီးတွေဟာ ဒီထက် ပိုပြတ်သားသင့်တယ်။ အကြပ်အတည်းကို သူတို့ရင်ဆိုင်ဖို့ ဆန္ဒ သိပ်မရှိဘူးလို့ ဆိုရင် ...
ဖြေ ။      ။ ဒီလိုမဟုတ်ဘူး ထင်တယ်။ အကျုံးဝင်နေတဲ့ သဘောတရားတွေ အားလုံးကို သူတို့ ထည့်သွင်းစဉ်းစားရမယ်။ လူထုရဲ့မျှော်လင့်ချက်ကို စဉ်း စားရမယ်။ လူတွေရဲ့ မျှော်လင့်ချက်က ချက်ချင်းကြီး နိမ့်ဆင်းသွားမှာ မ ဟုတ်ဘူး။
ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီကို ကြည့်။ ပြင်သစ်တွေက သူတို့ကိုယ်ပိုင် လိုက်(ဖ်)စတိုင်တချို့ ရှိတယ်။ ဒါက ငါ့အလုပ်မှာ ငါပဲ နေချင်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းတွေ၊ ဘဏ်တွေ ဒေ၀ါလီခံတာတွေ ငါတို့ နားမလည် ဘူး။ ကိစ္စမရှိဘူး။ ဆာကိုဇီ ငါတို့အလိုကို မင်းလိုက်လျောဖို့လိုတယ်။ ဒီလို မဟုတ်ရင်တော့ တို့က လမ်းပေါ်တက်ပြီး အကြီးအကျယ် ဆန္ဒပြရလိမ့်မယ်။ လမ်းတွေကို ပိတ်မယ်။ ရထားလမ်းတွေကို ပိတ်မယ်။ အလုပ်သမားပါဝါ ကို ပြတဲ့အနေနဲ့ တစ်ရက်လောက်တော့ အားလုံးပိတ်ဆို့ပစ်ရလိမ့်မယ် ... ဆိုတာမျိုးပေါ့။

ဒါမျိုးကိုကျတော့ ဆာကိုဇီ စဉ်းကိုစဉ်းစားရမယ်။ တချို့ကို သူပြောင်းလဲနိုင် တယ်ဆိုတာ သူသိတယ်။ ပြောင်းလိုက်ရင် လူထုအုံကြွမှု ဖြစ်လာလိမ့်မယ် ဆိုတာလည်း သူသိတယ်။ အဲဒါက ပြင်သစ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ။ ပြင်သစ်အခြေအနေမျိုး ဒီမှာ ဖြစ်ပြီဆိုပါတော့၊ ငါလည်း ဘာလုပ်လို့ရမှာတုန်း။ ဘယ်နိုင်ငံမှ ပုံသေရှိနေလို့ မရဘူး။ ကမ္ဘာကြီးက လည်း အမြဲတမ်း တသမတ်တည်း ရှိနေမှာ မဟုတ်ဘူး။ စင်္ကာပူဆိုတာ ကမ္ဘာ့ရေစီးနဲ့အတူ စီးမျောနေရတဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ။

မေး ။      ။ အောင်မြင်ဖို့ တခြားနည်းလမ်းတစ်ခုကို အစိုးရက မရွေးနိုင်ဘူးလား။

ဖြေ ။      ။ တို့ ကြိုးစားခဲ့ကြတယ်။ ကြိုးစားတာမှ ရူးရူးမူးမူးကို ကြိုးစားခဲ့ကြ၊ ကြိုးစားနေကြတယ်။ ဂီတကျောင်း၊ အနုပညာကျောင်း၊ အားကစားကျော င်းတွေ တည်ဆောက်ဖို့လေ။ ထိပ်တန်း အသက်မွေးဝမ်းကြောင်းပညာ တစ်ခု ခုကိုရဖို့ နည်းလမ်းတွေ အများကြီးရှိတာပဲ။ ပညာရေးမှရယ် မဟုတ်ဘူး။ ငါပြောတာ ဟုတ်တယ်မဟုတ်လား။
နန်ယန်းပိုလီကျောင်းကိုသွားပြီး တစ်ရက်လေ့လာခဲ့တယ်။ အဲဒီမှာ မလေးကျောင်း သူလေး တစ်ယောက် ဆွဲတဲ့ပုံဟာ တော်တော်လေးကောင်း တယ်ဆိုတာ တွေ့ခဲ့ရတယ်။ သူဆွဲတဲ့ ပုံက သူများတွေရဲ့ပုံတွေထက် အပြတ် အသက် သာတယ်။ ဘာ့ကြောင့်လဲလို့ ထင်လဲ။ သူ့မှာ အရောင်၊ အရောင်ပေါင်းစပ်မှု၊ ပုံသဏ္ဍာန်တွေကို နားလည်ခံစားနိုင်စွမ်းရှိလို့။ အဲဒါ မလေးတွေရဲ့ ဗီဇပဲ။ မလေးအိမ်တွေကို မင်းကြည့်၊ သေသေ ချာချာ ပြင်ဆင် မွမ်းမံထားတာ တွေ့ရမယ်။ တရုတ်အိမ်တွေကိုလည်းကြည့်၊ ရိုးရိုးတွေ ပဲတွေ့ရမယ်။ တရုတ်တွေက လိုက်ကာတွေ၊ ကော်ဇောတွေ၊ ဘာတွေ ညာတွေအတွက် ပိုက်ဆံအကုန်ခံတာ မဟုတ်ဘူး။

(School of Art, Design & Media - Nanyang Technological University)

ငါ့ကလေးသုံးယောက်ကိုကြည့်။ မူလတန်းကျောင်းကနေစလို့ တက္ကသိုလ် အထိ နည်းနည်းပါးပါးလေး ကွဲတာကလွဲရင် သူတို့အရည်အချင်းတွေက ထပ် တူနီးပါးပဲ။ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ အက်ဆေးနဲ့ ဘာသာစကားတွေမှာ ထိပ် တန်းက ရှိတယ်။ မြူးဇစ်လိုဟာမျိုးကျတော့ အတန်းထဲမှာ သုံးယောက်စလုံး ဘိတ်ချီးတွေ။ ဟုတ်ပါတယ်။ တို့ဆီက ကောင်လေးတွေက မြူးဇစ်ကို သင် ကြတယ်။ ရက်ကော်ဒါတွေ ဘာတွေနဲ့ပေါ့။ သူတို့ကတော်တော့ နုတ်တွေ ဖတ်ပြီး တီးတတ်တယ်။ သီချင်းတွေတောင်မှ ရေးနိုင်တယ်။ ဒါပေမဲ့ ခေတ်မီ စက်ကိရိယာတွေနဲ့ချည်းပဲ။ ဖိလစ်ပိုင်ကကလေးတွေလို သဘာဝ ကပေး လိုက်တဲ့ ဂီတပညာရှင်လေးတွေ ဘယ်လို ရနိုင်ပါ့မလဲ။ ဟိုက ကောင်လေးတွေက နားထောင်းရင်းနဲ့ တတ်လာတာ။ နုတ်တွေ မ ကြည့်ပဲတီးတာ။ ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေနဲ့ သီချင်းတွေ စပ်ကြတယ်။ ဒီတော့ သူတို့က ခံစားမှုပိုင်းရော ဂီတပညာပါ နှစ်မျိုးလုံး ရသွားကြတယ်။

ဂီတနဲ့ပတ်သက်လို့ ဦနှောက်ရဲ့ ဘယ်အပိုင်းက အလုပ်လုပ်တယ်ဆိုတာ ငါမသိဘူး။ စာထဲမှာ ဖတ်ဖူးတယ်။ လူတစ်ယောက်က အက်ဇိုင်းမားဖြစ်ပြီ တကယ် ဘာကိုမှ မသိတော့တာတောင် သူဟာ စန္ဒယားသမားတစ်ယောက် ဆိုရင် Brahms တို့ Beethoven တို့လက်ရာတွေကို တီးနိုင်သ တဲ့။ တော်ေ တာ် အံ့သြစရာကောင်းတယ်။ ဂီတနဲ့ပတ်သက်လို့ အလုပ်လုပ်နေတဲ့ ဦးနှောက်က သီချင်းဆို၊ စကားပြော၊ သင်္ချာစတာတွေနဲ့ မတူဘူး။ ဒါ နဂိုက တည်းက စိတ်ထဲမှာ ပါလာတဲ့ စွမ်းရည်တစ်မျိုးပဲ။

အဲသလိုစွမ်းရည်က ငါ့ဆီမှာလည်း မပါ။ ငါ့ဇနီးဆီမှာလည်း မပါ။ ဒီတော့ ငါ တို့ကလေးတွေမှာ ဂီတနဲ့ ပတ်သက်ရင် ညံ့နေကြတော့တာပဲ။ အရှိအတိုင်းပဲ ငါလက်ခံပါတယ်။ ငါ့သား လွန်း (loong) ကတော့ ဂီတနဲ့ နီးစပ်တဲ့ကောင်မေ လးကို လက်ထပ်လိုက်တယ်။ သူက ပီယာနိုနဲ့ Guzheng တီးတတ်တယ်။
နောက်ထပ် ဥပမာတစ်ခု ငါထပ်ပြောဦးမယ်။

အဲဒါ ဘယ်တော့မှ မေ့လို့မရတော့မယ့် သင်္ခန်းစာပဲ။ ငါက ၀န်းကျင် တစ်ခုလုံး ကို သစ်ပင်လှလှတွေ၊ ဂျပန်ဥယျာဉ်တွေလို ခြုံပုတ်လှလှလေးတွေနဲ့ ပြည့်ေ နစေချင်တာ။ ဒါနဲ့ ဂျပန်လူမျိုး Landscape ဥယျာဉ်မှူးနှစ်ယောက်ကို ခေါ် ယူကြတယ်။ တနည်းအားဖြင့် ပြောရရင် အဲဒါ ဂျပန်တွေက ငါတို့ကို အကူ အညီပေးမှုတစ်မျိုးပဲ။ သူတို့ ဒီမှာနေပြီး ကိုးလလောက်ကြာတော့ တို့ဆီက ကောင်လေးတွေကို သူတို့သင်ပြပေးကြတယ်။ ဒီလိုနဲ့ ငါတို့ ပတ် ၀န်းကျင်တစ်ခုလုံးလည်း လှလှပပ ဖြစ်လာတော့တာပေါ့။ ပြီးတော့ ဂျပန်နှစ်ေ ယာက် ပြန်သွားတယ်။ တော်တော်ကြာတော့ ဥယျာဉ်တွေက အရင်အတိုင်းပဲ ရုပ်ဆိုးဆိုး ပြန်ဖြစ်သွားရော။ “ဘုရား… ဘုရား။ ငါတို့လူတွေ လုပ်တတ်ပြီလို့ ထင်တာ” လို့ ငါဘုရားတမိတယ်။ ပြီးတော့ သူတို့ကို ပြန် လွှတ်ပေးဖို့ ဂျပန်အစိုးရဆီကို ပြန်တောင်းဆိုယူရတယ်။ သူတို့နှစ်ယောက် ဒီပြန်ရောက်လာတော့ သူတို့က ငါ့ကို ပြောတယ်။
“ဂျပန်မှာဆိုရင် ငယ်စဉ်ကတည်းက ဒီလို အနုပညာဓာတ်ခံ ဘယ်သူ့ ဆီမှာ ရှိသလဲဆိုတာ ရှာယူတယ်။ အသွင်ပြင်ပုံသဏ္ဍာန်၊ အလှအပ စသည်ပေါ့။ သိပ်တော်တဲ့လူက ပန်းချီဆရာဖြစ်တယ်။ ပန်းပုဆရာဖြစ်တယ်။ အဲသလောက်မတော်သူက တံခါးလိုက်ကာ ဆင်သူတွေ၊ ဒီဇိုင်နာတွေဖြစ် တယ်။ တစ်ချို့က landscape ဥယျာဉ်မှုးတွေ ဖြစ်ကုန်တယ်။ ဒါမျိုးဗီဇက ရှိကိုရှိမှရတယ်” တဲ့။
ပြီးတော့သူတို့က ဆက်ပြောတယ်။ “ခင်ဗျားတို့က သူတို့ကို အေ လယ်ဘယ် (အထက်တန်းစာမေးပွဲ) စာမေးပွဲရလဒ်ကို ကြည့်ပြီး ရွေးထား တဲ့ဟာကိုး” တဲ့။
ဒါနဲ့ “သိပြီ၊ ငါက တကယ့်ကို အရူးပဲကွာ” လို့ပြောလိုက်တယ်။

ဆက်ရန် ( Hard Truths. Chap,5. Tough Love )

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၂ )


 ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၂ )

တို့က ဘာပေးသလဲဆိုတော့ အိမ်ပေးတယ်။ အိမ်ဝယ်ဖို့ ပိုက်ဆံ မလုံလောက်ဘူးလား။ ဒေါ်လာ ရှစ်သောင်းအထိ တို့က စိုက်ပေးတယ်။ သူတို့ရဲ့ CPF (Central Provided Fund) ကို တိုးပေးတယ်။ နိုင်ငံတော်မှာ ပိုလျှံငွေ ထွက်လာရင် ဘော့နပ်(ခ်) ပေးတယ်။ ဘက်(စ်) အလကား စီးချင်တာလား။ ဒါတော့ မရဘူး။ မင်းမှာ ပြဿနာ ဖြစ်နေသလား။ မင်းကို ငွေ (သို့မဟုတ်) တစ်ခုခု ချပေးမယ်။ မင်း ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်။
(လီကွမ်းယု)

မေး ။    ။ လူတန်းစား မတူညီမှုတွေ ရှိနေတဲ့ကြားကနေ အစိုးရကသာ ပိုပြီး ကြိုးစားပေးမယ်ဆိုရင် အောက်ခြေက (၂၀) ရာခိုင်နှုန်း ဆင်းရဲသားတွေရဲ့ဘဝ အနည်းငယ်တော့ တက်လာနိုင်မယ် မဟုတ်ဘူးလား။

 ဖြေ ။    ။ လူထုကို ပွင့်ပွင့်လင်းလင်းပဲ ငါပြောခဲ့တယ်။ အဲ့ဒါ ခင်ဗျားတို့ဘုရားရှင် ဖန်ဆင်းထားတဲ့ အတိုင်းပဲ၊ ကျွန်တော်က ဘုရားရှင်မဟုတ်တော့ ပြင်ပြီး ဖန်ဆင်းပေးလို့လည်း မရတော့ဘူး။ ကျွန်တော် ပေးနိုင်တာက အပိုကျူရှင်တွေ ကလေးတွေအတွက် လုပ်ပေးမယ်။ ပိုကောင်းတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးမယ်။ ဒါပဲ။ဒါပေမဲ့ ရလာတဲ့ အကျိုးအမြတ်က သိပ်မဟန်လှဘူး ... လို့။
 ဘာလို့လဲဆိုတော့ အထက်တန်းက ကလေးတွေကလည်း ပိုပြီး ကြိုးစားအားတွေ ရှိနေတော့ ဒီလူတန်းစား ခြားနားချက်က ဘယ်တော့ မှ ကျဉ်းသွားမှာ မဟုတ်ဘူး။
    ငါတို့ ကြိုးစားနေပါတယ်။ တကယ်ပါ။ အပိုကျူရှင်တွေပေး၊ ဂရုစိုက်မှုတွေ ပိုပေးတယ်။ အားပေးတယ်။ မိန့်ခွန်းတွေဘာတွေ သွားပြောရလို့ ဂုဏ်ပြုကြတဲ့ငွေတွေရရင် စကောလားရှစ်တွေအတွက် လှူလိုက်တယ်။ အောက်ခြေက ကလေးတွေကို အားပေးဖို့ ဆုတွေဘာတွေ ချတယ်။ ITE (Institute of Technical Education) ကနေ ပိုလီကျောင်းကို တက်နိုင်အောင် ... စသဖြင့်ပေါ့။
    သူတို့ လိုရာခရီးကိုရောက်ဖို့ ငါတို့က အပိုဆောင်းပေးတဲ့ အကူအညီတွေ အမြဲပေးနေမှာပဲ။ ဒီသဲသောင်ပေါ်က ကျောက် တစ်လုံး ကဖြင့် သွေးပေးလိုက်ရင် တစ်ခြားကျောက်တွေထက် သာသွားမှာပဲလို့ ဘယ်သူက ရွေးချယ်သတ်မှတ်ပေးနိုင်မှာလဲ။ ခင်ဗျားတို့ ကလေးတွေက အိမ်နီးချင်းက ကလေးတွေလောက် ဉာဏ်မကောင်းဘူးလို့ ပြောရင် မိဘတွေက သိပ်မကြိုက်ကြဘူး။
    မဲဆန္ဒနယ်ဟောင်းတွေ ဖြစ်ကြတဲ့ တန်ဂျွန်းပါဂါနဲ့ ကရိတအေရာကို ငါ စောင့်ကြည့်တယ်။ ကွန်မြူနတီစင်တာ (လူထုစုဝေးရာဌာ န) မှာ တက်တက်ကြွကြွ ပါဝင်တဲ့ ကလေးတွေကို ငါ လေ့လာတယ်။ တချို့ကလေးတွေက တော်တော် တော်ကြတယ်။ တစ်ယောက် ဆိုရင် မောင့်(တ်)အလစ်ဇဘက်ဆေးရုံမှာ မျက်စိအထူးကုဆရာဝန်၊ တချို့လည်း ကိုယ်ပိုင်ကွန်ဒို၊ ကိုယ်ပိုင် အိမ်တွေနဲ့ နေနိုင် ကြတဲ့ ပရော်ဖက်ရှင်နယ်တွေ။ မစွံတဲ့ကလေးတွေ မွေးထားမိတဲ့ မိဘတွေကတော့ လေးခန်း၊ ငါးခန်း HDB (Housing and Development Board) မှာ နေကြရတယ်။ သူတို့က မကျေနပ်လို့ ပြောကြသေးတယ်။ အိမ်နီးချင်း ကလေးတွေက ဘာဖြစ်လို့ ပိုသာနေတာလဲတဲ့။ သူတို့ကလေးတွေကမှ မစွံတာ။ ဒါပဲလေ။ ဘယ်သူကမှ သူတို့ကလေးတွေရဲ့ တက်လမ်းကိုဟန့်တား မထားပါဘူး။
  
 မေး ။    ။ ဟိုတုန်းက ခေတ်ကို မဆိုလိုပါဘူး။ ဒီနေ့ခေတ်မှာပေါ့။ တက္ကစီသမားတစ်ယောက်ရဲ့သားက Lim Chee Onn (လင်ချီအုန်း ) လို အစိုးရ ထိပ်သီးအဖွဲ့ဝင်အထိ ဖြစ်နိုင်အောင် အခွင့်အရေး ရှိနိုင်ပါ့မလား။
    ဖြေ ။    ။ ကလေးက ဉာဏ်ကောင်းပြီး ကျောင်းလည်းတက်ရင် ဖြစ်နိုင်တာပေါ့။ သူ့အရည်အချင်း ဖွံ့ဖြိုးဖို့ တားမြစ်ထားတာ မရှိပါဘူး။ အိမ်နားက စာသင်ကျောင်းတွေမှာလည်း နာမည်ကြီးကျောင်းတွေနဲ့ မခြား သင်ထောက်ကူပစ္စည်းတွေ ပေးထားတာပဲ။ ကျောင်းပရိဘောဂတွေကိုကြည့်၊ ကွန်ပျူတာကအစ ကျောင်းအုပ်၊ ကျောင်းဆရာတွေအားလုံး အတူတူပဲ။

    မေး ။    ။ မိသားစု နောက်ခံသမိုင်းကရော ဘယ်လိုလဲ။ တက္ကစီသမားရဲ့သားက ကျူရှင်ကစလို့ လူချမ်းသာကလေးတွေကို မီအောင် မယူနိုင်ဘူး။ ဒေါက်တာရဲ့သားနဲ့ ယှည်လိုက်ရင် သူ့ ဘဝဖွံ့ဖြိုးဖို့ ဒါတွေက အဟန့်အဟားလို ဖြစ်မနေဘူးလား။
    ဖြေ ။    ။ ဒေါက်တာရဲ့သားတွေက ဒေါက်တာရဲ့သမီးတွေကို လက်ထပ်တာ အများကြီးရှိတယ်။ ကိုယ့်လောက် အဆင့်မရှိသူကို လက်ထပ်မိတဲ့လူကတော့ ခေါင်းခြောက်နေမှာပဲ။ သူ့ကလေးက မိဘအစုံ ဒေါက်တာတွေရဲ့ ကလေးကို မီမှာ မဟုတ်ဘူး။ ဒါတွေကို သဘောပေါက်ဖို့ လူ့ဘဝထဲနေခဲ့တာ အတော်ကြီး ကြာပါပြီကွာ။
    အရွယ်ရောက်လာတဲ့ ငါ့ကလေးတွေကို ပြောလေ့ပြောထရှိတာ မင်းကို ပြောပြမယ် "မင်းတို့ အိမ်ထောင်ဖက် ရွေးတော့မယ်ဆိုရင် ဂျော့(ဂ်ျ) ဘားနတ်ရှော ပြောတာကို သတိရ ... လို့။ သူက ပြောတယ်။ မိန်းကလေး ချောချောကို လက်ထပ်ရင် သမီးလေးက မအေတူ အချောလေးဖြစ်ပြီး သားလေးက ဖအေတူ ဉာဏ်ကောင်းလေး ဖြစ်မယ်လို့ထင်ရင် အမှားပဲ။ မွေးလာတဲ့သားက သူ့အမေလောက် ဉာဏ်ရှိတယ်ဆိုရင်ပဲ ကျေနပ်လိုက်တော့.. တဲ့။ အဲ့ဒါကို သေသေချာချာ စဉ်းစားထားကြလို့"။
    အဲ့ဒီအဆုံးအမက သူတို့နားထဲ စွဲသွားတယ်။
    ငါ့ရဲ့ ဒုတိယအငယ်ဆုံးမြေးက အခု စစ်မှုထမ်းနေတယ်။ ပညာသင်ဆု ယူချင်တယ်ဆိုရင် သူ့အနေနဲ့ အလွယ်တကူ ရနိုင်တယ်။ သူက မယူဘူး။ သူက အိုင်တီသမား ဖြစ်ချင်တယ်လို့ ဆိုတယ်။ သူ ဘွဲ့ရရင် အဲ့ဒီမှာ သွားပြီး အတွေ့အကြုံရှာရင်း အလုပ်လုပ်ချင်တယ်။ ပြီးမှ ပြန်လာ၊ နောက်ထပ်ဘွဲ့တစ်ခု ထပ်ယူချင် ယူမယ်ပေါ့။
    ပညာသင်ဆုယူရင်းနဲ့လည်း မင်းလုပ်ချင်တာ လုပ်လို့ရတာပဲလို့ ငါကပြောတော့ သူက မလိုချင်ဘူး။ ကိုယ့်ခြေထောက်ပေါ်မှာပဲ ကိုယ်ရပ်ချင်တယ်တဲ့။
    သူ့အဖေကများ အလုပ်လုပ်ခိုင်းနေလို့လား။ မဟုတ်ဘူး။ သူ့မိဘတွေက ဘာမှ မပြောကြဘူး။ သူက စာ အတော်ဖတ်တယ်။ သူ စိတ်ဝင်စားတာက ကမ္ဘာဦးတိရစ္ဆာန်တွေ၊ ဒိုင်နိုဆောတွေ အကြောင်းရယ်။ သူ့စာအုပ်စင်မှာ အဲ့သလို စာအုပ်တွေ အများကြီးပဲ။ နောက်ဆုံးလည်းရောက်ရော သူ စိတ်ဝင်စားတာက အိုင်တီတဲ့။
    ငါ့သမီး ဦးနှောက်အထူးကုဆရာဝန်က သူ့အိုင်ကျူကို စစ်တယ်။ သူ့အိုင်ကျူအဆင့်က ၁၄၀ ကျော်တယ်။ သူ့မိဘတွေက သူ့အတွက် ပူစရာ မလိုတော့ဘူး။ အဲ့ဒါ ဘဝပဲ။
    ဘွဲ့ရပညာတတ်တစ်ယောက်က ဘွဲ့ရပညာတတ်တစ်ယောက်ကို လက်မထပ်ဘူးဆိုရင် ငါကတော့ သူ့ကို အရူးလို့ ခေါ်မှာပဲ။ ဘွဲ့မရတဲ့ မိန်းကလေးကို လက်ထပ်လိုက်လို့ကတော့ ရလာတဲ့ ကလေးတွေထဲမှာ တချို့က ဉာဏ်ကောင်း၊ တချို့က ဉာဏ်ထိုင်း၊ သူတော့ ဒုက္ခ ကောင်းကောင်း တွေ့မှာပဲ။

    မေး ။    ။ အခုထိ မရှင်းသေးတဲ့ကိစ္စက (ဒီလူတန်းစား ကွာခြားမှုအတွက်) အစိုးရက ဘာလုပ်ပေးနိုင်မလဲ။ ဘယ်အခန်းကဏ္ဍက ပါဝင်သင့်သလဲဆိုတာပါ။
    ဖြေ ။    ။ အစိုးရ လုပ်ရမယ့်ကိစ္စက ဒီလူ့အဖွဲ့အစည်းကို ညီညွှတ်အောင် ထိန်းပေးထားဖို့ပဲ။ အောက်ခြေလူတန်းစားတွေက မကျေမနပ်ဖြစ်ပြီး အမေရိကမှာလို အုံကြွလာတာမျိုး မဖြစ်အောင် ထိမ်းထားဖို့ပဲ။ ဒီပြဿနာအတွက် ဗြိတိန်နဲ့ ဥရောပရဲ့အဖြေက မပြည့်စုံသူတွေကို အစိုးရက ကူညီတာပဲ။ ငါတို့က အဲ့ဒီမူကို လိုက်လို့မရဘူး။
    ငါတို့ လုပ်နေတာက သူတို့ကို Welfare မပေးဘူး။ ပညာရေးပေးတယ်။ အမြတ်ငွေ ခွဲပေးတယ်။ ဒီငွေကို သုံပစ်မလား၊ ရင်းနှီးထားမလားဆိုတာကတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ကြပေါ့။ မင်းက ပေးတာကို သုံးပစ်လိုက်တယ်။ အဲ့ဒါက မင်းကိစ္စ။ တစ်ခုခုမှာ ရင်းနှီးထားတယ်။ ဒါဆို တစ်ခုခုတော့ အဖတ်တင်နေမှာပေါ့။
    တို့က ဘာပေးသလဲဆိုတော့ အိမ်ပေးတယ်။ အိမ်ဝယ်ဖို့ ပိုက်ဆံ မလုံလောက်ဘူးလား။ ဒေါ်လာ ရှစ်သောင်းအထိ တို့က စိုက်ပေးတယ်။ သူတို့ရဲ့ CPF (Central Provided Fund) ကို တိုးပေးတယ်။ နိုင်ငံတော်မှာ ပိုလျှံငွေ ထွက်လာရင် ဘော့နပ်(ခ်) ပေးတယ်။ ဘက်(စ်) အလကား စီးချင်တာလား။ ဒါတော့ မရဘူး။ မင်းမှာ ပြဿနာ ဖြစ်နေသလား။ မင်းကို ငွေ (သို့မဟုတ်) တစ်ခုခု ချပေးမယ်။ မင်း ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်။ အလုပ်လုပ်ချင် လုပ်၊ သုံးပစ်ချင်ရင် သုံးပစ်။ ခေါင်း သိပ်မကောင်းတဲ့ လူတွေက ပေးထားတဲ့ရှယ်ယာကို ရောင်းပြီး သုံးပစ်ကြတယ်။ အများစုကတော့ စုထားကြတယ်။ ဒီတော့ တို့မှာ ပစ္စည်းပိုင်ဆိုင်မှု ဒီမိုကရေစီ (Property-owning Democracy) ရှိတယ်။ သူ ဘယ်လောက် ပိုက်ဆိုင်တယ်ဆိုတာ သူ ဘယ်လောက် စွမ်းနိုင်သလဲဆိုတဲ့အပေါ် မူတည်တယ်။
    တို့က ပစ္စည်းပိုင်ဆိုင်မှုဒီမိုကရေစီကို တီထွင်ထားခဲ့လို့ စင်္ကာပူ အေးချမ်းငြိမ်သက်တာ။ သူတို့နိုင်ငံကို ကာကွယ်စေချင်ရင် သူတို့ကိုလည်း ပိုင်ဆိုင်မှုတစ်ခုခု ပေးထားရမယ်။ Far East Properties တွေအတွက်၊ Hong Leong အတွက် နိုင်ငံတော်ကို ကာကွယ်နေမှာ မဟုတ်ဘူး။ သူ့မှာ အိမ်ပိုင်ရှိနေတယ်ဆိုရင် သူ့အတွက်၊ သူ့မိသားစုအတွက် ကာကွယ်တော့မှာပဲ။
    ဒီစနစ်က အလုပ်ဖြစ်တယ်။ ဘာ့ကြောင့်လဲ။ အဲ့ဒါက လူ့သဘာဝမို့။ တို့ စင်္ကာပူးရီးယန်းတွေ ကြားမှာ ဂျီးဇက်ရဲ့အပေါင်းပါ တရားဟောဆရာ ဘယ်နှစ်ယောက်ပါလို့လဲ။ သူတို့ကသာ သူများတွေအတွက် သူတို့ဘဝကို စတေးတာ။ ဒီလိုလူတွေ ရှိတော့ရှိပါတယ်။ ဘယ်လောက် ရှိလို့လဲ။ ခရစ်ယန်ချပ်(ခ်ျ)ကျောင်းထဲမှာရော အဲ့ဒီလို တရားဟောဆရာတွေ ဘယ်နှစ်ယောက် ရှိလို့လဲ။ လူ့သဘာဝကို ငါတို့က လက်ခံတယ်။ အဲ့ဒီသဘာဝကို အခြေခံပြီးတော့ ပေါ်လစီချမှတ်တယ်။ ပြီးတော့ လူတွေဆီက အကောင်းဆုံး အရည်အသွေးတွေ ထွက်လာအောင် ထုတ်ယူရတယ်။
    သူတို့ရှာထားတဲ့ စီးပွားရေးထဲကနေ အစိုးရက အခွန်တွေ နင်းကန်ပြီး ကောက်ယူကြည့်၊ ထိပ်သီးသူဋ္ဌေးတွေက တခြားနိုင်ငံကို ထွက်သွားကြမှာပဲ။

( Hard Truths. Chap 5. Tough Love.)
 ဆက်ရန်


မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၁ )

ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၁ )

" ငါက ဒါဝင်ပြောတဲ့ အီဗော်လူးရှင်းကို ယုံတယ်။ သမ္မာကျမ်းစာက ဆိုထား တဲ့ ဖန်ဆင်းရှင်ဝါဒကို လက်ခံတဲ့ အမေရိကန် ဖန်ဒယ် မင်တယ် ဝါဒကို မယုံဘူး။............."
".........ဒီတော့ သူတို့က ကလေးတွေ တိုးတိုးပြီး မွေးလာကြရော။ အဲ့ဒီ အ တိုင်းသာ ခရီးဆက်သွားနေလို့ကတော့ တို့နိုင်ငံထဲမှာ ထုံတုံတုံ ကလေးတွေ နဲ့ ပြည့်နေမှာပဲ။ အဲ့ဒီ ထုံပေပေလေးတွေကို တို့နိုင်ငံက တာဝန်ယူထား ရ မှာ။ ဒီလောက် မှန်လွန်းတဲ့ စကားမျိုးတွေကို ဘယ်သူမှ ထုတ်မပြောချင် ပါ ဘူးကွာ။ "
(လီကွမ်းယု)

မေး ။    ။ စင်္ကာပူအတွက် မှန်ကန်တဲ့ လူမှုပေါ်လစီကို ရောက်အောင် ဘယ်လိုအမြင်တွေနဲ့ ပုံဖော်ယူခဲ့ရသလဲ။ နှစ်ကာလအလိုက် ပြောင်းလဲယူခဲ့ရတဲ့ အမြင်တွေ၊ မပြောင်းလဲဘဲ ထားခဲ့တဲ့ အမြင်တွေက ဘာတွေပါလဲ။


          ဖြေ ။    ။ အခု ငါသိနေတာတွေကို အစက ငါမသိခဲ့ဘူး။ တချို့စာအုပ်ထဲက၊ တချို့ ဆရာတွေ၊ မိတ်ဆွေတွေဆီက အခြေခံဗဟုသုတတွေတော့ ရခဲ့တယ်။ ထုတ်ပြောရရင် လူသားအားလုံးဟာ အတူတူ၊ အခွင့်အရေးလည်း တန်းတူရသင့်တယ်ဆိုတဲ့ အမြင်မျိုးပေါ့။ ကမ္ဘာပေါ်မှာ လူကြိုက် တော်တော်များခဲ့တဲ့ ဆိုရှယ်လစ်ဝါဒပေါ့ကွာ။ မင်းတို့ အမှတ်ရသင့်တာက အဲ့ဒါ ဆိုဗီယက်ကြီး Sputnik လွှတ်တင်နိုင်ခဲ့တဲ့ ၁၉၅၀ - ခုနှစ်တွေတုန်းက ဆိုတာပဲ။ အဲ့ဒီယုံကြည်မှုက ကိန်းဘရေး(ဂ်ျ)တက္ကသိုလ်အထိ ရောက်ခဲ့တယ်။ ဝါဒတစ်ခုလုံးကို ခြုံကြည့်ရင် ဒီလို တန်းတူအခွင့်အရေး ယုံကြည်မှုမျိုး မဟုတ်ပေမဲ့ လွတ်လပ်ရေးရစ နိုင်ငံတွေအတွက် ရှေ့ခရီးဆက်ဖို့ အကောင်းဆုံးဝါဒလို့ ကျောင်းသားတွေက ယုံကြည်ကြတယ်။
          ဒီစနစ် အလုပ်မဖြစ်ခဲ့ဘူး။ လက်ရေတစ်ပြင်တည်းစနစ်ဟာ အလုပ်မဖြစ်နိုင်ဘူးဆိုတာ တိန့်ရှောင်ဖိန်က သဘောပေါက်ခဲ့တယ်။ လူသားရဲ့စိတ်ဓာတ်နဲ့ လူသားရဲ့ သဘာဝက သူ့အတိုင်း သူ့သဘာဝအတိုင်းပဲ။ လူသားတွေဆီမှာ မောင်းနှင်အား ရှိကို ရှိနေရမယ်။ သူ့ဇနီးအတွက်၊ သူ့ကလေးတွေအတွက်၊ သူ့အဖေ၊ သူ့အမေ၊ သူ့မိသားစု၊ သူ့လူမျိုးအတွက် သူ့ဘဝ စွန့်လွှတ်အနင့်နာခံမှုတွေ ရှိနေရမယ်။
          ဗြိတိန်ရဲ့ ဆိုရှယ်လစ်ဝါဒကို အစကနေအဆုံး သေသေချာချာ လေ့လာပြီးတဲ့နောက် ဒီကောက်ချက် ဆွဲလို့ ရလာခဲ့တာ။

          မေး ။    ။ တစ်ခါက ပြောခဲ့ဖူးတဲ့အထဲမှာ ကက်ဘိနိက်အဖွဲ့ဝင်တချို့က မစ္စတာလီနဲ့ သဘောထားချင်း မတိုက်ဆိုင်ကြဘူးဆိုလား။ မစ္စတာလီ ယုံကြည်တဲ့အတိုင်း ဖြစ်လာအောင် သူတို့ကို ဘယ်လို စည်းရုံးခဲ့ရသလဲ။
          ဖြေ ။    ။ ယုတ္တိဗေဒပေါ့။ ငါ့ကို အမာခံ ထောက်ခံပေးသူတွေက ဂိုကင်ဆွီ၊ ရာဇရတနန်၊ ဟွန်ဆွီစန်နဲ့ လင်ကင်ဆန်တို့ပဲ။ အားလုံးက လက်တွေ့သမားတွေ။ လူသားအားလုံး တန်းတူရည်တူဆိုတဲ့ ဝါဒက ဆိုရှယ်လစ်ရဲ့ သီအိုရီသဘောတရားတွေ လောင်းရိပ်မိနေတဲ့ဝါဒပဲ။ ဒါဟာ ဖြစ်နိုင်တယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။
          ဆိုဗီယက်ပြည်ထောင်စုကို အရင်ကြည့်မိတယ်။ ပြီးတော့ တရုတ်၊ ဗီယက်နမ်။ သူတို့ရဲ့ ပထမမျိုးဆက်က အလွှာပေါင်းစုံကနေ လာခဲ့ကြတာ။ သူတို့က ဖရီးဒမ်းဖိုက်တာတွေ၊ မာ့(က်စ်)ဝါဒနဲ့ တန်းတူရည်တူ အဖွဲ့အစည်းဆိုတာကို ယုံကြည်ကြတယ်။
          ဒုတိယနဲ့ တတိယမျိုးဆက်ရောက်တော့ အရောရောအနှောနှောတွေ ဖြစ်ကုန်ပြီ။ မင်းနဲ့ တန်းတူတဲ့သူကိုပဲ မင်းက လက်ထပ်တော့တယ်။ မင်းက တက္ကသိုလ်ဘွဲ့ရဆိုရင် မူလတန်းပညာရေး အဆင့်ပဲရှိတဲ့ မိန်းကလေးကို မင်းက လက်မထပ်တော့ဘူး။ ငါ လေ့လာမိတာကို ပြောပြမယ်။ ကျန်ဇီမင်းရဲ့သား၊ လီပိုင်ရဲ့သား၊ ဇူရောင်ကျိရဲ့သား၊ သူတို့ကို တလောလေးက ငါတွေ့ခဲ့ရတယ်။ အားလုံးဟာ ဉာဏ်ရည် ထိပ်တန်းတွေချည်းပဲ။
          လူ့အဖွဲ့အစည်းတိုင်းဟာ နောက်ဆုံးတော့ သူ့ဖြစ်စဉ်နဲ့သူပဲ သွားနေတာ။ နိုင်ငံက ငြိမ်ငြိမ်သက်သက်နဲ့ အေးအေးချမ်းချမ်းဆိုရင် လူတစ်ယောက်ရဲ့ စွမ်းရည်နဲ့ လုပ်ဆောင်ချက်အပေါ် အခြေခံပြီး ပညာရေးစံညွှန်းက အလိုလို မြင့်တက်သွားတာ။ လူတွေက သူတို့နဲ့ တန်းတူရည်တူတွေကိုပဲ ရွေးပြီး လက်ထပ်ကြတော့တာ။ ဆရာဝန်တွေကိုကြည့်။ အခု ဆရာဝန်တွေက ဆရာဝန်တွေအချင်းချင်း ပြန်လက်ထပ်ကြတယ်။ ဟိုတုန်းက ဆရာဝန်တစ်ယောက်က နာ့(စ်)ကို လက်ထပ်ယူတာတွေ ရှိတယ်။ ဒီတော့ သူတို့က ရလာတဲ့ ကလေးတွေကျတော့ တချို့ ဆရာဝန်ဖြစ်လာတယ်။ တချို့ ဖြစ်မလာဘူး။
          ဒီနေ့ ဒေါက်တာမိဘတွေက ရလာတဲ့ ကလေးတွေကို ကြည့်။ သူတို့ စိတ်ဝင်စားတယ်ဆိုရင် ဒေါက်တာ ဖြစ်လာကြတာချည်းပဲ။ တချို့ဆိုရင် NUS (National University of Singapore) ကို ဝင်ခွင့်မရရင် စိတ်အရမ်းဆိုးကြတယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံ ပိုကုန်တာကိုး။
          ကလေးတွေ ဗီဇကောင်းဖို့ မိဘနှစ်ပါးစလုံး စွမ်းရည်နဲ့ အိုင်ကျူ အဆင့်မြင့်နေဖို့ လိုတယ်ကွ။
          တစ်ခါက ဗြိတိသျတွေက ခွေးလှလှလေးတွေ တို့ကို ပေးကြတယ်။ Labrador (လက်ဘရာဒေါ) ခွေးတွေက တကယ်တော့ အမဲလိုက်ခွေးတွေ။ ငါးဖမ်းနိုင်တဲ့ ခွေးတွေကွ။ တို့ကို ပေးတဲ့ ခွေးတွေကတော့ အလှသက်သက်ပဲ။ ဒါနဲ့ ငါက ကာကွယ်ရေးဝန်ကြီးကို မေးလိုက်တယ်။ ခွေးတွေက ဘာမှသုံးလို့ မရတော့ သင်ကြားပေးဖို့။ ကာကွယ်ရေးဝန်ကြီးကလည်း ရဲဖက်ကို ပြန်ပေးလိုက်ရော။ ဒီခွေးတွေက ချန်ပီယံရွေးပွဲမှာ ဝင်ပြိုင်တဲ့ အလှပြခွေးတွေ၊ သူတို့က လှသလို မွေးလာတဲ့ ခွေးလေးတွေကလည်း အလှလေးတွေချည်းပဲ။ ငါ စာထဲမှာ ဖတ်ဖူးတာက စကော့တလန်က အနက်ရောင် လက်ဘရာဒေါ ခွေးတွေဟာ ငါးဖမ်းနိုင်တယ်။ ငှက်ကို ပစ်ချလိုက်ရင် သူတို့က သွားချီယူလာသေးတယ်တဲ့။ သူတို့က အဲ့ဒါတွေကို တအားမကိုက်ဘဲ ဖွဖွလေး ကိုက်ပြီး ယူလာတာတဲ့။
          ၁၉၇၀ - ခုတုန်းက Alec Douglas နဲ့ တွေ့တယ်။ ဟိုတုန်းက သူက ဝန်ကြီး။ ၁၉၇၀ - မှာတော့ အတိုက်အခံပါတီထဲမှာ။ ဩစတေးလျကအပြန် ဒီကို သူ ဝင်လာတာ။ ဒါနဲ့ ငါက သူ့ကို မေးတယ် "ကျွန်တော် ကြားဖူးတာက ခင်ဗျားတို့ ခွေးတွေဟာ ငါးဖမ်းနိုင်တယ်၊ ငှက်ချီနိုင်တဲ့ ခွေးတွေ" လို့။
          သူက "မဟုတ်ဘူး။ သူတို့ကို သီးသန့် လေ့ကျင့်ပေးရတာ။ သူတို့ရဲ့ ဗီဇတွေကလည်း မတူဘူး" တဲ့။ ဒါနဲ့ ငါက
          "ကျွန်တော့်ခွေးတွေကတော့ အလှပြဖို့ သက်သက်နဲ့ သူတို့ကို ကျွေးထားရတာ။ အခု သူများကို ပေးပစ်လိုက်ပြီ" လို့။
          သူက ခွေးချစ်တတ်သလားလို့ မေးတယ်။ ၁၉၇၁ - ခုနှစ်ရောက်တော့ သူက ဝန်ကြီးဖြစ်လာပြီး ဓနသဟာယအဖွဲ့ကွန်ဖရင့်ကို လာတက်တယ်။ ငါ့သမီးအတွက် ဘာဘရာဒေါ ခွေးမလေးတစ်ကောင်လည်း ယူလာတယ်။ ငါ မွေးဖူးသမျှထဲမှာတော့ အသိဉာဏ်အရှိဆုံး ခွေးပဲ။ ရဲဖက်က ခွေးလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပြီး သင်ကြားခိုင်းလိုက်တယ်။ ရေ ... လို့ ပြောလိုက်တာနဲ့ ရေထဲ ခုန်ဆင်းသွားတယ်။ ဒါနဲ့ Istana ရေကန်ထဲ ခေါ်သွားပြီး သူ့ကို ရေချိုးပေးလိုက်ကြရတယ်။
          ဒါနဲ့ ငါလည်း ဆုံးဖြတ်ချက် ချလိုက်တယ်။ ခွေးတွေသာ ဒီအတိုင်းဆိုရင် လူတွေလည်း ဒီအတိုင်း ဖြစ်နေရမယ်လို့။ ငါက ဒါဝင်ပြောတဲ့ အီဗော်လူးရှင်းကို ယုံတယ်။ သမ္မာကျမ်းစာက ဆိုထားတဲ့ ဖန်ဆင်းရှင်ဝါဒကို လက်ခံတဲ့ အမေရိကန် ဖန်ဒယ်မင်တယ်ဝါဒကို မယုံဘူး။

          မေး ။    ။ လူ့အဖွဲ့အစည်းက အခု တိုးတက်နေပြီ။ မစ္စတာလီ ယူဆခဲ့သလို မလွှဲသာမရှောင်သာ သဘောထား မတူညီမှုတွေလည်း တစ်ဆင့်ချင်း ပြောင်းလဲလာပြီ။ ဒီလို အခြေအနေမှာ အစိုးရ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာဖြစ်မလဲ။
          ဖြေ ။    ။ အစိုးရ ရင်ဆိုင်ရမယ့် ပြဿနာက အောက်ခြေလူတန်းစားတွေက ဘယ်တော့မှ အထက်က လူတွေကို မီနိုင်မှာ မဟုတ်တဲ့အတွက် ဒီလူ့အဖွဲ့အစည်းကို ဘယ်နည်းနဲ့ ညီညွှတ်အောင် ထိန်းထားမလဲ - ဆိုတာပဲ။ ဒီတော့ အောက်ခြေလူတန်းစားတွေကို ငါတို့က ပြောရတယ်။ ကလေးနှစ်ယောက် ရပြီးတဲ့နောက် သားကြောဖြတ်မယ်ဆိုရင် အိမ်ခန်း အလကားပေးမယ်လို့။
          ယူမယ့်လူ မရှိဘူး။ ဘာ့ကြောင့်လဲ ... သိလား။ သားကြောဖြတ်လိုက်တဲ့ဇနီးကို သူ့အမျိုးသားက စွန့်သွားတတ်လို့။ ဒါနဲ့ နောက်အိမ်ထောင်ပြုဖို့ ထပ်ရှာကြတယ်။ ကလေးက မွေးလို့ မရတော့ဘူးဆိုတော့ ဒုတိယအိမ်ထောင်နဲ့ကလည်း မမြဲပြန်ဘူး။ ဒီတော့ သူတို့က ကလေးတွေ တိုးတိုးပြီး မွေးလာကြရော။ အဲ့ဒီအတိုင်းသာ ခရီးဆက်သွားနေလို့ကတော့ တို့နိုင်ငံထဲမှာ ထုံတုံတုံကလေးတွေနဲ့ ပြည့်နေမှာပဲ။ အဲ့ဒီ ထုံပေပေလေးတွေကို တို့နိုင်ငံက တာဝန်ယူထားရမှာ။ ဒီလောက် မှန်လွန်းတဲ့ စကားမျိုးတွေကို ဘယ်သူမှ ထုတ်မပြောချင်ပါဘူးကွာ။

          မေး ။    ။ ကြည့်ရတာကတော့ စိတ်ခိုင်ဖို့ လိုသလို စိတ်ညစ်စရာလည်း တော်တော်ကောင်းမယ့် ကိစ္စပဲ။ အောက်ခြေက (၂၀) ရာခိုင်နှုန်း လူတွေဟာ အခွင့်အရေးတွေ မရခဲ့ကြလို့ အဲ့ဒီလို ဖြစ်နေတာလို့ဆိုရင် ရနိုင်မလား။
          ဖြေ ။    ။ Lim Chee Onn ရဲ့ အဖေက တက္ကစီသမား။ သူ့မှာ ပညာသင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ သူ့သားကျတော့ အခွင့်အရေးရတော့ တက္ကသိုလ်ရောက်သွားပြီး တိုးတက်သွားတယ်။

( Hard Truths. Chap 5. Tough Love.)
 ဆက်ရန်


ရေပေါ်ဆီ ( ၃ )

 ဇင်ဝေသော်