By- Matthew Syed
THE TIMES,
LONDON.
(ဒီဆောင်းပါးလေးက ဘောလုံးအကြောင်းပြောတာပေမယ့်
လူ့အဖွဲ့အစည်းနဲ့ စီမံခန့်ခွဲမှုတစ်ချို့ကို ခပ်ပါးပါးလှစ်ပြသွားလို့ စိတ်ဝင်စားပြီး
ဘာသာပြန်မိတာပါ။ စာရေးသူကတော့ အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ ဒီမိုကရေစီလိုသလား၊ အာဏာရှင်စနစ်လိုသလား
ဆိုတာကိုဖြေမသွားပဲ မေးခွန်းတစ်ချို့ကိုသာ ချန်ထားခဲ့တယ်။)
ဂရိပညာရှင်ကြီး ပလေတိုက ဒီမိုကရေစီဆိုတာ
ဖော်ရွေတဲ့အစိုးရရဲ့ ပုံသဏ္ဍာန်လို့ ဖွင့်ဆိုခဲ့တယ်။ ၂၁- ရာစု ဘောလုံးလောကကြီးရဲ့ ကျားကုတ်ကျားခဲ
ရုန်းကန်နေရပုံကို သိသွားခဲ့ဟန် မတူဘူး။
အားလုံးတစ်စုတစ်ဝေးတည်းထိုင်၊ ဘာတွေဖြစ်တယ်၊
ဘာတွေလုပ်ကြမယ်လို့ အဖြေရှာကြတာဟာ အလွန်မြင့်မြတ်တဲ့ အယူအဆပါ။ ဒါပေမယ့် ဒီလိုပွင့်လင်းမှုကပဲ
ကိုယ့်ကိုပြန်ပြီး ဒုက္ခပြန်ပေးနိုင်သေးရဲ့။ အထူးသဖြင့် အတ္တအကြီးစား အားကစားသမားတွေကို
ထိန်းချုပ်နေရတဲ့ (၃၄) နှစ်သား ပေါ်တူဂီ ချယ်ဆီးနည်းပြ ဖြစ်နေမယ်ဆိုရင်ပေါ့။
သီအိုရီအရကတော့ Andre Villas-Boas ရဲ့
နည်းပညာက နားလည်လို့ရပါတယ်။ “ကျွန်တော့် အသက်အရွယ်ရယ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝနဲ့
မကျင်လည်ခဲ့ဘူးတဲ့ ကျွန်တော် နောက်ကြောင်းရယ်ကြောင့် အာဏာရှင်ဆန်တဲ့စနစ်ကို ဘယ်တော့မှ
ကျင့်သုံးမှာမဟုတ်ပါဘူး။” ဒါက ဒီလ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပြများအတွက်ထုတ်ပြန်တဲ့
The Technician မှာ သူပြောခဲ့တဲ့စကားတွေပါ။
“ ဒါကြောင့် ဘယ်လိုကစားမယ်၊ အသင်းရဲ့ ကစားကွက်ကို
ဘယ်လိုပုံဖော်မယ်ဆိုတာနဲ့ပတ်သက်လို့ အားကစားသမားတွေကို တစ်ချို့လွတ်လပ်ခွင့် ပေးထားပါတယ်”
ဒါက ပြဿနာပါ။ ဒီနေ့ ဘောလုံးသမားအများစုဟာ
လေးစားမှုဆိုတဲ့ တစ်လမ်းသွားစနစ် ကျင့်သုံးနေကြပါတယ်။ ဒါကပဲ သူ့ကို ချယ်ဆီးအသင်းပိုင်ရှင်
ရိုမန် အေဗရာမိုဗစ်ရှေ့မှာ အရူးတစ်ယောက်လို ဖြစ်သွားစေတော့တာပါ။ ဘောလုံးသမားတွေက သူ့ရဲ့နည်းစနစ်ပိုင်းကိုသာမက
အသင်းလူရွေးမှုကိစ္စကိုပါ ဒီမိုကရေစီဆန်ဆန် မေးခွန်းတွေထုတ်ကြတယ်။ အဲဒါ ဘောလုံးလောကရဲ့
ဒီမိုကရေစီ ပြဿနာပါ။
သူ့ရဲ့ ရှက်စရာအကောင်းဆုံးအချက်ကို မီးမောင်းထိုးပြသွားတာက
ချယ်ဆီးဘောလုံးသမားတွေက နည်းပြဟောင်း မော်ရင်ညိုဆီ တက်(စ်) မက်ဆေ့ခ်ျတွေ ပို့နေဆဲဆိုတာဖြစ်ပြီး
အဲဒီမက်ဆေ့တွေက သူ့ကိုသရော်တာ၊ သူ့ရဲ့ အူကြောင်ကြောင်နိုင်မှုတွေကိုပြောတာဆိုတာ သံသယရှိစရာ
မရှိပြန်ဘူး။
“သူ့အသင်းကို သူတည်ဆောက်ရမယ်။ တည်ဆောက်ရာမှာလည်း
မော်ရင်ညိုဆီ မက်ဆေ့တွေပို့နေဆဲ ဆိုတဲ့ ကစားသမားတွေရှိနေသမျှတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
လို့ ပေါ်တိုအသင်း ဥက္ကဋ္ဌ ပင်တိုကပြောပါတယ်။
AVB (ချယ်ဆီးနည်းပြ) ရဲ့စကားက တင်းကျပ်တဲ့
အာဏာရှင်စနစ် ဘောလုံးအသင်းမှာ အရေးကြီးကြောင်း ဘောလုံးကြေငြာသူတွေအတွက် ထောက်ပြစရာတွေ
ဖြစ်ခဲ့တယ်။ ချယ်ဆီး ကစားသမားဟောင်း တိုနီက “နည်းပြလုပ်နေတာတွေ မှားသလား၊ မှန်သလားဆိုတာ
နည်းပြက အားကစားသမားတွေကို မေးနေရပြီဆိုရင် အဲဒီနည်းပြရဲ့ဘဝကလည်း အဆုံးသတ်ပါပြီ” လို့
အအောင်မြင်ဆုံးနည်းပြဘဝရဲ့ အခိုက်အတန့်ဟာ တင်းကျပ်တဲ့ အာဏာနဲ့ချုပ်ကိုင်ထားတဲ့အချိန်လို့
ထောက်ပြသွားခဲ့တယ်။
စီမံခန့်ခွဲမှုမှာ အော်သော်ရတီက အရေးပါတာမှန်ပေမယ့်
သိပ်ပြီးရိုးရှင်းလှတဲ့ကိစ္စတော့ မဟုတ်ပြန်ဘူး။ ထင်ရှားတဲ့ ဥပမာကိုပြပါမယ်။ လူးဝစ်ဆွာရက်(စ်)
ပြဿနာမှာ လီဗာပူးနည်းပြ Kenny Dalglish က ပါဝါသုံးပြီး ကာကွယ်ပေးခဲ့တယ်။ (ဖာဂူဆန်ဆိုရင်လည်း
ဒီအတိုင်းပဲ ကျင့်သုံးမှာပါ)။ ဒီတော့လူတွေက ဒီကိစ္စကို လီဗာပူးအသင်းပိုင်ရှင်ဆီ ထိုးပို့ပေးကြတယ်။
အသင်းပိုင်ရှင်က ဖိအားပေးလာတော့ Dalglish တစ်ယောက် လက်လျှော့တောင်းပန်ခဲ့ရတယ်။ ဒါ့ကြောင့်
ဒါ့ဂလစ်(ရှ်) ပါဝါလျော့ကျသွားပါတော့တယ်။
ဒီပြဿနာက ချယ်ဆီးမှာတော့ လုံးဝဆန့်ကျင်ဖက်ဖြစ်ပါတယ်။
ချယ်ဆီးပိုင်ရှင်က သူ့အာဏာပြဖို့ အချိန်ယူတာမဟုတ်ဘူး။ မန်နေဂျာရဲ့ လုပ်ပိုင်ခွင့်တွေကို
ဝင်စွက်တတ်တယ်။ ကစားသမားတွေက မန်နေဂျာကို အာခံဖို့တောင် ဖရီးဒန်းပေးထားတာမျိုးပဲ။ နည်းပြခန့်ဖို့၊
ဖြုတ်ဖို့တောင် ဂျွန်တယ်ရီ (အသင်းခေါင်းဆောင်) နဲ့ တိုင်ပင်ကြောင်း မကြာခဏ ပြောတတ်ကြတယ်။
တစ်ချို့ကလည်း ကြားခံလူလိုတယ်လို့ ဆိုကြပြန်တယ်။
မန်နေဂျာကို ဘောလုံးပွဲနဲ့ပတ်သက်လို့ အာဏာကုန်ပေးပြီး တခြားကိစ္စတွေမှာတော့ အုံနာ (သို့)
စီအီးအိုတို့က စီမံဖို့ပေါ့လေ။ ဒါကလည်း ဟုတ်သလိုလိုနဲ့ မရေရာမှုတွေ ပြည့်သိပ်နေတာပါ။
နည်းပညာဆိုင်ရာ ဒါရိုက်တာတွေအသာထားလို့
အုံနာတွေကိုယ်တိုင်ကတောင် လုံးဝမထိတဲ့ ဘောလုံးအသင်းနှစ်သင်း ဥရောပမှာ ရှိပါတယ်။ အဲဒါ
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပါ။ အဲဒီကလပ်တွေမှာ ပုံစံကွဲ အာဏာရှင်ဆန်မှု ရှိနေပြန်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကိုကြည့်ပါ။ ဘီဘီစီကို သပိတ်မှောက်ထားတဲ့ ဖာဂူဆန်ကို ဘီဘီစီနဲ့
အင်တာဗျူးလုပ်ဖို့ တဖွဖွတိုက်တွန်းခဲ့ပေမယ့် မရခဲ့ပါဘူး။ နောက်မှ သူကိုယ်တိုင် သပိတ်ပြန်လှန်ခဲ့တာပါ။
အဲဒီလိုပါပဲ။ ဘောလုံးသမား အရောင်းအဝယ်နဲ့ပတ်သက်လို့ အာဆင်ဝင်းဂါးရဲ့ ခေါင်းမာမှုနဲ့ပတ်သက်ပြီး
ထိပ်တန်းအဖွဲ့လူကြီးတွေ မပျော်ရွှင်ကြပါဘူး။
ဒါ့ကြောင့် ပထမဘောလုံးအသင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနဲ့ပတ်သက်လို့
တိကျတဲ့အဖြေ မရှိဘူး။ ဘောလုံးအသင်းတွေကလည်း တခြားအဖွဲ့အစည်းတွေလိုပါပဲ။ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့
တည်ဆောက်ထားတဲ့ အီကိုစစ်စတန်တစ်ခုပါ။ အောင်မြင်တဲ့အသင်းတိုင်းဟာ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့
အလုပ်လုပ်နေကြရတာပါ။ တစ်ချို့က အုံနာကအာဏာရှိ၊ တစ်ချို့က အားကစားဒါရိုက်တာက အာဏာရှိ၊
တစ်ချို့မန်နေဂျာက အာဏာရှိပါ။
အာဏာရှင်ဆိုတာကို ဖွင့်ဆိုဖို့ဆိုတာကတောင်
သိပ်လွယ်ကူရှင်းလင်းတဲ့ကိစ္စ မဟုတ်ပြန်ပါဘူး။ ဥပမာ ဖာဂူဆန်ကို ကြည့်ပါ။ အဲရစ်ကန်တိုနာနဲ့ကျတော့
ပျော့ပျော့ပြောင်းပြောင်း ဖြစ်နေပြန်ရော။ အလားတူပါပဲ။ မော်ရင်ညိုနဲ့ ဘရိုင်ယန်ဂလော့(ဖ်)
တို့လည်း- တစ်ချို့ကစားသမားတွေအပေါ်မှာ ဥပဒေကို သက်ညှာရမယ်ဆိုတာ လက်ခံထားကြတယ်။ ရောဘတ်တို
မန်ချိနီလည်း ကာရိုက်တာ အမာစားထဲကပါပဲ။ သူလည်း ကားလို့(စ်) တက်ဗက်နဲ့ပတ်သက်လို့ အလျှော့ပေးခဲ့ရတာပါ။
ဘောလုံးအသင်းတစ်သင်းကို စီမံခန့်ခွဲဖို့ဆိုတာ ပုံသေဖော်မြူလာနဲ့ မရပါဘူး။ ကလိန်ဆန်ခြင်း၊
သိနားလည်ခြင်း၊ ရှင်းလင်းတဲ့အမြင်ရှိခြင်း၊ စည်းရုံးဆွဲဆောင်နိုင်ခြင်းတွေ လိုအပ်ပါတယ်။
ဒါကိုပဲ Men-management လို့ ခေါ်မလားပေါ့။
AVB မှာ ဒါတွေရှိသလားဆိုတာကတော့ သံသယတွေနဲ့
စောင့်ကြည့်ကြရဦးမှာပါပဲ။
ဇင်ဝေသော်
ဖြည့်စွက်ချက်။ ။စာရေးသူကစောင့်ကြည့်ရဦးမယ်လို့ဆိုပေမယ့် စောင့်ကြည့်ဖို့သူ့လောက်စိတ်မရှည်တဲ့
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်က AVB ကို ထုတ်ပစ်လိုက်ပြီဖြစ်ပါတယ်။
Copyright © 2011 ကမ်းလက်. All rights reserved.