“လမ်း” အကြောင်းကို စဉ်းစားနေမိ၏။ လူသည်
လမ်းလျှောက်၏။ တိရိစ္ဆာန်တို့ လမ်းလျှောက်၏။ ကဗျာဆရာတို့ကမူ အတွေးများပင်
လမ်းလျှောက်သည်ဟု ဖွဲ့ညွှန်းကြ၏။ ထိုလမ်းက အဘယ်နည်း။ လမ်းအကြောင်းကို
ဖြစ်ကတတ်ဆန်းမေး၍ ဖြစ်ကတတ်ဆန်း ဖြေကြ၏။ အမှန်မူ
လမ်းသည် အရေးကြီး၏။
လူစွမ်းကောင်းများနှင့်
ရေသည် သူ့လမ်းသူဖောက်သည်ဟု ဆိုကြ၏။ ထိုလမ်းသည် မည်သို့သောလမ်းနည်း။ ရေသည်လမ်းကို
ဖောက်၏။ ကမ်းကို ထွင်၏။ သို့သော် ထိုရေဖောက်သော လမ်းသည် ပို၍ပို၍နိမ့်သော
ရပ်ဝန်းတစ်ခုခုဆီသို့ ဦးတည်နေတတ်၏။ လူစွမ်းကောင်းတို့လည်း လမ်းဖောက်ကြ၏။
ထိုလမ်းကား နိမ့်ရာရပ်ဝန်းသို့ တသမတ်တည်း ဦးတည်နေခြင်းမဟုတ်။
လမ်းဖောက်တာချင်းတူသော်လည်း လူဖောက်သောလမ်းနှင့် ရေဖောက်သောလမ်း တူ၍မရ။
အချို့ကလမ်းဖောက်၍ အချို့က လမ်းလျှောက်၏။
ဆင်သွားရာလမ်းဖြစ်သည်ဟု ဆိုကြပြန်၏။ သို့သော် ထိုဆင်သည် တောင်သူတစ်ယောက်၏
စိုက်ခင်းထဲလမ်းလျှောက်မည်ဆိုသော် ကြေကွဲဖွယ်ကောင်း၏။ ထိုလမ်းကား အရင်းအနှီးများ၏။
အမှန်ဆိုသော် သွားရန်အခွင့်ရှိက လမ်းမရှိသော်လည်း လျှောက်ရတတ်ပြန်၏။ စိုက်ခင်းထဲက ဆင်တစ်ကောင်မဖြစ်ဖို့တော့
အရေးကြီးသည်။
နေပူပူ၌
လမ်းလျှောက်ဖူး၏။ ထိုအခါ အာနန္ဒဟု အမည်ရသည့် လူတစ်ယောက်ကလာ၍ ထီးမိုးပေး၏။ ထိုထီးကို
သူက ကိုင်၏။ ကိုယ်က သူကိုင်ထားသော ထီးအရိပ်ကို ခိုလှုံ၍ လမ်းလျှောက်မိ၏။
မတရားဘူးထင်သဖြင့် သူကိုင်ထားသောထီးကို ကိုင်လိုက်၏။ သူကကိစ္စမရှိဟု ဆိုသည်။
ထိုကိစ္စမရှိဟူသော အဓိပ္ပါယ်ကို တိတိကျကျနားမလည်။ နှစ်ယောက်ဆောင်းသောထီးကို
နှစ်ယောက်ကိုင်ခွင့်ရှိသလားဟု မေးမိ၏။ ရှိတော့ ရှိ၏။ သို့သော် ကိစ္စမရှိ။ မလိုအပ်ဟု
ဆိုလိုဟန်တူသည်။
ပန်းခင်းလမ်း၊
ခရောင်းလမ်းစသဖြင့် မြန်မာစကားရှိပြန်၏။ ပန်းခင်းသောလမ်းကို ကြည့်ရတာ
အဆင်ပြေသော်လည်း တကယ်တမ်းလျှောက်သောအခါ ကသိကအောက်နိုင်၏။ ပန်းသည်
လမ်းဖြစ်သင့်သောအရာမဟုတ်။ အကောင်းဆုံးလမ်းကတော့ အတွေ့အကြုံကိုခင်း၍ လျှောက်ရသော
လမ်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။ ခရောင်းလမ်းကလည်း ချော်လဲဖို့ရာခိုင်နှုန်းများ၏။
(၄၂) မိုင်ဝေးသောလမ်းတစ်ခု လျှောက်ဖူးသည်။ ထိုလမ်းမျိုးကိုလျှောက်မှ ခန္ဓာ၏လေးလံမှုက
ပို၍ ထင်ရှားစေသည်။ မည်သို့ဖြစ်စေ ထိုခန္ဓာနှင့်လူသည် ခန္ဓာကို ထားခဲ့၍မရ။
ထို့ကြောင့် သူသည် လေးလံစွာပင် ဆက်လျှောက်နေရဦးမည်။
“လမ်း”
နှင့် “ခရီး” အတူတူပဲလားဟု တွေးရန်ရှိလာပြန်၏။ ထပ်တူမကျသော်လည်း ဆင်တူရိုးမှားတော့ရှိသည်။
စာပေအရဆိုလျှင်မူ တခြားစီသာဖြစ်၏။ လမ်းက မဂ္ဂ ဖြစ်ပြီး ခရီးက သံသရာဖြစ်၏။ ရှိစေတော့။
အလွန်အမင်း လေးနက်သွားမှာ စိုးရိမ်၏။
ထိုလမ်းကိုအချို့က
တစ်ယောက်တည်းလျှောက်ပြီး အချို့ကအဖော် (အနည်းဆုံးနောက် တစ်ယောက်) ဖြင့်
လျှောက်သည်။ လူသည် မကြာမကြာ တစ်ယောက်တည်း ရန်ဖြစ်နေတတ်၏။ နှစ်ယောက် (သို့)
သုံးယောက်ဆိုလျှင် ရန်ဖြစ်ဖို့ ကြိမ်ဖန်ပိုများနိုင်၏။ ဤအယူအဆသည် တဖက်သတ်
ဆန်သွား၏။ တုတ်တစ်ချောင်းတည်း ရပ်တည်ရခက်သောအခါ အခြားတုတ်တစ်ချောင်းဖြင့် ထောက်ကန်
ပေးရ၏။ ထိုအခါဟန်ချက်ညီသွား၏။ စာပေအရ အညမညနှင့် သဟဇာတ သဘောတို့ဖြစ်သည်။ ရှိစေတော့။
အလွန်လေးလံသွားမှာ စိုးရိမ်သည်။
ဘုရားရှင်၏
လေးသင်္ချေကြာခရီးကို ငဲ့စောင်းကြည့်မိ၏။ အများအားဖြင့်တော့ အဖော်နှင့်
လျှောက်ခဲ့တာများသည်။ တစ်ယောက်တည်းလျှောက်သောဘဝက အရေအတွက်နည်းလွန်း၏။
အဘယ့်ကြောင့်နည်း။ တစ်ယောက်တည်းလျှောက်ခြင်း၊ အဖော် ( အနည်းဆုံးနောက်တစ်ယောက်)
နှင့် လျှောက်ခြင်းတို့၌ အားနည်းချက်၊ အားသာချက်တို့ ကိုယ်စီရှိနိုင်၏။ ပြဿနာကို အနှုတ်၊ အစားလက္ခဏာတို့ဖြင့် ချုံ့လိုက်နိုင်လျှင်
အရာခပ်သိမ်းသည် အဆင်ပြေနိုင်လောက်၏။ ပြဿနာကို အပေါင်း၊ အမြှောက်လက္ခဏာ
တပ်မည်ဆိုလျှင် အဆင်မပြေနိုင်။ ဘဝသည် စက်ဆုတ်ဖွယ်ဖြစ်၏။ ဘဝသည် ကြေကွဲဖွယ်လည်း
ဖြစ်၏။
အာနန္ဒာ၏
ထီးအရိပ်ကို သတိရသည်။ထီးအရိပ်ပေးဖူးသော အာနန္ဒာသည် ဘုရားရှင်၏
ကိုယ်ရေးအရာရှိ အရှင်အာနန္ဒာ မဟုတ်။ တရုတ်တစ်ယောက် ဖြစ်သည်။
ဖုန်ထူသော၊
လူလိုက်များသောလမ်းကို ဘုရားရှင်က ကာမသုခလ္လိကလမ်းဟု မိန့်တော်မူ၏။
ခပ်ညံ့ညံ့လမ်းတည်း။ သို့သော် ထိုလမ်းက ကျော်ခွ၍မရ။ ဟန်ဆောင်ပြီး ရှောင်နေ၍မရ။
ဟန်ဆောင်၍ ရ၏၊ ရှောင်၍ မရ။ ထိုလမ်းမှတဆင့် ပို၍မြင့်မြတ်ရာကို သွားလို့တော့ရ၏။
ဟန်ဆောင်သူသည် မိအေးနှစ်ခါနာ ဖြစ်၏။
ကြမ်းရှသော၊
လူအလိုက်နည်းသောလမ်းကို အတ္တကိလာမထမလမ်းဟု ဘုရားရှင်က မိန့်၏။
အစွန်းရောက်သူတစ်ချို့ လျှောက်၏။ သိပ်မညံ့လှ။ ဟီနဟု ဘုရားရှင်က မမိန့်၊ ဒုက္ခ ၊
အနရိယ ၊ အနတ္တသံဟိတဟုသာ မိန့်သည်။ ခက်ထန်၏။ အထီးကျန်၏။
(
ဒုက္ခ- ဆင်းရဲ၊ အနရိယ- မမွန်မြတ်၊ အနတ္တသံဟိတ- အကျိုးမဲ့)
(
ဟီန- ယုတ်နိမ့်သည်)
လျှောက်သည်
မလျှောက်သည်အပထား၊ လမ်းကား ဧကန်ရှိ၏။ ထိုကား မဂ္ဂဆိုသည့် မဂ္ဂင်ရှစ်ပါးတည်း။ ဤလမ်းက
စိတ်ချရ၏။ သို့သော် စိတ်ချရသည့်လမ်းတို့ကို လူကရှောင်ခွါခွါလုပ်၏။
အလယ်အလတ်လမ်းစဉ်ဟုဆိုသော်လည်း လျှောက်သူအရေအတွက်က အလယ်အလတ်မျှပင် ရှိမည်မထင်။
ရှိသော် ကောင်းပါ၏။ ဤကိစ္စကို အငြင်းမပွါးလို။
သီဟနာဒကား
ထိုလမ်း၏ ပလက်ဖောင်းပေါ်တွင်ရပ်ကာ လမ်းအကြောင်းကို တွေးတောနေ၏။ အမှန်မူ လမ်းဟူသည်
တွေးတောခြင်းထက် လျှောက်လိုက်ခြင်းက ပိုကောင်း၏။ တစ်ချိန်ချိန်မှာတော့ လျှောက်ကိုလျှောက်လိုက်ဦးမည်ဟု
ကြုံးဝါးနေ၏။ ထိုစဉ် နေ့၊ လ၊ ရက်တို့ကလည်း ပြန်၍ကြုံးဝါးကြပြန်၏။ လူက
ကြုံးဝါးလိုက်၊ အချိန်က လူကို ကြုံးဝါးလိုက်ဖြင့် ကြုံးဝါးသံတို့ကား ပွက်လောညံနေ၏။
ထိုလမ်းကား အလယ်အလတ်လမ်းတည်း။
အလယ်အလတ်ဖြစ်သဖြင့် တစ်ယောက်တည်းလည်း
လျှောက်လို့ရ၏။ အဖော်နှင့်လည်း လျှာက်လို့ရ၏။ တောမှာလည်း လျှောက်လို့ရ၏။
မြို့မှာလည်း လျှောက်လို့ရ၏။ ရေသောက်ရင်း လျှောက်လို့ရ၏။ အရက်သောက်ရင်းတော့
လျှောက်လို့ရမည်မထင်။ အရက်သောက်ရင်းလည်း လျှောက်လို့ရသည်ဟု လူတစ်ချို့ပြောသံ ကြားဖူး၏။
မထင်လှ။ သို့သော် အငြင်းမပွါးလို၊ ရသော် ချီကျူးပါ၏။ သေချာသည်က မူးနေလျှင်တော့
ခြေလှမ်းမှန်မည်မထင်။
ထိုလမ်းကား
အလယ်အလတ်လမ်းတည်း။
ထို့ကြောင့်
အဖော်နှင့်လျှောက်မည့်သူများအတွက် အဖော်ကောင်းရရန် ဆုတောင်းပေးပါ၏။ တစ်ဦးတည်း
လျှောက်လိုသူများအတွက် တဲအိမ်၊ တဲကျောင်းကလေးများ တွေ့ပါစေဟု ဆုတောင်းချင်၏။
အဖော်နှင့်လျှောက်ပြီးဖြစ်နေသူများ အဆင်ပြေစေရန် ဆုတောင်းမိ၏။
တစ်ဦးတည်းလျှောက်နေသူများ အထီးကျန်မှု မခံစားရပါစေနဲ့ဟု ဆုတောင်းချင်၏။
ထိုစကားများဆိုစဉ်-
အချိန်၏ ကြုံးဝါးသံကို ပီပီပြင်ပြင်ကြီး ကြားလိုက်ရ၏။ထိုစဉ် စိုက်ခင်းထဲကဆင် မဖြစ်ရန် ခြေလှမ်းပြင်မိ၏။
Copyright © 2011 ကမ်းလက်. All rights reserved.