“
ဘုဉ္ဖတု ဘဝံဂေါ တမော ကဿကော ဘဝံ၊
ယံ ဟိ ဘဝံဂေါ တမော အမတပ္ဗလမ္ပိ ကသိံ ကဿတိ။”
လယ်ထွန်တတ်သော အရှင်ဂေါတမ၊ ဘုန်းပေးသုံးဆောင်တော်မူပါ၊
အရှင်ဂေါတမသည် နိဗ္ဗာန်တည်းဟူသော အသီးကိုရရှိအောင်ပင် လယ်ထွန်နိုင်သော လယ်သမားကြီးဖြစ်ပါပေ၏။
(
ကသိဘာရဒွါဇပုဏ္ဏား)
“ကောက်စိုက်နေသော ရဟန်းများ” ကိုဖတ်ပြီး
လယ်သမားကြီးဗုဒ္ဓအကြောင်းကိုလည်း ရေးချင်သည်။ ဘုရားရှင်လယ်လုပ်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသောသုတ်ကား
ကသိဘာရဒွါဇသုတ်(သဂါထာဝဂ္ဂသံယုဂ်၊ ဥပါသကာဝဂ်) ပင်ဖြစ်သည်။
ဆွမ်းရပ်လာသော ဘုရားရှင်ကို လယ်သမားကြီး ဘာရဒွါဇက
ဆန်စပါးရလိုလျှင် ငါလိုလယ်လုပ်ပေါ့ဟူသော ပုဏ္ဏား၏စကားကို အခြေခံကာ လယ်ယာလုပ်ခြင်းနှင့်စပ်သော
ဒေသနာကို ဟောတော်မူခဲ့ခြင်းဖြစ်သည်။
သဒ္ဓါတရားသည် မျိုးစေ့ဖြစ်ပြီး ဣန္ဒြိယသံဝရသီလဟူသော
မိုးရေဖြင့် ရှင်သန်ကြီးထွားစေသည်။
ဝိပဿနာပညာ၊ မဂ်ပညာတို့သည် ထမ်းပိုး၊ ထွန်တုံးများဖြစ်ကြပြီး
ဟိရိသြတ္တပ္ပတရားနှစ်ပါးကား ထွန်သန်နှစ်ချောင်းဖြစ်ကြသည်။
သမာဓိစိတ်သည် ထိန်းပေးသောကြိုးဖြစ်၍
ဝိပဿနာသတိ၊ မဂ်သတိတို့သည် ထွန်သွားနှင့် နှင်တံတို့ဖြစ်ကြ၏။
ကာယသုစရိုက်သုံးပါး၊ ဝစီသုစရိုက်လေးပါးတို့ဖြင့်
စိုက်ခင်းကိုကာရံပြီး ပစ္စည်းလေးပါးအာဟာရ၌ စက်ဆုပ်မှုတရားတို့ကို မပြတ်စောင့်ကြပ်နေ၏။
မှန်ကန်သောသစ္စာဟူသည့် တံစဉ်ဖြင့် ကောက်ရိတ်သိမ်းမှုကို
ပြု၏။
ကိုယ်စိတ် ဝီရိယနှစ်ပါးကား လယ်ထွန်နွားလားကြီးနှစ်ကောင်တည်းဟု
လယ်သမားကို လယ်ဒေသနာဖြင့် ညှိပြီးဟောလိုက်သည့်အခါ ဘာရဒွါဇ သည်းခြေခိုက်သွားတော့သည်။
ထို့ကြောင့် အထက်ပါ “ဘုဉ္ဖတု ဘဝံဂေါ တမော….” စသော စကားကို ဝမ်းသာအားရလျှောက်ထားခြင်း
ဖြစ်ပေသည်။ (အသေးစိတ်သိလိုသူများ ထိုသုတ်ကို ရှာဖတ်ကြပါ)။
ဘုရားရှင်၏ လယ်ယာနှင့်စပ်သောဒေသနာကား ဤမျှမကသေးပါ။
ဗီဇသုတ် ( ခန္ဓဝဂ္ဂသံယုဂ်၊ ဥပါယဝဂ်) ၌ မျိုးစေ့ငါးပါးအကြောင်းကို
အသေးစိတ်ဟောတော်မူခဲ့ပြန်သည်။
၁။ အမြစ် မျိုးစေ့
၂။ အဆစ် မျိုးစေ့
၃။ အစေ့ မျိုးစေ့
၎။ ပင်စည် မျိုးစေ့
၅။ အညွှန့် မျိုးစေ့
စည်ပင်ကြောင်း မျိုးစေ့ငါးမျိုးကိုပြကာ-
၁။ ဝိဥာဉ်သည် မျိုးစေ့နှင့်တူ၏။
၂။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာ ၊ သင်္ခါရက္ခန္ဓာတို့သည်
မြေနှင့်တူ၏။
၃။ တဏှာကား ရေနှင့်တူသည်ဟု- စိုက်ပျိုးရေးနှင့်ဆက်စပ်သော
ဒေသနာကို ဟောတော်မူပြန်၏။
“ကပ္ပိယံ ကရောဟိ၊ ကပ္ပိယံ ဘန္တေ” ဟူသော
ပါဠိဖော်မြူလာကို ဘုန်းကြီးများနှင့် နီးကပ်သူတိုင်း သိကြ၊ ကြားဖူးကြလိမ့်မည်ထင်သည်။
အပင်ပေါက်စေနိုင်သော အသီး (မျိုးစေ့) ကို ရဟန်းတော်များကိုယ်တိုင် လှီးဖြတ်ဘုန်းပေး၍
မရ၊ ကပ္ပိယက ကူညီမှသာ အဆင်ပြေနိုင်သည်။
ထို့အတူ သစ်ပင်၊ သစ်ကိုင်းများကို မခုတ်ဖြတ်ကြရန်လည်း
တားမြစ်တော်မူခဲ့သည်။
မြက်ခင်းစိမ်းစိမ်း၌ တံတွေးစသော အညစ်အကြေးများ
မစွန့်ပစ်ရန် တားမြစ်တော်မူခဲ့သည်။
ဘာရဒွါဇသုတ်နှင့် ဗီဇသုတ်တို့က မြန်မာဗုဒ္ဓဘာသားများနှင့်
ပို၍ရင်းနှီးနေသော်လည်း ဝန်းကျင်ထိန်းသိမ်းရေးကို ပို၍အာရုံစိုက်ကြသော ကမ္ဘာရှိဗုဒ္ဓဘာသာများ၌မူ
လှီးဖြတ်၍ မစားရ၊ သစ်ပင် မခုတ်ရ၊ မြက်ခင်းပေါ် တံတွေးမထွေးရဆိုသော အဆုံးအမများက ပို၍ရေပန်းစားလျှက်ရှိသည်။
ဘုရားရှင်ကိုပင် တောတောင်ဝန်းကျင်ထိန်းသိမ်းရေး ကမ်ပိန်းကို ပထမဆုံးစတင်ခဲ့သူဟု
ဆိုစမှတ်ပြုကြသည်။ The Buddha is the first environmentalist ဟုဖြစ်လေသည်။ ကြည်နူးစရာကောင်းပါ၏။
သံဃာ့ဂုဏ်ကိုးပါးကို ဖော်ပြရာ၌ပင် လယ်လုပ်ခြင်းကိုမွေ့တော်မူသော
ဘုရားရှင်က “အနုတ္တရံ ပုညခေတ္တံ လောကဿ” ဟု ဥပမာပေးတော်မူခဲ့ပြန်သည်။ လယ်မရှိသော
စင်္ကာပူကလူများ အခက်တွေ့နိုင်သော ဂုဏ်တော်တစ်ပါးဖြစ်လေသည်။
နောက်ဆုံးပြောလိုသောကိစ္စမှာ ရဟန်းတော်များ၏
သင်္ကန်းချုပ်လုပ်ပုံ ဖြစ်လေသည်။
စိဝရက္ခန္ဓကအရ လယ်သမားတို့၏ လယ်ကန်သင်းကိုကြည့်ကာ
သင်္ကန်းချုပ်လုပ်ပုံကို ပုံဖော်တော်မူခဲ့သည်ဟုဆို၏။ သို့သော် ဤကိစ္စကို ရှင်းရှင်းလင်းလင်း
မသိခဲ့ရ။
ယခုနှစ် အိန္ဒိယသို့သွားမှသာ ဗာရာဏသီသို့
လေယာဉ်ဆင်းရန် ဝဲပျံနေခိုက် အောက်မှာရှိနေသော လယ်နှင့် လယ်ကန်သင်းတို့ကို ငုံ့ကြည့်မိ၏။
ထို့နောက် မိမိဝတ်ရုံထားသော သင်္ကန်းကိုလည်း ကြည့်မိ၏။ မှန်ပေသည်။ သင်္ကန်း၏ အစိတ်အစိတ်သော
အကွက်တို့သည် လယ်သမားတို့ လက်ကွက်များနှင့် လုံးဝတူနေတော့သည်။
ထိုအခါ သင်္ကန်းရုံထားသည်ထက် လယ်ကွက်ကြီးများကို
ကောက်ရုံထားသလိုပင် ခံစားမိပေတော့သည်။
မှန်ပါသည်။ ဘုရားရှင်ကား လယ်သမားအစစ်ပင်ဖြစ်သည်။
လယ်လုပ်ခြင်းကိုသာမက လယ်ကွက်များကိုပင်
ဝတ်ရုံထားတော်မူလေသည်။
အမှာ။ ။ မွေးမြူရေးသမား ဗုဒ္ဓ
ရွက်လွှင့်တော်မူနေသော ဗုဒ္ဓ တို့ကို ဆက်ဖော်ပြပါမည်။
သီဟနာဒ
Copyright © 2011
ကမ်းလက်. All rights reserved.