မတ်လထုတ်၊ ရီးဒါးဒိုက်ဂျက်ထဲက “The Lady” ကို ဦးဆောင်ခဲ့တဲ့ Michelle Yeoh ရဲ့ “The Role Of Life Time”
ကို အဆင်ပြေသလို ဘာသာပြန်ထားတာပါ။
ရီးဒါးဒိုက်ဂျက်(R-D) စုကြည်ဟာ ကမ္ဘာ့ရဲ့အထင်ကရ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကြီးပဲ။
ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ ဘာတွေက ဆွဲဆောင်ခဲ့လို့လဲ။
M-Y ကျွန်မက ဒေါ်စုရဲ့ မြန်မာနိုင်ငံနဲ့
အိမ်နီးချင်းဖြစ်တဲ့ မလေးရှားမှာ ကြီးပြင်းခဲ့တာပါ။ သူမဟာ တကယ်အားကျစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။
အထူးသဖြင့်တော့ အာရှတိုက်က အမျိုးသမီးတွေအတွက်ပေါ့။ နိုင်ငံနဲ့ လူမျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့တိုက်ပွဲဝင်နေတဲ့
သူမလို ကိုယ်ကျိုးစွန့် အမျိုးသမီးတစ်ယောက် နေရာကနေ သရုပ်ဆောင်ခွင့်ရတယ်ဆိုတာ ကျွန်မအတွက်တော့
တကယ့်ကို အခွင့်ထူးတစ်ခုပါ။
R-D ဇာတ်ညွှန်းရေးဆရာ Rebecca
Frayn က ခင်ဗျားကို ချဉ်းကပ်ပြီးတဲ့နောက် အတူတူအလုပ်လုပ်ကြဖို့ ဒါရိုက်တာ Luc
Besson ကို ခင်ဗျားကစပြီးတောင်းဆိုခဲ့တယ်နော်။ ဒါက အဓိပ္ပါယ်တမျိုး ပေါက်သွားနိုင်တယ်။
ဘာဖြစ်လို့ ဒီဇာတ်ကားကိုရိုက်ဖို့ အဲသလောက် ဆန္ဒပြင်းပြခဲ့တာလဲ။
M-Y ဒီဇာတ်ညွှန်းရရချင်းပဲ “အိုး-
မိုင်ဂေါ့ ၊ ဘာဖြစ်လို့ ဒီဇာတ်ကားကို လက်လွတ်ခံမလဲ။ ကျွန်မတို့ ဒီဇာတ်ကားကို ရိုက်ဖြစ်အောင်
ရိုက်ရမယ်လို့” စိတ်ကူးမိပါတယ်။ ဒါပေမယ့် ဒေါ်စုက တကယ်အသက်ရှိထင်ရှားကြီး၊ အများကြီး
ဂရုစိုက်ရမယ်ဆိုတာတော့ သဘောပေါက်မိပါတယ်။
ဒါပေမယ့်
လုပ်ဖြစ်အောင် လုပ်ရမယ်။ ဒီဇာတ်လမ်းဟာ ဖွင့်ကို ဖွင့်ပြောရမယ့်ဇာတ်လမ်းဆိုတာလည်း ကျွန်မသဘောပေါက်ပါတယ်။
ဒီလို အာရှတိုက်ရဲ့ ဂုဏ်ထူးဆောင်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ပုံဖော်ခွင့်ရဖို့ဆိုတာ
အင်မတန် မလွယ်ကူတဲ့ ကိစ္စပါ။ ကျွန်မရိုက်ခွင့်ရတာကို အများကြီး ကျေနပ်မိတယ်။ ကံအလွန်ကောင်းလို့
ရခဲ့တာလို့လဲ ယူဆပါတယ်။ ကျွန်မဖြင့်လေ “ ဒါ ငါရိုက်ရမဲ့ဇာတ်ကား၊ ဒီဇာတ်ကားကို အကောင်းဆုံးဖြစ်အောင်
အစွမ်းကုန် ကြိုးစားမယ်” လို့လည်း သန္ဓိဌာန်ချခဲ့တယ်။
R-D ဒါရိုက်တာ Besson က အက်ရှင်ကားတွေပဲ
အရိုက်များတာ။ ဘာကြောင့်သူ့ကို ဒါရိုက်တာလုပ်ဖို့ ရွေးခဲ့တာလဲ။
M-Y ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရာမှာ
ဒါရိုက်တာဟာ အရေးအကြီးဆုံးလို့ ကျွန်မယုံကြည်ပါတယ်။ သူက ဇာတ်ကားတစ်ကားလုံးရဲ့ ဝိဥာဉ်ပါ။
အားလုံးကို ပေါင်းစည်းပေးရတာက သူပါ။ အစကထဲက ကျွန်မအမှန်တကယ်လက်တွဲပြီး အလုပ်လုပ်သွားချင်တာက
Luc ပါ။ သူက ကျွန်မရဲ့ Mentor
လည်း ဖြစ်ပါတယ်။ လူတွေက သူ့ကို အက်ရှင်ဒါရိုက်တာလို့ ပြောကြပေမယ့် ကွန်မအမြင်မှာတော့
သူဟာအလွန်တော်တဲ့ ဒါရိုက်တာ တစ်ယောက်ပါ။
တစ်ခါက
သူကျွန်မကို ပြောဖူးတာရှိတယ်။ ဇာတ်ညွှန်းတစ်ခုက ရူးသွပ်လောက်အောင် မဆွဲဆောင်နိုင်ဘူးဆိုရင်တော့
ဒီဇာတ်ကား မျိုးကိုရိုက်ဖို့ မိသားစုရဲ့ အချိန်တွေကို ဖဲ့မပေးနိုင်ပါဘူးတဲ့။
R-D ဒီအခန်းကနေ သရုပ်ဆောင်ဖို့
ဘယ်လိုပြင်ဆင်ခဲ့ရသလဲ။
M-Y ဒေါ်စုက လူသိများပြီး တမူထူးခြားတဲ့
အမျိုးသမီးတစ်ယောက်ပါ။ သူမ ပြောပုံဆိုပုံ၊ သူမလှုပ်ရှားပုံ စတာတွေပေါ့။ ကျွန်မတို့မှာ
အနီးကပ် အကူအညီပေးနေကြတဲ့ အင်္ဂလိပ်၊ မြန်မာ ဒိုင်ယာလော့ နည်းပြနှစ်ယောက် ရှိခဲ့ရပါတယ်။
ကျွန်မက စန္ဒယားအတီး သင်ခဲ့ရတယ်။ ဝိတ်လျှော့ခဲ့ရတယ်။ သူမကို စတွေ့ခဲ့ရတဲ့ ၁၉၈၈-ခုနှစ်ကနေ
သူမအမျိုးသား သေဆုံးသည်အထိ သူမဘဝရဲ့ ဆယ်နှစ်တာကာလကို ရိုက်ကူးကြမှာပါ။ ကျွန်မကိုယ်တိုင်
သူမဘဝထဲကို နှစ်လ၊ သုံးလကြာအောင် နေခဲ့ရပါတယ်။
အများနဲ့မတူတဲ့
သူမရဲ့အမူအရာတွေကို အသေးစိတ် လေ့လာခဲ့ရပါတယ်။ သူမ ခေါင်းညိတ်ဟန်၊ သူမ လက်ရမ်းဟန်၊ သူမ
ငြီးငြူဟန်၊ စိတ်မသက်မသာဖြစ်ဟန် စတာတွေပေါ့။ အစပထမ တုန်းကတော့ ဘယ်လိုလုပ်ရမလဲဆိုတာ
သိပ်မသေချာလှဘူး။ တဖြည်းဖြည်းနဲ့မှ ယုံကြည်မှုရလာတာပါ။ ဒါတွေဟာ ဒီရုပ်ရှင်ဇာတ်လမ်းအတွက်
ကျွန်မရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေပါ။
R-D Besson က သူမအိမ်နဲ့ တစ်ပုံစံတည်းတူတဲ့အိမ်ကို
ဖန်တည်းခဲ့တယ်နော်။ သူမတီးတဲ့ စန္ဒယားတံဆိပ်ကစလို့ပေါ့။ ဒီလို တစ်ပုံစံတည်းတူနေတာက အထူးအဆန်းကြီးဖြစ်နေပြီး
သူမနဲ့ လူချင်းတွေ့ရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။
M-Y ဒေါ်စုနဲ့တွေ့ဖို့ ပထမဆုံးသွားတဲ့အခေါက်ကို
ကျွန်မကောင်းကောင်းကြီး မှတ်မိနေတယ်။ ကျွန်မ အလွန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူမဘဝနဲ့
ကျွန်မနေခဲ့ရတယ်။ သူမပြောတာတွေ နားထောင်ခဲ့ရတယ်။ သူမကို နေ့တိုင်း ကြည့်နေရတယ်။ အခု
ကျွန်မ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ရတော့မယ်၊ သူမက ကျွန်မကို စကားပြောတော့မယ်ဆိုတဲ့
အတွေးကြောင့်ပါ။ သူမ ကျွန်မကို နှစ်ခြိုက်လက်ခံပါစေလို့လည်း အမှန်တကယ် ဆန္ဒရှိခဲ့တယ်။
ပြီးတော့ ငါ့ဘဝအကြောင်း ရိုက်မယ့်ရုပ်ရှင်ဟာ စိတ်ချရတဲ့လူတွေရဲ့ လက်ထဲမှာလို့လည်း သူမခံစားရစေချင်တယ်။
ဒေါ်စုရဲ့
ပုံစံတူ ရက်ပလေကာ အိမ်ထဲကထွက်မလာခင်လေးမှာ ကျွန်မစိတ်ထဲ မျှော်လင့်ထားတာလေးရှိတယ်။
ကျွန်မအိမ်ထဲက ထွက်အလာမှာ David (ဒေါ်စုရဲ့အမျိုးသား အဲရစ်အဖြစ်နဲ့ သရုပ်ဆောင်သူ) နဲ့
ကျွန်မသားနှစ်ယောက် ကျွန်မဆီပြေးအလာ Luc က ချက်ချင်းကြီးပေါ်လာပြီး “မလာကြနဲ့၊ ဒီအခန်းမှာ
မင်းတို့မပါဘူး” လို့ ပြောလိုက်တာမျိုးလေး မျှော်လင့်ခဲ့မိတယ်။
ကျွန်မလည်း
အိမ်ထဲကထွက်လာရော သူမရဲ့ NLD အဖွဲ့ဝင်တွေက၊ ကျွန်မရဲ့ NLD အဖွဲ့ဝင်တွေလိုပဲ တစ်ပုံစံတည်း
ဝတ်စားထား ကြတာလေ။ ကျွန်မဖြင့် တကယ့်ကို အရူးအမူးပါပဲ။
R-D ဒေါ်စုကရော ဘယ်လိုအနေအထားရှိပါသလဲ။
M-Y ကျွန်မလှည့်ကြည့်လိုက်တော့
သူမကို တွေ့ရတော့တာပါပဲ။ သူမက ကျွန်မကို တင်းတင်းကြပ်ကြပ်ကြီးဖက်တယ်။ ဒေါ်စုက သေးသေးသွယ်သွယ်ပေမယ့်
တော်တော်သန်ပါတယ်။ တကယ် ခမ်းနား၊ ရိုးသားတဲ့ အမျိုးသမီးတစ်ယောက်လို့ ခံစားမိပါတယ်။
ပျော်လည်း ပျော်တတ်ပါတယ်။
သူမကိုတွေ့ပြီး
ချက်ချင်းပဲ သက်တောင့်သက်သာ ဖြစ်သွားခဲ့ပါတယ်။ သူမက ဆိုဖာပေါ်ထိုင်ပြီး “အိမ်က ရှုပ်ပွနေတာ
စိတ်မကောင်းပါဘူး၊ ကျွန်မလွတ်လာကတည်းက လူတွေက ဝင်လိုက်၊ ထွက်လိုက်၊ ပြီးတော့ သားလေး
Kim ကလည်းရောက်နေ၊ သူ့ပစ္စည်းတွေကလည်း နေရာတကာပဲ” လို့ ပြောတယ်။ ကျွန်မကတော့ ကျွန်မအန်တီအိမ်
ရောက်သွားရသလိုပါပဲ။
အဲဒီအချိန်မှာ
ကျွန်မက ကျွန်မသရုပ်ဆောင်ခဲ့တာတွေကိုပဲ စိတ်စွဲနေတာလေ။ ဘုရား…ဘုရား…ငါသရုပ်ဆောင်ခဲ့တာတွေက
သိပ်များရိုင်းသွားပြီလား။ သူမက တကယ့်ကို အဇ္ဈတ္တအလှရှိသူပဲ- လို့လေ။ မေ့လို့မရနိုင်တဲ့
အချိန်လေးပါ။ ကျွန်မတို့ ရုပ်ရှင်အကြောင်း မပြောဖြစ်ကြပါဘူး။ တမင်မပြောပဲ ကျွန်မတို့
ရှောင်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ Kim က ကျွန်မတို့လုပ်နေတာတွေကို ဖြည့်စွက် ပြောပြပါတယ်။
အဲဒီနောက် သူမနဲ့အင်တာဗျူးဖို့ မလိုအပ်တော့ပါဘူး-
R-D ကွန်ဖူးကားတွေကိုမရိုက်တော့ပဲနဲ့ ဒီကရှေ့ ဒရားမား တွေကိုပဲ
အာရုံစိုက်တော့မဲ့ သဘောလား။
M-Y မင်သမီး တစ်လက်အနေနဲ့ တစ်ယောက်ယောက်က
ကျမဇာတ်ကားကို ကြည့်ပြီး ဒီကားဟာ
အက်ရှင်လား ဒရားမားလို့ မခွဲခြားနိုင်တာမျိုးကို သဘောကျပါတယ်။ ရှင်တို့စိတ်ထဲမှာ အပြောင်းအလဲ တစ်ခုလို့ ထင်လိုက်ရင် ကျမ ဖြော်ဖြေမှုကိစ္စ အောင်မြင်တာပေါ့။
R-D သူမလွတ်မြောက်တဲ့ အခန်းလည်းရိုက်ပြီးရော
သူမလည်း တကယ် လွတ်မြောက်သွားတယ်၊ဒီသတင်းကိုဖတ်ပြီး အရူးအမူး မခံစားရဘူးလား။
M-Y အဲဒီသတင်း တီဗွီကလာနေတုန်း Luc ရဲ့မျက်နှာကို ရှင်တို့ မြင်စေ့ချင်တယ်၊ သူက တစ်ယောက်ယောက် ကျမတိုရုပ်ရှင်ထဲက
သတင်းကိုများ ခိုးယူသွား သလားတောင် ထင်နေတာ။
R-D ဒေါ်စု ဒီဇာတ်ကားကို ကြည့်ပြီးပြီလား၊ စိတ်ဝင်စားမှုရော ရှိသလား။
M-Y သူမဘယ်တော့မှ ပြန်မလာနိုင်တော့မဲ့ အောက်စဖို့မှာရှိတဲ့မိသားစုကို ခွဲခွာရတဲ့
အခန်းကို စိတ်ကူးနဲ့ သာ မှန်းကြည့်လိုက်ပါ၊
အဲဒီနောက် အိမ်တွင်းထောင်နန်းစံခရီးရှည်။
သူမပါတီ အနိုင်ရတော့
သူမအများကြီး ပျော်ခဲ့ရတယ်၊ ပြီး သူမ အမျိုးသား ဆုံးတော့ ဝမ်းနည်းပက်လက် ကျေကွဲရပြန်ရော။သေဆုံးတဲ့အထိ သူမ
အမျိုးသားကို မတွေ့လိုက်ရရှာဘူး။ ဒီဇာတ်ကားကိုကြည့်ရင်း
ကျမတော့ငိုမိတယ်၊ ကျမတော့ငိုမိတယ်၊
သူ ဘယ်လိုနေမလဲတော့ မပြောတတ်တော့ဘူး။
R-D အာရှလူငယ်တွေအတွက် ဒေါ်စုကလွဲရင်
ဘယ်သူစံပြဖြစ်နိုင်ဦးမလဲ။
M-Y ဟောင်ကောင်က မာဂရက်ချန်း ပါ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ပေါ့။ ကျမတို့ဘဝမှာ စံပြပုဂ္ဂိုလ်တွေရှိနေဖို့ အရေးကြီး ပါတယ်၊ ဒါပေမယ့် အဝေးကြီးလိုက်ရှာဖို့တော့မလိုပါဘူး၊ သူတို့က ကျမတို့မိခင်တွေပါ။ အခုကျမတို့မှာ အမျိုးသမီးနိုဘယ်လ်ဆုရှင်
သုံးယောက်တောင်ရှိနေပါပြီ၊ဒါက အများကြီးအပြောင်းအလဲတွေဖြစ်စေနိုင်လိမ့်မယ်လို့
ကျမမျှော်လင့်မိပါတယ်။
ဆုထားမျက်ချယ်
Copyright © 2011
ကမ်းလက်. All rights reserved.